စာရေးဆရာကြီး နန္ဒသိန်းဇံ (အသက် ၆၅ နှစ်) သည် သြဂုတ်လ ၁၄ရက် တနင်္ဂနွေနေ့ ည ၇ နာရီ ၁၅ မိနစ်တွင်ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ကွယ်လွန်ချိန်အထိ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သူ ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿာန်တွင် ကြာသာပတေးနေ့၌ ဂူသွင်း သဂြိုင်္ဟ်မည်ဖြစ်သည်။

မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းကို ”ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ” အမည်ဖြင့် ၁၉၆၉ ခုနှစ်တွင် လုံးချင်းအဖြစ် ထုတ်ဝေခဲ့သည်။ ဘ၀ဒဿနများနှင့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို ကွယ်လွန်ချိန်အထိ ရေးသားခဲ့သည်။

ကွယ်လွန်ချိန်အထိ စာအုပ် နှစ်ဆယ်ခန့် ရေးသားခဲ့ကာ ဆောင်းပါးရာနှင့်ချီ၍ ရေးသားခဲ့ကာ ယင်းတို့ထဲမှ “ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ”၊ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း”၊ “မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွား ခြင်း” တို့မှာ လူကြိုက်များသော စာအုပ်များဖြစ်သည်။ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” မှာ ၁၉၇၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် လုပ်သားများကောလိပ် ဒဿနိကဗေဒအသင်း၌ ဟောပြောခဲ့သော“ဘ၀ခရီး အတွက် အတွေးအမြင်များ” ကို ပြန်လည်ထုတ်ဝေခြင်းဖြစ်သည်။

ဆရာကြီး နန္ဒသိန်းဇံကို အဖ ဦးညီကွန်းနှင့် အမိ ဒေါ်ဟန်တင်တို့မှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ သောကြာနေ့တွင် ပဲခူးတိုင်း ပေါင်းတည်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်အနက်အငယ်ဆုံးဖြစ် သည်။

၁၉၆၂ ခုနှစ်တွင် ဖြေဆိုသည့် အထက်တန်း စာမေးပွဲ၌ ပဲခူးတိုင်းတတိုင်းလုံးတွင် ပထမရခဲ့သည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ဒဿနိကဗေဒ အထူးပြုဖြင့် ပညာသင်ယူခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ဒဿနိက ၀ိဇ္ဇာတန်း အောင်မြင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် မဟာဝိဇ္ဇာတန်း အောင်မြင်ခဲ့သည်။

ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် ၁၉၇၀ ခုနှစ် မေလတွင်စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်၊ ထားဝယ် ကောလိပ်နှင့်ပုသိမ်ဒီဂရီကောလိပ်တို့ တွင်လည်း ဒဿနိကဗေဒ နည်းပြဆရာ၊ ဌာနမှူးနှင့် ကထိက တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၈၀ တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဌာန၌ လက်ထောက်ကထိက ဖြစ်လာခဲ့ပြီး ၁၉၈၈ တွင်ကထိက အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ပါမောက္ခ ဖြစ်လာခဲ့ပြီး ကွယ်လွန်ချိန်အထိ အမှုထမ်းခဲ့သည်။

ဆရာကြီးအား ၂၀၀၄ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ပေး အပ်ခဲ့သည်။

———————————————————————————————————–

ဆရာကြီးအမှတ်တရ အဖြစ်

စာရေးဆရာကြီး နန္ဒသိန်းဇံ ဟောပြောပွဲ အသံဖိုင်ကို မျှဝေအပ်ပါသည်။ အောက်ပါလင့်တွင် နားဆင်နိုင်ပါသည်။

ဗုဒ္ဓပညာ (သို့) အမှန်တရားဆိုတာ…

http://www.4shared.com/audio/C8LBWwfI/_-_____.html

About True Answer

True Answer True Answer has written 60 post in this Website..

I want to share of right understanding which can give rise to real happiness & freedom as much as I can understand. My sharing is based on the teaching of Buddha, Mogok Sayadaw Gyi, Ahin Ottamasara from ThaBarWa Meditation Centre, Thanlyin Township, Yangon, Myanmar. ချမ်းသာအစစ်ကို ရရှိ သိရှိ နားလည်ရေး ...မဂ္ဂင်ရှစ်ပါး တရားနည်း ( နှလုံးသွင်းမှန်မှု) ကို သိရှိရေး တင်ပြသွားရန် ရည်ရွယ်ပါသည်။