သီချင်းငှက်ကလေးတစ်ကောင်နှင့်…………….

“သီချင်း ငှက်ကလေးတစ်ကောင်နှင့်……………..……”

တစ်ရက် အိမ်ရှေ့မှာထို်င်နေုတန်း ဟိုးခပ်ဝေးဝေးကနေ ဖွင့်ထားတဲ့သီချင်းလေးကခပ်သဲ့သဲ့လေးပျံ့လွင့်လို့လာပါတယ်။
“အဝေးမိုးကောင်းကင်ထက်မှာ ငါ့အလွမ်းငှက်ငယ်လေးတစ်ကောင်………………
အလင်းရောင်လေးရေ ဘယ်ဆီမှာ မင်းလင်းလက်လို့နေလဲ အဝေးက မင်းလေးရဲ့ခေါ်သံ ခြေရာခံရင်းတွေ့တဲ့ ထိရှာမယ်”
ဒီသီချင်းလေးကိုကြားမိတော့ ကမ္ဘာမြေကို ပြန်မလာနိုင်တော့တဲ့ သီချင်းငှက်ကလေးတစ်ကောင်ကို သွားသတိရမိပါတယ်။
သတိရတယ်ဆိုလို့ သူနဲ့ကိုယ်နဲ့တွေ့ဘူးသလားဆိုတော့လဲမဟုတ်သေးပါဘူး။
သိလားဆိုရင်တော့ မသိဘူးပေါ့။
မသိဘူးလားဆိုရင်လဲ သိတယ်လို့ဘဲဖြေရပါမယ်။
သိလဲသိတယ် မသိလဲမသိဘူးပေါ့။
အဲဒီအလွမ်းငှက်ကလေးနဲ့ကျနော်ရဲ့ ဆုံတွေခြင်းအစကိုပြန်စဉ်းစားမိတော့……………………

1985 တက္ကသို်လ်နောက်ဆုံးနှစ်အပြီး မှာတော့ ကျနော်မနှစ်သက်ပေမယ့်လဲ မိသားစုအလိုကျအောင့်အည်းလို့
လေးနှစ်လောက်နေခဲ့ရတဲ့နေရာဌာနကြီး ကိုကျောခိုင်းထွက်ခဲ့ပါတော့တယ်။
ကျနော်အဖေ့ဘက်က မိသားစုအားလုံးက ကျောင်းဆရာ ဆရာမ စာရေးစာချီအစရှိတဲ့ဝန်ထမ်းမိသားစုပါ။
နေ့စဉ် မှန်မှန်ရုံးတက် ရိုးရိုးကုပ်ကုပ်နေ ရလာတဲ့ဝင်ငွေကို တစ်လစာဝေပုံချလို့သုံး၊
ရှုပ်ရှုပ်ထွေးထွေးမရှိ၊
အပြောင်းအလဲမရှိသောဖြတ်သန်းမူ့နဲ့ဘဝကိုတည်ဆောက်လို့ထားကြပါတယ်။
ကျနော်ကတော့ အပြောင်းအလဲအသစ်အဆန်းနှစ်သက်သူ။
ဂီတကိုနှစ်သက်လို့ စာဖတ်ခြင်းကို စွဲမက်သူတစ်ယောက်။
ဆယ်တန်းအောင်စဉ်ကာလ ကျနော်တို့ခေတ်က လူငယ်များ ရဲ့အိပ်မက်ဖြစ်တဲ့
“အင်စတီကျု့” လို့ ဘိုလိုခေါ်ကြတဲ့ MC, RIT, BED,ECO အစရှိတဲ့နေရာများကို
ဝင်နှိုင်ဘို့အတွက်ကလဲ မသေချာ ဒီတော့လည်းသာမန်ဝန်ထမ်းမိသားစုက ပေါက်ဖွားတဲ့လူဆိုတော့လည်း
အလုပ်လုပ်ရင်း ပညာရှာရပါတော့တယ်။
မနက်7နာရီရောက်အောင်သွား ညနေလေးနာရီထိုးရင်ပြန် ဆိုတဲ့
အပြောင်းအလဲအတက်အကျမရှိ တဲ့ အစိုးရ စက်ရုံတစ်ခုမှာအောက်တန်းစာရေးအဖြစ်အလုပ်ဝင်လုပ်ပြီး
“တက္ကသိုလ်စာပေးစာယူသင်တန်း”(အခုတော့အဝေးသင်တက္ကသို်လ်)ကိုတက်ရပါတော့တယ်။
ဒီအလုပ်က မနက်စောစောထလို့အလုပ်သွား တစ်နေကုန်စက်ထဲမှာနေ ၊
ညနေကျတော့မှအိမ်ပြန် ။
အဲတော့ဒီအလုပ်က ကျနော့်အတွက် ဘောင်ပိတ်ပါတယ်။
အပြင်လောကနဲ့အဆက်အသွယ်ပြတ်လို့ မနှစ်သက်ပေမယ့်လဲ
အဖေ့ကို ပေးထားဘူးတဲ့ကတိအတိုင်း ဘွဲ့တစ်ခုမရ မချင်းအောင့်အီးပြီးလုပ်ခဲ့ရပါတယ်။

1985 ကျောင်းပြီးတဲ့နှစ်မှာ ကျနော်သူငယ်ချင်းရဲ့ ဆက်သွယ်မူ့နဲ့ “တေးသံသွင်း”ဆိုင်တစ်ခုမှာ
အသံကူးတဲ့အလုပ်ကိုရခဲ့ပါတယ်။
အစိုးရဝန်ထမ်းအဖြစ်ကထွက် ပုဂ္ဂလိကအလုပ်ကို ပြောင်းရွှေ့လို့လုပ်တာကို အဖေသိသွားချိန်မှာတော့
သားအဖနှစ်ယောက်ကြား ပြဿနာအတော်လေးကြီးထွားခဲ့ပါတယ်။
မှတ်မှတ်ရရ လေးငါးခြောက်လလောက်ထိ အဖေကကျနော့်ကို စကားမပြောခဲ့ပါဘူး။
ဒါပေမယ့်ကျနော့်အတွက်သက်သာရ ရသွားတဲ့ အကြောင်းကတော့
အရင်က လခ 185ကျပ်ကနေ အခုလက်ရှိအလုပ်က တစ်လ 300ကျပ်ဆိုတော့
အိမ်ရဲ့စားဝတ်နေရေးကို အထောက်အကူပြုပေးနိုင်တဲ့အတွက် အဖေနဲ့ကျနော့်ကြားမှာ
တင်းမာမူ့ကို အနည်းငယ်တော့ဖြေလျော့ပေးခဲ့ပါတယ်။
အိမ်ကလဲကျနော်အလုပ်ပြောင်းလုပ်တာကို စိတ်တိုင်းမကျပေမယ့် ပြောလို့မရဘူးဆိုတာသိတော့
ထပ်မပြောကြတော့ပါဘူး။
အိမ်က ဘယ်လိုဘဲပြောပြော ဒီအလုပ်ကိုကျနော်နှစ်သက်တယ်။
ဂီတနဲ့ပါတ်သက်တဲ့အလုပ်ဆိုတာ အမြဲတန်းပြောင်းလဲဆန်းသစ်နေတယ်။
အဆိုတော်ပေါင်းစုံရဲ့ သီချင်းအသစ် အသစ်တွေကလည်း နေ့စဉ်နဲ့အမျှထွက်နေတယ်။
ကျနော်ကြိုက်တဲ့သီချင်းတွေကိုနေ့စဉ်နားထောင်ရတယ်။
ဝါသနာပါတဲ့အလုပ်နဲ့ထမင်းစားဘို့ငွေရှာရတဲ့အလုပ် ထပ်တူကျနေတယ်ဆိုပြန်တော့
နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝကို ပျော်ရွှင်ကျေနပ်ပါတယ်။

