Smuggling of Migrants အကြောင်း သိကောင်းစရာ

kaiAugust 17, 20112min36038

Human Migration ဆိုတာ ယနေ့ကမ္ဘာမှာ အရေးပါတဲ့ သဘောတရား တရပ်ဖြစ်ပေမယ့်၊ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဘဝအခြေအနေအတွက် လူအများဟာ မွေးရပ်မြေ၊ အိမ်ယာတွေကို ခွဲခွာပြီး အခြားမြို့ရွာ၊ အခြားနိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်တာတွေ၊ အခြေချနေထိုင်တာတွေ ပြုလုပ်ကြပါတယ်။ ၂ဝ ရာစုနှောင်းပိုင်းကာလရောက်တော့ ဂလိုဘယ်လိုင်းဇေးရှင်း အရှိန်အဟုန် မြင့်တက်လာတာနဲ့အမျှ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံများကနေ အနောက်ဥရောပ၊ ဩစတြေးလျနဲ့ မြောက်အမေရိကနိုင်ငံများဆီကို migration လုပ်မှုတွေ များပြားလာပါတယ်။ ဒေသတွင်းမှာတင် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကနေ အခြားအိမ်နီးချင်းနိုင်ငံတွေကို migration လုပ်မှုတွေလဲ များပြားလာပါတယ်။ တရားဝင် ပြုလုပ်မှုတွေ ရှိသလို၊ တရားမဝင် ပြုလုပ်တာတွေလဲ ရှိလာပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး၊ smuggling of migrants ဆိုတဲ့ ရာဇဝတ်ပြစ်မှုတွေကို ကျူးလွန်လာမှုတွေလဲ ရှိပါတယ်။

Smuggling of Migrants ဆိုရာဝယ်

(၂၀၀၀) ခုနှစ်မှာ The United Nations Convention against Transnational Organized Crime ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ Resolution 55/25 အဖြစ် ချမှတ်ခဲ့ကြပါတယ်။ ဒီကွန်ဗင်းရှင်းကို နောက်ထပ် ပရိုတိုကောလ် သုံးခုနဲ့ ထပ်ဆင့်ဖြည့်စွက်ပြီး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု (Transnational Organized Crime) တိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီပရိုတိုကောလ်သုံးခုကတော့ the Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children; the Protocol against the Smuggling of Migrants by Land, Sea and Air; and the Protocol against the Illicit Manufacturing of and Trafficking in Firearms, their Parts and Components and Ammunition စတာတွေ ဖြစ်ပါတယ်။

The Protocol against the Smuggling of Migrants by Land, Sea and Air ရဲ့ ပုဒ်မ (၃) နဲ့ ပုဒ်မ (၆)မှာ smuggling of migrants ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ရာဇဝတ်ပြစ်မှု မြောက်စေတဲ့ အပြုအမူတွေကို ရှင်းလင်းစွာ ထည့်သွင်းဖော်ပြ ထားပါတယ်။ Smuggling of migrants ဆိုတာ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား မဟုတ်သော လူပုဂ္ဂိုလ်တဦးတယောက်ကို အဲဒီနိုင်ငံမှာ အခြေချနေထိုင်လို့ရအောင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူပြီး အကူအညီပေးခြင်း ဖြစ်ပါတယ်။ ပုဒ်မ (၆) အရ တိုင်းပြည်တခုအတွင်းသို့ ခိုးသွင်းခြင်း၊ အဆိုပါ ခိုးသွင်းခံရသူသည် ခိုးသွင်းခံရသော တိုင်းပြည်၏ နိုင်ငံသား (သို့မဟုတ်) တိုင်းပြည်တွင်းတွင် တရားဝင် နေထိုင်နိုင်ခွင့် မရှိခြင်းနှင့် ယင်းသို့ခိုးသွင်းရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာ ရာဇဝတ်ပြစ်မှု မြောက်ပါတယ်။

အလားတူပဲ တိုင်းပြည်တခုအတွင်းမှာ တရားဝင်နေထိုင်ခွင့် သက်တမ်းကုန်လွန်နေသူ (သို့မဟုတ်) တရားမဝင် ဝင်ရောက် နေထိုင်နေသူ တယောက်ကို အဆိုပါ တိုင်းပြည်တွင်းမှာ တရားမဝင် ဆက်လက်နေထိုင်ခွင့် ရရှိအောင် (သို့မဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးခြင်းနှင့် ယင်းသို့ပြုလုပ်ရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာလဲ ရာဇဝတ်ပြစ်မှု မြောက်ပါတယ်။

The Protocol against the Smuggling of Migrants by Land, Sea and Air ဟာ migrants များကို အရေးယူဆောင်ရွက်ရတဲ့ legal instrument တခုတော့ မဟုတ်ပါဘူး။ တခါတရံမှာ migrants တွေက ရာဇဝတ်ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းနေသူများရဲ့ သားကောင်တွေ ဖြစ်နေတတ်ပါတယ်။ အခြားနိုင်ငံသို့ ခိုးသွင်းပေးခြင်း (သို့မဟုတ်) နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသော နိုင်ငံ (သို့) တရားမဝင် ဝင်ရောက်နေသော နိုင်ငံတခုမှာ တရားမဝင် ဆက်လက်နေထိုင်ခွင့် ရရှိအောင် (သို့မဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးမည်လို့ ဆိုပြီး ငွေကြေး (သို့မဟုတ်) အခြားတစုံတရာအကျိုးအမြတ်များကို ရယူတောင်းဆိုမှု လုပ်ဆောင်လာပြီဆိုရင် ဒါဟာ ရာဇဝတ်ပြစ်မှု ကျူးလွန်ရန် ကြံစည်အားထုတ်နေသူများရဲ့ ချဉ်းကပ်မှုဆိုတာကို လူအများနားလည်မှသာ ရာဇဝတ် ပြစ်မှုတွေရဲ့ သားကောင်တွေဘဝက လွတ်မြောက်မှာ ဖြစ်ပါတယ်။ Smuggling of migrants ဟာ လူကုန်ကူးမှုနဲ့ ကွဲပြားခြားနားပါတယ်။

လူကုန်ကူးမှု (Human Trafficking (or) Trafficking in Persons)

The Trafficking in Persons Protocol ရဲ့ အပိုဒ် (၃)၊ အပိုဒ်ခွဲ (က) အရ လူကုန်ကူးမှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားရမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ပထမတပိုင်းကတော့ ပြုမူဆောင်ရွက်ချက် ဖြစ်ပါတယ်။ ပြုမူဆောင်ရွက်ရာမှာ လူကုန်ကူးမှု၏ သားကောင်ဖြစ်နိုင်သူများကို ရှာဖွေခေါ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်း (သို့မဟုတ်) ဝယ်ယူခြင်း စတာတွေ ပါဝင်ပါတယ်။

ဒုတိယအပိုင်းကတော့ နည်းလမ်းများ ဖြစ်ပါတယ်။ လူကုန်ကူးရာမှာ အသုံးပြုတဲ့ နည်းလမ်းတွေကတော့ ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတာတွေ ပါဝင်ပါတယ်။

တတိယအပိုင်းကတော့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ လူကုန်ကူးမှုရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်းချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန်နှင့် အလားသဏ္ဍာန်တူသော အခြေအနေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူရန် စတာတွေ ပါဝင်ပါတယ်။

ဒီလို ရည်ရွယ်ချက်တွေအတွက် လူကုန်ကူးမှုကျူးလွန်ရန် ကြိုးပမ်းအားထုတ်သူများက နည်းမျိုးစုံ အသုံးပြုပြီး၊ ဒါတွေဟာ သားကောင်ဖြစ်သူရဲ့ သဘောတူညီချက်အရ ပြုလုပ်ခြင်းဆိုတဲ့ ခုခံကာကွယ်မှုကို လုပ်တတ်ကြပါတယ်။ ဒီလို သဘောတူညီချက်ဆိုရာမှာ အထက်မှာ ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေအတွက် ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုထားမယ်ဆိုရင် ဒီသဘောတူညီချက်တွေက အလိုအလျောက် ပျက်ပြယ်ပါတယ်။

ခြားနားချက်များနှင့် ကွင်းဆက်များ

Smuggling of migrants နဲ့ လူကုန်ကူးမှုဟာ ကွဲပြားခြားနားပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Smuggling of migrants က ငွေကြေး (သို့မဟုတ်) တစုံတရာ အကျိုးအမြတ်အတွက် ဖြစ်ပါတယ်။ လူကုန်ကူးမှု ကျတော့ ပြည့်တန်ဆာအဖြစ် ရောင်းချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန်နှင့် အလားသဏ္ဍာန်တူသော အခြေအနေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူရန် စတဲ့ အသုံးချမှုအတွက် ဖြစ်ပါတယ်။

နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ တိုင်းပြည်တခုအတွင်းသို့ တရားမဝင် ဝင်ရောက်မှု (သို့မဟုတ်) တရားမဝင် နေထိုင်မှု ဖြစ်ပါတယ်။ smuggling of migrants မှာက တိုင်းပြည်တခုကနေ အခြားတိုင်းပြည်တခုအတွင်းကို တရားမဝင် ခိုးသွင်းမှု (သို့မဟုတ်) တရားမဝင် နေထိုင်နေသူများအား သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ဘောင်ဝင်သွားအောင် ငွေကြေးရယူ ကူညီပေးမှု စတာတွေ ပါဝင်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ တရားဝင် ဝင်ရောက်မှု (သို့မဟုတ်) တရားဝင်နေထိုင်မှု တွေပါ အကျုံးဝင်သလို၊ တိုင်းပြည်တခုအတွင်းမှာတင် တနေရာမှ အခြားတနေရာသို့ ပို့ဆောင်အသုံးချမှုတွေလဲ ဖြစ်ပွားနိုင်ပါတယ်။

နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ သားကောင်ကိုယ်တိုင်ဖြစ်ပါတယ်။ Smuggling of migrants မှာ သားကောင်ကိုယ်တိုင်ရဲ့ လိုက်လိုက်လျောလျော သဘောတူညီချက် ပါဝင်ပါတယ်။ ဒါကြောင့်လဲ smuggling of migrants ပြစ်မှုကို ကျူးလွန်သူအချို့က သားကောင်ရဲ့ ဆန္ဒသဘောထားပါဝင်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေတာကြောင့် ဒါဟာ ပြစ်မှုမမြောက်ဘူးလို့ ထင်မှတ်မှားနေတတ်တာတွေ ရှိပါတယ်။ သို့ပေမယ့် နိုင်ငံတကာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒါဟာ ရာဇဝတ်ပြစ်မှု ဖြစ်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ သားကောင်ရဲ့ သဘောတူညီချက် ပါဝင်ရင်တောင် အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ရယူထားတာ ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့ smuggling of migrants တို့အကြားမှာ အခုလို ကွဲပြားခြားနားချက်တွေ ရှိပေမယ့် ဆက်စပ်မှုတွေလဲ ရှိတတ်ပါတယ်။ အချို့ သားကောင်တွေဟာ အခြားတိုင်းပြည်ကို ခိုးဝင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ငွေပေးခဲ့တာ ဖြစ်ပေမယ့်၊ သက်ဆိုင်ရာ နိုင်ငံကို ရောက်သွားချိန်မှာ ရောင်းစားခံရတာတွေ ရှိနိုင်ပါတယ်။ လူကုန်ကူးမှု ကျူးလွန်သူများက smuggling လုပ်ပေးနေသူများအနေနဲ့ ဟန်ဆောင်အသွင်ယူထားခြင်းတွေ ရှိသလို၊ ရာဇဝတ်မှုကျူးလွန်သူများ အချင်းအချင်း အစကနဦး ကတည်းက ချိတ်ဆက်ထားမှုတွေလဲ ရှိနိုင်ပါတယ်။ တခါတရံမှာ လမ်းကြောင်းတကြောင်းထဲမှာ smuggling လုပ်ခံရသူများနဲ့ လူကုန်ကူးခံရသူများ အတူတွဲပြီး ပါဝင်နေတတ်ပြီး၊ ပြစ်မှူကျူးလွန်နေသူများဟာ လူကုန်ကူးမှုနဲ့ smuggling of migrants နှစ်မျိုးလုံးကို ကျူးလွန်နေတဲ့ ကွင်းဆက်တရားခံများ ဖြစ်နေနိုင်ပါတယ်။

