မေလထဲက နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာလည်တာနဲ့ ပတ်သက်ပြီး နော်ဝေဆိုတာ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်မြင့်ဆုံးနိုင်ငံ၊အချမ်းသာဆုံးတနိုင်ငံ၊၀င်ငွေထဲကလှူဒါန်းမှုအရက်ရောဆုံးနိုင်ငံ၊ငြိမ်းချမ်းရေးနိုဘယ်ဆုပေးတဲ့နိုင်ငံ၊လူ့အခွင့်အရေးအပြည့်ဝဆုံးနိုင်ငံ စတဲ့ စတဲ့ သတင်းကောင်း သတင်းပေါင်း များစွာကို ဂျာနယ်တွေမှာ ချီးမွမ်းရေးသားနေကြတဲ့အချိန် နော်ဝေကိုသွားဘို့ အခွင့်အရေးလေးတစ်ခု ရလာပါတယ် ပတ်ဝန်းကျင် နိုင်ငံတချို့ကိုရောက်ဘူးပေမဲ့ ဥရောပနိုင်ငံတွေဘက်ကိုတော့ တစ်ခါမှ သွားခွင့်မကြုံခဲ့ပါဘူး။ ဥရောပနိုင်ငံထဲကမှ နော်ဝေဆိုတာမို့ ဒီတစ်ခေါက်ခရီးစဉ်အတွက် ရင်ခုန်မိသလို ရွာသူရွာသားတွေကိုလဲ ကိုယ်သိလာမဲ့ ဗဟုသုတလေး ပြန်မျှဝေချင်စိတ် ပေါ်လာမိပါတယ်။ လိုအပ်တာတွေ ပြင်ဆင်ရင်း အရင်ဆုံး ဗီဇာကိစ္စအတွက် ကြိုးစားရတယ် နော်ဝေသံရုံးက မြန်မာပြည်မှာမရှိပဲ ဘန်ကောက်မှာပဲရှိတာမို့ ဘန်ကောက်က နော်ဝေသံရုံးကို ဗီဇာလျှောက်ဘို့ကိစ္စ စာရွက်စာတမ်းတွေ လိုတာပြင်ဆင်ပါတယ် မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်မိရင်းမှ နော်ဝေဗီဇာကိုရန်ကုန်က Schengen Visa ပေးနိုင်တဲ့သံရုံး တစ်ခုခုမှာ လျှောက်လို့ရနိုင်တယ်ဆိုလို့ စုံစမ်းကြည့်တော့  ဂျာမနီသံရုံးမှာ လျှောက်လို့ရတယ်ဆိုတာ သိလာရလို့  ဒီမှာ လျှောက်ဘို့ ပြင်ဆင်ရပြန်ပါတယ် အရင်ကတဲက Schengen Visa ကိုကြားဖူးပေမဲ့ သေချာတော့ မသိခဲ့ပါဘူး အခုမှ ဘာကြီးလဲဆိုပြီး လိုက်လေ့လာကြည့်မိတော့မှ “ ဂျာမနီ၊ပြင်သစ်၊လူဇင်ဘတ် သုံးနိုင်ငံ နယ်စပ်က Schengen ဆိုတဲ့ ၀ိုင်ထုတ်တဲ့ ရွာသေးသေးလေးမှာ(လူက ၁၆၀၀ လောက်ပဲရှိပြီး ဧရိယာက ၄ စတုရန်းမိုင်ပဲရှိတာကိုး ) နိုင်ငံ ၂၅ ခုက ၁၄-၆-၁၉၈၅ မှာ သူတို့ နိုင်ငံ အချင်းချင်းတွေကြားထဲ ခရီးသွားလာရေးနဲ့ ပတ်သက်ပြီး Schengen Aggrement ကို သဘောတူ လက်မှတ်ထိုးခဲ့ကြရာကနေ စပေါ်လာတာ အစကတော့ Schengen လို့မသုံးသေးဘူး နောက်မှ အမည်ပြောင်းဘို့ လုပ်ကြပြီး ၃-၉-၂၀၀၆ ကျမှ Schengen Visa လို့ အမည်ပြောင်းကြတာ သဘောတူညီချက်ထဲ လက်မှတ်ထိုးထားတဲ့ ၂၅ နိုင်ငံထဲမှာ အင်္ဂလန်နဲ့ အိုင်ယာလန်ကလွဲလို့ အီးယူနိုင်ငံအားလုံးပါတယ် အီးယူမဟုတ်တဲ့ထဲက နော်ဝေနဲ့ အိုက်စ်လန် ပါတယ် Schengen Visa ရှိရင် အဲဒီနိုင်ငံတွေအားလုံးသွားလို့ရတယ် ဆိုတာသိလာရတယ်  ဒီနိုင်ငံတွေထဲက ပြင်သစ်သံရုံး ရန်ကုန်မှာရှိတယ် ဒါပေမဲ့ နော်ဝေဗီဇာတော့ မပေးဘူး ဂျာမနီသံရုံးကပဲပေးတယ်

