တစ်ရက်တော့ မိတ်ဆွေ တစ်ယောက်က ဖိတ်တာနဲ့ သူ့အိမ်မှာ ညနေစာ လိုက်စားကြတယ် နော်ဝေနိုင်ငံအကျယ်က မြန်မာရဲ့ တ၀က်ကျော်လောက် ရှိပေမဲ့ လူကျ ၁၀ ပုံ ၁ ပုံ တောင် မရှိဘူး ( ၄.၈ သန်းလောက်ရှိတာကို) လူနေထိုင်မှုက တစ်မိုင်ပတ်လည် မှာမှ ၃၁ ယောက်ပဲရှိတယ် အော်စလိုမြို့ပေါ်က လွဲလို့ အပြင်ထွက်လာရင် အိမ်ခြေတော်တော်ကျဲတယ် တော်တော်လေးသွားမှ အိမ်ခြေတစ်စု ထပ်သွားမှ တစ်စု ကျန်တာက လမ်းဘေးမှာ ကွက်လပ်ကြီးတွေ တချို့ က ဂျုံခင်း တချို့က မြက်ခင်းတွေ အကျယ်ကြီးတွေပဲ မြက်ခင်းတွေဘေးမှာ အဖြူဖြူလုံးကြီးတွေ တွေ့လို့ မေးကြည့်တော့ မြက်တွေရှည်လာရင် ရိတ်ပြီး အိတ်တွေနဲ့ အလုံးကြီးတွေလုပ်ထားတာ တိရစ္ဆာန်စာအတွက် လှောင်ထားတာပေါ့ ဆောင်းဆို ပတ်ဝန်းကျင် တစ်ခုလုံး ရေခဲတွေဖုံးနေတော့ ငတ်ပေါက်မို့ နွေကတဲက အစာစုရတာ  သူတို့ဟာက နေ့စံ ညခံ ဆိုတဲ့ ငရဲပြည်လိုများ ဖြစ်မလား မသိဘူး။

မိတ်ဆွေ ရဲ့ ရှေ့ကအိမ်

အတွင်း ရော အပြင်မှာပါ ထင်းရူးသားကို တွင်တွင်ကျယ်ကျယ် သုံးကြတယ်

အိုင်ဒီယာလေး သဘောကျလို့ရိုက်လာတာ

လုပ်အားခ ဈေးကြီးတော့ စက်ကို အသုံးများတယ် အိမ်တိုင်းမှာ ပန်ကန်ဆေးစက်တွေ ရှိတယ်

မိတ်ဆွေကို မင်းကွာ လခတွေ အများကြီးရတာပဲ နွေ ဒီမှာလုပ် ဆောင်းတွင်း ငါတို့ဆီ လာနေပါလားဆိုတော့ ငါ့အဖေ လက်ထက်က ဒါထက်ပိုဆိုးတယ် တိုင်းပြည်က ဆင်းရဲ ရာသီဥတုက ဆိုး နဲ့ အဖေဆို သူ့ပိုင်ဆိုင်မှုက အိမ်သေးသေး တစ်လုံးနဲ့ နွားလေး နှစ်ကောင်ပဲရှိတာ ၊ ငါ အခု အလုပ်နဲ့ ပတ်သက်လို့  ခရီးတွေ လျှောက်သွားနေပေမဲ့ ငါ့ဆွေ ငါ့မျိုးက ဒီမှာပဲ ရှိတယ် ဒီမှာပဲနေမယ်တဲ့ (ကိုယ်က သူ့ဆီကတောင် ပြန်သင်ရဦးမယ်) ဒီလူ မြန်မာပြည်မှာ လာနေဘို့ ငြင်းလိုက်တာ တော်တော်ကံဆိုးသွားပြီ

သူလဲ ခရီးတွေ သွားရင်းနဲ့ ကိုလံဘီယာက ကောင်မလေး ကိုသဘောကျပြီး ယူထားတယ် (ဒါမျိုးကျ အမျိုးမချစ်နိုင်တော့ဘူး ) ရှာကီရာတို့ အမျိုးတွေ ဆိုတော့ ရုပ်လေးက ချောတယ်၊  ဆိုးတာက သူ့ အင်္ဂလိပ် အသံထွက် ၀ဲတဲတဲ ကို မနဲနားထောင်ရတာ ကိုယ်ကလဲ သူ့အိမ်မှာ သွားစားတာဆိုတော့ စားကောင်း သောက်ကောင်း အရမ်းချောတယ် Miss Universe ၀င်ပြိုင်ပါလား ဘာညာတော့ ဖောပေးရတာပေါ့ ( တကယ်လဲ ချောပါတယ် ) ကိုလံဘီယာကလဲ Miss Universe ရကြတယ်  သူတို့ထက် ပိုရတာက အိမ်နီးချင်း ဗင်နီဇွဲလား သူပြောပြမှ ဗဟုသုတ တစ်ခုရတာက ဗင်နီဇွဲလား  မှာ Miss Universe ကျောင်း ဖွင့်ထားတယ် ငယ်ငယ်လေး ကတဲက အလားအလာရှိတဲ့သူကို ကျောင်းတက်ခိုင်းပြီး ကောင်းကောင်း လေ့ကျင့်ပေးတာ ဆိုပဲ အဲဒါကြောင့် ဆုအရများတာဖြစ်မယ် ရွာထဲမှာ ကျောင်းဖွင့်ပြီး ရွာသူတွေကို တက်ခိုင်းလိုက်ရင် Miss MG တွေအတွက် အခြေအနေ တော်တော်ကောင်းသွားမယ်