Smuggling of migrants ဆိုင်ရာ ရာဇဝတ်မှု သဏ္ဍာန်များ

migrants တွေကို အခြားနိုင်ငံတွင်းသို့ ခိုးသွင်းရာမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုလေ့ရှိတဲ့ ရာဇဝတ်မှုသဏ္ဍာန်တွေ မတူညီပါဘူး။ ပထမ တမျိုးကတော့ အရေးပေါ် ခိုးသွင်းပေးမှု ဖြစ်ပါတယ်။ ဒီသဏ္ဍာန်မှာ migrants တွေကို နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို ခိုးသွင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ organized trip မပါဝင်ပါဘူး။ သူတို့တတွေဟာ နိုင်ငံ (အေ) အတွင်းမှာ တရားဝင် လှုပ်ရှားသွားလာပြီးမှ၊ နိုင်ငံ (ဘီ) နဲ့ အနီးဆုံး နယ်စပ်ကို ရောက်ရှိသွားကြပါတယ်။ အဲဒီကနေ ဒေသခံတွေကို ငွေပေးပြီး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ရေးအတွက် အသုံးပြုကြပါတယ်။ ဒီရာဇဝတ်မှုမှာ လူတဦး တယောက် (သို့မဟုတ်) လူတစုကို အခြားနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားနိုင်ရေးအတွက် ငွေကြေးရယူပြီး ဆောင်ရွက်ပေးသူများဟာ လူတဦးတယောက်၊ တဖွဲ့တည်းတင် မကပဲ လူများစွာ၊ အဖွဲ့များစွာ အဆင့်ဆင့် ပါဝင်နေတတ်ပါတယ်။

နောက်ထပ် သဏ္ဍာန်တမျိုးကတော့ စာရွက်စာတမ်း အတုများ အသုံးပြုမှု ဖြစ်ပါတယ်။ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို migrants တွေ ခိုးသွင်းရန် (သို့မဟုတ်) နိုင်ငံ (ဘီ) အတွင်းသို့ တရားမဝင် ရောက်နေသူများ နိုင်ငံတွင်းတွင် ဆက်လက်နေထိုင်နိုင်ရန် အတွက် နိုင်ငံ (အေ) မှာ နေထိုင်သူကဖြစ်စေ၊ နိုင်ငံ (ဘီ) မှာ နေထိုင်သူက ဖြစ်စေ စာရွက်စာတမ်း အတုများ ပြုလုပ်ပေးမှု ဖြစ်ပါတယ်။ ဒီရာဇဝတ်မှုမှာ နိုင်ငံကူးလက်မှတ် အတုများ၊ ဗွီဇာအတုများ နဲ့ အခြားဆက်စပ် စာရွက်စာတမ်း အတုများ ပြုလုပ်ပြီး ခိုးသွင်းမှု (သို့မဟုတ်) ဆက်လက်နေထိုင်နိုင်ရန် ကြိုးပမ်းပေးမှု တွေ ပါဝင်ပါတယ်။

စာရွက်စာတမ်း အတုများ ပြုလုပ်ပေးမှုမှာ အတုအယောင် လက်ထပ်ခြင်းနဲ့ နိုင်ငံရေးဒုက္ခသည်များအဖြစ် လိမ်လည်ခံယူရန် ငွေကြေးများ ရယူဆောင်ရွက်ပေးမှု စတာတွေ ပါဝင်ပါတယ်။ စာရွက်စာတမ်း အတုများဆိုရာမှာ ပတ်စ်ပို့အတုများ၊ ပတ်စ်ပို့ ဓာတ်ပုံများခွာယူ၍ အသစ်ပြန်ကပ်မှုများ၊ ခိုးယူထားသော ပတ်စ်ပို့များတွင် အချက်အလက်များ ပြင်ဆင်ထည့်သွင်းမှုများ၊ နိုင်ငံရေးဒုက္ခသည် မခံယူခင် ပတ်စ်ပို့များအား ဖျက်ဆီးလွှင့်ပစ်ရန် အကြံပေးချက်များ၊ ဖျောက်ဖျက်ပေးမှုများ စတာတွေ ပါဝင်ပါတယ်။

နောက်ထပ်ရာဇဝတ်မှု သဏ္ဍာန်တမျိုးကတော့ ကြိုတင်ပြင်ဆင်ထားမှုများ ပါဝင်သော stage- to – stage smuggling ဖြစ်ပါတယ်။ ဒီသဏ္ဍာန်မှာ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) (လမ်းခရီးတွင် အခြားနိုင်ငံများတွင်လည်း transit လုပ်ရမှုများ ရှိနိုင်သည်) သို့ ခိုးဝင်ရမယ့် သူများဟာ လမ်းခရီးအတွက် ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရန် မလိုအပ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံအလိုက် stage co-ordinators များ ရှိပါတယ်။ ဒီလူတွေဟာ ကွန်ယက်သဏ္ဍာန် ချိတ်ဆက်ထားပြီး၊ တခါတရံမှာလဲ တဖွဲ့တည်း ဖြစ်နေတတ်ပါတယ်။

ဥပမာ- နိုင်ငံ (အေ) ကနေ လူတယောက်ကို နိုင်ငံ (စီ)ကို ပို့ပေးသူက တယောက်၊ နိုင်ငံ (စီ) မှာ ခေတ္တ ဝှက်ထားပေးပြီး၊ နိုင်ငံ (ဒီ) သို့ သွားရမည့် အိုင်ဒီ အတု စီစဉ်ပေးသူက တယောက်၊ နိုင်ငံ (ဒီ) ရောက်ချိန်တွင် အခြား အိုင်ဒီ အတုများ ထပ်မံစီမံပြီးမှ နိုင်ငံ (ဘီ) သို့ ပို့ဆောင်ပေးသူများက တယောက်၊ နိုင်ငံ (ဘီ) သို့ ရောက်ချိန်တွင် ကြိုဆို လက်ခံထားသူက တယောက်၊ နိုင်ငံ (ဘီ)တွင် အိုင်ဒီအတုများ ဖျောက်ဖျက်ပေးပြီး၊ တရားဝင် နေထိုင်ခွင့် ရရှိစေရန် လုပ်ဆောင်ပေးသူများက တယောက် ဖြစ်နေတတ်ပါတယ်။ ဒီလူတွေ အားလုံးဟာ ချိတ်ဆက်မှုနှင့် ဖြစ်စေ၊ အဖွဲ့တခုတည်းအနေနှင့်ဖြစ်စေ stage- to- stage smuggling process ကြီး တခုလုံးမှာ ပါဝင်ပြီး ရာဇဝတ်မှု ကျုးလွန်ကြသူများ ဖြစ်ပါတယ်။

smuggling process တွင် ပါဝင်သူများ

smuggling process မှာ အော်ပရေးရှင်းတခုလုံး (သို့မဟုတ်) အဆင့်တဆင့်ကို ကြိုးကိုင်စီမံကြတဲ့ co-ordinators တွေ ရှိပါတယ်။ co-ordinators တွေမှာ အဆက်အသွယ်များစွာ ရှိပြီး၊ ဆက်သွယ်ရေးစနစ်၊ နေရာချထားရေး အစီအမံ၊ လမ်းကြောင်း စတာတွေအားလုံးကို တာဝန်ယူကြီးကြပ်စီမံလေ့ရှိကြပါတယ်။ co-ordinators တွေဟာ နောက်ကွယ်ကနေ ကြိုးကိုင်စီမံလေ့ရှိကြတဲ့အတွက် သူတို့ကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်သေအထောက်အထားများ ရယူရန် ခဲယဉ်းတာကြောင့် co-ordinators များကို ပစ်မှတ်ထားပြီး စုံစမ်းသူများဟာ covert နည်းလမ်းတွေကို အသုံးပြု လေ့ရှိကြပါတယ်။

နောက်ထပ် တမျိုးကတော့ recruiters တွေ ဖြစ်ပါတယ်။ သူတို့တတွေက smuggling လုပ်မယ့်သူတွေနဲ့ migrants တွေ အကြားမှာ ဆက်သွယ်ပေးရသူများ ဖြစ်ပါတယ်။ migrants များနဲ့ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ တခါတရံ အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေ ဖြစ်တတ်ပါတယ်။ တရားမဝင် ခိုးသွင်းမှုမှာ ပါဝင်ပတ်သက်နေတဲ့ recruiters တွေဟာ မိခင်နိုင်ငံတွေမှာ အခြေချနေထိုင်သူများ ဖြစ်လေ့ရှိပြီး၊ ရံဖန်ရံခါမှာတော့ နိုင်ငံရပ်ခြားမှ အလည်အပတ် ပြန်လာသူများလဲ ဖြစ်တတ်ပါတယ်။

Recruiters တွေဟာ မိခင်နိုင်ငံမှာ နေထိုင်သူများထဲမှ နိုင်ငံရပ်ခြားသို့ တရားဝင် သွားရောက်ရန် ခက်ခဲနေသူများကို သတင်းအချက်အလက် မှားများပေးခြင်း၊ မက်လုံးများပေးခြင်း (နိုင်ငံဘီတွင် သွားရောက် အလုပ်လုပ်ပါက ဘယ်နှစ်နှစ် အတွင်း ချမ်းသာမည် စသည်များ)ဖြင့် သွားရောက်နိုင်ရန် ကူညီပေးမည်ဆိုကာ smuggling process ထဲသို့ သွတ်သွင်းတတ်ပါတယ်။ နိုင်ငံတွင်း တရားမဝင်နေထိုင်မှုမှာလဲ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်နေတတ်ပါတယ်။ တရားမဝင်နေထိုင်သူများ၊ တရားဝင်နေထိုင်ရန် အခက်အခဲဖြစ်နေသူများကို ပစ်မှတ်ထားပြီး စည်းရုံးလေ့ရှိပါတယ်။ အဲဒီကနေတဆင့် migrants smuggling လုပ်နေသူများနဲ့ ထပ်မံဆက်သွယ်ပေးကြပါတယ်။

နောက်ထပ်တမျိုးကတော့ လမ်းခရီး သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေဖို့အတွက် လုပ်ဆောင်ပေးတဲ့ transporters တွေနဲ့ လမ်းပြတွေ ဖြစ်ပါတယ်။ လမ်းခရီးအဆင့်ဆင့်မှာ လမ်းပြတယောက် (သို့မဟုတ်) တစု ရဲ့ လက်ထဲကနေ အခြား လမ်းပြတွေရဲ့ လက်ထဲကို ထပ်မံလွှဲပြောင်းပေးမှုတွေလဲ ရှိနိုင်ပါတယ်။ ကားမောင်းသမားတွေ၊ လမ်းပြတွေ (သို့မဟုတ်) လေယာဉ်နဲ့ လူအများကို ဦးစီးခေါ်ဆောင်သူတွေဟာ smuggling operation ကို လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေ ဖြစ်နိုင်သလို၊ ကန်ထရိုက် အနေနဲ့ လုပ်ကိုင်သူများလဲ ဖြစ်တတ်ပါတယ်။

နောက်ထပ်တမျိုးကတော့ အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရတဲ့ spotters တွေ ဖြစ်ပါတယ်။ ရဲ၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး တို့ရဲ့ လှုပ်ရှားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရပြီး၊ လှုပ်ရှားလို့ ရနိုင်မယ့် အခြေအနေနဲ့ အချိန်အခါတွေကို မီးစိမ်းပြပေးရသူများ ဖြစ်ပါတယ်။ နောက်ထပ်တမျိုးကတော့ လာဘ်စားသော ပြည်သူ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့၊ စစ်မှုထမ်း၊ လူဝင်မှုကြီးကြပ်ရေး စသူများက လာဘ်စားပြီး၊ smuggling operation တွေကို မသိချင်ယောင်ပြီး လွှတ်ပေးတာတွေ ရှိပါတယ်။

