ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၆)

asiamastersAugust 22, 20111min1587

ကျွန်တော် ဂဠုန်ဦးစောအိမ်ကိုရောက်ခဲ့တဲ့အချိန်ဟာ ညနေဆည်းဆာအချိန်လေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေအိမ်ထဲကို ဝင်သွားချိန်မှာ ကျွန်တော်ဟာ တစ်ယောက်ထဲ လျှောက်ကြည့်နေမိပါတယ်။ အင်းယားကန် ရေစပ်စပ်ဟာ လေအဝှေ့မှာ တဖြတ်ဖြတ်ရိုက်ခတ်နေပါတယ်။ အလင်းရောင်နဲသော်လည်း ရေဟာကြည်လင်နေတယ်ဆိုတာခံစားရပါတယ်။ ငါးမျှားရရင်ကောင်းမှာပဲလို့ စိတ်ထဲကပေါ်ပေါက်ဖူးပါတယ်။ ဒီအင်းယားကန်ကြီးရဲ့ ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်ရင်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ နိုင်ငံရေးလောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အမြင်သစ်များ၊ ကြိုးပမ်းအားထုတ်မှုများ၊ ဥစ္စာဓနပိုင်ဆိုင်မှုများ၊ နာကြည်းချက်များ၊ ကလဲ့စားများကို တစ်စိမ့်စိမ့်တွေးပြီး ကျောချမ်းလာမိခဲ့ပါတယ်။ အင်းလျှား ကန်ကြီး မှာတော့ ပြောစရာတွေအများကြီးရှိနေခဲ့မှာပါ။

ဗိုလ်တထောင် ကုန်လှောင်ရုံ (Depot) ကထုတ်လာတဲ့ ဘရင်းဂန်းတွေကို စည်ပိုင်းထဲမှာထည့်ပြီး ရေမဝင်အောင်ချိတ်နဲ့ပိတ်ကာ ဒီအင်းလျှားကန်ရေထဲမှာ မြုပ်ထားခဲ့ပါတယ်။ ဒီလက်နက်တွေထုတ်လာခဲ့တဲ့ရည်ရွယ်ချက်က ရွှေဘုံသာလမ်းနဲ့ ကုန်သည်လမ်းဒေါင့်မှာရှိတဲ့ မာကင်တိုင်ဘဏ် (ယခုမွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်) ကို ဓါးပြတိုက်ရန်ဖြစ်ပါတယ်။ အစိုးရကလည်း ပီပီပြင်ပြင်မဖွဲ့နိုင်သေးတော့ အချင်းချင်း ဂိုဏ်း ဂနတွေ ဖွဲ့ပြီးကာကွယ်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီဂိုဏ်းဂနတွေထူထောင်ရတာတွေ ကိုယ့်ကိုထောက်ခံမဲ့သူများကိုဆွယ်ဖို့ ငွေကအလွန်အရေးကြီးပါတယ်။ ဒါကြောင့် ဒီမာကင်တိုင်ဘဏ်ကို ဓါးပြတိုက်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဂဠုန်ဦးစောဟာ သာယာဝတီ၊ သုံးဆယ်သားဖြစ်ပါတယ်။ သူ့အကြောင်းကိုတော့ သီးခြားထပ်ရေးပါမယ်။ သူ့ရဲ့ အချစ်ဆုံးသမီးလေးဆီကို ကြိုးမပေးမီတစ်နေ့မှာ ရေးခဲ့တဲ့စာလေးဟာ အလွန်ကြေကွဲစရာကောင်းပါတယ်။ ဦးစောဟာ အလုပ်လုပ်တဲ့နေရာမှာ အလွန်ပိယိတိကျသူဖြစ်ပါတယ်။ မာကင်တိုင်ဘဏ်ကို ဓါးပြတိုက်ဖို့အတွက် ဇာတ်တိုက်ပြင်ဆင်မှုတွေကို အင်းယားကန်ထဲက ကျွန်းငယ်လေးတစ်ကျွန်းပေါ်မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်းငယ်လေးပေါ်က သစ်ပင်လေးများကို အသုံးပြုပြီး၊ ဘယ်နေရာမှာ လုံခြုံရေးနေတယ်၊ ဘယ်နေရာမှာ ဘဏ်ဝန်ထမ်းတွေထိုင်တယ်၊ ဘယ်နေရာမှာ ငွေတိုက်ရှိတယ်။ တယ်လီဖုန်းလိုင်းတွေကို ဘယ်လိုဖြတ်မယ်။ ငွေတွေယူပြီးဘယ်ကိုသယ်သွားမယ်ဆိုတာတွေကို အတိအကျတွက်ပြီးလေ့ကျင့်ပါတယ်။ သူစုစည်းထားတဲ့ မှုံကြီးတို့၊ သက်နှင်းတို့ လူငယ်တွေကို အသုံးပြုပြီး ထပ်ခါထပ်ခါ လေ့ကျင့်ပါတယ်။