နော်ဝေမှာ ၂၀၀၇ နောက်ပိုင်း အိမ်တွေနဲ့ ပတ်သက်လို့ (နော်ဝေ က ထင်းရှုးထွက်တော့ အများစု အိမ်တွေက သစ်သားတွေနဲ့ ဆောက်တာ ချည်းပဲ) အိမ် နံရံက ၁ လက်မ အနည်းဆုံး ထူရမယ် နံရံနှစ်ခုကြားမှာ အင်ဆူလေတာ ပါရမယ် (ဂွမ်းစလိုဟာမျိုးတွေ-ဒါပေမဲ့ မီးရှို့ကြည့်ရင် မီးမလောင်ဘူး ထိရင်တော့ ယားတယ်) တံခါးပေါက် မှန်တွေက ၂ ထပ် ဖြစ်ရမယ် ဆိုတာမျိုးသတ်မှတ်ထားတယ် (ဆောင်းတွင်း အရမ်းအေးလို့ ကာကွယ်နိုင်အောင် ဖြစ်မယ်)

 

ဆောင်းတွင်းဆိုလို့ ….. ဆောင်းတွင်းကျရင် တချို့လူငယ်တွေက ပွဲလမ်းသဘင် ရှိရင် ညဘက် အပြင်ထွက်တတ်ကျတယ် အပြန်မှာ လမ်းလျှောက်ပြန်လာရင် ဘယ်လောက်မောမော လမ်းမှာ လုံးဝမနားနဲ့ နားရင် သေရောတဲ့  ဟ ဘာဖြစ်လို့လဲ လုပ်ပါဦးဆိုတော့ နားလိုက်တာနဲ့ ကိုယ်အပူချိန်က တဖြည်းဖြည်းကျလာမယ် အဲဒီအချိန်မှာတော့ ချမ်းမှန်းသိနေသေးတယ် ကိုယ်အပူချိန်က သိပ်ကျလာပြီး အမှတ် တစ်ခုကို ရောက်လာရင် ဥဏှောက်က ကောင်းကောင်း အလုပ် မလုပ်နိုင်တော့ဘူး အဲဒီ အချိန်မှာ လူကနေလို့အရမ်းကောင်းသလို ဖြစ်နေပြီး အိပ်ပျှော်သွားရော မနက်ကျ လူလဲ ခဲနေရောပေါ့ ၊ အဲဒါကိုသိပ်ကောင်းနေတဲ့ အချိန်မှာ တခြားလူတွေ့ပြီး အကယ်ခံလိုက်ရတဲ့သူတွေက ပြောပြတာတဲ့ ဒါက သူပြောပြတဲ့ အတိုင်းပြန်ပြောပြတာ ရွာထဲက နားလည်တဲ့သူတွေ နည်းနည်းသုံးသပ်ပေးပါဦး

 

သူတို့ဆီမှာ အစစ အရာရာ ဈေးကြီးတဲ့အတွက် ကိစ္စတော်တော်များများကို ကိုယ်တိုင်လဲ လုပ်တတ်တယ် ကိုယ်တိုင်လဲ လုပ်ကြရတယ် ဥပမာ အိမ်ဆေးသုတ်ဘို့ ဆို သူ့အိမ်အတွက် ဒေါ်လာ ၃၀၀၀ လောက် ကုန်မယ် အဲဒီတော့ သူ့အိမ်အတွက် သူကိုယ်တိုင် ဆေးသုတ်တယ် သူကိုယ်တိုင် မြက်ရိတ်တယ်  ပြင်စရာရှိတာ ကိုယ့်ဘာသာပြင်တယ် ဘာအလုပ်သမားမှ မရှိဘူး ဘာအိမ်ဖော် မှ မရှိဘူး အဲဒါကလူတိုင်းပဲ (ဒါမျိုး ကျ ကျွန်တော်တို့အမျိုးတွေက သာသွာပြန်ရော ကွမ်းယာရောင်းတဲ့ အိမ်တောင် အိမ်ဖော် နဲ့ ဗျ) ကားအောက်ပိုင်းကို ကိုယ်တိုင်ပြင်နေတာလဲ တွေ့ခဲ့တယ်

