ကိစ္စအားလုံး စီစဉ်ပြီး ဇွန်လ ပထမပတ်ထဲ ထွက်ဖြစ်တယ် ရန်ကုန်က ညနေပိုင်းလေယာဉ်နဲ့ထွက် ဘန်ကောက်ကို ည ၁၀ နာရီလောက်ရောက်တယ် ဆက်ထွက်မဲ့လေယာဉ်က သန်းခေါင် ၁၂ နာရီ မှဆိုတော့ အချိန်ရပြီး အေးအေးဆေးဆေး သွားရလို့တော်သေးရဲ့

ဘန်ကောက်မှာ Transit လုပ်ပြီး ပြန်အ၀င် ၉/၁၁ နောက်ပိုင်း အခြေအနေကို ထင်ဟပ်နေတဲ့ လုံခြုံရေးစစ်ဆေးမှုမှာ ခါးပတ်ရော ဖိနပ်ရော အနွေးထည်ရော ချွတ် လက်တော့ပါရင် အပြင်ထုတ် နဲ့ နောင်ဆို တစ်ကိုယ်လုံးများ ချွတ်ရမလား မသိ

ဘန်ကောက် လေဆိပ်မှာ Check In ၀င်တော့ တချို့လူတွေရဲ့ ပတ်စ်ပို့ကို ယူကြည့် ချက်ချင်းပြန်ပေးတယ် ကိုယ့်ကြတော့ ပြန်မပေးပဲယူထားပြီး ထပ်စစ်နေပြန်ရော နာရီဝက်လောက် နေတော့မှ ပြန်ရတယ် အာရပ်နိုင်ငံတွေဘက် က မိသားစု တစ်စု ကျတော့ ဘာမသင်္ကာစရာ တွေ့လဲမသိဘူး အရာရှိတစ်ယောက် ရောက်လာပြီး မှန်ဘီလူးနဲ့ ပတ်စ်ပို့ တွေကို ပြူးပြဲ ကြည့်တော့တာပဲ နောက်တော့ သူတို့လဲ အဆင်ပြေသွားတယ် နောက်မှ ပြေလဲ စိတ်တော့ အနှောက်အယှက် ဖြစ်ရတာပဲ

 

ကျွန်တော်တို့ ဂျာမနီ၊ဖရန့်ဖတ်ကို စီးရမဲ့လေယာဉ်က ဖရန့်ဖတ်- ဘန်ကောက်လာပြီး ဗီယက်နမ် ဆက်သွားတယ် ဗီယက်နမ် က အပြန်မှ ဘန်ကောက်ကိုဝင် ဖရန့်ဖတ်ကို ပြန်မှာ ကျွန်တော်တို့ လေယာဉ်ပေါ် ရောက်တော့ ဗီယက်နမ်က ပါလာတဲ့ ခရီးသည်တွေ တော်တော်များတယ်

 

လေကြောင်းလိုင်းက Lufthansa လေယာဉ်က ဘိုးရင်း 747- 400 လေယာဉ်ထဲမှာ ထောင်လိုက် ထိုင်ခုံ ၁၀ခုံ တန်းထားတာ (၃ခုံ၊ လမ်း၊ ၄ခုံ၊ လမ်း၊ ၃ခုံ) ၊ အလျှားလိုက်ကိုတော့ အိမ်သာလိုဟာမျိုးတွေနဲ့ ကန့်ထားသလိုဖြစ်တော့ လေယာဉ်ကြီး တစ်ခုလုံး အလျှားလိုက် (၅)ပိုင်း ပိုင်းထားသလိုဖြစ်နေတယ် Business Class အတွက် ၂ ပိုင်း Economy အတွက် ၃ ပိုင်း ပုံစံဖြစ်သွားတယ် လေယာဉ်ဝန်ထမ်းတွေ ကတော့ အပေါ်ထပ် အနားယူမယ် ထင်တယ် A 380 လေယာဉ် မပေါ်ခင်အထိ ကတော့ ၇၄၇ လေယာဉ်ကတော့ အကြီးဆုံးပဲ (ကျွန်တော် ငယ်ငယ်က စာဖတ်ရင် အဲဒါမျိုးတွေ သိချင်တာ ၊အခု သိပြီးသားလူတွေ အတွက် အသေးစိတ်သလို ဖြစ်သွားရင် သည်းခံပေးပါနော်)

(Boeing 747-400 Business Class )

 

(Economy Class နဲ့ Lufthansa ရဲ့ 747-400)

လေယာဉ်ကလဲကျယ် ၊ ၀န်ဆောင်မှုကလဲကောင်း ညဘက် အပြင်ကိုလဲ မမြင်ရတော့ လေယာဉ်စီးနေရသလို မခံစားရတော့ပဲ ကိုယ့်အိမ်မှာ ထိုင်ခုံပေါ် ထိုင်ငိုက်နေရသလို ဖြစ်နေတယ်