နောက်တမျိုးကတော့ smuggling process အဆင့်ဆင့်မှာ တည်းခိုနေထိုင်ခွင့်ပြုထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဟိုတယ်၊ တည်းခိုခန်းနဲ့ လူနေအိမ် စတာတွေ ပါဝင်ပါတယ်။ ဒီလို ရာဇဝတ်မှုတွေမှာ တည်းခိုခန်းပိုင်ရှင်တွေပါ ပါဝင်ပတ်သက် နေတဲ့အခါ စုံစမ်းအရေးယူသူများအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ နောက်တမျိုးကတော့ smuggling process အောင်မြင်သွားစေရန်အတွက် ငွေကြေးရယူပြီး သတင်းထိန်ချန်ထားသူများ ဖြစ်ပါတယ်။ ကားလက်မှတ်နဲ့ ရထားလက်မှတ် ရောင်းသူများ၊ တက္ကဆီကားမောင်းသူများ၊ လေကြောင်းဝန်ထမ်းများ၊ လှေပိုင်ရှင်များနှင့် လှေသားများ၊ ကားစက်ပြင်များ ပါဝင်နိုင်ပါတယ်။ နောက်ထပ်တမျိုးကတော့ ရာဇဝတ်မှုများကနေ ရလာတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ပြုလုပ်ရာမှာ ကူညီလုပ်ဆောင် ပေးသူများ ဖြစ်ပါတယ်။

ဒီလို active role မှာ ပါဝင်သူတွေအပြင် passive role မှာ ပါဝင်နေသူတွေလဲ ရှိပါတယ်။ ဥပမာ- တက္ကဆီမောင်းသမား တယောက်ဟာ လူအုပ်စုကို မြင်ချိန်မှာ illegal immigrants တွေမှန်း သိမြင်ပေမယ့်၊ safe house ကို လိုက်လံ ပို့ဆောင်ပေးပြီး ပုံမှန်ကြေးပဲ တောင်းယူခဲ့ပေမယ့်၊ သက်ဆိုင်ရာကို သတင်းအချက်အလက် ပေးပို့မှု မရှိပဲ blind eye လုပ်ခဲ့ရင် ဒါဟာလဲ passive role မှာ ပါဝင်ပတ်သက်ခြင်းပဲ ဖြစ်ပါတယ်။

နိဂုံး

smuggling of migrants ဆိုတဲ့ ရာဇဝတ်မှု ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်းရင်းတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှု စတာတွေကနေ ရုန်းထွက်ဖို့အတွက် ဘဝအခြေအနေ ပိုမိုကောင်းမွန်စေနိုင်မယ့် တိုင်းပြည်တွေကို migration လုပ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ငွေကြေး (သို့မဟုတ်) အခြားတစုံတရာ အကျိုးအမြတ် အတွက် အခွင့်ကောင်းယူပြီးဖြစ်စေ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့အလုပ်လို့ ထင်မြင်၍ ဖြစ်စေ လုပ်ဆောင်ကြရာကနေ smuggling operations တွေမှာ ရာဇဝတ်မှုမှန်းသိရက်နဲ့ ဖြစ်စေ၊ မသိ၍ပဲဖြစ်စေ ပါဝင် ပတ်သက်နေသူတွေ အများအပြား ရှိလာပါတယ်။ ဒေါသကြောင့်ဖြစ်တဲ့ လူသတ်မှုတခုမှာ သတ်မိသူကို စာနာနားလည် ပေးလို့ ရနိုင်ပါတယ်။ သို့ပေမယ့် သက်သေအထောက်အထား ဖျောက်ဖျက်ပေးရင်တော့ လူသတ်မှု ကြံရာပါ ဖြစ်သွားနိုင် ပါတယ်။ ဆင်းရဲနွမ်းပါးမှုကနေ ပေါ်ထွက်သွားတဲ့ လုယက်မှုတခုမှာ လုယက်သူရဲ့ ဘဝအခြေအနေကို စာနာနားလည် ပေးကြလို့ ရနိုင်ပါတယ်။ သို့ပေမယ့် ဆင်းရဲနွမ်းပါးသူတွေ လုယက်ကြပါလို့ အားပေးလှုံ့ဆော်တာတွေ၊ လုယက်လာတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချ ပေးတာကိုတော့ ဘယ်လိုနိုင်ငံရဲ့ ဥပဒေကမှ ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ smuggling of migrants ဟာ (၂၁) ရာစုကမ္ဘာရဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေးဆိုင်ရာ ရာဇဝတ်ပြစ်မှု တခုဖြစ်တဲ့အတွက် smuggling operations တွေမှာ သိရက်နဲ့ ဖြစ်စေ၊ မသိပဲ ဖြစ်စေ ပါဝင်ပတ်သက်ခြင်းများကို ရှောင်ရှားပြီး၊ လူ့အဖွဲ့အစည်းအတွင်းမှာ Rule of Law ရှိလာအောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၆၊ ၈၊ ၂၀၁၁)

38 comments

  • အရမ်းကောင်းတဲ့စာတစ်ပုဒ်ပါပဲဗျို့
    ဉာဏ်မျက်စိနဲ့ ကြည့်မှ မြင်နိုင်တာလား.. အိမ်း.. တစ်စိမ့်စိမ့်ဖတ်ပြီး တယ်အရသာရှိသဗျိုး
    😀 😛 🙂

    • kai

      August 17, 2011 at 9:34 am

      ဆောရီး.. တင်လိုက်တာ..ဘာတွေဘယ်လိုဖြစ်သလည်းမသိ.. ကိုယ်ပျောက်စာဖြစ်သွားတယ်..။
      ပြန်တင်လိုက်ပါပြီနော..။

  • ဇွဲ

    August 17, 2011 at 9:40 am

    အဲရိုလုပ်ဘာ..ဂျ
    415 articles လဲ wrote သေးတယ်…
    ဘာမှလဲ မတွေ ့ရလို ့.. အမူးတောင် ပြေတော့မလို ့..တော်သေးဒယ်
    😛

  • aungnng87

    August 17, 2011 at 11:26 am

    အော်….မလေးရှားကိုများစောင်းပြောနေသလားကွယ်။ ဒါနဲ့ ငါကောဘာပါလိမ့်….?

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 17, 2011 at 3:22 pm

    အစကို စပြီးဖတ်တော့ ဒို့သဂျီးတော့ စာရေးပြီဟလို့တွေးမိကာရှိနေတုန်း
    ( Smuggling of Migrants ဆိုရာဝယ် ) ဆိုတာကိုတွေ့မှ ဒီအသံမှတ်မိပါတယ်ဆိုပြီး
    အဆုံးကြမှ ဪ……………… ဒို့သဂျီးရေးတာမဟုတ်ဘူးလို့
    သိရပါတယ် တစ်ရံခါ စာလေးဘာလေးရေးပါလား ကိုယ့်သဂျီးရေးတဲ့စာကို ဖတ်ကြည့်ခြင်လို့ပါ
    ရေးစရာမရှိလည်း ငယ်ငယ်တုန်းက သဂျီးဂဒေါ်ကို ကြူထားတာလေးတွေစာလုပ်ပြီးရေးလည်း
    အားပေးကြမယ်ထင်မိပါတယ်
    ………………………
    သဂျီးမင်းခင်ဗျား
    ( Smuggling of migrants မှာ သားကောင်ကိုယ်တိုင်ရဲ့ လိုက်လိုက်လျောလျော သဘောတူညီချက် ပါဝင်ပါတယ် )
    ဒီအကြောင်းလေးကို အနည်းငယ်မျှ ချဉ်းကပ် မေးမြန်လိုပါသဖြင့်
    မေးမြန်းခွင့်ပြုပါခင်ဗျား
    အကြောင်းအရာနှင့် % ပြည့် မဆိုသာသော်လည်း %ပြည့်ပျောက်သွားတာလား
    ဖျောက်လိုက်တာလား မသိတဲ့အကြောင်းလေးတစ်ခုကို ဆိုလိုပါသည်
    ၎င်းမှာ
    သူဂျီးမင်းသော်၎င်း၊ ကိုကြောင်ကြီးသော်၎င်း၊ စာရေးသူ ခင်မမမျိုး သော်၎င်း တစ်စုံတစ်ယောက်သည်၎င်း
    ( အေ ) နိုင်ငံသားဖြစ်ပါတယ်.. အကြောင်းကြောင်းကြောင့်
    ( ဘီ ) နိုင်ငံကိုရောက်ရှိပါတယ်..ထိုမှတစ်ဆင့်
    ( စီ ) နိုင်ငံကို ရောက်ရှိပြီး နိုင်ငံသားအဖြစ်ခံယူလိုက်ပါတယ်
    ဆိုတော့ခါ ၎င်းသော တစ်စုံတစ်ယောက်ဟာဆိုရင် ( အေ ) နိုင်ငံမှာလည်း သက်ဆိုင်ရာ
    နိုင်ငံသား စာရင်းဝင်ဆဲပင်ဖြစ်ပြီး
    ( စီ ) နိုင်ငံမှာလည်း သက်ဆိုင်ရာ နိုင်ငံသားဖြစ်နေပြန်ပါတယ်
    ဆိုလိုသည်မှာ လူတစ်ယောက်တည်းဟာ နိုင်ငံ နှစ်ခုမှာ နိုင်ငံသားဖြစ်နေတယ်ဆိုတာကို ဆိုလိုပါတယ်
    အဲ့သည်လိုလူတွေများ တစ်ယောက်တစ်လေ ရှိကောင်းရှိနေလေမလားလို့
    အူကြောင်ကြောင် တွေးမိပါပြီး
    ဖေါ်ပြပါ အကြောင်းများတွင် ထိုကဲ့သို့ တစ်ဦးတည်းတည်း နိုင်ငံ နှစ်ခု စာရင်းဝင်သူများကို
    ဘယ်သို့ဘယ်ပုံ
    ဘာညာသာရကာ
    စသည်ဖြင့် အနည်းငယ် ဖြေကြားပေးစေလိုပါသည်ခင်ဗျား

  • thit min

    August 17, 2011 at 3:42 pm

    That is translated article. If possible, let me get original source.

    • kai

      August 17, 2011 at 4:05 pm

      အများအားဖြင့်တော့… ဆရာမခင်မမမျိုးက.. ဘာသာပြန်တိုက်ရိုက်လုပ်လေ့မရှိဘူး..။
      အခုစာကိုလည်း.. ထုံးစံအတိုင်းပို့လာလို့တင်ပေးတာပဲ..။
      ဘာ.ref:.မှမပါလာဘူးလေ…။

  • khinmamamyo

    August 17, 2011 at 4:58 pm

    ဒီစာက တိုက်ရိုက်ဘာသာပြန်ထားတာ မဟုတ်ပါဘူး။

    နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေးဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးနှင့် အရေးယူဆောင်ရွက်ရေး သင်တန်းတခုရဲ့ ပို့ချချက်တွေထဲမှ အများပြည်သူကို အသိပေး၍ ရသော သဘောတရားများကို ထုတ်နှုတ်တင်ပြထားခြင်းသာ ဖြစ်ပါတယ်။ ဒီသင်တန်းရဲ့ ပို့ချချက်များမှာ classified data တွေပါ ပါဝင်တဲ့အတွက် ရည်ညွှန်းကိုးကား မထည့်ပေးနိုင်တာကို စာဖတ်သူများအနေနဲ့ ခွင့်လွှတ်နားလည်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။

    ခင်မမမျိုး

    • maungmoenyo

      August 19, 2011 at 8:06 am

      ဒေါ်ခင်မမမျိုး ရဲ့ စာစု တွေ အမြဲကြိုးစားဖတ်လေ့ရှိပါတယ်။ ဒါတအုပ်ကြမ်းတစောင်ထုတ်နိုင်ရင်တော့ အတိုင်းထက်အလွန်ပါဘဲ။ ဖြစ်နိုင်ရင် မြန်မာ နိုင်ငံပြည်တွင်းပြည်ပတွေပေါ်မှာအခြေခံတဲ့ ခိုင်းနှိုင်းသုံးသပ်ချက်တွေပါနိုင်ရင် ပိုပြီးဖတ်ကောင်းပါလိမ့်မယ်။
      (၁) မြန်မာ Refugee လို့ခေါ်တဲ့ internally and externally displaced လူဦးရေဟာ ကမ္ဘာမှာ ဒီကနေ့ဗိုလ်စွဲနေကြောင်းသတင်းဆိုး ပေးလိုက်ပါတယ်။ အဲ့ဒီဖြစ်ရပ်အကြောင်းရင်းခဲနဲ့ ပါတ်သက်ပြီး သုံးသပ်မှုပြုနိုင်ရင် …။
      (၂) နိုင်ငံတကာကိုအကြောင်းစုံနဲ့ ပြောင်းရွှေ့နေထိုင်ကြသူတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အလွန်အားနဲခဲ့တာမဖုံးနိုင်မဖိနိုင်အောင်ပါဘဲ။ ရင်ကြားစေ့ပေါ်ကြသူတွေ တပ်လန်ကြတာ မမြင်ချင်မကြားချင်အဆုံးပါ။ အဲ့ဒါလေးလဲသုံးသပ်ပေးပါ။
      ဖြစ်နိုင်ရင်တော့ tele-conference လုပ်နိုင်ရင် MG ရဲ့ သူကြီးမင်းကတဆင့် ကျွန်တော်နဲ့ဆက်သွယ်နိုင်ပါတယ်။

