အိမ်ရှင်မတစ်ယောက် ကြောင်သူခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်မှာ ယခုဆိုရင် ရ နှစ်တိုင်ခဲ့ပါပြီ။ အစပထမတုန်းက အဝါရောင်သူခိုးတစ်ကောင်နဲ့သာ ရင်ဆိုင်ခဲ့ရာမှ အခုတော့ (အဝါ၊ အဖြူ၊ အနက်၊ အကျား) ရောင်စုံအဖွဲ့တစ်ခုအနေဖြင့် အင်အားအခိုင်အမာဖြင့် ကျူးကြော်ရန်စနေပါတော့တယ်။

ပေ ၄ဝ ၊ ၆ဝ ရှိသော ခြံဝင်းလေးအတွင်းတွင် ပေ ၃ဝ ၊ ၄ဝ ရှိ တစ်ထပ်တိုက်လေးတစ်လုံးကို အနောက်ဘက်ခြံစည်းရိုးကိုကပ်ပြီး ဆောက်ထားပါတယ်။ သစ်ပင်ပန်းပင်များနှင့် လေကောင်းလေသန့်ရရှိသော ရပ်ကွက်တစ်ခုအတွင်းတွင် တည်ရှိသော်လည်း ပြူတင်းပေါက်ဖွင့်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရပါတယ်။
ဖြစ်ပုံက ဒီလို …..

ရပ်ကွက်အတွင်းမှ ဆိုးသွမ်းငတ်ပြတ်နေသော ကြောင်ထီး ၄ ကောင် ခြံဝင်းအတွင်း ဝင်ရောက်နေရာယူပြီး အိမ်ထဲကိုဝင်ရန် အချိန်ပြည့်ချောင်းနေကြပါတယ်။ အိမ်ရှေ့မျက်နှာစာဘက်ကို ထွက်မောင်းလို့ရပေမယ့် နောက်ဘေးဘက်ကို လူဝင်လို့မရတဲ့အတွက် သူတို့အတွက် အသားစီးရနေပါတယ်။ ခေါင်းမိုးပေါ်မှာ ခပ်တည်တည်နဲ့အိပ်နေကြတာကလဲ အသဲယားစရာကောင်းလှပါတယ်။

အိမ်ထဲမှာ အိမ်ရှင်မတစ်ယောက်ထဲ အလုပ်ရှုပ်နေတဲ့အချိန်ဆိုရင် သူတို့တွေပိုပြီး သတိထားချောင်းနေကြတယ်။ ဈေးထဲကနေ ခြင်းတောင်းတစ်လုံးဖြင့် ဈေးဝယ်ပြီး ပြန်လာတဲ့ အိမ်ရှင်မကလဲ သတိလွတ်လို့မရဘူး။ အိမ်ထဲဝင်ပြီးတာနဲ့ အိမ်ရှေ့တံခါးကို ပြန်ပိတ်ရမယ်။ မီးဖိုထဲရောက်တာနဲ့ အိုက်လှောင်နေသဖြင့် ပြူတင်းပေါက်တစ်ခုဖွင့်လျှင် အဲဒီပြူတင်းပေါက်နားမှာ လူကပါ ရပ်နေရပါတယ်။

ပြူတင်းပေါက်ဖွင့်ပြီး အပေါ့သွားချင်လို့ အိမ်သာထဲခဏဝင်လိုက်လို့ကတော့ ခြင်းထောင်းထဲက ပုဇွန်အစိမ်းတစ်ထုပ် အထုပ်လိုက် ပါသွားပြီသာမှတ်ပေတော့။ ငါးအစိမ်းတစ်ကောင်လောက်ကို အသာလေးမသွားနိုင်လောက်အောင် အင်အားကြီးမားပါတယ်။ အသား ငါး ပုဇွန် ဘာပဲဖြစ်ဖြစ် ရတာ အကုန်ချီပြီး ပြူတင်းပေါက်ကနေ ခုန်ဆင်းပြေးပါတယ်။ အိမ်ရှင်မ ဒေါသအမျက်ချောင်းချောင်းထွက်ပေမယ့် ဘာမှမတတ်နိုင်ရှာဘူးပေါ့။

