ကျောင်းအပ်ရာသီ ငွေကြေး အပိုတောင်းခံမှုများ ထုတ်ပယ်၊ ရာထူးချ၊ နယ်ပြောင်းစနစ် များဖြင့်အရေးယူမည်

kyawgyiMay 11, 20101min592

၂၀၁၀-၂၀၁၁ ခုနှစ် ပညာသင်နှစ် အတွက် အစိုးရ အခြေခံပညာ ကျောင်းများအားလုံး လာမည့် ဇွန်လတွင် စတင် ဖွင့်လှစ် မည် ဖြစ်သောကြောင့် မကြာမီ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ် လက်ခံ တော့မည် ဖြစ်သည့်အတွက် ထိုသို့ ညွှန်ကြားချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ထံမှ စုံစမ်း သိရှိရသည်။ အခြေခံ ပညာ ကျောင်းသားများ ကျောင်းအပ် ရာတွင် အစိုးရ သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမိုငွေကြေး တောင်းခံမှုများကို အရေးယူ သွားမည် ဖြစ်ကြောင်း၊ ထိုသို့ အပိုငွေကြေး တောင်းခံမှုများ အရေးယူရာတွင် အပိုငွေကြေး တောင်းခံသည့် ငွေကြေး ပမာဏကို လိုက်ပြီး ထုတ်ပယ်၊ ရာထူးချ၊ နယ်ပြောင်း စနစ်များဖြင့် အရေးယူကြောင်း နေပြည်တော် ပညာရေး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဒုတိယ ရုံးအဖွဲ့မှူး ဦးမြတ်ထွန်းနှင့် ရန်ကုန်မြို့တော်ရှိ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ပြောကြားသည်။ အခြေခံ ပညာကျောင်းတွေ ကျောင်းအပ်လက်ခံတဲ့ နေရာမှာ သတ်မှတ် ငွေကြေး ထက် ပိုမတောင်းဖို့ မနေ့ (မေ ၃ ရက်နေ့) ကပဲ ညွှန်ကြားချက် တစ်ရပ် ထုတ်လိုက်တယ်။ ဒီညွှန်ကြားချက်ကို ပညာရေး မှူး တွေဆီက တစ်ဆင့် အခြေခံပညာ ကျောင်းအုပ်တွေကို အဆင့်ဆင့် ညွှန်ကြားလိုက်လိမ့်မယ်ဟု ဦးကျော်ဝင်းက ပြောကြားသည်။ အခြေခံပညာ ကျောင်းသားများ ကျောင်းအပ်ရာတွင် သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံမှုများကို ပညာရေး ဝန်ကြီးဌာနသို့ စာဖြင့် သော်လည်းကောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း၊ တယ်လီဖုန်း ဖြင့်သော်လည်း ကောင်း ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆိုကြသည်။ ထိုသို့တိုင်ကြားရာတွင် အပိုငွေ တောင်းခံသည့် အခြေခံ ပညာကျောင်း အမည်၊ တောင်းခံသူ ပညာရေး ဝန်ထမ်း၏ အမည်၊ တောင်းခံသည့်အချိန် အပါအဝင် အသေးစိတ် အချက်အလက်များကို တိကျစွာ မှတ်သား တိုင်ကြားနိုင်ကြောင်း အဆိုပါ ဝန်ကြီးဌာန အတွင်းမှ စုံစမ်း သိရှိရသည်။ မနှစ်ကလည်း သတ်မှတ် ကျောင်းအပ် ငွေကြေးထက် တောင်းခံလို့ အရေးယူခဲ့တာ တွေရှိတယ်ဟု ဦးကျော်ဝင်းက ဆိုသည်။ အပိုငွေကြေး တောင်းခံမှုများကို အရေးယူရာတွင် တောင်းခံသည့် ငွေကြေး ပမာဏ နည်းပါးလျှင် ပြန်လည် ပေးလျော်ခိုင်းကြောင်း၊ ငွေကြေး ပမာဏများလျှင် ထုတ်ပယ်ခြင်း၊ ရာထူးချခြင်းနှင့် နယ်ပြောင်း ရွှေ့ခြင်းများ ဆောင်ရွက်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။ ကျောင်းသားမိဘတွေက သားသမီးတွေ ကျောင်းတက်ရမယ့် အချိန်ဆို မရှိ၊ ရှိတဲ့ကြားက ရှာရ၊ ဖွေရ ရုန်းကန်နေရတာ များတယ်။ ဒီလို သတ်မှတ်ငွေကြေး နဲ့ပဲ ကျောင်းအပ်နိုင်မယ်ဆိုတာ သိရတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ သတ်မှတ် ငွေကြေး ဆိုတာ ဘယ်လောက် ပမာဏဆိုတာ သိရရင် ပိုပြီး အဆင်ပြေမယ် ထင်ပါတယ်ဟု မရမ်းကုန်း မြို့နယ်မှ ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။ အပိုငွေကြေး တောင်းခံမှုများကို တိုင်ကြားလိုလျှင် ဦးအေးကြူ၊ ညွှန်ကြားရေးမှူးချုပ်၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန၊ အမှတ် ၅၉(ခ) အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းအမှတ် ဝ၁-၂၁၁၀ဝရ သို့ လည်းကောင်း၊ ဦးကျော်ဝင်း၊ ညွှန်ကြားရေးမှူး၊ အမှတ်(၃) အခြေခံပညာဦးစီးဌာန၊ ဖုန်းအမှတ် ဝ၁-၂၁၀ဝ၂၆ သို့လည်းကောင်း၊ ရုံးအဖွဲ့မှူး၊ ပညာရေး ဝန်ကြီးဌာန၊ နေပြည်တော် ဖုန်းအမှတ် ဝ၆၇- ၄၀၇၁၁၆ သို့လည်းကောင်း၊ ဒုတိယရုံးအဖွဲ့မှူး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းအမှတ်-ဝ၆၇-၄၀၇၁၁၆ သို့လည်းကောင်း သက်ဆိုင်ရာ အခြေခံ ပညာကျောင်းများ တည်ရှိရာ မြို့နယ် ပညာရေးမှူးရုံး၊ ခရိုင် ပညာရေးမှူးရုံးနှင့် တိုင်းပညာရေးမှူးရုံး များ ထံသို့ လည်းကောင်း လူကိုယ်တိုင် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ တိုင်ကြားနိုင်သည်ဟု ပညာရေး ဝန်ကြီးဌာန ထံမှ စုံစမ်း သိရှိရသည်။