ကျွန်တော်တို့ နေတဲ့ အဆောင်မှာ မန်နေဂျာလဲသူ ၊အခန်းတွေ သန့်ရှင်းရေး လိုက်လုပ်တော့လဲ သူ၊ မနက်စားကျွေးတဲ့ နေရာ လိုတာလာလုပ်ပေးတော့လဲသူ ပဲ၊  နော်ဝေဂျိုကာတွေပေါ့

ဧည့်ကြိုကောင်တာ ရှိတဲ့ အဆောင်မှာ အတက်အဆင်းလှေခါးလုပ်ဘို့ ၊ခုံတွေလုပ်ဘို့ ကိုတော့ လက်သမားဆရာ တစ်ယောက်ကလုပ်တယ် လုပ်ရမဲ့ အလုပ်က များလို့ ဒီလူ တစ်ယောက်ထဲ ဘယ်လိုများ လုပ်မလဲ အကဲခတ်ကြည့်တော့ သူဟာနဲ့သူတော့ အလွယ်လေးပဲ ဖြတ်တော့ စက်လွှ နဲ့ ၊ ဖောက်တာ ၊၀က်အူ စုတ်တာ အားလုံးစက်နဲ့ ဆိုတော့ မြန်လဲမြန် သက်လဲသက်သာပေါ့ ကျွန်တော်တို့ဆီမှာဆို ဆရာတစ်ယောက် တပည့်နှစ်ယောက်လောက်နဲ့ လုပ်ရမဲ့လုပ်ကွက်

 

နော်ဝေ က စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးတယ် ဘုရင်ကတိုင်းပြည် အကြီးအကဲ နောက် လက်နက်ကိုင် တပ်တွေရဲ့ သေနာပတိ ၊ ၀န်ကြီးချုပ်က အစိုးရအဖွဲ့အကြီးအကဲ အခြေခံ ဥပဒေ စကျင့်သုံးတာက  ၁၇ မေ ၁၈၁၄ ၊ ပါလီမန်စနစ် ကျင့်သုံးတယ် လွှတ်တော်အမတ် က ၁၆၉ ယောက်ပဲ ရှိတယ် သက်တမ်းက (၄) နှစ်

နော်ဝေ လွှတ်တော်

နန်းတော် သွားရာ လမ်း

နော်ဝေနန်းတော်

နော်ဝေမှာ အစောပိုင်းကာလတွေက တော်တော်ကိုဆင်းရဲပါတယ် ဘာမှမထွက်ဘူး ဘာမှ မထုတ်လုပ်နိုင်ဘူး တနှစ်မှာ ၆ လလောက်က နှင်းကျပြီး ဘာမှ စိုက်ပျိုးလုပ်ကိုင်စားလို့မရတဲ့ဘ၀ ဆွီဒင်က၀င်သိမ်းလိုက် ဒိန်မတ်အောက်ကိုရောက်လိုက် နဲ့၊  ဂျာမနီရဲ့အုပ်ချုပ်မှုကိုခံရသေးတယ် နိုင်ငံရဲ့ အပြောင်းအလဲက ၁၉၆၀ ကျော်မှာ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ တွေ့တာက စပါတယ် ၁၉၇၀ ကျော်မှာတော့ စီးပွားဖြစ်ထုတ်လုပ်နိုင်ပြီး တိုင်းပြည်ရဲ့စီးပွားရေး လမ်းကြောင်းမှန်ပေါ် ရောက်သွားတယ် ထွက်ကုန်က ရေနံ၊သဘာဝဓါတ်ငွေ့ ထွက်သလို ငါး၊သစ်တော၊ သတ္တု လုပ်ငန်းကလဲ ပို့ကုန်များများတင်ပို့နိုင်တယ်

ရေအားလျှပ်စစ်လဲ ထုတ်လုပ်နိုင်သေးတယ် တနိုင်ငံလုံး လျှက်စစ်အသုံး ၁၀၀ % လုံးကို ပြည်တွင်းကထုတ်တဲ့ ရေအားလျှပ်စစ်က ပေးထားနိုင်တော့ ကျန်တာအားလုံး ပြည်ပကိုတင်ပို့ပါတယ် အခုဆို ရေနံနဲ့ဓါတ်ငွေ့ တင်ပို့မှု က ပို့ကုန် အားလုံးရဲ့ ၄၅ % GDP ရဲ့ ၂၀ % ရှိတယ် OPEC အဖွဲ့ ၀င် နိုင်ငံ မဟုတ်ပေမဲ့ ရေနံတင်ပို့မှုက ကမ္ဘာမှာ နံပတ် ၅ ၊ ဓါတ်ငွေ့ တင်ပို့မှုက အဆင့် ၃ ၊ငါးတင်ပို့နိုင်မှုက ဒုတိယ၊ လက်နက်တင်ပို့နိုင်မှုမှာ ဆဌမ

