N+ 160811နယ်ခြားစောင့်တပ်၊နိုင်ငံရေးထောက်ခံမှု၊ ငြိမ်းချမ်းရေး

natureAugust 17, 20111min721

မြန်မာနိုင်ငံတွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး သဘောမတူသဖြင့် နယ်စပ်တွင်တိုက်ပွဲများ ဖြစ်နေသည်ဟု ကြားသိရပါသည်။ တိုက်ပွဲများ ဖြစ်သောဒေသရှိ တိုင်းရင်းသားများ၏ တိုက်ပွဲကြောင့် အသက်အန္တရာယ်မှလွတ်အောင် အိုးအိမ်ပြစ်ပြေး နေကြရသော ဒုက္ခများမှာလွန်စွာမှ ကြီးမားလှပေသည်။ သူတို့၏ ဒုက္ခကို ကိုယ်ခြင်းစာ သနားမိပါသည်။

တိုက်ပွဲများဖြစ်ပြီဆိုရင် ကျနော့် အမြင် ကောင်ကျိုးမရှိဟုထင်ပါသည်။  ကိုယ်ကနိုင်ပြီဆိုရင်လဲ ရှုံးသူများသည် ကြောက်ပြီး ထွက်ပြေးမည်ဟု မထင်ပါ။ ပါးကိုက်လျှင်နားပြန်ကိုက်မည်ဆိုသည့်အတိုင်း ပြောက်ကျားစစ်ဆင်ခြင်း ၊ ပြည်တွင်းသို့ဝင်၍ ဗုံးခွဲခြင်များ ပြုလိမ့်မည်ဟုထင်ပါသည်။ စစ်သားများ ပြည်သူပြည်သားများ များစွာ အသက်ဆုံးရှုံးနိုင်ပါသည်။ ဆင်းရဲဒုက္ခ ရောက်နိုင်ပါသည်။စစ်စရိပ်များလည်း များစွာ ကုန်ကျပါလိမ့်မည်။

နယ်စပ်တွင်နေသူများသည် နယ်ခြားစောင့်တပ်ဖွဲ့ဖွဲရန် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူတို့၏နေရာကို သူတို့ကာကွယ်ကြပါလိမ့်မည်။ နိုင်ငံခြားကျူးကျော်မှုများ ရှိသည် ဆိုလျှင်လည်း သူတို့၏ နေရာကို ဖြတ်ကျော်ရန်သူတို့၏ခုခံမှုကို ခံရပါလိမ့်မည်။ သူတို့နေရာမှဖြတ်ကျော်လာသည်ကို သူတို့အနေနှင့် လက်ပိုက်ကြည့်နေမည်ဟုမထင်ပါ။ သို့သော် အစိုးရနှင့်ငြိမ်းချမ်းရေး ချစ်ကြည်ရေးတို့ ရှိဖို့လိုမည်ထင်ပါသည်။  သူတို့သည်လည်း ပြည်ထောင်စုဘွား တိုင်းရင်းသားများပင်ဖြစ်ပါသည်။ သူတို့နှင့် ငြိမ်းချမ်းရေးရယူခြင်းသည်ပင် နယ်ခြားစောင့်တပ်ဖွဲ့ခြင်းသဘော ပင်ဖြစ်မည်ဟု ထင်မြင်မိပါသည်။ အကယ်၍ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ခြင်းကို လက်ခံလျှင် စစ်တပ်စရိပ် ထောက်ပံ့ရသဖြင့် စရိပ်ပင်ပို၍ ကုန်ပါဦးမည်ဟု ထင်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းဖြင့် တိုင်းရင်းသား အားလုံးပါဝင်သော ဒုတိယ ပင်လုံညီလာခံကို အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားများ ပါဝင်၍ ပြုလုပ်နိုင်မည်ဆိုလျှင် မြန်မာ့သမိုင်း ရာဇဝင်တွင် စာတင်သွားနိုင်သည်ဟု ထင်မိပါသည်။