  • Shwe Ei

    August 17, 2011 at 5:23 pm

    မြန်မာပြည်မှာတော့ အဖြုကောင်တွေ overstay နေကြတာဘာမှတောင်မဖြစ်။
    ိပိုက်ဆံပေးလိုက်ရင် လတ်တလောပြသနာရှင်းသွားရော။ နိုင်ငံသားခံတာကျတော့ မြန်မာ ရော၊ ထိုင်းရော ၂မျိုးလုံး ခံထားတဲ့ မြန်မာကျောင်းဆရာတယောက်တွေ့ဘူးတယ်။ ကျန်တာတွေတော့ ကောင်းကောင်းနားမလည်သေးဘူး။ copy သိမ်းထားပြီးထပ်ဖတ်ပါအုံးမည်။

  • khinmamamyo

    August 17, 2011 at 5:39 pm

    ကို မိုက်ကယ်ဂျော်နီအောင်ပုရှင့်။

    နိုင်ငံသားခံယူမှု ဆိုတာက smuggling of migrants နဲ့ မသက်ဆိုင်သလို၊ လူကုန်ကူးမှုနဲ့လဲ မသက်ဆိုင်ပါဘူး။

    နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားခံယူခွင့် (The right to citizenship) နဲ့ သက်ဆိုင်ပါတယ်။

    (၁) နိုင်ငံ (အေ) က လူတယောက်ဟာ နိုင်ငံ (စီ)မှာ နိုင်ငံသားအဖြစ် ခံယူလိုက်ပါတယ်။
    (၂) ဒီအခြေအနေမှာ နိုင်ငံ (စီ) ဟာ dual citizenship ပြုလုပ်ခွင့် ရှိတယ်ဆိုရင် ဒါဟာ နိုင်ငံ (စီ)ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီပါတယ်။
    (၃) နိုင်ငံ (စီ) ရဲ့ နိုင်ငံသားအဖြစ် ခံယူလိုက်သူဟာ နိုင်ငံရေးဒုက္ခသည်အဖြစ်ကနေ တဆင့် ခံယူတာ မဟုတ်ဘူးဆိုရင် နိုင်ငံ (အေ) ရဲ့ သံရုံးကို တရားဝင် အကြောင်းကြားရပါမယ်။
    (၄) နိုင်ငံရေးဒုက္ခသည်အဖြစ်ကနေတဆင့် ခံယူထားတာ ဆိုရင်တော့ အကြောင်းကြားစရာ မလိုအပ်ပါဘူး။ နိုင်ငံ (အေ)ရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲ တိုးတက်မှုကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

    (၅) နိုင်ငံ (အေ)မှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲ တိုးတက်လာတဲ့အခါ နိုင်ငံသားခံယူခွင့်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရက ရှင်းလင်းတဲ့ ဥပဒေ ပိုင်းဆိုင်ရာ တိုးချဲ့မှု၊ ပြင်ဆင်သတ်မှတ်မှု၊ အများပြည်သူသို့ အသိပေးကြေငြာမှုတွေ လုပ်ဖို့ လိုပါတယ်။
    (၆) အဲဒီမှာ dual citizenship ကို လက်ခံတယ်ဆိုရင် နိုင်ငံ (စီ)မှာ နိုင်ငံသားခံယူထားသူဟာ နိုင်ငံ (အေ)နဲ့ နိုင်ငံ (စီ) နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားဖြစ်ပါတယ်။

    (၇) လက်မခံဘူးဆိုရင်တော့ နိုင်ငံ (စီ)မှာ နိုင်ငံသားခံယူထားသူဟာ နိုင်ငံ (အေ)ရဲ့ နိုင်ငံသား ပြန်ဖြစ်ဖို့အတွက် နိုင်ငံ (စီ)မှာ နိုင်ငံသားခံယူထားမှုကို ပြန်လည်ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။

    (၈) တဦးတည်းဟာ နိုင်ငံနှစ်ခုမှာ နိုင်ငံသားစာရင်းဝင်နေရခြင်းဟာ ရာဇဝတ်မှု တခုမဟုတ်ပါဘူး။ နိုင်ငံရေးအခြေအနေနဲ့ ဥပဒေရေးရာ သတ်မှတ်ချက်တွေ အပေါ်မှာ မူတည်နေပါတယ်။

    လေးစားစွာဖြင့်

    ခင်မမမျိုး

    • kai

      August 18, 2011 at 1:09 am

      ဒီနေ့တက်လာတဲ့ သတင်းတွေထဲက.. သမ္မတဦးသိန်းစိန်မိန့်ခွန်းနဲ့.. ဆရာမဆောင်းပါးက.. အချိန်ကိုက်..ဖြစ်နေတာမို့.. ဆောင်းပါးလေးအတွက်..ကျေးဇူးတင်ကြောင်းပြောပါရစေ..။

      အဲဒါနဲ့ပါတ်သက်ပြီးလည်း.. အားလုံးအချိန်ယူဆွေးနွေးပေးကြစေချင်ပါတယ်..ခင်ဗျား..။ 🙂
      ==
      ပြည်ပရောက်မြန်မာများ အမိနိုင်ငံပြန်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား။

      ပြည်ပရောက်မြန်မာများ အမိနိုင်ငံပြန်လာနိုင်ကြောင်း သမ္မတပြောကြားနေပြည်တော်၊ ဩဂုတ်(၁၇)
      ၁၉၈၈ ခုနှစ်နောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံအသီးသီးသို့
      ရောက်ရှိနေကြသောမြန်မာနိုင်ငံသားအားလုံးအမိနိုင်ငံသို့ ပြန်လာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့မွန်းလွ၂နာရီအချိန် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင်
      ပြုလုပ်သော ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
      အမြင်မတူပေမယ့် တိုင်းပြည် တိုးတက်ရေး အတွက် လက်တွဲ လုပ်ဆောင်ကြဖို့ လိုကြောင်း၊ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး အတွက်တံခါးဖွင့်ထားကြောင်း ပြောကြားပြီး၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ
      နိုင်ငံကို ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။
      မြန်မာနိုင်ငံသို့ ပြန်လာလိုသော နိုင်ငံသားများသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ် ပြစ်မှုတစ်စုံတရာ (ဥပမာ-လူသတ်မှု) ကျူးလွန်ထားသူဖြစ်ပါကထိုပြစ်မှုအတွက် ပြစ်ဒဏ်စီရင်ခြင်းခံရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ မထွက်ခွာခင်က ယခင်မိမိတို့ နေထိုင်ခဲ့ရာ မြို့နယ်များနှင့် အကြုံးဝင်သော သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအရများထံ တိုက်ရိုက်ဆက်သွယ်ကာမိမိတို့ ပြန်လာလိုကြောင်း လိုအပ်မည့်အသေးစိတ်အချက်အလက်များကို မေးမြန်းဆောင်ရွက်နိုင်ကြောင်း သမ္မတ၏အဆိုအရ သိရသည်။

    • maungmoenyo

      August 19, 2011 at 8:13 am

      dual citizenship ဟာ ဥပဒေကိုချိုးဖေါက်ခြင်းမဟုတ်ပါဘူး။ မွေးဖွားရာနိုင်ငံကအာဏာပိုင်က ကိုယ့်နိုင်ငံမှာမွေးတဲ့သူကို၊ နိုင်ငံသားအဖြစ်က ရုတ်ခဲ့ရင် အဲ့ဒီအာဏာပိုင်ကသာ ဥပဒေချိုးဖေါက်ရာကျပါတယ်။ ချွင်းချက်တော့ရှိပါတယ်။ အဲ့ဒိနိုင်ငံရဲ့သစ္စာစောင့်သိမှုကိုဖေါက်ဖျက်ပုန်ကန်ရင်တော့…ဒါပေမဲ့ ဒါကိုဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲ ဆိုတာပေါ်မှာမူတည်ပါတယ်။
      ဒီနေရာမှာ rule of law ကို မဏ္ဍိုင်ပြုမပြုဆိုတာပေါ်တည်မှီနေကြောင်းပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 17, 2011 at 7:11 pm

    ကျေးဇူးတင်ရှိပါသည်။
    ( Smuggling of migrants မှာ
    သားကောင်ကိုယ်တိုင်ရဲ့ လိုက်လိုက်လျောလျော သဘောတူညီချက် ပါဝင်ပါတယ် )
    ကျွန်တော် လေ့လာမိသလောက်၊ လေ့လာတယ်ဆိုတာကလည်း စာတစ်တန်ပေတစ်တန်တော့မဟုတ်ပါဘူး
    အဲ့သည်လောက်ထိလေ့လာနိုင်လောက်တဲ့ အတတ်ပညာလည်း မရှိပါဘူး
    ကိုယ်ကိုယ်တိုင်က ဒီလိုဘဲ လုပ်ခဲ့တော့ ဒီလိုဘဲဖြစ်ဘူးတယ်လို့ လွယ်အောင်ပြောရမှာပေါ့နော
    ဥပမာဗျာ ကျွန်တော်တို့ကတော့ အဲ့သည် အပေါ်က ပြောတဲ့အတိုင်းဘဲ
    ကျွန်တော်တို့ကိုယ်တိုင် ပိုက်ဆံပေးပြီးတော့ကို ပြည်ပကို ခိုးဝင်တာ
    ကိုယ်ကတော့ ကံကောင်းလို့ ဘာမှ မဖြစ်ဘူးပေမယ့် ဖြစ်ဘူးတဲ့သူတွေကို တွေ့ဘူးတယ်
    သူတို့ဖြစ်ပေမယ့် ကိုယ်လည်းဖြတ်သန်းလာဘူးတော့ ကိုယ်ဖြစ်သလို သိလာရတယ်
    တစ်ကယ်ဆိုရင်နော် ဒီကိစ္စဟာ တော်တော်ဝမ်းနည်းစရာကောင်းတယ်
    ခိုးဝင်တဲ့သူတွေက ဒီလိုဖြစ်လို့ပြောသည့်တိုင် တရားဝင်နဲ့ သွားပြီး ဟိုရောက်မှ
    နေရာလွဲပြီးအလုပ်ရတာတွေကလည်း ဒီအကြောင်းနဲ့ နည်းနည်းဆက်စပ်မလား ဆိုနိုင်ဘူး
    စာရွက်စာတမ်းတံဆိပ်တုံး အတုတွေဆိုတာ ကိုယ်က ဘာမှနားလည်တာမဟုတ်ဘူး
    ကယ်ရီက ဒီလိုအဝတ်စားဝတ် ဒီစာရွက်ကိုကိုင်ဆို ကိုင်လိုက်တာဘဲ
    ငြိလည်းငြိရော ဘာတွေမှန်းကို မသိဘူး အူကြောင်ကြောင်နဲ့ ထောင်ထဲရောက်သွားရော
    ဒါပေမယ့် ခုနောက်ပိုင်းတော့ သိပ်မကြားရတော့ပါဘူး
    သိသွားကြပြီလို့ပြောလို့ရမလား။ သိတယ်ဆိုတာကလည်း
    စာရွက်အတုလုပ်ရင်ဖန်းတယ် ဒီလောက်ဘဲ။
    ခုပြောသလို တိတိကျကျတော့ မသိဘူးဗျ
    ကယ်ရီက ကောင်းပါပေ့ဆို ဝမ်းနည်းပါတယ် ရော့..မင်းပေးထားတဲ့ပိုက်ဆံ ဒီလောက်ဘဲ
    ဒီနေရာမှာ လက်ရှိအေခြအနေနဲ့ပြောရရင်တော့
    ဆိုခဲ့ပြီးသလို ကိုယ်ကသဘောတူလို့ဖြစ်စေ မတူလို့ဖြစ်စေ
    ( ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ ဘယ်လိုဖြေရှင်းရတယ်ဆိုတာကို သိနိုင်တဲ့နည်းတွေကလည်း
    အရေးကြီးမယ်ထင်တယ် )
    ပြောလို့သာပြောတာ ကိုယ့်နိုင်ငံသားတွေ အဲ့သည်လိုကေ့စ်မျိုးနဲ့ဝင်သွားလို့ကတော့
    ဒေသအလိုက်မသက်သာတာကတော့သေခြာတယ်
    ပြောရရင်လည်း အများကြီးဘဲနော တစ်ကယ်ကိုအများကြီး
    စာတတ်ပေတတ်တွေက ငြိသွားကြတာတွေရှိသလို
    ကျွန်တော်တို့လို ငတ်လို့ စွန့်ပြီး သွားကြတဲ့သူတွေက ပိုများမယ်လည်းထင်မိပါတယ်( အထင်ပါ)
    ဒါ့ကြောင့် ဒီလိုတွေ ဖြစ်လာတဲ့အခါ ဘယ်လို ဖြေရှင်းကြသလဲဆိုတာကို
    ကျွန်တော်တို့လို ခြောက်တန်းမအောင်တဲ့သတ္တဝါတွေဖတ်ပြီး နားလည်နိုင်လောက်တဲ့
    စာကြောင်းတွေကို ဦးနှောက်ခြောက်ခံပြီး ရေးပေးကြ ( မည်သူမဆို ) မယ်ဆိုရင်
    သိပ်ကောင်းမယ်လို့တော့ ထင်တာပေါ့ဗျာ ဒါလည်း အထင်ပါဘဲ

