တခရီးထဲသွား One Journey

စစ်အစိုးရသမတ ဦးသိန်းစိန်ရဲ့ ပြည်ပအတိုက်အခံများကို ပြည်တော်ပြန်လာဖို့ ခွင့်ပြုမယ်ဆိုတဲ့ မိန့်ခွန်းအပြီးမှာ သူတို့ရဲ့ ကမ်းလှမ်းချက်ကနေ စဉ်းစားမိတာတခုကို ပြောချင်ပါတယ်။ အခုအချိန်အထိတော့ ပြောစကားအဆင့်သာရှိသေးပြီး တိကျခိုင်မာတဲ့ ခြေလှမ်းမျိုး မတွေ့ရသေးဘူး။ အစိုးရသစ် အာဏာရလာတာ ၆လပြည့်ခါနီးပြီ၊ လွှတ်တော်ကိုယ်စားလှယ်များမှာ ပြောဆိုဆွေးနွေးပိုင်ခွင့် ရေရေရာရာ မရှိဘူး၊ ဒေသဆိုင်ရာ အစိုးရတွေမှာ လုပ်ပိုင်ခွင့် မယ်မယ်ရရ မတွေ့ရဘူး၊ နယ်စပ်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်၊ မြန်မာပြည်အနှံ့ ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော် မတရားအကျဉ်းချခံနေရဆဲပဲ၊ မြေယာအဓမ္မသိမ်းမှု၊ အတင်းအကျပ်လုပ်အားပေး၊ ကတိပေးထားသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလဲ လူထုစိတ်ကြိုက် ရွေးချယ် ပိုင်ခွင့်မရဘူး၊ စာပေသတင်းလွတ်လပ်ခွင့်၊ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့်ဆိုတာလဲ အာမခံချက်မရှိသေးဘူး။ ဟိုတို့ထိ ဒီတို့ထိ တပိုင်းတစ လေးတွေလောက်နဲ့ အပြောလွတ်ရုံ၊ အပြကောင်းရုံလောက် လုပ်ထားတာ ရှိပါသေးတယ်။

ဦးသိန်းစိန်မိန့်ခွန်းရဲ့ ရည်ရွယ်ချက်သည် ဘာဖြစ်နိုင်မလဲ။ အရင်ကတော့ အတိုက်အခံအချင်းချင်း၊ အပစ်ရပ်အချင်းချင်း ခွဲထုတ်ဖို့ နည်းမျိုးစုံ ကြိုးပမ်းတယ်။ အခုတခါတော့ ပြည်မက နိုင်ငံရေးလှုပ်ရှားသူများနဲ့ နယ်စပ်တွေက လက်နက်ကိုင်အဖွဲ့တွေအကြား စိတ်ဝမ်းကွဲမှုဖြစ်အောင်လုပ်ချင်တဲ့ ရည်ရွယ်ချက် ရှိနိုင်တယ်။ ၁၉၉ဝပြည့်လွန်နှစ်တွေမှာ ကချင်KIOအဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုကနေ ခွဲထုတ်သလို၊ ကရင်KNUနဲ့DKBA နှစ်ဖွဲ့ကွဲအောင် ဖန်တီးလုပ်ဆောင်ခဲ့တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပြည်မအခြေစိုက် နိုင်ငံရေးအဖွဲ့များ ဂရုပြုသင့်ပါတယ်။ ပြည်မဆိုရာမှာ စစ်အစိုးရ အာဏာစက် လွှမ်းမိုးနေတဲ့ ပြည်နယ်၊ တိုင်းဒေသများရှိ လူမျိုး၊အဖွဲ့ပေါင်းစုံပါဝင်တယ်။

နယ်စပ်ကလာတဲ့ ရွှေ့ပြောင်းအခြေချ တိုင်းရင်းသားအချို့ကပြောဘူးတယ်။ ဗမာတွေက အချင်းချင်း မတည့်တုံးသာ မတည့်တာ၊ ပြန်ခေါ်ဖို့ဝန်မလေးဘူး၊ ငါတို့ကြတော့ ဖြစ်လိုက်ရင်တဦးနဲ့တဦး ခွင့်မလွှတ်ဘူး၊ အသေလုပ်တာလို့ မချင့်မရဲ ပြောတာကြားဖူးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တောထဲမှာပဲ သူတို့အချိန် အများစုကို ကုန်လွန်ခဲ့ရတော့ ဘဝကို လက်တွေ့ဆန်ဆန် ဖြတ်သန်းခဲ့ရမှာပါ။ ထောင်၊ တရားရုံး၊ ရဲစခန်း၊ ရုံးပြင်ကန္နားဆိုတာ ရှိဖို့မဖြစ်နိုင်ဘူးလေ။ စာသင်ကျောင်း၊ ဆေးပေးခန်းတောင် အတည်တကျ ထားလို့ဖြစ်နိုင် တာမှမဟုတ်တာ။ တမျိုးလှည့်တွေးရင်လည်း သူတို့သည် ဟန်ဆောင်မှုနည်းတယ်၊ ဒီတော့ ဒဲ့ဒိုးရိုးရိုးရှင်းရှင်း အန်အယ်ဒီရဲ့ စိတ်စေတနာကို အမြန်ဆုံးနည်းနဲ့ ပြလို့ရတယ်။ တကယ်လုပ်ပြဖို့ပဲ လိုမယ်။

