မြန်မာနိုင်ငံတွင် ဆန်ပိုလျှံမှု ယခင်နှစ်များကထက် ထက်ဝက်နီးပါးလျော့

klnMay 10, 20101min440

မြန်မာနိုင်ငံသည် ယခင်နှစ်များကနှစ်စဉ် ဆန်တန်ချိန်ငါးသန်းပိုလျှံခဲ့သော်လည်း ယခုနှစ်တွင် ဆန်တန်ချိန် ၂ဒသမ ၆၅သန်းသာပိုလျှံခဲ့သည့် အတွက် နှစ်စဉ်ထက်ထက်ဝက်ခန့်လျော့ကျခဲ့ကြောင်းသိရသည်။ “ မြန်မာနိုင်ငံရဲ့ ဆန်စပါးပိုလျှံမှုဟာ အခုနှစ်မှာ တန်ချိန် ၂ဒသမ ၆၅သန်းဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိထားရပါတယ်။ အရင်နှစ်တွေက နှစ်စဉ်ဆန်ပိုလျှံမှုဟာ တန်ချိန်ငါးသန်းထိရှိခဲ့တယ်လို့ သိရပါတယ်” ဟု Gold Delta ဆန်စပါးအထူးပြုကုမ္ပဏီနှစ်ပတ်လည်နေ့အခမ်းအနားတွင် ကုမ္ပဏီတာဝန်ရှိ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ “အခုနှစ်ပုံစံအရတော့ ရာသီဥတုက မိုးအဝင်နောက်ကျနိုင်တယ်လို့ထင်တယ်။ ဝါထပ်တဲ့နှစ်တိုင်းဒီလိုပဲ မိုးနောက်ကျတတ်တယ်။ ဒါပေမယ့် ဒီနှစ်ကနှစ်တိုင်းနဲ့မတူဘဲပိုထူးခြားတာက ဧပြီလတစ်လလုံးကျွန်တော်တို့ ဧရာဝတီတိုင်းထဲမှာ မိုးမရွာခဲ့ဘူး။ အခုအချိန်ထိလည်း မိုးရိပ်မမြင်ရသေးတော့ နှစ်တိုင်းထက်တောင် နောက်ကျနိုင်မလားလို့ မှန်းထားတယ်။ စိုက်ချိန်နောက်ကျတော့ရိတ်ချိန်နောက်ကျနိုင်တယ်။ ကျွန်တော်တို့က မိုးစပါးရိတ်ပြီးတာနဲ့ ပဲကိုတစ်ခါတည်းတန်းစိုက်တာလေ။ ပဲစိုက်တယ်ဆိုတာကလည်းမိုးအစိုဓာတ်ရှိတုန်းအမီစိုက်ရတာဆိုတော့ ဒီနှစ်နည်းနည်းတော့ ကသီသွားမယ်ထင်တယ်” ဟု ဓနုဖြူမြို့နယ်မှ တောင်သူကြီးတစ်ဦးကလည်းရှင်းပြခဲ့ပါသည်။ လက်ရှိတွင် စပါးဈေးအနေဖြင့် စပါးအကြမ်းမှာ တင်း၁၀ဝလျှင် ကျပ် ၄၄၀၀၀ဝမှ ကျပ် ၄၈၀၀၀ဝ ဝန်းကျင်ပေါက်ဈေးရှိကြောင်း ၊ ယခင်လ များအတွင်း တင်း ၁၀ဝလျှင် ကျပ်ငါးသိန်းဝန်းကျင်မှ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။