  • ကြောင်ကြီး

    August 18, 2011 at 9:45 am

    အရမ်းကို ဗဟုသုတ ဖြစ်စေတဲ့စာတပုဒ်ပါ ဒေါ်ခင်မမမျိုး (နာမည်အတိုကောက် ခင်လို့ စိတ်မဆိုရင် ခေါ်ပါရစေ၊ ဒါနဲ့ အပျိုကြီးမှတ်တယ်)
    တခုလောက် မေးချင်ပါတယ်။ မြန်မာနိုင်ငံသားတဦးသည် နိုင်ငံခြားတိုင်းပြည်မှာ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်သွားပြီဆိုပါစို့။ မြန်မာလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အခြားနိုင်ငံသားအဖြစ် ခံယူရင် မူလနိုင်ငံသားကတ်နဲ့နိုင်ငံသားခံစားခွင့်ကို အလိုအလျောက်ဆုံးရှုံးသည်လို့ မှတ်ထားဖူးပါတယ်။ မြန်မာပြည်နဲ့ dual citizenship သဘောတူချက်မရှိတဲ့ တိုင်းပြည်မှာ နိုင်ငံသားခံလိုက်သူတဦးသည်လည်း အဲဒီတိုင်းပြည်အသစ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ မွေးဇာတိနိုင်ငံသားကတ်ကို စွန့်ပစ်ရမယ်လို့ မှတ်ထားဖူးပါတယ်။ ဆိုကြပါစို့ သဂျီးသည် မြန်မာ၊ အမေရိကန် နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံသားအဖြစ်ကို ခံယူထားပြီး ၆လစီ အလှည့်ကျနေတယ်။ အဟောင်းကိုလည်း မစွန့်၊ အသစ်ကိုလည်း သုံးနေတယ်။ အဟောင်းမစွန့်ဘူးဆိုတာ မြန်မာပြည်ရောက်ရင် မှတ်ပုံတင်နဲ့ခရီးသွား၊ ပိုင်ဆိုင်မှုအဝဝကိုလည်း နိုင်ငံသားအမည်ပေါက်နဲ့ထားတယ်။ ပြောရရင် နှစ်နိုင်ငံစလုံးရဲ့ ဥပဒေကို လက်တလုံးခြားလုပ်ထားတယ်။ ဒါဆိုသူသည် နှစ်နိုင်ငံစလုံးရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ညှိနေသလား၊ သို့တည်းမဟုတ် တနိုင်ငံထဲနဲ့ပဲ ဆိုင်မလား၊ ဆိုင်ရင် ဘယ်နိုင်ငံနဲ့ ဆိုင်မလဲ..
    နောက်တမျိုးထပ်ပွားရင် မြန်မာပြည်မှာမွေးတဲ့ နိုင်ငံသားအစစ်ဗျာ၊ သို့ပေမဲ့ အကြောင်းတစုံတရာကြောင့် နိုင်ငံသားသက်သေခံလက်မှတ် မရှိခဲ့ဘူး။ ဒီလိုပဲ လုပ်ကိုင်စားသောက်ရင်း တချိန်မှာ မိုးနတ်မင်းမလို့ အမေရိကားရောက်သွားပြီး နိုင်ငံသားခံလိုက်တယ်။ လူဝင်မှုကြီးကြပ်ရေးဖြစ်စဉ်မှာလဲ လူကုန်ကူးခံရတယ်ပေါ့။ ဖြစ်ချင်တော့ အဲဒီလူက မိုက်ကယ်ဂျော်နီအောင်ပု (ခေတ္တထိုင်းနိုင်ငံ၊ နိုင်ငံသားအစစ် မှတ်ပုံတင်မဲ့) ဝနယ်ဖက်မှာ ဘိန်းကယ်ရီရိုက်တုံးက တွေ့ခဲ့တဲ့ တရုပ်ပြည်နယ်စပ်က မေချောက်ဖုံ (တရုပ်ပြည်မသူ)နဲ့ရတဲ့ ခလေးဖြစ်နေတယ်။ အကယ်၍များ စီနီယာအောင်ပု မြန်မာပြည်ပြန် အလင်းဝင်ပြီး မကြာခင် အေကိုက်သေတဲ့အခါ ဂျူနီယာအောင်ပုအနေနဲ့ မြန်မာနိုင်ငံသားအဖြစ်ကို ခံယူပြီး ကျန်ခဲ့တဲ့ အမွေခံပစ္စည်း ဥပမာ ရွှေချောင်းတွေကို တောင်းခံနိုင်မလား…။

    • maungmoenyo

      August 19, 2011 at 8:30 am

      ဒီနေရာမှာ နိုင်ငံသား (သို့) citizenship နဲ့ မှတ်ပုံတင်ကတ်ပြားနဲ့ကွဲပြားမှုကိုနားလည်ကြဘို့လိုပါတယ်။ citizenship ဆိုတာစာရွက်ပေါ်မှာရေးထားရတဲ့ အရာဝတ္ထုမဟုတ်ပါဘူး။ မြန်မာပြည်နယ်နမိတ်ထဲ့မှာမွေးရင်မြန်မာနိုင်ငံသားပါဘဲ။ မှတ်ပုံတင်လို့ အတိုကောက်ခေါ်တဲ့ ပန်းရောင်ကတ်ပြား (အရင်က အစိမ်းရောင် သုံးခေါက်ချိုး ကတ်) က “နိုင်ငံသားစိစစ်ရေးကတ်ပြား”ပါ။ အဲ့ဒိကတ်ပြားရဲ့အသုံးဝင်မှုဟာ နေ့တဓူဝအသက်ရှင်ရပ်တည်ရေးအတွက်မြန်မာနိုင်ငံမှာအရေးပါလာတော့၊ ဒီကတ်မရှိရင် မြန်မာနိုင်ငံသားမဟုတ်တော့ဘူး လို့ ယူဆလာကြရပါတယ်။ ဒီလိုယူဆအောင်လဲ အာဏာပိုင်တွေက တမင်လမ်းထွင်ထားတာပါ။ အမေရိကန်လိုနိုင်ငံမျိုးမှာ မှတ်ပုံတင်ကတ်ပြားမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ အမေရိကန်နိုင်ငံတွင်းမွေးဖွားသူအားလုံး (အမေရိကန်ထဲခိုးဝင်ပြီး ကလေးမွေးဖွားတဲ့ကလေးတွေအပါအဝင်) အားလုံးရဲ့ နိုင်ငံသား ဆိုတဲ့ မြင့်မြတ်တဲ့ မွေးရာပါခံစားခွင့်ကိုထိခိုက်မှာစိုးလို့ပါဘဲ။ အမေရိကန်နိုင်ငံထူထောင်တာ ရာစု (၂)စုကျော်ပါပြီ။ ဒိလိုမှတ်ပုံတင်ကတ်လုပ်ဘို့ ဘယ်သူကမှ စိတ်မဝင်စားကြပါဘူး။
      ဒါဘာလဲဆိုတော့ နိုင်ငံသားဖြစ်တည်မှု ဆိုတဲ့လူ့အခြေခံခံစားခွင့် အနှစ်သာရကြီးကိုထိခိုက်မှာစိုးလို့ပါ။
      (မှတ်ချက်။ အမေရိကန်အစိုးရက သူ့နိုင်ငံတွင်းရောက်လာကြသူ (တရားဝင်တွေ) ဘယ်နိုင်ငံသားခံထားလဲ ဆိုတာစိတ်မဝင်စားသလို၊ naturalizationtarအမေရိကန် နိုင်ငံသားအဖြစ်ရောက်ရှိချိန်မှာ အဲ့ဒိမူရင်းနိုင်ငံရဲ့ သစ္စာစောင့်သိမှုအပါအဝင်၊ နိုင်ငံသားဖြစ်တည်မှု ကနှုတ်ထွက်ပါလို့ ” ယောင်လို့တောင်” မတောင်းဆိုပါဘူး။)

      • ကြောင်ကြီး

        August 19, 2011 at 9:23 am

        အဲလောက်တော့ မရှင်းသေးဘူး ဆရာဦးမိုးရေ..ယူအက်စ်နိုင်ငံသားအဖြစ် ကျမ်းကျိန်တဲ့အခါ
        ကျမ်းကျိန်လွှာမှာ.. “I hereby declare, on oath,

        that I absolutely and entirely renounce and abjure all allegiance and fidelity to any foreign prince, potentate, state, or sovereignty of whom or which I have heretofore been a subject or citizen; လို့ဆိုထားတယ်။ ဆက်ပြီး အင်တာနက်မှာ ရှာကြည့်တော့ ယူအက်စ်အစိုးရကိုယ်တိုင် ဝေဝေဝါးဝါးလုပ်ပေးထားရတယ်…။ အချိန်ယူ ဖြေပေးလို့ ကျေးဇူးပါခင်များ..။

        http://www.richw.org/dualcit/faq.html#natdual
        If you have been a dual citizen from birth or childhood, or else became a citizen of another country after already having US citizenship, and the other country in question does not have any laws or regulations requiring you to formally renounce your US citizenship before US consular officials, then current US law unambiguously assures your right to keep both citizenships for life.

        The US State Department — once quite combative in its handling of dual-citizenship claims — has changed the way it handles these cases in recent years, and it is now much easier to retain such a status without a fight than it used to be.

        The situation is slightly less clear for someone who becomes a US citizen via naturalization and still wishes to take advantage of his old citizenship. People who go through US naturalization are required to state under oath that they are renouncing their old citizenship, and conduct inconsistent with this pledge could theoretically lead to loss of one’s US status.

        However, the State Department is no longer actively pursuing cases of this nature in most situations. In particular, when a new American’s “old country” refuses to recognize the US naturalization oath (with its renunciatory clause) as having any effect on its own citizenship laws — and insists that the person in question must continue to deal with his old country as a citizen thereof (e.g., by using that country’s passport when travelling there to visit) — the US State Department generally no longer minds.

        Similarly, the State Department doesn’t seem to be doing anything any more to people who renounce their US citizenship as part of a foreign country’s “routine” naturalization procedure (in a manner similar to what the US makes its new citizens do). However, if the other country in question requires its newly naturalized citizens to approach officials of their old countries to revoke their previous status, one will generally not be able to remain a citizen both of that country and the US.