2 comments

  • Shwemannmay

    May 11, 2010 at 3:27 am

    အဲဒါတွေကလေ အချို ့သောကျောင်းသားမိဘများလည်း အပြစ်မကင်းပါဘူး ။ ကျောင်းအပ်တဲ ့ကိစ္စနဲ ့ပက်သတ်ပြီး ငွေယူတာကတော့ထားပါတော့ အေခန်းလိုချင်ရင် ၅၀၀၀ဝ ဘီခန်းလိုချင်ရင် ၄၀၀ဝ စသဖြင့် ကိုယ်ကြိုက်တဲ့အတန်းကိုငွေပေးပြီးကျအောင်လုပ်တာလေးပါ သန် ့ရှင်းသွားအောင်လုပ်ရင်ပိုကောင်းမယ်ထင်ပါတယ်။
    ကျူရှင်တွေကလည်း တိုင်လို ့ရတယ်သာပြောတာပါ မှိုလိုပေါက်နေတာပါ။ ညနေကျောင်းဆင်းရင် တစ်အိမ်အိမ်မှာစုပြီးသင်ကြတာပါ။ ကျူရှင်တွေထောတယ်မထောတယ် အသိဆရာမတစ်ယောက်တော့ ဒီလိုကျောင်းတစ်ရာသီဆို ကိုယ်မှာ ရွှေထည်၂ မျို းလောက်တော့တိုးတာပါပဲ။

  • we are myanmar

    May 11, 2010 at 5:27 am

    မရွှေမန်းမေရဲ့ စကားကို ထောက်ခံပါတယ်။ ကိုယ်ကြိုက်တဲ့ အတန်းကို ရအောင်ငွေပေးပြီး လုပ်တာဟာ တကယ်တော်တဲ့ ကလေးတွေအတွက် မတရားရာရောက်ပါတယ် ။

Leave a Reply