အထူးသဖြင့်ကျနော်နှစ်သက်တဲ့ကိုယ်ပိုင်သံစဉ်သီချင်းတွေဖြစ်တဲ့
“စိမ်းမြ သစ်ရွက်တို့ကြွေနေဆဲ ………….ငါ့မျက်ရည်စိုနေတုန်းပေါ့……….တစ်ချို့တွေနေနိုင်လွန်းတယ်”တို့
“သံဇကာအလည်မှာ တစ်ယောက်တစ်ဖက်ရှိနေဆဲ………..စကားသံတွေမသဲကွဲ တို့နှစ်ယောက်လဲ” တို့
“မလွန်ဆန်နိုင်ရင်လဲ သင်္ခါရ တရားလို့ ပြောပြပါလား မိငယ် မနှောင်းသေးတဲ့အိပ်မက်အခါတစ်ရာမက မက်စဉ် မရေရာနိုင်သေးတဲ့ဘဝမှာ” တို့
“ချည်နှောင်ထားတဲ့ အကြင်နာနှောင်ကြိုးဟာ တို့အသည်းတွေကိုရစ်နှောင်မိ…………….”တို့
“လေပြေအလာ ကေသာလွန့်လူးလွင့်နေ လမ်းလျှောက်လို့လာရင်း ငုံ့ကာကြည့်လိုက်”တို့
“အပေါ်ဆုံးထပ်က အသဲကွဲသီချင်းကို ဆိုညည်းလိုက်တော့ နှင်းတွေဟာ ပိုမိုသိပ်သည်းလို့လာတယ်” တို့
“နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ်………….လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို…………အဝေးကို”တို့
“ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့မျက်ရည်ဘဲခင် ဒါကြောင့်သာပင်လည်မှာ မဆွဲစမ်းပါနဲ့ခင်”တို့
“နေဝင်ညကို ကူးဖြတ်ရဲမှ ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်…….” တို့
ဆိုတဲ့ကိုယ်ပိုင်သံစဉ်သီချင်းတွေကို တရှိုက်မက်မက်ခံစားလို့ကောင်းတုန်း၊
စိတ်တွေက အချစ်နဲ့မွှမ်းထုံနေတုန်း ကာလလေးတစ်ခုမှာပေါ့။

တက္ကသိုလ်အတူတက်ဖက် ကောင်မလေးကို သူငယ်ချင်းအဖြစ်ကနေ ချစ်သူ ဆိုတဲ့
စည်းလေးကိုကျော်ဘို့ကြိုးစားနေဆဲအချိန်၊
သူကလဲ ကျနော်သူ့ကိုချစ်နေတာကို သူကလဲသိ၊
သိပေမယ့်လဲ မသိဟန်ဆောင်လို့နေ၊
ဒါပေမယ့် ရှေ့ဆက်တိုးလို့အခြေအနေမဟန်ရင်
ချည်နှောင်တဲ့သံယောဇဉ်ကြိုးလေးလဲပြတ်၊
ခင်မင်လက်စပါပျက်သွားမှာစိုးတော့ကျနော်ကလဲသွေးတိုးစမ်းပြီးမပြောရဲ။
တစ်ခုသောနံနက်ခင်းလေးမှာ…………………….
“သူငယ်ချင်းလေးချစ်တယ် ဘယ်လိုပြောရမလဲ ကိုယ်ဒီလို သိပ်သိပ်ချစ်နေတယ်
ဒါကို သူမသိသလိုဟန်ဆောင်နေရက်တယ်
သူ့အပေါ်မှာကိုယ့်စိတ်တွေမရိုးသားတော့ဘူးဟေး………………”ဆိုတဲ့
ချိုမြစွာ သီဆိုတဲ့ အသံ လှပတဲ့စာသား နားဝင်ချိုတဲ့တေးသွားအလိုက်က ရင်ကိုထိရှ။
ဒီသီချင်းလေးကို ကြားမိတဲ့အချိန်ကျနော့်စိတ်တွေ မှင်သက်မိသွားပါတယ်။
ကျနော်လက်ရှိအဖြစ်အပျက်နဲ့ထပ်တူကျနေတိုက်ဆိုင်လွန်းလှ တဲ့ သီချင်းက
ကျနော့်ရင်ထဲကို စူးနစ်စွာဝင်ရောက်သွားတော့အဲဒီအဆိုတော် ဘယ်သူလဲဆိုတာကို သိချင်လို့လာပါတယ်။
မှတ်မှတ်ရရ 1987 ခုနှစ်ပါ။