ကမ္ဘာပေါ်မှာ သဘာဝသယံဇာတ ထွက်တဲ့နိုင်ငံအများစုက ရလာတဲ့ သယံဇာတတွေကို ကိုယ်ကျိုးအတွက် လုယက်နေရတာနဲ့ ၊ အကျိုးရှိစွာ အသုံးမချနိုင်တာနဲ့၊ အထုပ်ကြီး ဖင်ခုထိုင် ကျေနပ်နေကျတာနဲ့ ၊ သယံဇာတကျိန်စာသင့်ပြီး ဆင်းရဲဒုက္ခရောက်နေကြပေမဲ့ အဲဒီထဲ နော်ဝေတော့ မပါပါဘူး ထွက်ရှိလာတဲ့ သဘာဝသယံဇာတတွေကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချရင်း တကမ္ဘာလုံးက လိုအပ်တဲ့နေရာတွေကို ကူညီလှူဒါန်းနေတဲ့ အလှူရှင်နိုင်ငံထဲမှာ နော်ဝေက တကမ္ဘာလုံးအများဆုံး လှူဒါန်းသူနိုင်ငံပါ

တိုင်းပြည်ရဲ့ GDP က ဒေါ်လာဘီလီယမ်  ၄၁၄  (မြန်မာက ၄၂  ရှေ့က ၄ ချင်း အတူတူပါပဲ) ၊ တစ်ဦးချင်း ကျတော့ ဒေါ်လာ – ၈၄၄၄၃ (မြန်မာ က ၇၀၂ ၊  သိပ်မကွာပါဘူး နဲနဲပါ)

 

တိုင်းပြည်က ချမ်းသာပြီး လူနေမှု အဆင့်အတန်း အမြင့်ဆုံး နိုင်ငံဖြစ်သလို လူနေမှု စရိတ်ကလဲ မြင့်ပါတယ် အမေရိကထက် ၃၀ %  ဗြိတိန်ထက် ၅၀% ပိုပါတယ် ဆိုးတာတွေ  ရှိသလို ကောင်းတာတွေလဲ ရှိပါတယ် ပညာရေး ကျန်းမာရေး အခမဲ့ပါ ပညာရေးဆို တက္ကသိုလ် မှာ တနှစ်လုံး လိုချင်တဲ့ စာအုပ်နဲနဲပါးပါး ၀ယ်လို့ ဒေါ်လာ ၂၀၀/၃၀၀ ကုန်မယ် ဒါပဲတဲ့  အလုပ်လက်မဲ့ နှုန်းက ၃.၁ % ပဲရှိတယ် ကမ္ဘာမှာ တစ်နာရီ လုပ်အားခ အမြင့်ဆုံးနိုင်ငံ ၊အနိမ့်ဆုံး လခနဲ့ အမြင့်ဆုံးလခ ကြားက ကွာဟမှုအနည်းဆုံးနိုင်ငံလို့လဲ စံချိန်တင်တယ် ၂၀၀၉ စက်တင်ဘာတုန်းက ၀န်ထမ်းတစ်ဦးရဲ့ ပျမ်းမျှ လစာက ၆၀၇၉ ဒေါ်လာ( ၃၅၂၀၀ ကရိုနာ) တဲ့ အားကျစရာကြီးနော် ။   အခွန်ကောက်တာတော့ မြင့်တယ် အနိမ့်ဆုံး ၂၅% ကနေ ၄၈% ထိကောက်တယ် ဒါကြောင့်လဲ များများရပေမဲ့ များများမစုနိုင်တာ ဖြစ်မယ် အစိုးရက အားလုံးတာဝန်ယူထားတော့ ပူစရာတော့ မလိုပါဘူး