အန်အယ်ဒီအနေနဲ့ တိုင်းရင်းသားအရေးကို ယခုထက်ပိုဂရုစိုက်၊ လက်တွေ့ စည်းရုံးရေးလုပ်ငန်းများ ဖော်ဆောင်သင့်ပါတယ်။ ပါးစပ်ကနေပြော၊ ကြေငြာချက်ထုတ်ရုံတင်မကဘဲ ကွင်းဆင်းလေ့လာ ဆောင်ရွက်မှ သူတို့ဗမာအချင်းချင်းပေါင်းသွားတော့မယ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ အထင်လွဲမှုကို ရှောင်ရှားနိုင်ပါမယ်။ နယ်စပ်ဒေသအထိ သွားရောက်ဖို့ မဖြစ်နိုင်ရင် လုံခြုံရေးအရ သွားလို့ရတဲ့ဒေသများအထိ သွေးချင်းများနဲ့ ထိတွေ့ဆက်ဆံပါ။ သွားခွင့် စည်းရုံးထိတွေ့ပိုင်ခွင့်များကို တောင်းဆိုရယူပါ။ သိပ်ထိခိုက်ရှလွယ်တဲ့ စေ့စပ် ဆွေးနွေးချိန်မျိုးဖြစ်နေလို့ဆိုရင် နိုင်ငံရေးစည်းရုံးရေးမှုထက် လူမှုထောက်ပံ့ရေး၊ နစ်နာတိုင်တန်းချက်များကို မူဝါဒချဆောင်ရွက်ပါ။ ကိုယ့်အချင်းချင်း နောက်ကျောဒါးနဲ့မထိုးလို့ ပြောနေတာထက် ငါတို့လည်း မင်းတို့ကို ယုံကြည်စွာနဲ့ နောက်ကျောလှည့်ပေးထားပါတယ်လို့ ဆွဲဆောင်နိုင်မှသာ တိုင်းရင်းသားတို့ရဲ့ ယုံကြည်မှုကို ရနိုင်ပါမယ်။ တိုင်းရင်းသားအဖွဲ့များက အန်အယ်ဒီနဲ့ ပူးပေါင်းဆောင်ရွက်၊ မီဒီယာများမှ ပညာပေးလှုံ့ဆော်မှု လုပ်နိုင်သမျှကို လုပ်ဆောင်ပေးရင် တလှေထဲစီး တခရီးထဲသွား စိတ်ဓာတ်နဲ့ ခရီးဆုံးပန်းတိုင်အထိ အတူတကွ သွားနိုင်ပါလိမ့်မယ်။

5 comments

  • pan pan

    August 19, 2011 at 10:11 am

    “ကိုယ့်အချင်းချင်း နောက်ကျောဒါးနဲ့မထိုးနဲ့လို့ ပြောနေတာထက် ငါတို့လည်း မင်းတို့ကို ယုံကြည်စွာနဲ့ နောက်ကျောလှည့်ပေးထားပါတယ်လို့ ဆွဲဆောင်နိုင်မှသာ”
    ဟုတ်ပါပေရဲ့ဦးကြောင်ရယ်
    ဒေါ်အောင်ဆန်းစုကြည်ကိုတော့ဖြင့် လူတော်တော်များများက ချစ်ကြပါရဲ့
    ပြည်သူတွေကြားထဲလည်း သွားတာပါပဲ
    ပုဂံဘုရားဖူးတုန်းက ပုံတွေကြည့်ရင် သိနိုင်ပါတယ်
    ဒါယုံကြည်မှုတစ်ခုပဲလို့ထင်ပါတယ်
    ဗိုလ်ချုပ်အောင်ဆန်းလိုပေ့ါ
    ဦးကြောင်ပြောတာနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူးထင်တယ်

  • Foreign Resident

    August 19, 2011 at 10:22 am

    အန်အယ်ဒီအနေနဲ့ တိုင်းရင်းသားအရေးကို ယခုထက်ပိုဂရုစိုက်၊ လက်တွေ့ စည်းရုံးရေးလုပ်ငန်းများ ဖော်ဆောင်သင့်ပါတယ်။ ပါးစပ်ကနေပြော၊ ကြေငြာချက်ထုတ်ရုံတင်မကဘဲ ကွင်းဆင်းလေ့လာ ဆောင်ရွက်မှ သူတို့ဗမာအချင်းချင်းပေါင်းသွားတော့မယ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ အထင်လွဲမှုကို ရှောင်ရှားနိုင်ပါမယ်။

    Bravo ဦး ကြောင်ကြီး 🙂

  • shwe ni

    August 19, 2011 at 2:49 pm

    posts တွေကိုစုပေးတဲ့ — ရဲ့ article ထက်အများကြီးတန်ဖိုးရှိလှပါတယ် .ကိုယ်တိုင်းရင်းသားတွေ သူများဖက်ပါ မသွားဖို့လဲ ခုချိန်မှာ အရးကြီးလှတယ် . သူများတွေက လုပ်မကောင်းလို့ တရားဝင်လုပ်ချင်နေကြတယ် ထင်တာပဲ.

  • aungnng87

    August 19, 2011 at 4:52 pm

    ဒါ ဖြစ်သင့်တာပေါ့…။

  • Thanlwinoo

    August 19, 2011 at 7:54 pm

    တိုင်းပြည်နဲ့ လူမျိုးအကျိုး အမှန်တကယ်ချစ်မြတ်နိုးတဲ့လူတွေ တစ်နေရာမှာစု၊
    အင်အားတစ်ခုတည်း ဖြစ်စေချင်ပါတယ်..။
    စားဖားတွေညီညွှတ်မှုကို ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ညီညွှတ်မှုနဲ့ အစားထိုးချင်ပါတယ်…။
    We have a dream.
    We travel together in same journey.

Leave a Reply