အိမ်ရှင်မရဲ့ ပုံသဏ္ဍာန်ကိုလဲ ကြည့်ပါအုန်း။ မီးဖိုချောင်ထဲမှာဝတ်တဲ့ ဧပရွန်ရှေ့အိပ်ထဲမှာ သေနတ်တစ်လက်ထည့်လို့။ သေနတ်ထဲမှာလဲ ကျည်ဆံအပြည့်နဲ့။ ကြောင်ရိပ်မြင်တာနဲ့ အလေ့အကျင့်ရပြီးသား သေနတ်ထုတ်ပြီး ပစ်လိုက်ပြီးသား။ ထိမိလို့ကတော့ အီစိမ့်နေအောင် နာမယ်။ ထိလည်း ထိတယ် … အသားနာသွားတဲ့ ကြောင်သူခိုးတွေက အမှတ်သညာကြီးကြီးနဲ့ အိမ်ရှင်မကို နည်းမျိုးစုံနဲ့ ပြန်တိုက်ခိုက်ပါတယ်။

ထမင်းစားပွဲပေါ်က ဟင်းအုပ်ဆောင်းကိုတော့ သူတို့က အသားလေးတွန်းပြီး ဟင်းခိုးစားတတ်တယ်။ အရင်တုန်းက ပြူတင်းပေါက်တွေ အကုန်ပိတ်ထားတာတောင်မှ လူမရှိတဲ့အချိန် မျက်နှာကျက်ကနေဝင်ပြီး အုပ်ဆောင်းအောက်က ဟင်းခိုးစားလွန်းလို့ အိမ်အပြင်ကနေ မျက်နှာကျက်ထဲမဝင်နိုင်အောင် အပေါက်တွေအကုန်လုံး အသေပိတ်ထားလိုက်ရပါတယ်။ ဒါပေမယ့် တစ်နေကုန်အိုက်လှောင်နေတော့ ပြူတင်းပေါက်ကိုတော့ တစ်ခါတစ်လေ ဖွင့်ရတာပေါ့။
၂၄ နာရီ ဂျူတီစောင့်နေတဲ့ ရောင်စုံသူပုန်တွေက ဖွင့်လိုက်တာနဲ့ ချက်ခြင်းဝင်လိုက်ပြီး တစ်ခုခုရအောင် ခိုးပါတယ်။ ခိုးစရာမတွေ့ရင် သေးပေါက် ချီးပါ လုပ်ခဲ့ပါတယ်။ အိမ်ရှင်မကို အလွန်မုန်းနေတဲ့ ကြောင်ထီးတွေက အိမ်ရှင်မရဲ့ မင်္ဂလာအိပ်ယာထဲမှာ လစ်ရင်လစ်သလို သေးထိုင်ပေါက်တယ်။ စောင်တွေပေါ်မှာ ချီးပါခဲ့တာလဲ မကြာခဏပါပဲ။

တစ်နေ့တော့ ကြောင်သူခိုးအိမ်ထဲအဝင်မှာ အိမ်ရှင်မက ပြူတင်းပေါက်ကို ပိတ်ပစ်လိုက်ပါတယ်။ မီးဖိုချောင်ထဲမှာ ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ချိန်မှာ ကြောင်သူခိုး မျက်လုံးပြူးသွားပါတယ်။ ကြောင်သူခိုးက ကြောက်ကန်ကန်ဖို့ ကြိုးစားတယ်။ အခြေအနေအရ လူကိုကြောက်ရတာဆိုတော့ မျက်နှာကျက်အပေါက်ပေါ်ကို ကမူးရှူးထိုး ခုန်တက်ပြီး ခေါင်းမိုးအောက်ထဲမှာ နေနေပါတယ်။ အိမ်ရှင်မက မိန်းကလေးဆိုတော့ မျက်နှာကျက်အပေါ်အထိ တက်ပြီးမလိုက်နိုင်လို့ အောက်ကနေပဲ စောင့်ကြည့်နေရတာပေါ့။ ကလေးတွေကျောင်းကပြန်လာတော့ မေ့မေ့ပျောက်ပျောက်နဲ့ တံခါးဖွင့်ချိန်မှာ ထွက်ပြေးလွတ်မြောက်သွားပြန်ပါတယ်။