အာဆီယံကလဲ ဒါကို သဘောကျလို့ ညှိနှိုင်းသဘောတူပြီး မြန်မာနိုင်ငံ ဒလ လိုနေရာမျိုးမှာများ လက်မှတ်ရေးထိုးဖြစ်ရင် နောင်တချိန် ဒလဗီဇာ ဆိုတာပေါ်လာနိုင်မလား တွေးကြည့်မိသေးတယ် မဖြစ်ဘူးလို့ ဘယ်သူသေချာပေါက် ပြောနိုင်မလဲဗျနော်

စာရွက်စာတမ်းတွေကတော့ တခြားနိုင်ငံတွေလိုပဲ ဒီဘက်ကထောက်ခံချက်တွေ၊စာတွေ ဟိုဘက်ကထောက်ခံချက်တွေ အကုန်လိုတာပါဘဲ တစ်ခုပိုတာ ကျန်းမာရေးအာမခံ မဖြစ်မနေပါရတယ် ယူရို ၃၀၀၀၀ တန် အာမခံပေါ့ ရန်ကုန်ကခရီးသွားလုပ်ငန်းတွေမှာ ၀ယ်လို့ရတယ် ယူရို ၅၀ ပေးရတယ် (ကာလသတ်မှတ်ချက်တော့ ရှိတယ် )

တချို့သံရုံးတွေက မြန်မာဝန်ထမ်းတွေက ခပ်တင်းတင်းပဲ(အပေါက်ဆိုးတယ် ) ဆိုတာမျိုး ကြားဖူးပေမဲ့ ဂျာမနီသံရုံးက မြန်မာဝန်ထမ်းကတော့ သဘောကောင်းပါတယ် ဘာစာရွက်တွေလိုမလဲ ပထမဆုံးအကြိမ်သွားမေးကတဲက သေချာရှင်းပြပေးတယ် “ မည်သည့်လက်ဆောင်မျှ ယူမလားခြင်းဖြင့် လုပ်ငန်းအဆင်ပြေအောင် ကူညီပါ” ဆိုတဲ့ စာလေးလဲကပ်ထားတယ် တကယ်လဲ ဘာလက်ဆောင်မှ မလိုပဲ သူ့တာဝန် သူကျေအောင် ဆောင်ရွက်ပေးတယ် (လစာကြောင့်လား၊လေ့ကျင့်ပေးထားမှုကောင်းလို့လား၊စနစ်တွေကကောင်းလို့လား အဲဒါမျိုး အစိုးရရုံးတွေရော ဖြစ်အောင်လုပ်လို့မရနိုင်ဘူးလားလို့လဲ စဉ်းစားမိတယ်  လောလောဆယ်တော့ မလွယ်သေးဘူး ထင်ပါရဲ့)

စာရွက်စာတမ်း ပြည့်စုံတယ်ဆို (၃)ရက်လောက်နဲ့ ဗီဇာရပါတယ် အခုချိန်မှ ရေးပြတော့သာ လွယ်သလိုဖြစ်နေတာ အဲဒီရက်ကတော့ ဟိုစာရွက်လို ဒီစာရွက်လို ဟိုညှိရ ဒီညှိရ တော်တော်တော့ ခေါင်းစားလိုက်ရတယ် ရန်ကုန်နဲ့ အော်စလိုကလဲ နွေရာသီဆို အချိန် ၄ နာရီ ကွာတော့ (သူတို့က နောက်ကျတယ် ) ကိုယ်က အလုပ်လုပ်ချိန် သူတို့ကမရောက်သေး ကိုယ်အိမ်ပြန်တော့ သူတို့က ဟိုဘက်မှာ အလုပ်လုပ်လို့ကောင်းတုန်း

လေယာဉ်လက်မှတ်ကတော့ ရန်ကုန်-ဘန်ကောက်-ဖရန့်ဖတ်-အော်စလို လမ်းကြောင်းကနေ သွားဘို့ စီစဉ်တယ် (ဘန်ကောက်-အော်စလို တိုက်ရိုက်လဲရှိတယ်) ၊လက်မှတ် (e ticket) ရပြီ ၊ ဗီဇာရပြီ ဆိုတော့ သွားဘို့ပဲ ရှိတော့တာပေါ့………………

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