အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်

klnMay 11, 20101min562

အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်မိုက် ကယ်ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် နှစ်ရက်ကြာလာရောက်သွားခဲ့သည်။ မစ္စတာကာ့တ်ကမ်းဘဲလ်သည် မေ၉ရက်တွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်း ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဦးသောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိမ်းစိုး၊ အလုပ်သမားဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ကြည်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သော တာဝန်ရှိသူများနှင့် အသီးသီးတွေ့ဆုံ ဆွေးနွေးခဲ့သည်။ မေ ၁ဝရက်တွင် မစ္စတာကာ့တ်ကမ်းဘဲလ်သည် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးယာယီတာဝန်ခံ၏ နေအိမ်တွင် NLD ပါတီဟောင်းမှ ပုဂ္ဂိုလ်အချို့နှင့်လည်းကောင်း၊ တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ မွန်းလွဲ ၁နာရီ၄၅မိနစ်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ ညနေပိုင်းတွင် သံရုံးယာယီတာဝန်ခံ၏ နေအိမ်၌ပင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် အသီးသီးတွေ့ဆုံခဲ့သည်။ ယင်းနေ့ညရနာရီတွင် ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ အမေရိကန်စင်တာ၌ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းမှ နိုင်ငံခြားသတင်းထောက်များ၊ ပြည်တွင်းစာနယ်ဇင်းများမှ စာတည်းများနှင့်တွေ့ဆုံကာ သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက်မစ္စတာကာ့တ် မိုက်ကယ်ကမ်းဘဲလ် သည် ညပိုင်းတွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့သည်။ မစ္စတာကာ့တ်ကမ်းဘဲလ်သည် ပြီးခဲ့သည့်နှစ် နို်ဝင်ဘာ ၃ရက်နှင့် ၄ရက်နေ့များက မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်တွင် ၄ရက်နေ့၌ ထိုစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်( ယခု ဦးသိန်းစိန်) နှင့် တွေ့ဆုံရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယ ရှေ့နေချုပ်၊ အစိုးရအဖွဲ့ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် နိုဝင်ဘာ ၄ရက်တွင် ဒူးဆစ်အင်းလျားလိတ်ဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီကြာတွေ့ဆုံခဲ့ကြောင်း သိရသည်။

2 comments

  • susunosuki

    May 12, 2010 at 7:06 am

    မြန်မြန်ပဲညှိုနှိုင်းကြပြီး
    အောင်အောင်မြင်မြင်ပြီးဆုံးကြပြီး
    မြန်မြန် စီးပွားရေးတွေပွင့်ပြီး
    မြန်မြန် တိုင်းပြည်တိုးတက်ပြီး

  • susunosuki

    May 12, 2010 at 7:13 am

    မြန်မြန်ပဲညှိုနှိုင်းကြပြီး
    အောင်အောင်မြင်မြင်ပြီးဆုံးကြပြီး
    မြန်မြန် စီးပွားရေးတွေပွင့်ပြီး
    မြန်မြန် တိုင်းပြည်တိုးတက်ပြီး
    မြန်မြန်ပဲ မီးမှန်မှန်လာပါစေ

Leave a Reply