    • maungmoenyo

      August 19, 2011 at 8:37 am

      တခုတော့ရှိပါတယ်။ မြန်မာနိုင်ငံကထွက်ခွာပြီး အခြားဘယ်နိုင်ငံရောက်ရောက်၊ အဲ့ဒီနိုင်ငံသားအဖြစ်ခံယူလိုက်ပြီးရင်၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကိုယ်ပိုင်တဲ့ မြေ၊ အိမ်ယာတွေ အလိုအလျောက်ပိုင်ဆိုင်မှုပျက်သွားပါတယ်။ ဥပဒေရှိပါတယ်။ “မရွှေမပြောင်းနိုင်သောပစ္စည်းများနှင့်ပါတ်သက်သောဥပဒေ” (Immovable Property Act) ပါ။ ခုနိုင်ငံခြားရောက်ကြသူတွေရဲ့ အိမ်ယာတွေ ကိုမြန်မာအစိုးရမင်းတို့က မောင်ပိုင်မသိမ်းတာက ဖုံးထားဖိထားတာလဲတကြောင်း၊ မျက်လုံးတဖက်ပိတ်ပြီးကြိုးရှေရှေနဲ့လှန်ထားတာလဲပါတာတကြောင်းမို့ပါ။

      • ရွာစားကျော်

        June 15, 2012 at 12:49 pm

        မြန်မာနိုင်ငံကရော dual citizenship ကို လက်ခံလားဗျ
        မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကိုယ်ပိုင်တဲ့ မြေ၊ အိမ်ယာတွေ အလိုအလျောက်ပိုင်ဆိုင်မှု ပျက်သွားသလို မြန်မာနိုင်ငံသားအဖြစ်ကိုရော လက်ခံသေးလား

  • kai

    June 14, 2012 at 11:51 pm

    ဗမာအင်္ဂလိပ်ကပြားတယောက်တောင်းဆိုမှုအရ.. ရှေ့ပြန်ပို့လိုက်ကြောင်း… :mrgreen:

    • အရီး Khin Latt

      June 15, 2012 at 3:24 am

      သူကြီး ရှေ့သာတင်တယ်။
      ရှေ့မှာလဲ မရှိသေးဘူး။
      ဘေးက တွေ့လိုက်တာ။
      မှတ်ချက် – ဗမာအင်္ဂလိပ်ကပြား ဆိုတာ ကျွန်မ အရီးလတ် လုံးဝ (လုံးဝ) မဟုတ်ရပါကြောင်း။ 8)

  • အရီး Khin Latt

    June 15, 2012 at 3:20 am

    ကျွန်မ မသိတဲ့ အကြောင်းတွေ သိလိုက်ရတာမို့ စာရေးသူ ကိုရော၊ တင်ပေးတဲ့ သူကြီး ကိုပါ ကျေးဇူးတင်ပါတယ်။

    တစ်ခါတစ်ခါ ကိုယ့်နွားခြေရာခွက် လေးကို ဘဲ အကျယ်ကြီး မှတ်နေတာ။
    တကယ်တော့ ကမ္ဘာကြီး နဲ့ ယှဉ်လိုက်ရင် ကိုယ်ဘာမှမသိတာ တွေ အများကြီး ဆိုတော့ အကောင်းဆုံးက ကိုယ်သိရာကို ဘဲ အမှန်လို့ တွေး မထား သင့်တာပါဘဲ။
    ကမ္ဘာကြီး ထဲ ကို အဆင့်ရှိရှိ တကယ်တိုးဝင်ချင်ရင်တော့ open minded နဲ့ သူများတွေ ရဲ့ အမြင်၊ အတွေးအခေါ်တွေ ကို လဲ ထည့်စဉ်းစား နိုင်ရမလားဘဲ။
    နောက်ပြီးတော့ unprejudiced ဘက်လိုက်မှု ကင်းကင်း နဲ့ ကြည့်နိုင်ဖို့ ပိုလိုလာမယ်။ (အထင်)
    (အထင် – မူရင်း အဘပု) 😉

    ယူကေ မှာ dual citizenship လက်ခံတယ် ပြောပါတယ်။
    ဒါပေမဲ့ သတိထား ရမဲ့ တစ်ချက် ကတော့ ဥပမာ နဲ့ ပြောရရင် …..
    အင်္ဂလန်နိုင်ငံသား ခံယူထား တဲ့ (မြန်မာ နိုင်ငံသား ကို လဲ မစွန့်သေးတဲ့) မြန်မာတစ်ယောက် ဆီးရီးယား သွားလည်ရင်း ပြန်ပေးဆွဲခံ ရတယ် ဆိုပါစို့။
    အင်္ဂလန်သံရုံးက တာဝန်ယူပြီးကယ်ပေးပါလိမ့်မယ်။
    ဒါပေမဲ့ မြန်မာပြည် မှာ ပြန်ပေးဆွဲ ခံရရင်တော့ မကယ်ပေးပါ တဲ့။
    ကြားဖူးနားဝ ပါ။
    မှားနိုင်ပါတယ်။ 😀

    • pooch

      June 17, 2012 at 9:32 pm

      အရီးပြောသလိုပါပဲ

      “တစ်ခါတစ်ခါ ကိုယ့်နွားခြေရာခွက် လေးကို ဘဲ အကျယ်ကြီး မှတ်နေတာ။
      တကယ်တော့ ကမ္ဘာကြီး နဲ့ ယှဉ်လိုက်ရင် ကိုယ်ဘာမှမသိတာ တွေ အများကြီး ဆိုတော့ အကောင်းဆုံးက ကိုယ်သိရာကို ဘဲ အမှန်လို့ တွေး မထား သင့်တာပါဘဲ။
      ကမ္ဘာကြီး ထဲ ကို အဆင့်ရှိရှိ တကယ်တိုးဝင်ချင်ရင်တော့ open minded နဲ့ သူများတွေ ရဲ့ အမြင်၊ အတွေးအခေါ်တွေ ကို လဲ ထည့်စဉ်းစား နိုင်ရမလားဘဲ။
      နောက်ပြီးတော့ unprejudiced ဘက်လိုက်မှု ကင်းကင်း နဲ့ ကြည့်နိုင်ဖို့ ပိုလိုလာမယ်”

      ဆိုတာလေးကို ထောက်ခံသွားပါတယ်။

      အနော့်အတွက်လည်း ဒီရွာကို ရောက်လာပြီး မှ ပြောင်းလဲသွားတဲ့ ခံယူချက်က အဲ့ဒါလေးပါပဲ။
      သဘောထား ပျော့ပျောင်းလာတယ် ခေါ်မလားပဲ။ နှစ်ဖက်မျှကြည့်တတ်တဲ့ စိတ်ကလေး ဖြစ်လာတာပါ။ သူကြီး ဖြစ်စေချင်နေတာကလည်း ဒါမျိုးပဲ ထင်ပါရဲ့။

      မသိသေးတာတွေ သိလိုက်ရတယ်။ အသိအရင်းအချာတယောက်ကတော့ သူကြီးတို့ ဆီမှာ မှတ်ပုံတင်ရပြီဖြစ်သလို ကျောင်းကောင်း ဘွဲ့ကောင်းနဲ့ အလုပ်ကောင်းလည်း ရှိနေပါပြီ။ မကြာမကြာပြန်လာလေ့ရှိပါတယ်။

      ဒီရောက်ရင် ဒီက မှတ်ပုံတင် သုံးပါတယ်။ ဟိုရောက်ရင် ဟိုက မှတ်ပုံတင်ပေါ့။ အမေအရင်းခေါက်ခေါက်ကိုလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်က ခေါ်တာရောက်သွားပါပြီ။
      ဆိုတော့ ခုလည်း သူ့နည်းသူ့ဟန်နဲ့ dual citizenship ဖြစ်နေတယ် ထင်တာပဲ။ အစိုးရ
      အသိအမှတ်ပြုတာ မပြုတာကတော့ တကဏ္ဍပေါ့လေ။

  • Pitbull

    June 15, 2012 at 5:54 am

    သူဂျီးရှင့်
    ဒီပို့စ်လေးကို ရှေ့ကို (ဖြစ်နိူင်ရင်) ပြန်တင်သင့်ကြောင်းနဲ့ နောက်ကျမှ ဖတ်လိုက်ရလို့ အလွန်ဝမ်းနည်းကြောင်း(ဒါတောင် အဘပု ပို့စ်ကတဆင့် သဂျီးပေးတဲ့ လင့်ခ်ရလို့) ဒီလိုမျိုး လူများများဖတ်စေချင်ကြောင်း

  • amatmin

    June 15, 2012 at 10:17 am

    ဘာတွေမှန်းကို မသိတော့ဘူးး..
    ကိုအောင်ပု ပို့စ်ကနေ လင့်ခ်တွေ့လို့လိုက်လာတာ..
    ဖတ်ပီး အတော်လည်သွားတယ်. 🙂
    နိုင်ငံသားဖြစ်တည်မှု ဆိုတဲ့လူ့အခြေခံခံစားခွင့် အရ ဂလိုဆိုထားတယ်ဆိုပါလား..

    maungmoenyo says:
    ဒီနေရာမှာ နိုင်ငံသား (သို့) citizenship နဲ့ မှတ်ပုံတင်ကတ်ပြားနဲ့ကွဲပြားမှုကိုနားလည်ကြဘို့လိုပါတယ်။ citizenship ဆိုတာစာရွက်ပေါ်မှာရေးထားရတဲ့ အရာဝတ္ထုမဟုတ်ပါဘူး။ မြန်မာပြည်နယ်နမိတ်ထဲ့မှာမွေးရင်မြန်မာနိုင်ငံသားပါဘဲ။ မှတ်ပုံတင်လို့ အတိုကောက်ခေါ်တဲ့ ပန်းရောင်ကတ်ပြား (အရင်က အစိမ်းရောင် သုံးခေါက်ချိုး ကတ်) က “နိုင်ငံသားစိစစ်ရေးကတ်ပြား”ပါ။ အဲ့ဒိကတ်ပြားရဲ့အသုံးဝင်မှုဟာ နေ့တဓူဝအသက်ရှင်ရပ်တည်ရေးအတွက်မြန်မာနိုင်ငံမှာအရေးပါလာတော့၊ ဒီကတ်မရှိရင် မြန်မာနိုင်ငံသားမဟုတ်တော့ဘူး လို့ ယူဆလာကြရပါတယ်။ ဒီလိုယူဆအောင်လဲ အာဏာပိုင်တွေက တမင်လမ်းထွင်ထားတာပါ။ အမေရိကန်လိုနိုင်ငံမျိုးမှာ မှတ်ပုံတင်ကတ်ပြားမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ အမေရိကန်နိုင်ငံတွင်းမွေးဖွားသူအားလုံး (အမေရိကန်ထဲခိုးဝင်ပြီး ကလေးမွေးဖွားတဲ့ကလေးတွေအပါအဝင်) အားလုံးရဲ့ နိုင်ငံသား ဆိုတဲ့ မြင့်မြတ်တဲ့ မွေးရာပါခံစားခွင့်ကိုထိခိုက်မှာစိုးလို့ပါဘဲ။

    အထက်ပါ အတိုင်းဆို အခုရင်ဆိုင်နေရတဲ့ဖြစ်ရပ်ကို ဘယ်လိုပုံဖော်မည်မသိ.. :rolleyes:

