မင်းလက်ခံမှာလား

breezeMay 11, 20101min773

forward mail ကရတာလေးပါ။သူငယ်ချင်းတို့အတွက်မျှဝေပါရစေ။ပိုင်ရှင်သူငယ်ချင်းလည်းစိတ်မဆိုးလောက်ပါဘူး။

တစ်ခါတုန်းက ကိုယ့်ကိုယ်ကို မုန်းတီး စိတ်ပျက်အားငယ်နေတဲ့ မျက်စိမမြင်ရှာသူ မိန်းခလေးတစ်ယောက်ရှိပါတယ်…. သူမဟာ မမြင်နိုင်တဲ့ လောကကြီး အတွက် အရာရာ အားလုံးကို မုန်းတီးရင်း အလိုမကျ စိတ်တွေနဲ့ အမြဲတမ်း ပူလောင်နေတတ်ပါတယ်.. ကောင်မလေးရဲ့ ချစ်သူ ကောင်လေးကတော့ ကောင်မလေးဘေးမှာ လိုအပ်တာ လုပ်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေတတ်ပါတယ်.. ချစ်သူ ကောင်လေးကိုတော့ မိန်းခလေးက အားလဲကိုး ချစ်ခင်မြတ်နိုးစိတ်လဲ ရှိပါတယ်.. သူမ မမုန်းတဲ့ အရာဆိုလို့ လောကကြီးမှာ သူ့ချစ်သူ ကောင်လေး တစ်ယောက်သာ ရှိပါတယ်.. ကောင်မလေးက ကောင်လေးကို ပြောနေကျ စကားတစ်ခွန်းက ငါသာ လောကကြီးကို မြင်ရပြီဆိုတဲ့ တစ်နေ့ မင်းကို ငါလက်ထပ်မယ် ဆိုတာဘဲ ဖြစ်ပါတယ်..

တစ်နေ့မှာတော့ ကောင်မလေးအတွက် မျက်စိတစ်စုံလုံး လှူမဲ့ အလှူရှင် ပေါ်ပေါက်လာပါတယ်… အဲဒီအလှူရှင်ရဲ့ မျက်လုံးကို ကောင်မလေး မျက်အိမ်ထဲ ခွဲစိတ်ကုသမှုနဲ့ ထည့်သွင်းပြီးနောက် ပတ်တီးဖြေလိုက်တဲ့ အခါမှာတော့ သူမ အရာရာ အားလုံးကို မြင်တွေ့နိုင်ပါပြီ.. သူမရဲ့ ချစ်သူ ကောင်လေးကိုပါ ဘေးမှာ တွေ့မြင်နေရပါတယ်.. သို့သော်လည်း ကောင်လေးဟာ မျက်စိမမြင် တဲ့သူ ဖြစ်နေတာကို တွေ့လိုက် ရပါတယ်…. သူချစ်တဲ့ကောင်လေးဟာ မျက်စိမမြင်တဲ့သူတစ်ယောက်ဖြစ်ေ

နလိမ့်မယ်လို့ သူမ လုံးဝကို မထင်မှတ်ခဲ့ပါဘူး.. ကောင်လေးက ကောင်မလေးကို “နင်အခု မျက်စိမြင်ပြီ ဖြစ်လို့ ငါ့ကို လက် ထပ်နိုင်ပြီလား ” လို့ မေးတဲ့အခါ ကောင်မလေးက “မျက်စိမမြင်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ် တစ်သက်လုံး အတွက် အားကိုးဖို့ ဖြစ်နိုင်မလဲ လက်မထပ်နိုင်ပါဘူး” လို့ ပြန်ပြောလိုက်ပါတော့တယ်..