အဲဒီအိမ်ရှင်မက ငယ်ငယ်ကထဲက ကြောင်လေးတွေကို အလွန်ချစ်ပါတယ်။ ချစ်လွန်းလို့ အိပ်ရာထဲမှာတောင် လူကြီးတွေမသိအောင် ခိုးသိပ်ခဲ့တဲ့သူပါ။ အခု သူ့အိမ်နဲ့သူနေတော့မှ ရောင်စုံသူပုန်များနဲ့ ရင်ဆိုင်တွေ့နေရပုံကို သရုပ်ဖော်ပြနေတာ ကြားရသူတွေအတွက် ရီစရာကောင်းနေပေမယ့် တကယ်သူ့အိမ်ကို ရောက်သွားချိန်မှာတော့ ကိုယ်ချင်းစာမိခဲ့ပါတယ်။ တစ်ညလုံးအိပ်မရအောင် အော်ဟစ်သောင်းကျန်းနေတာကလဲ အိပ်ရေးပျက်ခဲ့ပါတယ်။ ဘယ်လိုနှိမ်နင်းရမယ်ဆိုတာတော့ အကြံမပေးတတ်ခဲ့ပါဘူး။ ခြံဝင်းထဲမှာ သင်းပျံ့နေတဲ့ ကြောင်ချီးနံ့များကလည်း ခေါင်းကိုက်ချင်စရာ၊ အိမ်ထဲမှာ လေကောင်းလေသန့်မရှိတဲ့အနေအထားကလည်း ခေါင်းမူးချင်စရာ၊ လှမ်းလို့မရတဲ့ မွေ့ယာပေါ်က သေးနံ့ကတော့ အန်ချင်စရာ ကောင်းနေပါတယ်။

ကျွန်မက ကြောင်ချစ်သူတစ်ယောက်ဆိုတော့ သူပြောတဲ့ ရောင်စုံသူပုန်များဆိုးသွမ်းပုံကို အရင်တုန်းကမယုံကြည်ခဲ့ပါဘူး။ ကြောင်ဆိုရင် ချစ်စရာကောင်းတဲ့အမူအယာရှိတယ်လို့ပဲ သိခဲ့ဖူးပါတယ်။ သူတို့အိမ်သွားလည်တော့မှ ရောင်စုံသူပုန်များကို ကိုယ်တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မအတွက် ကြော်ထားတဲ့ ကကတစ်ငါးကြော်ကို တစ်ကောင်လုံး ချီသွားတယ်လေ။ ပြူတင်းပေါက် ဇီးမှန်တွေကနေကြည့်ရင် သူတို့ကို မြင်နေရပါတယ်။ ပြူတင်းပေါက် ဆန်းရှိတ်ပေါ်မှာ အိပ်နေလိုက်ကြတာ ကိုယ့်အိမ်ကိုယ့်ဟာမှ နေနေကြသလိုပဲ။ ကြောင်ဆိုတာ အမြင်ကတ်စရာတော်တော်ကောင်းပါလားလို့ ပထမဆုံးအကြိမ် ခံစားမိခဲ့တာနဲ့ ဒီပို့စ်ကိုရေးရင်း အဲဒီကြောင်တွေကို ဘယ်လိုနှိမ်နင်းရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးများရှိရင်လဲ အကြံပေးကြပါလို့ (အသေသတ်ပစ်တဲ့နည်းလမ်းက လွဲရင်ပေါ့) …

About weiwei

weiwei has written 367 post in this Website..

မဂၤလာပါ ....