တချို့က နော်ဝေကို ဥရောပတိုက်ရဲ့ တောသူဌေးနိုင်ငံလို့ ခေါ်ကြတယ် ဘယ်လိုရည်ရွယ်ချက်နဲ့ ခေါ်တယ်ဆိုတာ မသိပေမဲ့ ကျွန်တော့် မျက်စေ့ထဲတော့ အညာက ကိုင်းလုပ်တဲ့ ကြီးတော်တို့ ကို သွားမြင်တယ် ရာသီချိန်ဆို နွားနဲ့ယှဉ်ပြီး ရုန်းကန်ရ စိုက်ပျိုးရ ငွေပေါ်တဲ့ အချိန်ကျ ရွှေလေး ၀ယ်လိုက်ကြနဲ့  ဘယ်လောက်ချမ်းသာပြီလဲ မသိပေမဲ့ သူတို့ကို ကြည့်လိုက်ရင် နေလောင်လို့ အသားကမဲ အိမ်မှာ ရေခဲသေတ္တာမရှိ မီးမရှိနဲ့ စားတော့ ထမင်းကြမ်းရယ် ကျွန်တော်က “ဒေါ်ကြီးတင်ပိုင် တို့က တော်တော်ချမ်းသာနေပြီ တောသူဌေးတွေပဲ ” လို့နောက်ရင် “ ဖင်ထဲ ရွှံ့တစ်ပိသာလောက် ၀င်အောင်လုပ်မှ နဲနဲစုမိတာပါကွာ ” တဲ့  ဟော ရန်ကုန်သူတချို့ ကြတော့ ဘာလုပ်လို့ ဘယ်လောက်ဝင်ငွေ ရှိတယ် မသိပေမဲ့ (အိမ်မှာ စားစရာ ရှိချင်မှ ရှိမယ်) ၀ယ်လိုက်ချမ်းလိုက်ကြ (အကြွေး ဖြစ်ချင်ဖြစ်မှာပေါ့) ကြော့ကြော့လေး ၀တ်စားပြီး သွားလာလိုက်ကြနဲ့  ကျွန်တော့် အထင် ပြောရရင် နော်ဝေက ကျွန်တော့်ကြီးတော်တို့နဲ့ တူပြီး သူကြီးတို့အရပ်ကတော့ ရန်ကုန်သူလို့ မြင်မိတာပဲ ဒါကျွန်တော် တစ်ယောက်ထဲ အမြင်နော် မှန် မမှန်တော့ မသိဘူး

 

သူတို့တွေကပဲ ကိုယ့်ထက်သာနေတော့ မြန်မာက သူတို့ထက် သာ တာတွေ ပြောချင်သေးတယ် သူတို့က မြေအကျယ် ၁၄၈၇၄၆ စတုရန်းမိုင် ပဲရှိပေမဲ့ မြန်မာက  ၂၆၁၂၂၇ စတုရန်းမိုင်၊ သူတို့ လူဦးရေ က ၅ သန်းလောက်ပဲရှိပေမဲ့ မြန်မာက သန်း ၆၀ ရှိတယ် သူတို့မှာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးဌာန ၂၀ ပဲ ရှိတယ် ကျွန်တော်တို့ဆီမှာ ၀န်ကြီးဌာန ၃၄ ခုကြီးများတောင် ရှိတယ်  (သူတို့တွေ ကျွန်တော် တို့လို ၀န်ကြီး များများနဲ့သာ တိုင်းပြည်ကို တကယ်ချစ်ပြီး ကြိုးစားလိုက်ရင် အခုထက်ပိုတိုးတက်မှာ  ..)သူတို့ရဲ့ ၀န်ကြီးဌာနတွေထဲက Children ,Equality and Social Inclusion ၀န်ကြီးဌာန ဆိုတာလေး ပါတယ်  ကျွန်တော်တို့ ဆီမှာရော ထားရင် မကောင်းဘူးလား ၊

သူတို့ကို ကိုယ်က စိတ်ဝင်စားသလို သူတို့လဲ ကိုယ်ဆီက ပြန်ယူထားတာတွေ ရှိပါတယ်

ကျွန်တော်တို့ဆီမှာ အမှတ်(၁)(၂) စက်မှုဝန်ကြီးဌာနရှိတယ်၊ လျှပ်စစ်စွမ်းအား(၁/၂) ဆိုတာရှိတယ် သူတို့က ရှက်လို့ထင်ရဲ့ တဲ့တော့မယူဘူး Education တဲ့ နောက်တစ်ခုက  Research and Higher Education တဲ့ (နောက်သက်တမ်း ကျ ဒီမှာ ပညာရေး ၁/၂ ပေါ်လာရင် ကျွန်တော့်ကြောင့် မဟုတ်ဘူးနော်) ၊ ပညာရေး အကြောင်း ပြောရရင် နော်ဝေ လူဦးရေ ၅ သန်းလောက်ပေမဲ့ တက္ကသိုလ်က ရ ခု ၊ အထူးပြု ကောလိပ်က ၅ခု နဲ့ ပုဂလိက တက္ကသိုလ်ကောလိပ်က ၂၅ ခုရှိတယ် ၊ စာသင်နှစ်က ရိုးရိုးဘွဲ့အတွက် ၃ နှစ်၊ အထူးတန်း ၂ နှစ်၊ ပါရဂူအတွက် ၃ နှစ် သတ်မှတ်ထားတယ် semester နှစ်ခုရှိတယ် သြဂုတ် ကနေ ဒီဇင်ဘာ တစ်ခု၊ဇန်န၀ါရီကနေ ဇွန်ကတစ်ခု၊ တကယ့် အခမဲ့၊တကယ်သင်၊ တကယ်တတ် တဲ့ပညာရေးစနစ်လို့ မြင်တာပဲ ၊ သူတို့ရဲ့ ရုံးသုံး ဘာသာစကားက နော်ဝေစကားဖြစ်ပေမဲ့ အများစုက အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ကြတယ်