ကောင်လေးက မျက်ရည်စတွေနဲ့ ကောင်မလေးအပါးက ထွက်ခွာသွားပါတယ်.. ကောင်မလေးအတွက် ချန်ရစ်ခဲ့တဲ့ စာထဲမှာတော့

အချစ်ရေ…..မင်းရဲ့မျက်လုံးတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်လိုက်ပါကွယ်.. အဲဒီမျက်လုံးတွေဟာ တစ်ချိန်က ငါ့ရဲ့ မျက်လုံးတွေပါ.. ခုတော့ မင်းနဲ့အတူထားရစ်ခဲ့ပါပြီ..

——————————————————————————————————-

Story လေးထဲမှ သင်ခန်းစာသည် လူတွေ၏ စိတ်အနေအထားသည် ဘဝအခြေနေ အနိမ့်အမြင့်ပေါ်တွင် မူတည်၍ ပြောင်းလဲ တတ်ကြ သည်ကို ဖော်ပြထားခြင်း ဖြစ်သည်။ အချို့သော သူများသည် ဘဝအခြေအနေ နိမ့်ပါးနေချိန်တွင် ကိုယ်ချင်းစာ ကူညီတတ်သူများ ဖြစ်ကြ သော်လည်း မြင့်မားလာသော ဘဝအနေအထားတွင် ကိုယ်ချင်းစာ နားလည်စိတ်များ လျှော့ပါး သွားတတ်ကြသည်။ မည်သည့် အခြေအနေတွင် မဆို တူညီသောစိတ်ထားမျိုး ထားနိုင်သူ နည်းပါးလှပါသည်။ မိမိ ဘဝ တိုးတက် မြင့်မားလာချိန်တွင် မိမိထက် နိမ့်ပါးသူများကို ပိုမို ညှာတာ ကိုယ်ချင်းစာသင့်လှပါသည်။ ဘယ်အခြေအနေမျိုးမဆို ရောက်ရှိနေစေကာမူ ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်သူများသည် လောကဓံကို ကြံ့ကြံ့ ခံနိုင်သူများလည်း ဖြစ်ကြလေသည်။ ဘဝဆိုသည်မှာ အမြဲတမ်း တသမတ်တည်း ရှိနေတတ်သော အရာမဟုတ်ပါ. နိမ့်မြှင့်တက်ကျ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ မိမိဘဝထက် နိမ့်ပါးသော သူများ လောကကြီးတွင် အများအပြားရှိနေသည်ကို မေမေ့လျှော့သင့်ပါ..

သင့်ပါးစပ်မှ ဒေါသစိတ်ကြောင့် ကြမ်းတမ်း ခက်ထန်သော စကားများ မထွက်မှီ သတိရသင့်သည်မှာ သင်ကဲ့သို့ စကားပင်ပြောနိုင်စွမ်း မရှိသော သူများ ရှိနေပါသေးသည်။

သင်စားနေသော အစားအသောက်သည် အလွန်အမင်းညံ့ဖျင်းလွန်းသည်ဟု ထင်နေချိန်တွင် ကမ္ဘာကြီးတစ်နေရာတွင် စားစရာမရှိ၊ သောက်စရာမဲ့ ငတ်ပြတ် ဆင်းရဲခြင်းကို ခံနေရသောသူများကို သတိရသင့်ပါသည်။

သင်၏ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချစ်သူရည်းစား၊ အပေါင်းအသင်းတို့အား အပြစ် မြင်နေချိန်တွင် ပေါင်းသင်းစရာ၊ မှီခိုအားထားရာ ကင်းမဲ့စွာ လမ်းပေါ်တွင် တောင်းရမ်းနေရသော လူများ ရှိနေသေးသည်ကို သတိရသင့်ပါသည်။

မိမိသည် ကိုယ်ပိုင်ကား မောင်းရင်း မီးပွိုင့်မိနေချိန်တွင် သော်လည်းကောင်း၊ ဓာတ်ဆီဆိုင်တွင် တန်းစီရ၍ စိတ်မရှည်နိုင် ဖြစ်နေချိန်တွင်များတွင် ကိုယ်ပိုင်ကားပင်မရှိ၊ ကားငှားစီးဖို့ပင် မတတ်နိုင်ဘဲ ဘတ်စ်ကား စီးနေရသူများ၊ လမ်းလျှောက်နေရသူများ ရှိနေသေးသည်ကို သတိရသင့် ပါသည်။