စစ်တပ်ဖြင့်နိုင်ငံတော်ကို အုပ်ချုပ်ခြင်းသည် စစ်သည်အင်အား များသည်နှင့် အမျှ စရိပ်များစွာ ကုန်ကျပါလိမ့်မည်။  မေတ္တာဖြင့်ငြိမ်းချမ်းစွာ အုပ်ချုပ်ခြင်းဖြင့် စစ်သားအင်အား လေ၊ျှာ့ချနိုင်ပြီး စစ်စရိပ်များလည်း လျှော့သွားမည်ဟု ထင်မိပါသည်။တိုင်းပြည်ချမ်းသာရေးအတွက်လဲ အထောက်အကူဖြစ်စေနိုင်သည်ဟု ထင်ပါသည်။  ပြည်သူများကို မိမိ၏ မှန်ကန်သော စေတနာကို မှန်ကန်သောနည်းလမ်းဖြင့် ပြသနိုင်ပါက တဖြေးဖြေးနှင့် ပြည်သူတရပ်လုံးသည် မိမိ၏ အင်အားများဖြစ်စေလာနိုင်ပါသည်။ သဘာဝဘေးအန္တရာယ်များ ကျရောက်လျှင်လည်း မိမိအားထောက်ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေ ပြည်သူများချမ်းသာစေလိုသောစေတနာ ရှေ့ထား ကူညီပါက ရေရှည်တွင်ပြည်သူတို့၏ လေးစားမှုကို ရရှိနိုင်မည်ထင်ပါသည်။

ငြိမ်းချမ်းရေးကိုတည်ဆောက်ခြင်းသည် တိုင်ပြည်တိုးတက်ရေးအတွက်အရေးပါသည်ဟု ထင်ပါသည်။ တည်ဆောက်ရသည်မှာခက်သော်လည်း ဖျက်ဆီးရသည်မှာလွယ်ပါသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်သော အမေရိကန်မှ World Trade Center  ကြီးသည်ပင် နာရီပိုင်းမျှနှင့် ဖျက်ဆီးခံခဲ့ရဘူးလေသည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ထားလျှင် နှောင့်ယှက်ဖျက်ဆီးသူများလည်း ပပျောက်သွားစေနိုင်သည်ဟုထင်ပါသည်။

နိုင်ငံတော်သည် နိုင်ငံရေးစီပွားရေးများကို နိုင်ငံရေးရှုထောင့်မှပင်ကြည့်ခဲ့ပါသည်။ စီးပွားရေးတွင် အရှုံးခံပြီးနိုင်ငံရေးအရထောက်ခံမှုရစေရန်  ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအရ ဆန့်ကျင်သူများကို ရက်စက်စွာနှိမ်နှင်းတတ်သော ရာဇဝင်ရှိပါသည်။ ရက်စက်မှုကို ခံရသူများအကြောင်းကို ကြားသိရသော ပြည်သူတို့၏ ရင်ထဲတွင် အစိုးရကို ရက်စက်သူတဦးအဖြစ် အရိုးစွဲ ယုံကြည်နေကြပါသည်။ နိုင်ငံတော်က ပြုလုပ်ပေးသော ကောင်းကွက်များကို လစ်လျှူရှုကာ ဆိုးကွက်များကိုပင် မြင်နေကြပါသည်။