နော်ဝေ တက္ကသိုလ်

နောက် စိတ်ဝင်စားဘို့ကောင်းတာ တစ်ခုက Human Development Index ဆိုတဲ့ HDI ပဲ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း လို့ ပြောရမယ်ထင်တယ် အဲဒီညွှန်းကိန်းကို ပညာရေး၊စာတတ်မြောက်မှု၊လူ့သက်တမ်း၊စီးပွားရေးမှုဝါဒ ဆိုတာတွေနဲ့ တိုင်းတာတယ် ညွှန်းကိန်း မှာ very heigh,heigh,low, medium ဆိုတဲ့ အဆင့်တွေ ရှိတယ်  နော်ဝေက ၀.၉၃၈ (very heigh) ရတယ် (၂၀၀၁ ကနေ ၂၀၀၆ ထိ ခြောက်နှစ်ဆက်တိုက် ပထမ ၊ ၂၀၀၉-၂၀၁၀ ပထမ) မြန်မာက ၀.၄၅၁ မို့ (low) တဲ့ဗျာ တကယ်ဆို သိပ်ကွာတာလဲ မဟုတ်ဘူး ၁ တောင်မှ မပြည့်တဲ့ ဟာကို ခွဲခြား ခွဲခြား လုပ်လွန်းတယ် (သူကြီး UNDP က လူကြီးတွေကို ပြောပြပေးပါဦး ) မျက်စေ့ထဲမြင်အောင် ပုံလေးတွေပါထည့်ပေးလိုက်ပါတယ်

 

credit: widipedia

နော်ဝေက UN တို့ NATO တို့ မှာ အဖွဲ့ဝင်၊ ရိုးရိုး အဖွဲ့ဝင်တော့ မဟုတ်ဘူး တည်ထောင်သူ အဖွဲ့ဝင် ကျွန်တော်တို့ရဲ့ AFTA  လို EFTA မှာလည်း တည်ထောင်သူပဲ နောက် လှူတာ တန်းတာမှာ အရက်ရောဆုံးနိုင်ငံ ၊ ကုလတပ်မှာလဲ ပါတယ် အခု လက်ရှိ အာဖဂန်ကိုလဲ တပ်တွေ လွှတ်ထား တယ်  အဲဒီလို လွှတ်ထားပေမဲ့ သူတို့ စစ်တပ်က အရပ်သား ၀န်ထမ်းတွေ အပါမှ ၂၃၀၀၀ ပဲရှိတယ်

 

နော်ဝေရဲ့ လူဦးရေ က  ၅ သန်းလောက်ပဲ ရှိတယ် (ရန်ကုန် ထက်တောင် နဲဦးမယ်) မြို့တော်အော်စလိုက ၆ သိန်း ၊ ဒုတိယအကြီးဆုံး ဖြစ်တဲ့ ဘာဂန်(Bergan) မှ ၂.၅ သိန်းပဲရှိတယ် ၊အဲဒါကြောင့်လဲ ရွှေ့ပြောင်း နေထိုင် သူ တွေကို လက်ခံခဲ့တာ နှစ်အလိုက် တိုးနှုန်းမြန်လာတယ် ၂၀၀၇ တုန်းက ၆၁၂၀၀ ရှိတယ် (အဲဒီအရေအတွက်က ၂၀၀၆ ထက် ၃၅% ပိုတယ်) အဲဒီကနေတိုးလာလိုက်တာ ၂၀၁၀ မှာ အသစ်ဝင်လာတဲ့သူရော အရင်ရောက်နေတဲ့သူတွေက မွေးတာရော အားလုံးပေါင်း  ( ၅၅၂၃၁၃ ) ရှိလာတယ် ဒါကနော်ဝေ တပြည်လုံးရဲ့ ၁၁.၄% ရှိတယ် ပြောင်းရွှေ့ နေထိုင်သူ ၅ သိန်းကျော်မှာ ၂ သိန်းကျော်က အမေရိက တို့ ကနေဒါတို့လို အနောက်နိုင်ငံတွေက (အန်ကယ်ဆမ်တို့လဲ သူများအိမ် လိုက်နေတာပါပဲ) ကျန် ၂ သိန်းက နိုင်ငံစုံ ၊ အာရှက ၀င်တဲ့သူထဲမှာတော့ ပါကစ္စတန် နဲ့ ဗီယက်နမ် အများဆုံးပဲ ၊ရွှေ့ပြောင်းနေထိုင်တဲ့လူတွေ ၂၀၁၁ မှာ ၈ သိန်း ၈ သောင်း ကျော်မယ်လို့ ခန့်မှန်းထားကြတယ်