မိမိ၏ အလုပ်တွင် အဆင်မပြေမှုများ၊ စိတ်ညစ်စရာများ တွေ့ကြုံ၍ အလုပ်ထွက်လိုသည့် ဆန္ဒ ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာပေါ်တွင် အလုပ်မရှိ၍ ဒုက္ခရောက်နေသောလူ များစွာ ရှိနေပါသေးသည်။

သင့်ဘဝကို ဆိုးဝါးလွန်းပါသည်ဟု စိတ်ပျက်နေချိန်တွင် လူ့လောကကြီးမှ စောစီးစွာ ထွက်ခွာ သွားရသူများ ရှိနေသည်ကို သတိရသင့်သည်။

ထို့ကြောင့် မျက်နှာပေါ်တွင် အပြုံးလေးတစ်ချက်ကို ဆင်မြန်းလိုက်ပြီး ယခုအချိန်ထိ အသက်ရှင်လျှက် ရှိနေသေးသော ကျွန်မတို့ဘဝကြီးရဲ့ ကံကောင်းမှု အကြောင်းကို ဝမ်းမြောက်စွာ စဉ်းစားလိုက် ကြပါစို့လားရှင်……….

3 comments

  • susunosuki

    May 11, 2010 at 3:13 pm

    ကျွန်တော်တို့ညစာ စားပြီးအိပ်ရာဝင်ချိန်မှာ စာလောင်မှုနဲ့ အိပ်ရာဝင်ရတဲ့သန်းပေါင်းများစွာသောလူတွေရှိနေတုန်းပါ

  • kyawgyi

    May 12, 2010 at 2:44 am

    ရောင်ရဲ တင်းတိမ်မှု က နေရာ တိုင်းမှာ မထားသင့်ဘူးထင်ပါတယ်…ကိုယ် ထက် နိမ် ့ပါး မှုတွေ က စိဖြေရုံသက်သက်ပါ။။
    ယနေ. အောင်မြင်တိုးတက်နေတဲ့လူတွေအားလုံးဟာ ရင်လောက်မှန်းမှ ဒူးလောက် ဆိုတဲ့ စကားပုံလို အမြင်ကို မှန်းဆရင်းကြိုးစားလာကြလိုပါ ….ကိုယ်ချင်းစာတရားဟာ လူတိုင်းမှာ ရှိသင်.ပါတယ် …တဦးနဲ.တဥိး ကိုယ်ချင်းစာ တရားတွေ ကြင်နာဖေးမမှုတွေ ၊ရှိနေရင် ကမာ္ဘကြီး ဟာ ပိုမို ငြိမ်းချမ်းလှပလာမှာပါ….
    ………………ကမာ္ဘကြီးငြိမ်းချမ်းသာယာလှပဖို. ..ကိုယ်ချင်းစာတရားထားကြစို………………………………..

  • etone

    May 12, 2010 at 4:39 am

    အခုနောက်ပိုင်းစေတနာနဲ့ မတန်တဲ့ လူတွေပိုပြီးများလာပါပြီ ။ ကိုယ်ကသာ စိတ်ရင်းမှန်နဲ့ အနစ်နာခံပြီး ကိုယ်တတ်စွမ်းသမျှ အင်တိုက်အားတိုက်အလုပ်လုပ်ပေးပေမဲ့ အလုပ်ရှင်တွေဘက်က တုံ့ပြန်မှုကတော့ တလွဲစီပါပဲ ။ ဒါကြောင့်ပုံပြင်ထဲက ကောင်လေးလောက်သဘောကောင်းဖို့မလိုအပ်ဘူးလေ။

Leave a Reply