နိုင်ငံရေးဆန့်ကျင်သူများ သည် အဘယ်ကြောင့် ပေါ်ပေါက်လာပါသနည်း။ အရင်းစစ်တော့ အမြစ်မြေကဆိုသလို ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက စတင်ခဲ့သော ဝန်ထမ်းများ၏ လစာမလုံလောက်မှုမှ စတင်ခဲ့သည်ဟုထင်ပါသည်။ လစာသည် စားဝတ်နေရေး မလုံလောက်ရာမှ ဝန်ထမ်းများ၏ အာဏာကို အလွဲသုံးစားအသုံးပြု၍ ငွေရှာခြင်း ၊ အာဏာကို အလွဲသုံးစားပြု၍ ဥပဒေနှင့်မညီသော မတရားသော အပြုအမူများကို ခံရသောပြည်သူများသည် များစွာ ခံပြင်းဒေါသထွက်ကြရပါသည်။ထို့ကြောင့် နိုင်ငံရေး ဆန့်ကျင်မှုများ ပေါ်ပေါက်လာရသည်ဟု မြင်ပါသည်။ ပြည်သူများတရားဥပဒေကို ယုံကြည်စွာ လေးစားလိုက်နာရန် ၊ တရားဥပဒေအရ ထိထိရောက်ရောက် အကာအကွယ်ပေးရန်အတွက် တရားသူကြီးများသည် အရေးပါ ပါသည်။ တရားသူကြီးများရရှိထားသောအာဏာ လုပ်ပိုင်ခွင့် နှင့်  လစာသည်လိုက်လျှောညီထွေရှိသင့်သည်ဟုမြင်ပါသည်။ တရားသူကြီများ၏ လစာသည်၅သိန်းနှင် ၁ဝသိန်းကြားတွင် ရှိသင့်သည်ဟုထင်ပါသည်။ သို့မှသာ တရားစီရင်ရေး တွင်အတိမ်းအစောင်းနဲအောင်လုပ်နိုင်မည် ထင်ပါသည်။  နိုင်ငံတော်သမ္မတကြီး၏ လစာ သိန်း၃ဝကို လျှော့ယူမည်ဟု ကြာ းသိရပါသည်။ ကျနော့် အမြင်ကတော့ လစာကို လျှော့ယူရန်မလိုပါ။ ငြိမ်းချမ်း၍ ခေတ်မှီဖွင့်ဖြိုးတိုးတက်အောင် မှန်ကန်သော လမ်းစဉ်များချ၍ လုပ်ဆောင်နိုင်လျှင် ထို့ထက်မကပင် ယူသင့်ပါသည်။ ဝန်ထမ်းများ၏ လစာများကိုလည်း အာရှတိုက်ရှိ အခြားနိုင်ငံများ ကိုမှီအောင်တဖြေးဖြေးတိုးပေးခြင်းဖြင့် ဝန်ထမ်းများ၏ လာဘ်စားမှုသည်လည်း အမြစ်ပြတ် ချေမှုန်းနိုင်မည်ထင်ပါသည်။ ဝန်ထမ်းများ၏ အသိစိတ်ဓါက်နှင့်  စွမ်းဆောင်ရည် မြင့်မားလာမည်ဟုထင်ပါသည်။ လစာတိုး၍ ကုန်ဈေးနှုန်းတက်လျှင် လစာကို ကုန်ပစ္စည်း အခြေခံပေးသင့်သည်ဟုထင်ပါသည်။ ဥပမာ-လစာကို ဆန် ၁အိတ်၊ ဆီ ၁ပုံး ၊ ကြက်သား ၁ဝပိဿာ +လစာ

ပြည်သူများ၏ ယုံကြည်မှု ထောက်ခံမှုကို ရရှိရန်အတွက် သတင်းမှန်ထုတ်ပြန်ရေးသည် လည်း အရေးကြီးပါသည်။ နိုင်ငံတော်မှ သတင်းစာများ နှင် တီဗွီတွင် လူအများစိတ်ဝင်စားမည့် သတင်းဦး သတင်းထူး  သတင်းမှန် များကို တဘက်သတ် မရေးပဲ အမှန်ကို အမှန်အတိုင်း ပြည်သူများစိတ်ဝင်စားစေရန် ထုတ်ပြန်စေလိုပါသည်။ သို့မှသာပြည်သူများ၏ ယုံကြည်မှုကို တဖြေးဖြေးနှင့် ပြန်လည် တည်ဆောက်နိုင်မည်ထင်ပါသည်။ သတင်းစာမှလည်း အမြတ်များ ရရှိလာနိုင်ပါသည်။

တလောက မိုးခါးရေသောက်ဆိုတဲ့ ပိုစ်ကလေးကို ရေးထားတာ သဘောကျမိပါသည်။ ဘုရင်ကြီးသည် တိုင်းပြည်ကို မိုးခါးရေသောက်လျှင်ရူးတတ်သည်ကို ပြည်သူများအား ကြိုတင် သတင်းပေးထားပါက ပြည်သူများသည် မရူးနိုင်တော့ပါ။ ထိုသို့မကြေငြာမိသည့်အတွက် တတိုင်းပြည်လုံးရူးပြီး ဘုရင်ကြီးလည်း နောက်ဆုံးရူးသွားရပါသည်။ ထိုကဲ့သို့တတိုင်းပြည်လုံးရူးသွားရခြင်းမှာ ကြိုတင်သိသော်လည်း သတင်းမှန်ကို ထုတ်ပြန်ခြင်းမရှိသော ဘုရင်ကြီးကြောင့်ဟုထင်ပါသည်။ တလောက ပြည်မှာ ကလေးသူခိုး သောင်းကျန်းနေသည်ဟု ပါလာပါသည်။ တကယ်ဟုတ်ပါက သတင်းတွင်ကြေငြာခြင်းအားဖြင့် ပြည်သူအားလုံးကသတိရှိရှိဖြင့် အန္တရာယ်ကင်းအောင်နေနိုင်ပါလိမ့်မည်။ ကလေးသူခိုးနှင့် ပတ်သက်သော မသင်္ကာစရာသတင်းများတွေ့ရှိက ပေးနိုင်ပါလိမ့်မည်။ သတင်းပေးရမည့် ဖုန်းနံပါတ်များလည်းထည့်ရန်လိုပါလိမ့်မည်။