  • ကြည်ဆောင်း

    June 15, 2012 at 12:28 pm

    အရင်တုန်းကမသိခဲ့ရတာတွေကို ဗဟုသုတမျိုးစုံရလို့ စာရေးသူရော ၊ သူကြီးရော ကျေးဇူးတင်ပါတယ်။
    ကြည်ဆောင်းရဲ့သူငယ်ချင်း က စင်္ကာပူမှာ အလုပ်သွားလုပ်ပြီး စင်္ကာပူမှာဘဲ အိမ်ထောင်ကျပါတယ်။ နှစ်ဦးစလုံးမြန်မာနိုင်ငံသားတွေပါ။ အိမ်ထောင်ကျ ၊ ကလေးမွေးပြီးတော့ စင်္ကာပူနိုင်ငံသားများအဖြစ်ခံယူလိုက်ပါတယ်။ လင်မယား နှစ်ယောက်စလုံး မြန်မာပြည်ကိုပြန်လာလည်ရင် Visa သက်တမ်း (28) ရက်ဘဲ ရပါတယ်။ သူတို့က စင်္ကာပူ မှာမွေးတဲ့ ကလေးကတော့ မြန်မာပြည်မှာ ဘယ်လောက်နေနေရပါတယ် ။သူငယ်ချင်းကို မေးကြည့်တော့ စင်္ကာပူအစိုးရက သူတို့နိုင်ငံမှာမွေးတဲ့ ကလေးဆို မူရင်းနိုင်ငံသား အဖြစ်ရော ၊ စင်္ကာပူ နိုင်ငံသား အဖြစ်ရော လက်ခံပါတယ်တဲ့ ။ ကလေး အသက် (18) နှစ်ပြည့် မှ မြန်မာ နိုင်ငံသားအဖြစ်ခံယူချင်ခံယူ ၊ စင်္ကာပူ နိုင်ငံသားအဖြစ် ခံယူချင်ခံယူ ၊ ကြိုက်တာလုပ်နိုင်တယ်လို့ သူငယ်ချင်းက ရှင်းပြလို့ လွန်ခဲ့တဲ့ (4) နှစ်လောက်ကသိခဲ့ရပါတယ် ။ တစ်ခြား အမေရိက ၊ အင်္ဂလန် ၊ ကနေဒါ ၊ ဩဇီ စတဲ့ နိုင်ငံများတွေမှာရော ဘယ်လိုမျိုးဥပဒေတွေများရှိမလဲ သိချင်ပါသေးတယ် ။ ဗဟုသုတအဖြစ်နဲ့ပါ။

    • kai

      June 17, 2012 at 5:46 am

      ကလေးနဲ့ပါတ်သက်ရင်.. ယူအက်စ်လည်း.. ဒီအတိုင်းပါပဲ..
      ကလေးအသက်ပြည့်တဲ့အထိစောင့်ပြီး.. သူ့သဘောအတိုင်းဖြစ်နိုင်ပါတယ်..
      မိဘက ဝင်စွက်ဖက်ခွင့်မရှိပါ..။ မွေးရာပါအခွင့်အရေးဖြစ်ပါတယ်..။

      အခုဆယ်စုနှစ် ၂ခုထဲ.. မြန်မာပြည်ဟာ.. မြန်မာ့သမိုင်းမှာ မရှိဖူးတဲ့.. “မဟာမြန်မာရွေ့ပြောင်းအခြေချမှုကြီး” ဖြစ်ခဲ့တယ်..
      မြန်မာဦးရေသန်းချီပြီး.. နို်င်ငံရပ်ခြားမှာရွေ့ပြောင်းအခြေချနေထိုင်ခဲ့ကြတယ်..
      ၁၉၈၈ ကတွက်ရင်.. အခုထိ.. လူ၅သန်းအနည်းဆုံးရှိမယ်.. ခန့်မှန်းမိတယ်..။
      ဆက်ပြီးထွက်နေဆဲဖြစ်ပြီး.. ပြည်ပအခြေချသူတွေဟာ.. မြန်မာပြည်ထဲကျန်ရစ်သူတွေကို..
      .. ဖြစ်နိုင်တဲ့နည်းတွေနဲ့.. ခေါ်ယူလာကြ(နေကြ)ပြီလည်း.. ဖြစ်ပါတယ်..။

      ဆိုတော့..
      လွယ်လွယ်ပြောရရင်.. မြန်မာပြည်ဟာ.. ဒူဝယ်စစ်ဒဇင်( လူတဦး.. နို်င်ငံသား၂ခု) ဥပဒေပြဌာန်းပြီး.. အသိအမှတ်ပြုသင့်တယ်ထင်မိတယ်..
      ဒီလိုမလုပ်ရင်.. မြန်မာပြည်ဟာ.. မြန်မာတွေတော်တော်များများဆုံးရှုံးသွားလိမ့်မယ်..

      အစိုးရအဖွဲ့.. ဥပဒေပြုသူများ… သေသေချာချာ.. သတိထားကြစေလိုပါကြောင်း..

      • Azzurri

        June 17, 2012 at 6:16 am

        ၅သန်း…???
        နည်းတယ်မထင်ဝူးလားဟင်င်င်င်

    • htoosan

      June 17, 2012 at 8:48 pm

      ်မကြည်ဆောင်းရေ .. မြန်မာနိုင်ငံသား နှစ်ယောက်ကနေ စကာင်္ပူမှာ နေထိုင်စဉ် (တရားဝင် အလုပ်လုပ်ကိုင်စဉ်)စကာင်္ပူဆေးရုံမှာ မွေးတဲ့ ကလေးကို စကာင်္ပူ citizen အဖြစ် အသိအမှတ်မပြုပါဘူး ။ birth certificate မှာ မွေးစဉ်ကာလ မှာ စကာင်္ပူသား မဟုတ်ကြောင်း ရိုက်ထည့်ပေးလိုက်ပါတယ်။
      လွန်ခဲ့သော ၁ရ နှစ်လောက်ကပါ။

  • Ko out of...

    June 17, 2012 at 7:14 am

    ကျွန်တော်သိပ်နားမလည်တဲ့ အပိုင်းဖြစ်နေလို့ များများတော့ မဆွေးနွေးလိုပါဘူး…

    ko kai ပြောသလို အစိုးရအဖွဲ့.. ဥပဒေပြုသူများ… သေသေချာချာ.. စဉ်စားရမယ်ဆို သလို..

    အခုယိုးဒယား နိုင်ငံကို မြန်မာ အလုပ်သမားတွေ သန်းချီပြီး အလုပ်လုပ်နေကြတာဘဲ…

    လူမျိုးရေးဘာသာရေး ပြဿနာ မဖြစ်အောင် ထိုင်း အစိုးရက ဘယ်လိုကိုင်တွယ်လဲ? သူတို့ဥပဒေကရော

    ဘယ်လိုရှိလဲ?..

    အခု မြန်မာပြည်မှာ ဒီလိုမျိုး ပြဿနာ ဖြစ်အောင် နောက်ကနေ ကြိုးကိုင် ဖန်တီးတဲ့ လူမရှိနိုင်ဘူးလား?

  • MTY

    June 17, 2012 at 10:09 am

    သာမန်လူတွေ..ရုတ်တရက်နားလည်ရခက်ခဲတဲ့ဘာသာရပ်တစ်ခုလို့ဘဲမြင်မိပါတယ်
    နိုင်ငံသား..ဆိုတာကိုက ဥပဒေနဲ့ပြဒါန်းတဲ့ကိစ္စမို့..ရုတ်တရက်နားလည်ရခက်ခဲတဲ့ဘာသာရပ်တစ်ခုလို့
    ပြောတာပါ..Post ကလူကုန်ကူးခြင်းအကြောင်းပါ။ ဆက်စပ်ပြီးနိုင်ငံသားဖြစ်မှုတွေပါဆက်စပ်ကုန်တာ၊်နားလည်ရခက်ခဲတဲ့ဘာသာရပ်တစ်ခုဖြစ်ပေမဲ့လဲ..သိထားသင့်ကဲ့ကိစ္စရပ်များဖြစ်ပါတယ်။
    တစ်ယောက်နဲ့တစ်ယောက်လဲ sharing လုပ်ကြတာမို့အကျီုးရှိတဲ့ Post ပါ။
    ဒီpost တင်ပေးလို့ကျေးဇူးတင်တယ်။

  • padonmar

    June 17, 2012 at 7:42 pm

    ဒေါ်ခင်မမမျိုးနဲ့ သူကြီးကိုသိရဖတ်ရတာ ကျေးဇူးပါ။မူရင်းပို့စ်ကတော့ ဖတ်ရုံဘဲ။မဆွေးနွေးတတ်ပါ။
    ………….
    maungmoenyo ရေးတဲ့ မှတ်ပုံတင် သဘောထားကို ဖတ်ရတော့
    တစ်သက်လုံး တရရသိမ်းထားရတဲ့ မပုတင် (ဘာလုပ်လုပ် သူမပါလို့မပြီး) ရဲ့ အခန်းကဏ္ဍပျောက်အောင် ဘယ်လို လုပ်ကြပါ့မလဲလို့ မျက်စိလည်သွားပါတယ်။
    (ဒါကြောင့်ရိုဟင်ဂျာတွေက နိုင်ငံသားဖြစ်ချင်ကြတာလား)
    …………..
    ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့
    ကျမတို့ငယ်ငယ်က နိုင်ငံခြားအပြီးသွားတာကို for good လို့ သုံးနှုန်းကြတာကို သတိရမိပါတယ်။
    အဲဒီလို အပြီးသွားကြတဲ့ သူတွေရဲ့ အိမ်တွေကို အစိုးရက သိမ်းလိုက်တယ်ဆိုတာတွေ့ဖူးပါတယ်။
    များသောအားဖြင့် ချစ်တီးကုလားတွေပါ၊ရန်ကုန်တရုတ်တန်းက တရုတ်တွေလည်းပါပါတယ်။
    ………………………………
    dual citizenship အကြောင်း FR ရဲ့ စဉ်းစားကြစေလိုပါတယ် (၁၅ ) ( Dual Citizenship )
    မှာလည်း ရေးထားပါတယ်။သူကတော့ ပေါ့ပေါ့ပါးပါးဖတ်လို့ရပါတယ်။
    http://myanmargazette.net/111252/creative-writing/my-thinking-different
    ……………………………..
    လူရွှေ့ပြောင်းမှု
    အခုအထွက်များနေတာတော့ တိုင်းရင်းသားတွေဘဲ၊အထူးသဖြင့် ရခိုင်တွေပါ။
    သူတို့က နယ်စပ်ကနေ ထွက်လို့ မလွယ်တော့ ရန်ကုန်မှာ ၆လလောက် အလုပ်လာလုပ်ရင်း passport လုပ်ပြီးရင် မလေး၊ယူအေအီး စသည်ထွက်ကြတာများပါတယ်။
    ဆယ်တန်းအောင်ပြီး ကလေးတွေလည်း ပညာသင်ဖို့ သွားကြရင်းနဲ့ ပြန်မလာနိုင်ကြတော့ဘူး။
    သူတို့ခေတ်ကတော့ ရတဲ့ လစာကွာတာ အဓိက ပါပါတယ်။

  • htoosan

    June 17, 2012 at 8:50 pm

    ချင်းတောင်တန်းမှာလည်း ချင်းတိုင်းရင်းသား အဖိုးကြီး အဖွားကြီးတွေဘဲ ကျန်ပါတော့တယ်။

  • ကြည်ဆောင်း

    June 17, 2012 at 9:39 pm

    အရင်တုန်းက ကမ္ဘာ့နိုင်ငံအနှံ့အပြား မှာ ဦးနှောက်ယိုစီးမှု (ဟုသုံးနှုန်းသည်ထင်ပါသည်၊မှားလျှင်ပြင်ပေးပါသူကြီးရှင့်) အတော်ဖြစ်ပွားခဲ့တာကို ဖတ်ခဲ့ဘူးပါတယ်။အခုထိလဲ ဒါမျိုးတွေရှိနေအုန်းမှာပါဘဲ။သူကြီးပြောတဲ့ dual citizen သာမြန်မာနိုင်ငံမှဥပဒေပြုပေးနိုင်ရင်တော့နောက်မျိုးဆက်တွေအတွက် အခွင့်အလမ်းတွေပေါ်လာနိုင်မှာပါဘဲ။dual citizen ကတခြားဘယ်နိုင်ငံတွေများခွင့်ပြုထားတာရှိပါသလဲ။
    အကျိုးရှိသလို အပြစ်များလဲရှိမှာမို့ သိချင်ပါသေးတယ်၊