ကျနော် အလုပ်လုပ်တဲ့တေးသံသွင်းက သီချင်းအသစ်ထွက်လို့ ကော်ပီကူးနေတယ်ဆိုရင်
အဲဒီသီချင်းကိုကျနော်တို့အလုပ်လုပ်နေတဲ့သူတွေသိအောင်ကြားဘူးအောင်
ဆောင်းဘောက်နဲ့ဖွင့်ပေးထားလေ့ရှိပါတယ်။
အဲဒီ”သီချင်းငှက်ကလေး”လို့ကျနော်တင်စားတဲ့သူရဲ့ခွေကို ကူးနေချိန်မှာအလုပ်လုပ်ရင်းကြားလိုက်ရတဲ့အခါ
အတော်လေးကို သဘောကျသွားတော့ နောက်တစ်ခေါက်သီချင်းထပ်ကူးချိန်မှာ
အစအဆုံးတပုဒ်ချင်းကို သေသေချာချာနားထောင်မိပါတော့တယ်။
တစ်ပုဒ်ချင်းစီကိုနားထောင်မိတဲ့အခါ
ပို ပိုလို့ကြိုက်သွားမိပါတယ်။
ထူးခြားတဲ့ဆိုဟန် အဆုံးသတ်မှာ အသံလေးတုန်လို့ဝဲသွားပုံက နိုင်ငံခြား “ဘီးဂျီးစ်”အဖွဲ့ရဲ့ဆိုပေါက်နဲ့တော့ဆင်ပါတယ်။
တစ်ခွေလုံးနားထောင်ရင်းကြိုက်သွားတဲ့သီချင်းတွေကတော့
( ယုံကြည်တာတွေအားလုံး စွန့်လွှတ်ခဲ့ပါတယ် တို့အချစ်ကဆုံနိုင်ဘို့သိပ်မလွယ်)ဆိုတဲ့“ မေ့လိုက်တော့ “၊
(သူပန်ထားတဲ့ပန်းနီနီ ကျနော်နေရာခဏလဲချင်သည် ကြင်နာသူလေးလှဘို့အစွမ်းကုန် ကြိုးစားမည်)“ တစ်နေ့နေ့တော့ချစ်လာလိမ့်မယ် “
(နာရီသံတွေဆူညံလို့လွန်းနေ ရင်ခုန်သံတွေမြန်တယ်အချစ်ရေ……)“ နာရီပေါ်ကမျက်ရည်စက်များ “
“ မရိုးသားတော့ဘူး “နဲ့
(ပြောင်းလဲတတ်တဲ့မင်းကိုတို့ဘယ်လိုမှနားမလည်…….ကြင်နာတတ်သောအညိုရောင်မျက်ဝန်းများ……..)“ စိမ်းရက်လေအား “တွေဖြစ်ပါတယ်။
ပိုသဘောကျတဲ့ထူးခြားတယ်လို့ထင်တဲ့သီချင်းကတော့
“ ပေါက်ပေါက် “နဲ့စုံတွဲဆိုထားကြတဲ့ “ ဝေးသွားတဲ့အခါ “သီချင်းဘဲဖြစ်ပါတယ်။
(ဝေးသွားတဲ့အခါ နှလုံးသားမှာ အမြဲတမ်းသတိရနော် ကြင်နာခဲ့ဘူးတဲ့ အချိန်ခါများ ပြန်လည်ရယူဘို့………………..”
ဆိုတဲ့စကားလေးများကို အသံအနိမ့်အမြင့်အတက်အကျနဲ့ပြိုင်တူဆိုသွား တာရင်ထဲမှာငြိလို့သွားပါတော့တယ်၊။
(သူငယ်ချင်းတွေနဲ့သီချင်းအကြောင်းတွေပြောကြတုန်းက ခင်ဝမ်းရဲ့အချစ်ကိုရင်း၍ဆိုတဲ့သီချင်းလေးကိုဟာမိုနီ
လိုက်ပေးတဲ့ ရင်းကီး ဆိုသူရဲ့ ဟာ………ဟာ……….ဟာ……..ဆိုတဲ့အော်သံလေးကို သဘောကျမိဘူးပါတယ်။)
သံစဉ်က ဂျတ်စ်ဂီတ နိုင်ငံခြားသံစဉ်နဲ့ဆင်တူပေမယ့် ဆိုထားပုံက အင်မတန်မှကိုလှပသေသပ်တဲ့သီချင်းလေးတပုဒ်ဖြစ်နေပါတယ်။
ကျနော်ကတော့ တစ်ခါတည်းနားထောင်လိုက်ရုံနဲ့အတော်လေးကိုကြိုက်သွားပါတယ်။
ဒါကတော့ ကျနော်နဲ့ငှက်ကလေးရဲ့ ကနဦးတွေ့ဆုံမူ့လေးပေါ့။

အရင်တုန်းက တေးသီချင်းများဘယ်လိုဖြန့်ချိတယ်ဆိုတာလေးကိုကြုံလု့ိပြောပြချင်ပါသေးတယ်။
အဲဒီအချိန်တုံးကတော့ ကက်ဆက်ခွေနဲ့ သီချင်းတွေမောင်းနှင်အားကောင်းနေတဲ့အချိန်လေးပါ။
နောက်အဲဒီတုံးက သီချင်းတစ်ခွေဖြန့်တယ်ဆိုရင် ကာဗာကဒ်ကိုရောင်းစားတဲ့ခေတ်ပါ။
လက်ဖက်ရည်တစ်ခွက် ပလာတာတစ်ခု တစ်ကျပ်။
ခေါက်ဆွဲတစ်ပွဲသုံးကျပ်ခေတ်မှာ
သီချင်းတစ်ခွေလက်ရွေးစဉ်ကူးရင် 30ကျပ်၊စီးရီးလိုက်ကူးရင် 15ကျပ်ခေတ်ပေါ့။
ကြုံလို့ပြောရင် သီချင်းခွေတစ်ခွေမှာ မူရင်းကာဗာကဒ်တစ်ခုထည့်လို့ရောင်းပါတယ်။
သီချင်းတစ်ခွေဖြန့်တယ်ဆိုရင်သီချင်းခွေပိုင်ရှင်က တေးသံသွင်းဆိုင်တွေကို မူရင်းတိတ်ခွေ(ရီကော်ဒါတိတ်ခွေကြီးတစ်ခွေ)ပေးပြီး ကော်ပီကူးခိုင်းပါတယ်။
မကူးချင်ဘူးဆိုလဲ ကူးပြီးသား အခွေကို ဈေးနူန်းသင့်လို့ရောင်းပေးပါတယ်။
နောက် တေးသံသွင်းဆိုင်တွေကို ကာဗာကဒ်လို့ခေါ်တဲ့
သီချင်းနာမည် တို့ ခွင့်ပြုမိန့်တို့ အဆိုတော်ရဲ့ဓါတ်ပုံတို့ ပန်းချီဒီဇိုင်းတွေပါတဲ့စာရွက်လေးကို
ရောင်းပါတယ်။
နာမယ်ကြီးအဆိုတော်ဆိုရင် အရွက်200တို့300တို့သတ်မှတ်ထားတာကို တစ်ရွက်ငါးကျပ်နဲ့ အပြတ်ဝယ်။
နာမယ်မကြီးသေးတဲ့အဆိုတော်ဆိုရင် ကဒ်အရှင်စနစ်နဲ့ထား ပြီးမှကုန်သလောက်ရှင်းဆိုတဲ့စနစ်နဲ့ဖြန့်ကြပါတယ်။
(ခိုးကူးတယ်ဆိုတာအဲဒီခေတ်ကတည်းကရှိပါတယ်။
ကာဗာကဒ်ကိုဖိုတိုစတက်နဲ့ကော်ပီဆွဲ၊သီချင်းကို ကက်ဆက်ခွေကဘဲပြန်ကူး။
အဲတော့ပုံကလဲမလှ အသံကလဲမကောင်း ရောင်းဈေးခြင်းကလဲသိပ်မကွာတော့
လူတိုင်းက မူရင်းခွေကိုသာဝယ်တယ်၊ အိမ်က ကက်ဆက်ခွေအဟောင်းကိုဖျက်လို့ပြန်ကူးချင်ကူးမယ်
ခွေအတုကိုတော့ မသိတဲ့လူကသာဝယ်ပါတယ်။)
ဒီတော့လဲအဲဒီတုန်းက သီချင်းခွေတစ်ခွေထွက်မယ်ဆိုရင် ကာဗာကဒ်တို့
ဝေါလ်ရှိ(နံရံကပ်ပိုစတာ)တို့ကိုလှသထက်လှ ကောင်းသတဲ့ကောင်းတဲ့ပုံတွေနဲ့ထုတ်ကြပါတယ်။
ဒါပေမယ့် ဒီငှက်ကလေးရဲ့ကာဗာကဒ်ပုံကတော့ အမှောင်များတဲ့အရောင်တွေနဲ့ မပီမသ ဂစ်တာတစ်လက်နဲ့
ကိုယ်တစ်ပိုင်းပုံ မသဲမကွဲ နဲ့ထွက်လာခဲ့ပါတယ်။
အဆိုတော်အသစ်များရဲ့ထုံးစံအတိုင်း စ စချင်းသိပ်မရောင်းရပါဘူး။
နောက်သူ့နာမည်ကလဲ အခေါ်ရခက် ၊
စာလုံးတစ်လုံးချင်းကလဲ အဓိပ္ပါယ် ဆက်စပ်လို့မရ။
အဲတော့ဝယ်ချင်ရင်တောင်မှ နာမယ်ပြောရမလွယ်တော့ ခက်ပြန်ရော။
ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့စကားက တကယ်ကိုမှန်ကန်တဲ့စကားပါ။
အဲဒီအခွေထဲက သီချင်းလေးတွေ အထူးသဖြင့်
(တစ်နေ့နေ့တော့ချစ်လာလိ်မ့်မည်တို့ မရိုးသားတော့ဘူးတို့ ဝေးသွားတဲ့အခါတို့မေ့လိုက်တော့တို့ နာရီရဲ့သီချင်းတို့)
ရက်စက်စွာပြုံးတတ်သော တို့ သီချင်းလေးသက်သေ ဆိုတဲ့သီချင်းလေးတွေကို လက်ရွေးစဉ်လာကူးကြတဲ့ခွေတွေထဲမှာတွေ့လာရပါတယ်။
တစ်စ တစ်စနဲ့ငှက်ကလေးသီချင်းတွေကို ကြိုက်သူ နှစ်သက်သူများလာပါတယ်။
အဆို်ကောင်းရုံတင်မကဘူး ကိုယ်တိုင်လဲရေး တူရိယာပစ္စည်းမျိုးစုံကိုလဲ တီးတတ်တယ်
အသံတွေကို လဲ ကိုယ်တိုင်ခွဲနိုင်တယ်ဆိုတော့ ကြိုက်လဲကြိုက်လေးလဲလေးစားပေါ့နော်။