 

၁၂:၁၅ လောက် လေယာဉ် စတက်ပြီး ခဏမှေးရုံရှိသေးတယ် ၁:၁၅ လောက်ကျ အစာပြေမုန့်လာကျွေးတော့ ပြန်နိုးသွားတယ် လေယာဉ်နဲ့ခရီးသွားရရင် ကျွန်တော့်အကျင့်က ရတဲ့အချိန်လေး ရသလောက်အိပ်၊ကျွေးတာကို ကြိုက်ကြိုက်၊မကြိုက်ကြိုက် စားနိုင်သလောက်များများစား ( ခရီးသွားရင်း နောက်တစ်ခါ အချိန်မီ စားရမယ်လို့ သေချာပေါက် ပြောလို့မရဘူး) ၊ရေများများသောက် ၊ အိမ်သာများများသွား (ကိုယ်လက်လှုပ်ရှားမှုဖြစ်ပြီး သွေးလည်ပတ်မှုကောင်းအောင်လို့) ဒီတစ်ခေါက် လမ်းဘေးက ခုံ ရတော့ အဆင်ပြေတယ် စားပြီး လမ်းလျှောက် ဖြစ်လိုက်တယ်

 

လေယာဉ်က ဘန်ကောက် ကနေ ဂျာမနီ၊ဖရန့်ဖတ်ကို သွားတာ မြန်မြန်ရောက်အောက် ဖြတ်လမ်းကနေ အတည့်သွားလို့ မရပဲ သတ်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်းသွားရတယ် ဘန်ကောက်-နယူးဒေလီ-တီဟီရန်-ဖရန့်ဖတ်လမ်းကြောင်းအတိုင်းသွားတယ်လို့ လေယာဉ်ကတီဗီမှာ ပြနေပေမဲ့  တကယ်က မြန်မာပြည်ပေါ်ဆိုရင်လဲ ဘန်ကောက် ကနေ နယူးဒေလီ အထိ အတည့်သွားတာမဟုတ်ပဲ မြန်မာပြည်မှာ ပဲခူးကိုဖြတ်သွားတဲ့ ပွိုင့်တွေအတိုင်း ကွေ့သွားနေရတာ

 

တီဗီမှာ ပြနေတာက အမြင့် ပေ ၃၀၀၀၀ ရောက်နေတယ်  လေယာဉ်အမြန်နှုန်းက ၅၅၉ မိုင် တဲ့၊ သတင်းစာ ခဏဖတ်ပြီး ပြန်အိပ်ပျော်သွားတယ် မနက် ၄ နာရီ (ဘန်ကောက်အချိန် ကနေ ၄:၃၀ နာရီ နုတ်လိုက်ရပြီ) လောက်ကျ မနက်စာ လိုက်ကျွေးတယ် အဲဒီတော့မှ မျက်နှာသစ် လမ်းလျှောက်ထပ်လုပ်ဖြစ်တယ် အဲဒီအချိန်ပြနေတာက အမြင့်ပေက ၃၉၀၀၀ နဲ့ အမြန်နှုန်းက ၅၆၂ မိုင်

 

(ရန်ကုန် ကနေ အော်စလို သွားခဲ့တဲ့ လမ်းကြောင်း)

ဖရန့်ဖတ်ကိုရောက်တော့  မနက် ၆:၁၀ ၊ဘန်ကောက်ကနေ ၁၀ နာရီ ၄၅ လောက် ကြာသွားတာပေါ့၊ Boarding Pass က ဖရန့်ဖတ်ထိပဲ ရလာတော့ လေဆိပ်ရောက်တာနဲ့ Boarding Pass ထုတ်ဘို့ ကောင်တာလိုက်ရှာ ပြန်ထုတ်ရတယ်  နောက် ထရန်စစ်ပြောင်းစီး နိုင်ဘို့ အထဲဝင်ရအောင် တန်းစီရပြန်ရော အီးယူ နိုင်ငံကလူတွေက သပ်သပ် အီးယူမဟုတ်တဲ့ နိုင်ငံတွေကသပ်သပ် တန်းစီရတယ် တန်းစီပြီး ခဏနေမှ အပေါ်မှာ လူများနေလို့ အောက်ထပ်မှာလဲ ရှိတယ် အောက်ထပ်ကိုသွားပေးပါဆိုလို့  အောက်ထပ်သွားပေါ့

 

တန်းစီရတာက ……police (ရှေ့ကစာသားမေ့သွားလို့) လို့ရေးထားတဲ့ ကောင်တာတွေမှာ  ယူနီဖောင်း အပြာနုတွေ ၀တ်ထားတယ် လုပ်တာတော့ လ၀က အလုပ်ပါပဲ “ဘယ်သွားမှာလဲ ဘာသွားလုပ်မှာလဲ ဘယ်လောက်ကြာမှာလဲ” နဲနဲပါးမေး