ပြီးခဲ့တဲ့ လက ဘာသာရေး၊လူမျိုးရေး ကို အကြောင်းပြပြီး အစွန်းရောက် နော်ဝေး တစ်ယောက်ရဲ့ ဗုံးခွဲမှု၊ပစ်ခတ်မှုတွေကြောင့် လူအသေအပျောက် များခဲ့တယ် တကယ်က တိုင်းပြည်မှာ အများစုက ခရစ်ယာန်၊ ကျန်တာက မူဆလင် ၂.၄% နဲ့ ဗုဒ်ဓဘာသာ က (. ၂ %) ပဲရှိတယ် ၊ဘာသာမရှိတဲ့လူလဲနဲနဲတော့ရှိတာပေါ့ ။

မြို့ထဲကို နောက်တစ်ခေါက် အလည်သက်သက် ထပ်သွားတယ် အရင်ဆုံး opera house ကိုသွားကြတယ် ၊ဘူတာကြီးကိုပဲ ထုံးစံအတိုင်းသွားရတယ် နော်ဝေမှာ အပေါ့သွားရင် ၀င်ကြေး ၁၀ ကရိုနာ ပေးရတယ် (အလကားမရ) ဘူတာထဲမှာ သွားချင်စိတ်ပေါ်လာတော့ အိမ်သာကိုပြေးရတယ် ဟိုရောက်တော့ ကရိုနာကမရှိဘူး ဒါပဲရှိတယ်ဆိုပြီး ဒေါ်လာပေးတော့ မယူတော့ပဲ ၀င်ပါကွာ ဆိုတာနဲ့ အလကားတစ်ခါ ၀င်လိုက်ရတယ်

အော်စလို ဘူတာကြီး

ဘူတာထဲမှာ

ဘူတာက ထွက်လိုက်တာနဲ့ ကွက်လပ်လေးကို ကျော်လိုက်ရင် opera house ကို သွားလို့ရတဲ့ တံတားထိပ်ရောက်ပြီး အဲဒီအတိုင်း လိုက် အောက်ကိုဆင်း ဟိုဘက်လမ်းကိုကူးလိုက်တာနဲ့ ရောက်ပြီ၊  တကယ်ကိုလက်ရာမြောက်တဲ့ အဆောက်အဦကြီးပါ အနုပညာလဲမြောက်တယ် ခန့်ငြားမှုလဲရှိတယ် အဆောက်အဦ ထဲဝင်ရင် ကပွဲခန်းမ အဆောက်အဦအမိုးပေါ်ကိုတက်လို့ရတယ်၊ ရှုခင်းကြည့်လို့ရတယ် အဆောက်အဦထဲမှာ အခန်း ပေါင်း ၁၁၀၀ ရှိတယ်၊ အကျယ်အ၀န်းက ၄၁၄၀၀၀ စတုရန်းပေ၊ ထိုင်ခုံ ၁၃၆၄ ရှိတယ် (အမှန်အတိုင်း ၀န်ခံရရင် ရန်ကုန် က အမျိုးသားကဇာတ်ရုံမှာ ထိုင်ခုံဘယ်လောက်ရှိလဲ မသိဘူး ) အဆောက်အဦကို ၂၀၀၃ မှာ စဆောက်တာ ၂၀၀ရ မှာ ပြီးတယ် တရားဝင်ဖွင့်တာတော့ ၂၁.၄.၂၀၀၈ ရက်နေ့……

 

တစ်ခုလုံး မြင်ရတဲ့ မြင်ကွင်းမို့ wikipedia က ပုံကို ယူတင်ပေးပါတယ်

ကပွဲခန်းမထဲ အ၀င်ပေါက်

အောက်ခြေကနေ ဒီလို မြင်ရတယ်

ခေါင်မိုးပေါ်က လှမ်းမြင်ရတဲ့ ဖန်ရွက်လှေ

 