ဒါပေမယ့်သူ့သီချင်းခွေထွက်တာတစ်ခွေနဲ့တစ်ခွေကြားအတော်ခြားပါတယ်။
1988…….ဦးထုပ်လေးဆောင်းလို့ပဲတွေပေးနေတဲ့ပုံနဲ့ “မှော်ဆရာအိပ်မက်”ဆိုထွက်လာပါတယ်။
အများအားဖြင့်သီချင်းခွေထုတ်ကြတဲ့အခါမှာ အကောင်းဆုံးလို့ယူဆရတဲ့သီချင်းကိုခေါင်းစဉ်ပေးလေ့ရှိပါတယ်။
ဒါပေမယ့် ငှက်ကလေးရဲ့ခွေထဲမှာတော့ မှော်ဆရာအိပ်မက်ဆိုတဲ့သီချင်းမပါ ပါဘူး ။
ထူးတယ်ပေါ့ နာမယ်နဲ့လိုက်အောင်……….။
အဲဒီအခွေထဲမှာအကောင်းဆုံးလိုု့ဆိုရမယ့် သီချင်းရင်ထဲကို ထိသွားတဲ့သီချင်းကတော့
“အိ်မ်ပြန်ချင်တယ် ဟူး……………….အနွေးထွေးဆုံးအမေ့အိမ်……………..”ပါဘဲ။
ငှက်ကလေးကတော့ rock သီချင်းအသွက်တွေ အော်ရတဲ့သီချင်းတွေကို နှစ်သက်ပုံရပါတယ်။
ကျနော်ကတော့ သူ့သီချင်း ဆိုရင် အေးအေးဆွေးဆွေးလေးတွေကိုဘဲကြိုက်သလို သူနဲ့ပိုလိုက်တယ်လို့ခံစားရပါတယ်။
“ညို့တတ်တဲ့သူ့အကြည့်က လွန်မြောက်အောင်ရုန်းထွက်ဘို့သိပ်ကိုခက်” ဆိုတဲ့ “အချစ်ဆုံးလို့”သီချင်းက
ခပ်လည်လည်ကောင်မလေးနဲ့ညိနေတဲ့ သူငယ်ချင်းကို ကျနော်တို့အဖွဲ့က စောင်းမြောင်းလို့ ဆိုခဲ့ရတဲ့သီချင်းလေးပေါ့။
ကျနော်ကိုယ်တိုင်အတွက်ကလဲ ကျနော်ချစ်ရတဲ့သူငယ်ချင်းလေးက ကျနော့်ကိုချန်ထားခဲ့တဲ့အချိန်……………….
တစ်ချိန်မှာ သူနဲ့လက်တွဲဖြစ်ရင် ဆိုတဲ့စိတ်ကူးတွေ အတွေးတွေနဲ့ ပျော်ခဲ့ဘူူးတဲ့ကျနော်……………………….
“ မျှော်လင့်ချက်သာမထားခဲ့ရင် ငါဒီလိုခံစားရမယ်မထင်ဘူး……………..
မျှော်လင့်ချက်သာမထားခဲ့ရင် ငါဒီလိုငိုကြွေးရမယ်မထင်ဘူး” ဆိုတဲ့သီချင်းလေးကိုနောင်တတွေတစ်ပွေ့ကြီးနဲ့
ညည်းနေရင်းက “တိတ်တိတ်မျက်ရည်ဝဲ ကြေကွဲသွားရုံလေး………………..”ဆိုပြီးခံစားခဲ့ရဘူးပါတယ်။
ဒီမှော်ဆရာအိပ်မက်ခွေကတော့ ငှက်ကလေးကို အရောင်တင်ပေးလိုက်တဲ့သီချင်းတွေများပါတယ်။
“အမေ့အိမ်”သီချင်းကတော့ လူတိုင်းရင်ထဲကို အနက်ရှိုင်းဆုံးထိထိုးဖောက်သွားတဲ့သီချင်းလို့ပြောရင်ရပါတယ်။
(1991ကျနော် တေးသံသွင်းလုပ်ငန်းကနေ ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုကိုပြောင်းပြီးအလုပ်လုပ်ခဲ့ပါတယ်။
ညည ကိုးနာရီ ဆယ်နာရီလောက်ထိ အလုပ်လုပ်ရတဲ့အခါများမှာ ကျနော့်ကိုမြင်တာနဲ့ အလုပ်ထဲက ကလေးတွေက
“ အိမ်ပြန်ချင်တယ်…………..ဦး……………….”လို့သံပြိုင်ဝိုင်းအော်တာများကြားမိရင်
ငှက်ကလေးလို နွေးထွေးတဲ့ အမေ့အိမ်မရှိတဲ့ သင်းကွဲငှက်တစ်ကောင်လို ဖြစ်နေတဲ့ ကျနော့်အဖို့ မျက်ရည်ဝဲရုံကလွဲလို့…………..။)
1989ခုနှစ်မှာတော့ လူမုန်းရေးပြီး အောင်ကိုလတ်ဆိုခဲ့တဲ့ “ခေါင်းလောင်းလေးတွေမြည်နေပြီ”သီချင်းပါတဲ့
”သက်ငြိမ် “အခွေလေးထွက်လာပါတယ်။
သီချင်းချစ်သူတွေကြားမှာအငြင်းပွားစရာ “တနေ့နေ့တော့ ချစ်လာလိမ့်မည်”ဆိုတဲ့သီချင်းနဲ့ “ခေါင်းလောင်းလေးတွေမြည်နေပြီ”က
သီချင်းတေးသွားအလိုက်တွေက အချို့နေရာလေးတွေမှာ အတော်လေးတူနေတာပါဘဲ။
ဒီသက်ငြိမ်မှာတော့ “ချစ်တိုင်းလဲမညား “။့ “ နှလုံးသားရဲ့ကျမ်းစာ “။“ ကလေးရေ “။့ “ ကာရံမညီသော “သီချင်းတွေက
ပေါက်သွားတဲ့သီချင်းတွေလို့ပြောနိုင်သလို ငှက်ကလေးကို ဂီတလောကမှာခိုင်သထက်ခိုင်အောင်
အရောင်လက်သထက်လက်အောင် တွန်းပို့ပေးလိုက်ပါတယ်။
အဲဒီအချိန်မတိုင်ခင်လေးမှာ ကျနော်ငယ်သူငယ်ချင်းလေးကလဲ မိဘသဘောတူသူနဲ့အိမ်ထောင်ကျသွားပါတယ်။
အယူအဆမတူ အမူအကျင့်မတူ အသိုင်းအဝိုင်းမတူတဲ့ နေရာကလာတဲ့လူနှစ်ယောက်ဘယ်လောက်ဘဲချစ်ချစ်
ဘဝ တစ်ခုထူထောင်ဘို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပါ။
ဒီတော့လဲ “ချစ်တိုင်းမညား”ဆိုတဲ့သီချင်းလေးကို နားထောင်ရတာကျနော့်အတွက်တော့ ပိုပိုပြီး ခံစားရသလိုပါဘဲ။
1990 ကျနော်လဲ တေးသံသွင်းလောက ကနေ အပြင်လောကကိုရောက်သွားခဲ့ပါတယ်။
အဲတော့လဲ ဂီတလောကနဲ့နည်းနည်းတော့ အဆက်အသွယ်ပြတ်ပြီး ဘာခွေတွေထွက်လို့ထွက်မှန်းမသိဖြစ်သွားပါတယ်။

