ပဲခူးရွာ ၆ဝ ကျော် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေ

kyawgyiMay 11, 20101min841

ပူပြင်းခြောက်သွေ့မှုကြောင့် ရေတွင်း ရေကန်များ ခမ်းခြောက်လာသည့်အတွက် ပဲခူးတိုင်းအတွင်း ကျေးရွာပေါင်း ၆ဝ ကျော်တွင် သောက်သုံးရေရှားပါးမှု ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

ပဲခူးမြို့နယ်၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များအောက်ရှိ ကျေးရွာများတွင် ဧပြီလကုန် ကတည်းက ရေခမ်းခြောက်မှုများ ကြုံတွေ့လာသဖြင့် သောက်ရေအတွက်  ပုဂ္ဂလိကအလှူရှင်များက အနီးပတ်ဝန်းကျင်ဒေသများမှ ဝယ်ယူလှူတန်းနေရသည်။

စီးပွားရေးလုပ်ငန်းရှင်များက သောက်ရေသန့်စက်ရုုံများမှ ရေဝယ်၍ လှူတန်းမှုကို ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ရေပြတ်နေသော ကျေးရွာများသို့ မေလ ၂ ရက်နေ့မှစတင်၍ ရေဖြန့်ဖြူးပေးလျှက်ရှိသည်။

ထို့အပြင် ပဲခူးမြို့ပေါ်ရှိ သောက်ရေကန်များ၊ စက်ရေတွင်းများမှ အလှူခံရရှိသော ရေများကို ကျေးရွာများအရောက် ပို့ဆောင်ပေးနေရာ တရက်လျှင် ကားအစီး ၄ဝ ခန့် ဖြန့်ဝေနေရသည်ဟု ရေဖြန့်ဝေပေးနေသူများက ပြောသည်။

“နေကအရမ်းပူတော့ ရေတွင်း၊ ရေကန်နဲ့ ချောင်းတွေက ခန်းပြီး ပက်ကြားတွေပါ အက်တယ်။” ဟု ရေဖြန့်ဖြူးရာတွင် ပါဝင်ဆောင်ရွက်နေသူ ကိုနေဝင်းက ပြောသည်။

ကျနော်တို့ဒီမြို့မှာရှိတဲ့ အလှူရှင်တွေ လှူနေတဲ့အင်အားနဲ့မလုံလောက်ပါဘူး။ ရေလိုနေတဲ့ကျေးရွာတွေက များတယ်။ အဲဒါကြောင့် အစိုးရအာဏာပိုင်တွေအကူအညီပေးဖို့လိုပါတယ်။ သူတို့ကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်ပေးမှ ဒီကိစ္စအဆင်ပြေမှာပါ ” ဟု သူက ဆက်ပြောသည်။

သို့သော်လည်း လမ်းပမ်းဆက်သွယ်ရေးနှင့် ရေသယ်ကားအခက်အခဲကြောင့် ငွေကြေးစိုက်ထုတ်ပေးမည့် အလှူရှင်ရှိသော်လည်း ကျေးရွာ ၃၅ ကျော်ကို ရေမဖြန့်နို်င်သေးကြောင်း သိရသည်။

ရေသန့်စက်ရုုံများက ၂ဝ လီတာဆန့် ရေသန့်ဗူးတဗူးလျှင် ၃ဝဝ ကျပ်မှ ၂ဝဝ ကျပ်နှုန်းဖြင့် လျော့ပေါ့ ရောင်းချပေးလျှက်ရှိသည်။

” ပဲခူးတိုင်းထဲမှာ ဒီလောက်ဆိုးတဲ့ အခြေအနေဟာ ဒါပထမဆုံးလို့ပြောလို့ရတယ်။ ဒီရွာတွေက အရင်တွင်းရေ မိုးရေကန်တွေကနေ အသုံးပြုနေတာ။  အဲဒီသောက်သုံးရေကန်ကြီးတွေက နေအပူအရှိန် အရမ်းပျင်းတော့ ရေတွေခမ်း ခြောက်ပြီး။ သူတို့ဆီမှာကလည်း လက်ယက်တွင်းတို့ တွင်းရေတို့ဆိုတာက မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ဒေသ ရေမြေသဘာဝကိုက တွင်းတူးလို့ရှိရင် ရေငံတွေ ထွက်တယ်။ အဲတော့ သောက်သုံးရေအတွက် ပြဿနာတွေတက်ကြတာပေါ့။”  ပဲခူးမြို့မှ လူမှုအဖွဲ့အစည်းတခုဖြစ်သော လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်က ပြောသည်။

ယခုနှစ် ပျှမ်းမျှ အပူချိန်မြင့်တက်နေသော မြန်မာနိုင်ငံ၏ နေရာအချို့တွင် ရေတွင်း ရေကန်များ ရေခမ်းခြောက်မှု သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နာဂစ်မုန်တိုင်းတိုက်ခိုက်ခဲ့ရာ ဒေသများတွင်လည်း သောက်သုံးရေရှားပါးမှုများဖြစ်ပွားနေပြီး မော်လမြိုင်ကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့တွင် အဆိုးဆုံးဖြစ်သည်။

One comment

  • susunosuki

    May 12, 2010 at 7:50 am

    ရန်ကုန်မြို့ထဲမှာလဲ မီးကလဲမလာ ပူလွန်တော့ အပြင်ထွက်ဖို့တောင်တော်တော်စဉ်းစားရတယ်
    မြေအောက်ရေပြင်တောင် နိုမ့်ကျလာတယ်လို့ တိုက်တွေပေါ်ကိုရေမောင်းတင်တဲ့ အလုပ်လုပ်သူတစ်ချို့ကပြောတယ်

Leave a Reply