“ဒုန်း” ဆို တုံးကြီးထုလိုက်ရင် ၀င်လို့ရသွားပြီးပေါ့ တန်းစီနေတုန်းက ရှေ့ကတစ်ယောက် (တရုတ် မျက်နှာပေါက်နဲ့) မေးခွန်းတွေ မေးတော့ အင်္ဂလိပ်လို မတတ်တာလား မတတ်ချင်ယောင်ဆောင်တာလား မသိ ဘာမှပြန်မဖြေဘူး ကြောင်ကြည့်နေတယ် နောက်ဆုံးတော့ သူလဲဝင်ခွင့်တော့ ရသွားပါတယ်

လ၀က ကောင်တာကို ဖြတ်သွားပြီးတော့ အပေါ်ကိုပြန်တက်  ၁၀ မိနစ် လောက်သွားလိုက်တော့မှ လုံခြုံရေးစစ်တဲ့နေရာကိုရောက်တော့တယ်

 

Business Class အတွက်က သပ်သပ် ရိုးရိုးသမားက သပ်သပ် စီရပြန်ရော  စစ်တဲ့လူနဲ့ ကိုယ်နဲ့ ပေ ၃၀ လောက်ဝေးတာကို မြွှေလိမ်မြွေကောက် ဟိုဘက်သွားလိုက် ဒီဘက်ပြန်လာလိုက် ဟိုဘက်ပြန်သွားလိုက်နဲ့ ၁၅ မိနစ်လောက်သွားလိုက်ရတယ်

 

လေယာဉ်နဲ့ ခရီးသွားရင် အရည်၊ဂျယ်လ် ကိုသယ်လို့မရဘူး ဆိုတာသိပေမဲ့ ဘန်ကောက်လေဆိပ်မှာ အဖွဲ့ထဲက တစ်ယောက်က နော်ဝေမှာ ဈေးကြီးမှာဘဲ ဆိုပြီး စိတ်ပူလို့  Check In ၀င်ပြီးမှ လေဆိပ်ထဲက ဆိုင်ကနေ အရက်နှစ်လုံးဝယ်လာတာ အပြင်ကသယ်လာတာ လက်မခံဘူး ဆိုတာနဲ့  ဘန်ကောက်က အလေးခံသယ်လာတဲ့ အရက်နှစ်လုံး ဂျာမနီကျမှ ထားခဲ့ရတယ် (အခုထိ သူ့မှာ လျှာတသပ်သပ်နဲ့) ဖရန့်ဖတ်မှာတော့ ဖိနပ်မချွတ်လိုက်ရဘူး လုံခြုံရေးစစ်တာကျော်ပြီး အခန်းထဲစောင့် လက်မှတ်မှာပါတဲ့ အချိန်ထက်နဲနဲနောက်ကျပြီးမှ ထွက်ရတယ် Boarding Bridge နဲ့ မသွားရပဲ ကားနဲ့လိုက်ပို့ပေးတယ်

 

 (Frankfurt မှာလုံခြုံရေး စစ်ဆေးခံဘို့ ၀ိုင်းကြီး ပတ်ပတ် ဒူဝေေ၀ လုပ်ခဲ့ရတဲ့နေရာ)

(Frankfurt ကနေ Oslo အသွား လေယာဉ်ပေါ်အတက်

မြင်ရတဲ့ လိုက်ပိုတဲ့ ကားနဲ့ လေဆိပ်)

အော်စလိုကို တော့ ဘိုးရင်း ၇၃၇-၃၀၀ နဲ့ သွားရတယ် မနက် ၈:၃၀ လောက် ပြန်တက်လာခဲ့တယ် ကြေငြာတာတော့ လမ်းမှာ ကြာမြင့်ချိန် ၁:၄၅ တဲ့၊ ဒီခရီးမှာ အိပ်ဘို့ကြိုးစားပေမဲ့ ရန်ကုန်အထွက်ကနေ ပစ္စည်းတွေ အော်စလိုအရောက်တင်လိုက်တာမို့ လမ်းမှာဘာမှ မပူပင်ရပေမဲ့ ဟိုရောက်တော့ ကိုယ့်ပစ္စည်းတွေ  ပါမှ ပါပါ့မလား(ပျောက်တတ်လို့)၊ အ၀င် လ၀က ကရော ဘာတွေစစ်နေမှာလဲ အော်စလို လေဆိပ်ကြီးကရော ဘယ်လိုလဲ အတွေးတွေ ချာချာလည်နဲ့  အိပ်လို့မပျော်တော့ဘူး လေယာဉ် အော်စလိုလေဆိပ်ရောက်ခါနီး “ဒုန်း” ဆိုတဲ့ လေယာဉ်ဘီးချသံလဲ ကြားလိုက်ရော အတွေးတွေ အားလုံး ရပ်ပြီး လက်တွေ့ဘ၀ထဲ  ရောက်သွားတော့တယ် ……………

 

 

 

 

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