တစ်ရက် ကျနော်အလုပ်လုပ်နေတဲ့နေရာကို သီချင်းလောကထဲမှာကျင်လည်စဉ်က
ခင်မင်ခဲ့ဘူးတဲ့လူတစ်ယောက်မထင်မှတ်ဘဲရောက်လာခဲ့ပါတယ်။
သူ့လက်ထဲမှာလဲကက်ဆက်ခွေလေးတစ်ခွေ။
ခွေကြမ်းလေးပါ။
ကျနော့်ကိုနားထောင်ကြည့်ပါဆိုပြီးခိုင်းပါတယ်။
ကျနော်ကိုလာနားအထောင်ခိုုင်းတာပါ။
ငှက်ကလေးရဲ့ သီချင်းခွေအသစ်၊

ထားခဲ့ပါဆိုတော့ထားလို့မရဘူး ကူးထားလို့လဲမရဘူး။
ဘယ်သူလက်မှမရောက်စေရပါဘူးလို့ ကတိခံလာလို့ပါတဲ့။
ဒါနဲ့ဘဲသူ့ခွေလေးကို စဖွင့်ကြည့်လိုက်ပါတယ်။
စဖွင့်ဖွင့်ခြင်း
“ လရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ် ဘယ်ကိုရောက်နေလဲ မစဉ်းစားဘူးကွယ်……”
“ နေဝင်ပြီဆိုရင်ကိုယ်လေငိုချင်တယ် ရင်မှာနာကျင်စွာဆွေးတယ် အဆောင်မှာမှောင်ရီဝိုးတဝါးနဲ့…………”
“ပန်းပွင့်တွေလှမ်းလင့် ခြွေသံလား ပြူတင်းတံခါးမှာနှင်းများလာရိုက်ခတ် လအရိပ်မှာ ညအိပ်ယာဝင်ဆဲ………အို့ အို့ တစ်ဆောင်းသစ်ပြန်ပြီ ”
“ ဒီမြေမှာ တို့ရဲ့သွေးတွေဖြတ်သန်းရင်းနဲ့စီးဆင်း သူဟာရာဇဝင်များရဲ့ လျှို့ဝှက်ချက်တို့သိမ်းဆည်းထား……….ဧရာဝတီ”
ဆိုတဲ့သီချင်းလေးတွေအပြင် ဟိုးအရင်က အောင်ရင်သီဆိုခဲ့ဘူးလို့ကြားဘူးနေတဲ့
“ မင်းမရှိရင် အသက်မရှင်ချင်ဘူးအချစ်ရယ်”တို့
“ ကိုယ်သိပ်ချစ်မှန်းသိရဲ့နဲ့မင်းမုန်းခဲ့ ဒါဘာကြောင့်မှန်းတွေးမရပါလား…”
“အမေ ကျနော့်ကိုစိတ်မပျက်ဘူးလား ကျနော်ဟာကမ္ဘာမြေကြီးရဲ့သီချင်းလေးတပုဒ်ပေ့ါ”
“ချစ်သူအနားမှာ ရှိနေချိန်လေးရယ်…….အခံစားရဆုံးကဗျာလေးလိုဘဲသိမ့်မွေ့နူးညံ့တယ်……..”တို့
“ခုတော့ဝေးကြပြီ ဒို့နှစ်ဦးသား နုတ်ဆက်မျက်ရည်လေးများအားလုံးမသိအောင်သိမ်းထား အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ ”တို့
ကိုပါကြားလိုက်ရပါတယ်။
ဘာစီးရီးလ်လဲလို့မေးတော့ နံမယ်မပေးရသေးဘူး။
တစ်ခွေလုံးအပြတ် ငါးသိန်းရရင်ရောင်းမယ်ဆိုပြီးကမ်းလှမ်းထားတယ်ဆိုတာကိိုသိလိုက်ရပါတယ်။
မညာတမ်းပြောရရင် တစ်ခွေလုံးကိုကြိုက်တယ်။
ဝယ်လိုက်ပါလားလို့ပြောတော့ သူလဲ ကြိုက်တယ်
ဒါပေမယ့် သူလက်ထဲရှိတဲ့ပိုက်ဆံက ငါးသိန်းမပြည့်တော့ သုံးသိန်းခွဲနဲ့တော့ဆစ်ထားတယ်
ကျနော်ကိုနားထောင်ခိုင်းကြည့်တာလို့ပြောပါတယ်။
နောက်သူနဲ့ထပ်တွေ့တော့ မယူဖြစ်ဘူး သူများယူသွားတယ်ပြောပါတယ်။
1991 ရဲ့ဘိုလို့ နှစ်ဆန်းတစ်ရက်နေ့မှာ
“အတ္တပုံဆောင်ခဲများ ”ဆိုတဲ့နာမယ်နဲ့ထွက်လာပါတယ်။
ရောင်းလိုက်ရတာ မတိတ်ဘဲရွာနေတဲ့မိုးလိုဘဲ တစိမ့်စိမ့်……………….။
ကျနော်ကိုလာပြတဲ့မိတ်ဆွေမှာတော့နောင်တတွေနဲ့ပေါ့။
သူ့အစား ကျနော်တောင်ကြားထဲက ဝင်နှမျောလိုက်မိပါသေးတယ်။
နောက်တော့လဲ သူရေးပေးခဲ့သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့အောင်ရင်နဲ့တွဲလို့
အကြင်နာအိမ်မက် မက်လိုက်ကြပါသေးတယ်။

ငှက်ကလေးက သူ့ကို ကိုယ်ပိုင်သံစဉ်သီချင်းတွေဘဲ ဆိုတတ်တယ်လို့ထင်မှာစိုးတယ်ထင်ပါရဲ့။