  • ကြည်ဆောင်း

    June 17, 2012 at 10:41 pm

    ကိုထူးဆန်းရှင့်
    ဖြေကြားပေးတဲ့အတွက်ကျေးဇူးပါ။လွန်ခဲ့တဲ့(၁၇) နှစ်ထက်စာရင်ဥပဒေတွေပြောင်းလဲကုန်ပြီလို့ပြောရမယ်ထင်ပါရဲ့နော် ၊ကြည်ဆောင်း သူဌေးရဲ့ မိန်းမက ပထမကလေးကို မြန်မာပြည်မှာမွေးပြီး ဒုတိယ ကလေးကို
    တော့ စင်္ကာပူ Citizen ဖြစ်အောင်လို့ စင်္ကာပူ မှာကလေးသွားမွေးပါတယ် ၊ အဲဒီကလေးက အခုသူ့အသက်(၁၈)နှစ်မပြည့်ခင်အထိ Dual Citizen ပုံစံပါဘဲ ၊ မိဘနှစ်ပါးလုံးကတော့ ကလေး(၂)ယောက်လုံးနဲ့ရန်ကုန်မှာဘဲ နေကြတာပါ ။အငယ်ကလေးကျောင်းနေရင်တော့ စင်္ကာပူ မှာကျောင်းသွားနေမယ်ကြားရတာပါဘဲ။

  • maungmoenyo

    June 18, 2012 at 5:51 am

    မြန်မာတာအစိုးရက လက်ရှီအနေအထားမှာ dual citizenship ကို လက်ခံတယ်ဆိုတဲ့ ဥပဒေကြောင်းသတ်မှတ်မကြားမိသေးသလို့။ foreseeable future မှာလည်း ဒီကိစ္စကိုထိအုံးမှာမဟုတ်သေးပါဘူး။ ရေးသူဖတ်သူအားလုံးနားလည်ထားဘို့က (အထက်က တနေရာမှာဆိုပြီးတဲ့အတိုင်း rule of law ရဲ့ အနှစ်သာရပြီပြင်လာခြင်းမရှိသေးသမျှ ကာလပါတ်လုံး) မည်သည့်နိုင်ငံသားမဆို မိမိမွေးဖွားရာ နိုင်ငံနယ်နမိတ်ရဲ့တည်ဆဲဥပဒေပြဌာန်းချက်ဖြစ်တဲ့ အခြေခံဥပဒေ နဲ့ နိုင်ငံတော် (နိုင်ငံတော်ဆိုတာလည်း မောင်ပိုင်သိမ်းပြီး ကိုယ့်ကိုယ်ကို တရားဝင်ပါတယ်လို့ အမိန့်ဒီကရီနဲ့ အုပ်ချုပ်နေတဲ့ self-proclaimed government မပါ။) ကိုလက်နက်စွဲကိုင်သစ္စာမဖေါက်မချင်း နိုင်ငံသားဆိုတဲ့ မွေးရာပါအခွင့်ရေးတည်နေခြင်းကို ရုပ်သိမ်းလို့မရပါဘူး။ တကယ်လို့အတင်းအဓမ္မရုပ်သိမ်း(stripping off the nationality) ခဲ့ရင်လည်း၊ တရားမဝင်ပါဘူး။ ကုလပဋိညဉ်ကိုတောင် ဖေါက်ဖျက်ရာရောက်ပါတယ်။ (will reference when the time comes)
    အရေးကြီးတာက လက်ရှိအစိုးရရဲံ တရားဝင်မှုအတိုင်းအတာမကျယ်ပြန့်သရွေ့၊ rule of lawအမှန်တကယ် ထွန်းကားလာခြင်းမရှိသရွေ့၊ မြန်မာနိုင်ငံရဲ့ dual citizenship နဲ့ပါတ်သက်တဲ့ ရပ်တည်ချက်ကို အဓိပ္ပါယ်မဖွင့်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
    နားလည်ထားကြဘို့က၊ ရာထောင်ပေါင်းဝေးတဲ့ နိုင်ငံတကာမှာရောက်နေကြတဲ့ မြန်မာပြည်ဖွားများရဲ့ dual citizenship ဆိုတာကိုအဆုံအဖြတ်ပေးဘို့နေနေသာသာ၊ လက်ရှိမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နယ်နမိတ် အိမ်နီးချင်းနိုင်ငံများမှာရှီကြတဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံသားများဟုတ်မဟုတ်၊ မြန်မာပြည်ဖွား တိုင်းရင်းသား သိန်းနဲ့ချီတဲ့ပြောင်းခိုသူ တွေရဲ့ ကံကြမ္မာဟာ၊ နေ့တဓူဝ ဘဝရပ်တည်ရေးဟာ၊ မြန်မာအစိုးရအတွက် ကြီးလှစွာသော အခက်အခဲကြီးဖြစ်နေပါသေးတယ်။ ဖြစ်နေပါအုံးမယ်။ လူမျိုးရေး ပဋိပက္ခမှုဟာလည်းအတောမသတ်သေးပါဘူး။ smuggling of migration ကိုဖြတ်တောက်နိုင်ဘို့ နိုင်ငံဖြတ်ကျော်မှု မှုခင်းအဆုံးသတ်ရေး ကုလသမဂ္ဂဆိုင်ရာ သဘောတူညီချက်ကို အပြေးအလွှားလက်မှတ်ထိုးပြီးဗျောင်ကျကျ ချိုးဖေါက်နေကြတဲ့၊ နိုင်ငံအချို့လည်းရှါကြပါတယ် (အစိုးရတွေတောင်နောက်ကွယ်ကပါမလားဘဲ။)
    အမေရိကရဲ့လက်ရှိ သဘောထားကိုကြည့်ရအောင် –
    မြန်မာတာအစိုးရက လက်ရှီအနေအထားမှာ dual citizenship ကို လက်ခံတယ်ဆိုတဲ့ ဥပဒေကြောင်းသတ်မှတ်မကြားမိသေးသလို့။ foreseeable future မှာလည်း ဒီကိစ္စကိုထိအုံးမှာမဟုတ်သေးပါဘူး။ ရေးသူဖတ်သူအားလုံးနားလည်ထားဘို့က (အထက်က တနေရာမှာဆိုပြီးတဲ့အတိုင်း rule of law ရဲ့ အနှစ်သာရပြီပြင်လာခြင်းမရှိသေးသမျှ ကာလပါတ်လုံး) မည်သည့်နိုင်ငံသားမဆို မိမိမွေးဖွားရာ နိုင်ငံနယ်နမိတ်ရဲ့တည်ဆဲဥပဒေပြဌာန်းချက်ဖြစ်တဲ့ အခြေခံဥပဒေ နဲ့ နိုင်ငံတော် (နိုင်ငံတော်ဆိုတာလည်း မောင်ပိုင်သိမ်းပြီး ကိုယ့်ကိုယ်ကို တရားဝင်ပါတယ်လို့ အမိန့်ဒီကရီနဲ့ အုပ်ချုပ်နေတဲ့ self-proclaimed government မပါ။) ကိုလက်နည်စွဲကိုင်သစ္စမဖေါက်မချင်း နိုင်ငံသားဆိုတဲ့ မွေးရာပါအခွင့်ရေးတည်နေခြင်းကို ရုပ်သိမ်းလို့မရပါဘူး။ တကယ်လို့အတင်းအဓမ္မရုပ်သိမ်း(stripping off the nationality) ခဲ့ရင်လည်း၊ တရားမဝင်ပါဘူး။ ကုလပဋိညဉ်ကိုတောင် ဖေါက်ဖျက်ရာရောက်ပါတယ်။ (will reference when the time comes)
    အရေးကြီးတာက လက်ရှိအစိုးရရဲံ တရားဝင်မှုအတိုင်းအတာမကျယ်ပြန့်သရွေ့၊ rule of lawအမှန်တကယ် ထွန်းကားလာခြင်းမရှိသရွေ့၊ မြန်မာနိုင်ငံရဲ့ dual citizenship နဲ့ပါတ်သက်တဲ့ ရပ်တည်ချက်ကို အဓိပ္ပါယ်မဖွင့်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
    နားလည်ထားကြဘို့က၊ ရာထောင်ပေါင်းဝေးတဲ့ နိုင်ငံတကာမှာရောက်နေကြတဲ့ မြန်မာပြည်ဖွားများရဲ့ dual citizenship ဆိုတာကိုအဆုံအဖြတ်ပေးဘို့နေနေသာသာ၊ လက်ရှိမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နယ်နမိတ် အိမ်နီးချင်းနိုင်ငံများမှာရှီကြတဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံသားများဟုတ်မဟုတ်၊ မြန်မာပြည်ဖွား တိုင်းရင်းသား သိန်းနဲ့ချီတဲ့ပြောင်းခိုသူ တွေရဲ့ ကံကြမ္မာဟာ၊ နေ့တဓူဝ ဘဝရပ်တည်ရေးဟာ၊ မြန်မာအစိုးရအတွက် ကြီးလှစွာသော အခက်အခဲကြီးဖြစ်နေပါသေးတယ်။ ဖြစ်နေပါအုံးမယ်။ လူမျိုးရေး ပဋိပက္ခမှုဟာလည်းအတောမသတ်သေးပါဘူး။ smuggling of migration ကိုဖြတ်တောက်နိုင်ဘို့ နိုင်ငံဖြတ်ကျော်မှု မှုခင်းအဆုံးသတ်ရေး ကုလသမဂ္ဂဆိုင်ရာ သဘောတူညီချက်ကို အပြေးအလွှားလက်မှတ်ထိုးပြီးဗျောင်ကျကျ ချိုးဖေါက်နေကြတဲ့၊ နိုင်ငံအချို့လည်းရှါကြပါတယ် (အစိုးရတွေတောင်နောက်ကွယ်ကပါမလားဘဲ။)
    အမေရိကရဲ့ dual nationality ရပ်တည်ချက်ကိုကြည့်ရအောင် –
    http://travel.state.gov/travel/cis_pa_tw/cis/cis_1753.html
    A U.S. citizen may acquire foreign citizenship by marriage, or a person naturalized as a U.S. citizen may not lose the citizenship of the country of birth.U.S. law does not mention dual nationality or require a person to choose one citizenship or another. Also, a person who is automatically granted another citizenship does not risk losing U.S. citizenship. However, a person who acquires a foreign citizenship by applying for it may lose U.S. citizenship. In order to lose U.S. citizenship, the law requires that the person must apply for the foreign citizenship voluntarily, by free choice, and with the intention to give up U.S. citizenship.
    ဆိုလိုရင်းကတော့ အမေရိကအစိုးရက dual citizen ရှိဆဲ အမေရိကနေ သန်းပေါင်းများစွာသော naturalized citizens တွေ ဘယ်နိုင်င့သားတွေလည်းဆိုတာဂရုမစိုက်ရေးချမစိုက်ပါ။ အဲ့ဒါကအကြောင်းရှိပါတယ်။ ဥပဒေအရအမေရိကထဲရောက်လာပြီးသားတွေ ဥပဒေကြောင်းအရ နိုင်ငံသားဖြစ်လာသူ၊ တရပ်တကျေးသားတွေက၊ နောင်ကျမှ စိတ်ပြောင်းပြီး အခြားနိုင်ငံသား ဖြစ်ဖို့ ကြိုးစားလာတယ်ဆိုရင်တော့ လက်ရှိ နိုင်ငံသားဖြစ်တည်နေမှုဟာ ပျက်ပြယ်နိုင်ပါတယ် (ကြိုးကြောင်းမခိုင်လုံခဲ့ရင်) renounce လုပ်ရပါလိမ့်မယ်။
    နိုင်ငံသားဖြစ်တည်မှု၊ တိုင်းရင်းသားဒေသခံများအဖြစ်အသိအမှတ်ပြုမှု။ လူမျိုးရေးကိစ္စတွေဟာ သိမ်မွေ့နက်နဲပြီး၊ အဓိပ္ပါယ်ဖွ့င်ဆိုချက်ကွဲလွဲခဲ့ရင် လင်မယားချင်းတောင်စကားများရတတ်တဲ့ ကိစ္စတွေမို့၊ ဖြစ်ချင်တာတွေ အလောမကြီးကြဘို့နဲ့ ကြီးစွာသော စေတနာနဲ့ တိုက်တွန်းရပါတယ်။

  • kai

    September 14, 2015 at 4:10 pm

    တချိန်က.. တော်တော် ဘရိန်းစရုန်းလုပ်ခဲ့ကြတယ်..။
    အခုအချိန်မတော့.. ဥရောပလည်း.. မိုက်ဂရန့်တွေ လျှံလို့နေ..။
    အမေရိကလည်း.. အင်မီးဂရန့်တွေအတွက်.. ခေါင်းခဲလို့နေ..။ :k:

Leave a Reply