အပေါ်က မြင်ရတာ

ဒီသင်္ဘောကြီးနဲ့ ရွာသားတွေ အားလုံးတင်ပြီး ကမ္ဘာပတ်ချင်တယ်

လေ့လာရေ လာတဲ့ ကျောင်းသားလေးတွေ လူဝင်ထားတဲ့ အရုပ်ရှေ့မှာ

Sight Seening ကားပေါ်မှာ

opera house ကထွက်လာတော့ မြို့ပတ်ကြည့်တဲ့ နှစ်ထပ်ကား ဘေးဖွင့်ကြီးနဲ့ မြို့ကိုပတ်တယ် လက်မှတ်ဖြတ်ကတဲက နားကြပ်လေးတွေဝေတယ် ကိုယ်ထိုင်တဲ့ ထိုင်ခုံဘေးမှာ နားကြပ်ပေါက်ကိုထိုး ကြိုက်တဲ့ဘာသာစကားကိုရွေးတာနဲ့ ကားပတ်တဲ့လမ်းကြောင်းတစ်လျှောက် နေရာတွေအကြောင်းကိုရှင်းပြတယ် ရုပ်ရှင်တွေထဲမှာ မြင်ခဲ့ဘူးတဲ့  ဥရောတိုက်စတိုင် အဆောက်အဦကြီးတွေ ခေတ်မှီအဆောက်အဦကြီးတွေ စည်းကမ်းရှိတဲ့လူတွေနဲ့ သန့်ရှင်းသပ်ယပ် လှပတဲ့မြို့လေးပါ ရန်ကုန်မှာတုန်းက ဂျာနယ်တွေမှာ ဖတ်ရတယ် ရန်ကုန်မြို့က လမ်းတွေကျဉ်းတယ် ချဲ့ဘို့လိုတယ်တဲ့ သတိထားမိတာက အော်စလိုလဲလမ်းကျဉ်းတယ် စင်ကာပူလဲကျဉ်းတယ် (တချိုးလမ်းတွေက ရန်ကုန်ထက်ကို ကျဉ်းတာပါ ) ဒါပေမဲ့ အားလုံး အဆင်ပြေပြေသွားလာနိုင်ကြတယ် အဓိကကတော့ လမ်းတွေကကောင်းတယ် ကားတွေကကောင်းတယ် (ကားကြီးတွေတောင် ပါဝါစတီယာရင်နဲ့ အသာလေးကွေ့ အသာလေးရှောင်ပဲ) မောင်းတဲ့သူတွေကျွမ်းကျင်တယ် မောင်းတဲ့သူ လမ်းဘေးလျှောက်တဲ့သူ အားလုံးစည်းကမ်းရှိတယ် ကျွန်တော်တို့ကိုမြို့ပတ်ပြတဲ့ကားမောင်းတဲ့သူက အမျိုးသမီး နောက် ယာဉ်ထိန်းရဲတစ်ယောက်မှ မတွေ့ခဲ့ဘူး ……….

ကြိုးတန်းမှာ စောက်ထိုးဆင်းနေတဲ့ အရုပ်လေးတွေ

အမေရိကန်သံရုံး (ရန်ကုန်မှာတော့ ခြံစည်းရိုးအထပ်ထပ်နဲ့..)

 

လမ်းဘေးတွေမှာ သစ်ပင်လေးတွေ ပန်းခြံလေးတွေ သပ်သပ်ယပ်ယပ်လေးတွေ လုပ်ပေးထားတယ်

မြို့ပတ်ရင်းနဲ့ မြို့တော်ခန်းမကိုလဲ တွေ့ခဲ့ရတယ် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးတဲ့ နေရာပေါ့  နိုင်ငံတိုင်းက နိုဘယ်ငြိမ်းချမ်းရေးဆု မရပေမဲ့ ကျွန်တော်တို့နိုင်ငံက နိုင်ငံသားတစ်ဦး ရခဲ့တဲ့အတွက်တော့ ဂုဏ်ယူစရာပါ (အမေစု ကိုယ်တိုင် ဒီခန်းမထဲရောက်ဘို့ ကာလ သိပ်မဝေးတော့ဘူးလို့ ထင်ပါတယ်) ခန်းမကြီးကို ၁၉၃၁ စဆောက်တာ ၁၉၅၀ မှာပြီးတယ် အမြင့် ၂၁၇ ပေ ရှိတယ် နိုဘယ်သေတဲ့ နှစ်ပတ်လည် ဒီဇင်ဘာ ၁၀ ဆိုတာ နဲ့ နှစ်စဉ် ဆုချီးမြှင့်တယ် အဲဒီ အခမ်းအနားကို တော်ဝင်မိသားစုတွေရော ၀န်ကြီးချုပ်တွေရော တက်ကြတယ် …..

မြို့တော်ခန်းမ

ကျန်တဲ့ ဗိုက်ကင်းပြတိုက်တို့ နှင်းလျှောစီးတဲ့နေရာတို့ လေယာဉ်ပြတိုက် တို့ကတော့ နောက်ပို့စ်မှပေါ့နော် ၊ အခန်းတွေ ခွဲရတာတော့ အားနာပါတယ် တစ်ခုတစ်ခု ဓါတ်ပုံတွေ တင်ရတာ နာရီနဲ့ချီ ကြာလို့ပါ ထမင်းစားဘို့ အလုပ်က ခိုင်းနေတာ တဖက်နဲ့ မို့ သည်းခံပေးပါနော

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