စကားလုံးဝင်းမင်းထွေးနဲ့ပေါင်းလို့ ကော်ပီသီချင်းစစ်စစ်
“ အရင်အတိုင်း“ဆိုတဲ့ခွေလေး 1991 နှစ်ကုန်ခါနီးလေးမှာထွက်လာပါတယ်။
ပြောရရင်တော့ အားလုံးကောင်းပါသည်လို့ဘဲပြောရမှာအမှန်ပါဘဲ။
“ရွှေ” ၊“အရင်အတိုင်း” ၊“တကယ်ဆိုရင်” ၊“ဒုက္ခမြစ်များ”၊“အချစ်အကြောင်း”
“လျို့ဝှက်အချစ်”၊“မင်းရှိရင်ဖြစ်တယ်”၊“အထီးကျန်”သီချင်းတွေကလူကြိုက်များခဲ့တဲ့သီချင်းတွေပေါ့။
အားလုံးထဲမှာ ကျနော့်ရင်ကို ညိ ဟတ်ကိုထိတဲ့သီချင်းကတော့
“နေမင်းလေးလို ဘဝမှာလင်းလက်သူ………မင်းဟာငါစိတ်ကူးယဉ်အလှဆုံးပန်းပါ အိပ်မက်တွေတကယ်ဖြစ်သွား”
ဆိုတဲ့စာသားအလန်းလေးတွေပါတဲ့ “ထာဝစဉ်”။
“ကြယ်တွေငိုနေသလား ပန်းပွင့်မီးလျှံဟိုအထက်မှာ………….မျက်စေ့ကနေငါကြားတယ်……….တောင်တန်းများကတောင်တုန်ရီနေတော့တယ်”
ဆိုတဲ့ ဗင့်ဆင်ဗင်ဂိုးတမ်းချင်းသီချင်းကတော့ ကဗျာတွေစာတွေမှာ နိုင်ငံခြားကလူတွေရဲ့နာမယ်ထည့်ရေးရင်မကြိုက်တတ်
တဲ့ကျနော်တောင် ဒီသီချင်းကို အတော်လေးနှစ်သက်ပါတယ်။

နောက်တော့လဲ “ဘာယူမှာလဲ ဘယ်လောက်ယူမှာလဲ ဘယ်တော့ပိုက်ဆံပေးမှာလဲ”ဆိုတဲ့
စကားတွေကိုသာ မနက်မိုးလင်းက မိုးချုပ်ပြောနေရတဲ့ကျနော့်အဖို့ သီချင်းခံစားချိန်ဆိုတာ
မရှိသလောက်ဖြစ်။
ဘဝကို တည့်မတ်အောင် ကြိုးစားနေရတဲ့အခိုက်အတန့်များမှာတော့ သီချင်းတွေနဲ့ဝေး
ငှက်ကလေးနဲ့လဲဝေးပေါ။
1995
အလုပ်ကနေ ပြန်အလာ ထီတွန်းလှည်းလေးပေါ်ကနေ
“ပြန်လာပါ အိမ်မက်လေးရေ ဒီအချိန်…………………………
မင်းရဲ့အသံလေးများပြန်လည်ကြားယောင်တဲ့အခါ………………………
အလွမ်းရဲ့မီးလျှံများ” ဆိုတဲ့အင်မတန်မှလွမ်းစရာကောင်းတဲ့အသံလေးကို ကြားမိတဲ့အခါမှာ
ငှက်ကလေးကို မေ့ထားမိခဲ့တာ ကိုယ့်ကို ကိုယ်အပြစ်တွေတင်မိပါတယ်။
သူဆိုပြမှဘဲ လောကကြီးမှာ မေတ္တာတရားဆိုတာ “စကားလုံးမရှိတဲ့ကောင်းကင်”
တစ်ခုဘဲလို့ခံစားရ။
ဒါပေမယ့်လဲ နေ့စဉ်လည်ပါတ်နေရတဲ့
“ဘာယူမှာလဲ ဘယ်လောက်ယူမှာလဲ ဘယ်တော့ပိုက်ဆံပေးမှာလဲ”ဆိုတဲ့ဝဲဩဃထဲမှာ
အရင်အတိုင်းပြန်လည်နစ်မြုတ်လို့သွားပြန်ပါတယ်။
ကျနော်ကသာ ငှက်ကလေးကိုမေ့လျော့နေပေမယ့် သူကတော့ သူလမ်းကိုသူမှန်မှန်လေးဆက်လျှောက်လို့နေစမြဲပါ။
အမေသီချင်းတွေကို ချည်းဘဲစုစည်းလို့သီဆိုထားတဲ့အထဲမှာ ပြန်လည်ဆန်းသစ်ထားတဲ့ချစ်စရာကောင်းလှတဲ့
ဆိုးနွဲ့တတ်တဲ့သားတစ်ယောက်ရဲ့ခံစားမူ့တွေနဲ့ရေးဖွဲ့ထားတဲ့“အမေ့ရဲ့ဒုက္ခအိုးလေး”
သွားလေသူတစ်ယောက်ရဲ့ “မွေးမြေအရပ်ကို လော်ကယ်ရထားဆိုက်ရောက်ချိန်…………………..”ဆိုတဲ့
နောင်တတွေတစ်ပွေ့ကြီးနဲ့ အမေ့အိမ်ကိုပြန်လာတဲ့သားဆိုး၊
အသက်အရွယ်တွေရလာမှာ အမေ့ကျေးဇူးတွေကိုသိတတ်လာလို့ ကျေးဇူးပါမေမေလို့ ဆိုတဲ့သား၊
“မေမေရေ မငိုနဲ့နော်လေ …….ရှိခိုးဦးချကန့်တော့လျက်ပါအမေ……….”တို့
အစရှိတဲ့ မေတ္တာတော်ဖွဲ့သီချင်းတွေကိုတော့ခံစားလိုက်မိပါသေးတယ်။