လစာကိုတိုးပေးခြင်းဖြင့် ဝန်ထမ်းများ၏ မှန်မှန်ကန်ကန် တရားဥပဒေ နှင့်ညီသော ဆောင်ရွက်ချက်များဖြစ်ပေါ်လာပြီး နိုင်ငံရေးဆန့်ကျင်မှုများလည်း ပပျောက်သွားစေနိုင်သည်ဟုထင်ပါသည်။နိုင်ငံရေးအကျဉ်းသားများကို ညှာတာစွာဆက်ဆံပေးခြင်းဖြင့်လည်း မိမိတို့၏ စိတ်ကောင်းစေတနာကိုပြသသင့်ပါသည်။

ဒီမိုကရေစီအင်အားစုများသည်လည်း ဒီမိုကရေစီရရှိရေးအတွက်အစိုးရကိုဖြုတ်ချမလား။ အစိုးရနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်မလားဆိုတာကို စဉ်းစားသင့်ပါသည်။

လစာများ လုံလောက်စွာတိုးပေးနိုင်ရန်အတွက် စီးပွားရေးအခြေခံအုတ်မြစ်တောင့်တင်းရန်အရေးကြီးပါသည်။ စီးပွားရေးတောင့်တင်းရန်အတွက် စီးပွားရေးလုပ်ငန်းများသည် အမြတ်ရရှိရန်လိုပါသည်။ အမြတ်ခွန်ကိုလည်း ၁၀% ကြပ်ကြပ်မတ်မတ် ကောက်သင့်ပါသည်။ အဓိကကတော့ ဝင်ငွေနှင့်ထွက်ငွေ ချိန်ဆနိုင်ဘို့လိုပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းအားဖြင့် အေးချမ်းသာယာလာလျှင် စစ်တပ်အင်အားကို လျှော့ချနိုင်ပြီး စရိပ်များစွာ သက်သာလာစေနိုင်ပါသည်။

စင်္ကာပူနိုင်ငံအဘယ်ကြောင့်ချမ်းသာရသနည်းဟု ကျွန်တော်လေ့လာကြည်သောအခါ MRT နှင့် အခြားဝန်ဆောင်မှုများမှ အမြတ်များစွာရနေသည်ဟုထင်ပါသည်။ ကျောင်းသားများကိုမူ သက်သာသောနူန်းထားဖြင့်စီးခွင့်ပြုရန်ကျောင်းမှ ပြုလုပ်ပေးပါသည်။ MRT စီးခသည် ပထမ တဘူတာကို S$ .6(.6*600=360ကျပ်) ၊ တဘူတာတိုးတိုင်း S$0.1~0.2(.1*600=60,  0.2*600=120)။

၅ဘူတာစီးလျှင်( 0.6+ 5*0.15)*600=S$1.35

S$1.35*600= 810 ကျပ်ရှိပါသည်။

စင်္ကာပူတွင် ပညာရေး၊ ကျန်းမာရေး တွင်ပင် အခမဲ့ မရှိပါ။ နိုင်ငံခြားသားများကို ပို၍ပင်ယူပါသည်။ လုပ်ငန်းတိုင်းက အမြတ်ရရှိနေသဖြင့် ချမ်းသာနေသည်ဟု ထင်ပါသည်။

နည်းလမ်းမှန်များဖြင့် မှန်ကန်စွာ ဆောင်ရွက်လျှင် မြန်မာနိုင်ငံသည် လာမည့်၁ဝနှစ်အတွင်း အတိုင်းအတာ တခုအထိ အေးချမ်းသာယာပြီး တိုးတက်နိုင်မည်ဟု ယုံကြည်ပါသည်။

 

One comment

  • MaMa

    August 17, 2011 at 10:21 am

    လူတစ်ယောက်ကို သေအောင်လုပ်မယ့် ကျည်ဆံတစ်တောင့် ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်ကို လူတစ်ယောက်အတွက် ကျန်းမာရေးစရိတ်အဖြစ်သုံးမယ်ဆိုရင် ……………………….

Leave a Reply