“ကမ္ဘာမြေပြင်မှောင်အတိနေ့ရက်များ
ကယ်တင်ရှင်မရှိသောအခို်က်ကာလ
ဉာဏ်ပညာအလင်းနဲ့လမ်းမှန်ပြ ဗုဒ္ဓ
………………
အမှန်ကိုမမြင်နို်င်ခြင်းအဝိဇ္ဇာတရား၊
အရာရာကို တွယ်ညိသည့်တဏှာ၊
သံသရာစက်ဝန်းအားချိုးဖြတ်သွား
မှန်ကန်သည်ထွက်မြောက်လမ်းသည်ကား မဂ္ဂ”
ဆိုတဲ့စာသားတွေနဲ့ ဓမ္မသီချင်းတပုဒ်ကတော့ငှက်ကလေးရဲ့ဘဝမှာ
အကောင်းဆုံးသီချင်းလို့ပြောလို့ရတဲ့သီချင်းလေးထွက်လို့လာပါတယ်။
(ငှက်ကလေး ကမ္ဘာမြေကို စွန့်ခွာသွားချိန် ပြန်လည် ချေပခွင့် မရှိချိန်မှာမှ ဒီသီချင်းကိုဝေဖန်သူ တစ်ယောက်ထွက်လာခဲ့။
သူလိုရာတွေဆွဲလို့ပြခဲ့တာကို ဖတ်ရတာစိတ်ပျက်စရာ။)

အဲဒီခွေထဲမှာတော့
“ညပုံပြင်”။ “ပြန်မလာတော့ဘူးကွယ်”၊”အဝေးဆုံးဝေးသွားလည်း”
သီချင်းတွေက ကျနော်ရင်ထဲကိုရောက်လာခဲ့တဲ့သီချင်းတွေပေါ့။

ကျနော်လူငယ်ဘဝက စလို့ နှစ်သက်ခဲ့ရတဲ့ငှက်ကလေးနဲ့ကျနော်ကတော့
ဘဝမှာ လားရာမတူ ဝမ်းစာရှာပုံတွေ မတူဘူးဆို တော့လည်း ပူးတုံခွာတုံ။
သက်ငြိမ်ဓါတ်ပုံ နဲ့ လှုပ်ယှားနေတဲ့ပုံရိပ်ယောင်တွေကိုသာ သူ့ကိုမြင်ဘူးပါတယ်။
အရှင်လတ်လတ်မမြင်မတွေ့ခဲ့ဘူးတာလဲအမှန်။
ဒါပေမယ့်လည်း ကျနော့်နှလုံးသားထဲ ဦးနှောက်ထဲကတော့သူ့ကို ရင်းနှီးနေတာကတော့အမှန်။
တကယ်ဆန်းစစ်တော့ကျနော်နှစ်သက်တာကတော့ သူ့အနုပညာ ကိုပါ။
ကျနော့် သူ့အသံကိုနှစ်သက်တယ်။
ကျနော်သူရေးဖွဲ့တဲ့ စကားလုံးလေးတွေကို သဘောကျတယ်။
သူ့ဖန်တီးတဲ့ အသံတွေ သံစဉ်တွေကို နှစ်ခြိုက်တယ်။
အားလုံးစုပေါင်းပြောရရင် လေးစားနှစ်သက်ရတဲ့သူပေါ့။
သူရဲ့အံ့မခန်းတဲ့အနုပညာ၊ခမ်းနားတဲ့ အတတ်ပညာ၊
လိုက်မမှီနိုင်လောက်တဲ့ သူ့အတွေးစတွေက
မသိမမြင်ဘူးကြတဲ့သူနဲ့ကျနော်ကြားမှာ
အနုပညာလက်များနဲ့တွဲဆက်ထားသလိုပါ။

အခုအချိန်မှာတော့ သီချင်းများနဲ့ဖြစ်တည်ခဲ့တဲ့ငှက်ကလေးကတော့
(အနုပညာကို ငွေဆိုတဲ့ဘုရားအတွက် ပျော်တော်ဆက်ဘို့ရာ
မဖြစ်စေလိုပါ အို……..သူတောင်းစားသာသာလူတွေစွန့်ကျဲသမျှ မျှော်နေရမယ့်ဘဝ……………”
လို့“နောက်ဆုံးသီချင်း” ကိုနာကျည်းစွာနဲ့ ရေရွတ်ရင်း ကြယ်တွေစုံတဲ့ညမှာ ကမ္ဘာမြေကို နုတ်ဆက်လို့သွားခဲ့တာ
(7)နှစ်တောင်ကြာပေါ့။
ဒါပေမယ့်လည်း မမေ့နိုင်သူများအဘို့တော့ လောကကြီးရဲ့တစ်ဒေါင့်တစ်နေရာမှာသူရှိနေသေးသလို…………………
နောင်ဖြစ်လေရာဘဝအဆက်ဆက် လွဲပြီးရင်းလွဲနေတဲ့ ဘဝမှာ တွယ်ညိတဲ့ တပ်မက်ခြင်းကို
အချစ်ရဲ့လက်များနဲ့ဖယ်ယှားနိုင်တဲ့ ငှက်ကလေးဖြစ်ပါစေလို့ဆုတောင်းပေးရင်း…………………

(ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး)

ထူးအိမ်သင်ကွယ်လွန်ခြင်းအမှတ်တရဖြစ်တဲ့ဒီစာစုလေးကို
(10-8-2011)နေ့ထုတ် SHADE ဂျာနယ် အတွဲ(5) အမှတ်စဉ်(36)မှာပုံနှိပ်ဖော်ပြပြီးဖြစ်ပါတယ်။

12 comments

  • Shwe Ei

    August 12, 2011 at 5:32 pm

    ဖတ်လို့ကောင်းလိုက်တာဦးပေါက်ရယ်။ ငိုတောင်ငိုချင်တယ်။
    ”အစိမ်းရောင်နေ့စွဲများ” ထဲကသီချင်းတွေလည်း မိုက်တယ်နော်။

  • MaMa

    August 12, 2011 at 5:37 pm

    ထူးအိမ်သင်ဆိုတာ ဂီတလောကမှာ ကြယ်တစ်ပွင့်ပါပဲ။ ဟောလီဝုဒ်လိုများ ကြယ်ပွင့်တွေပေးရင် သူလည်း တစ်ပွင့်ရလောက်ပါရဲ့။

  • Mee2

    August 12, 2011 at 5:41 pm

    ကိုငှက်ကြီးကိုသတိရပါတယ်။သူ ့ကိုချစ်တဲ့သူချစ်တဲ့ ပရိသတ်ကိုခွဲခွာသွားခဲ့ရခြင်းအပေါ်နားလည်မျှော်လင့်ပါတယ်။သူ ့လိုနောက်တယောက်ပေါ်မလာနိုင်တော့ပါဘူး

  • naywoonni

    August 12, 2011 at 6:38 pm

    အဲဒိ ငှက်ကလေးက ကောင်းကင်ထက်မှာတောင် မြစ်တစ်စင်း စီးဆင်းစေခဲ့သူပေပဲ…။ သူဟာ တစ်ကယ်လို့ ငှက်တစ်ကောင်ဆိုရင် …မီးတောက်ကြားမှာ ပြန်ရှင်သန်နိုင်တဲ့ ဖိုးနစ် ငှက်တစ်ကောင်ပါ…။ သူဟာဘယ်တော့မှ ပျောက်ကွယ်မှာမဟုတ်ဘူးလို့ထင်တယ်………….

  • hmee

    August 12, 2011 at 8:15 pm

    ဖတ်လို့ ကောင်းလိုက်တာ။ အမေ့အိမ်သီချင်းတော့ အကြိုက်ဆုံးပါပဲ။ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ သီချင်းပါ။

  • unclegyi1974

    August 12, 2011 at 10:37 pm

    အဆိုအတီးအရေးစွယ်စုံရပညာရှင်တဦးအကြွေစောလို့
    နှမျောလှပါတယ် ဒီလိုပါပဲ
    ဖြစ်ချင်တာတွေကမဖြစ် ဖြစ်ချင်တာတွေကဖြစ်နဲ့
    ရပ်ကွက်ထဲကကောင်ကလေးအော်သလိုအော်လိုက်မယ်
    လောကကြီးမတရားပါဖူး

  • pooch

    August 13, 2011 at 9:29 am

    ဒီနေ့ထိတော့ ကိုငှက်ကြီးနေရာမှာ အစားထိုးနိုင်လောက်တဲ့ သူကိုမတွေ့သေးပါဘူး သူ့သီချင်းတွေ နားထောင်မိတဲ့ အခါဆို ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ေ ဝဒနာတမျိုးကိုခံစားရတယ့်

  • ကြောင်ကြီး

    August 13, 2011 at 10:14 am

    ကျမတို့အကြောင်းတွေကို လူသိရှင်ကြားထုတ်ပြောလို့ ရှင့်ကိုကျမမုန်းဒယ်……….
    (အခုပဲ ကျနော့်ဆီကို အမည်မသိ အီးမေးလ်တစောင် မန်းလေးသာဦးပေါက်အတွက် တဆင့်ပေးစာဆိုပြီး ရောက်လာလို့ ဘာမှန်းညာမှန်းမသိဘဲနဲ့ (ဦးပေါက်ကို ဘယ်လိုဆက်သွယ်ရမှန်းလည်း မသိလို့) မှတ်ချက်ကနေ ပေးပို့လိုက်ရပါသည် ဦးပေါက်ခင်ဗျား…။

  • windtalker

    August 13, 2011 at 8:50 pm

    ကျွန်တော် မှတ်မိသလောက်
    ကျွန်တော် ၃ တန်း လောက် မှာ
    ဂျက်ဆင်ထိပ်က လရိပ်
    ရွှေ
    တစ္ဆေအနမ်း ဆိုတဲ့ ကက်ဆက်ခွေ လေး စထွက်တယ်ဗျ
    အဲဒီ က စလို ့
    ထူးအိမ်သင် ဆိုရင် ထွက်သမျှ ဝယ်နားထောင်ခဲ့တယ်
    အစားထိုးဖို ့ရန် လုံးဝ မဖြစ်နိုင်တဲ့
    gifted တစ်ယောက် ပါပဲ ဗျာ
    သူ ့အနုပညာ တွေ ကို အရမ်းလွမ်းတယ်

  • mnoe

    August 13, 2011 at 9:08 pm

    “အနုပညာကို ငွေဆိုတဲ့ဘုရားအတွက် ပျော်တော်ဆက်ဘို့ရာ
    မဖြစ်စေလိုပါ အို……..သူတောင်းစားသာသာလူတွေစွန့်ကျဲသမျှ မျှော်နေရမယ့်ဘဝ……………”
    တကယ်လေးစားဖို့ကောင်းတဲ့ အနုပညာမြတ်နိုးသူစစ်စစ် တစ်ယောက်ကို ဆုံးရှုုံးခဲ့ရတာ ခုထိ နှမျောမိလျက်ပါ။ တကယ်တော့ လှပမြတ်နိုးဖွယ်ကောင်းတဲ့ သီချင်းလေးတွေကို ဖန်တီးခဲ့သူ သူကိုယ်တိုင်က ကမာ္ဘမြေကြီးအတွက် သီချင်းလေး တစ်ပုဒ်ပါ။

  • ထူးအိမ်သင်လိုနောက်တယောက်ကမ္ဘာမြေကိုထပ်ရောက်လာဘို့
    အတော်လေးကိုစောင့်ရမယ်ထင်ပါရဲ့နော်…………………………….

Leave a Reply