ဓါးပြတိုက်မဲ့နေ့ကိုရောက်လာပါပြီ။ ဗိုလ်ချုပ်တို့ကို မလုပ်ကြံမီ အချိန်ဖြစ်ပါတယ်။ ဘဏ်ထဲဝင်မည့်သူများလည်း ဂျစ်ကားနဲ့ သူ့နေရာသူချထားပြီးပါပြီ။ အချိန်ကိုစောင့်နေပါတယ်။ အချိန်ကိုစောင့်နေသော်လည်း သူတို့စောင့်နေတဲ့အချိန်က ပေါ်မလာပါ။ သူတို့စောင့်နေတာက မိုးဖြစ်ပါတယ်။ သူတို့ရဲ့အစီအစဉ်ထဲမှာ မိုးရွာဖို့ပါပါတယ်။ မိုးရွာတော့မှ ဒီဘရင်းဂန်းတွေကို ကုတ်အင်္ကျီအောက်မှာ ထည့်ပြီးဘဏ်ထဲကို ဝင်ရမှာဖြစ်ပါတယ်။ တစ်နေကုန်စောင့်သော်လည်း မိုးကမရွာပါ။ ညနေငါးနာရီထိုးလို့ ဘဏ်ပိတ်ချိန်ထိလည်းမိုးကမရွာပါ။ ဒီတော့ အားလုံးအစီအစဉ်တွေဖျက်ပြီး အိမ်ပြန်ကြပါတယ်။ ဘဏ်ကို ဓါးပြမတိုက်ဖြစ်ခဲ့ပါ။ ဘဏ်ကို ဓါးပြတိုက်ခဲ့လျှင် ဗိုလ်ချုပ်တို့ကို လုပ်ကြံဖို့ လွယ်တော့မည်မထင်။ ဒီမိုးကြောင့် အရာရာပြောင်းလဲသွားတယ်လို့သာဆိုရပါတော့မယ်။ ဒီမာကင်တိုင်ဘဏ်ကြီးရဲ့ရှေ့တည့်တည့်မှာ ကျွန်တော့်သူငယ်ချင်း တစ်ဦးနေထိုင်ပါတယ်။ ယခင်က ကျွန်တော် ရန်ကုန်မှာနေစရာမရှိခင်မှာ သူ့အိမ်မှာသွားအိပ်ပါတယ်။ မိုးရွာတဲ့နေ့များဆို ဒီဘဏ်ကြီးကိုကြည့်ပြီး အတိတ်ကအဖြစ်တွေကို ပုံဖေါ်လို့သာမြင်ယောင်နေပါတယ်။ ကျန်တဲ့အချိန်မှာဆိုရင်တော့ အဲဒီဘဏ်တိုက်ရှေ့က လ္ဘက်ရည်ဆိုင်မှာထိုင်ပြီး ချက်ထိုးနေဆဲပါပဲ။

7 comments

  • captainamerica

    August 22, 2011 at 7:35 pm

    !!!!!!!!!! တစ်ခါမှမကြားဖူးတဲ့အကြောင်းအရာတွေကိုကြားရတာပဲ ။
    အရမ်းကျေးဇူးတင်ပါတယ်။ကျွန်တော်လည်းဗိုလ်ချုပ်နဲ.
    ပတ်သက်တဲ့စာအုပ်တွေတော်တော်ဖတ်ဖူးပါတယ်
    အခုအကိုပြောတဲ့ဦးစောဘဏ်ကိုဓားပြတိုက်ဖို.
    ကြိုးစားတယ်ဆိုတဲ့အကြောင်းတော့ဘယ်မှာမ
    မကြားဖူးဝူး။မသိသေးတဲ့အကြောင်းအရာတစ်ခု
    ကိုသိလိုက်ရတဲ့အတွက်ကျေးဇူးဗျ…….

  • ပေါက်ဖော်

    August 22, 2011 at 9:07 pm

    အန်ကယ့်ရဲ့ “ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ” က ခုဆို ခြောက်ထိ ရှိပြီ..
    ၁ ကနေ ၆ ထိ ကူးထားလိုက်ပါတယ်…အားလုံး ဖတ်လို ့ကောင်းသလို စဉ်းစားစရာလေးတွေလဲ ရှိပါတယ်
    ဗဟုသုတလဲရပါတယ်..နောက်ထပ် အမှတ်တရလေးတွေလဲ ကျန်ဦးမယ်ထင်ပါတယ်..
    အားပေးလျက်ပါခင်ဗျား..။

  • ရွှေဘိုသား

    August 22, 2011 at 10:09 pm

    တော်တော်ကို ဗဟုသုတ ရစေပါတယ် ကျေးဇူးပါ စာမူရှင်ရယ်
    အဲဒီဝမ်နည်းမှုက တော်တော်ကိုကြေကွဲရပါတယ်
    အခုလည်း ဒီသတင်းကို ဝင်မဖတ်ကြတာလား မှတ်ချက်မပေးတာလားတော.မသိဘူး
    ကျနော်.အထက် 2 ဦးပဲရှိတာကိုလည်း ဝမ်းနည်းမိပါတယ်

    • antimoe

      August 23, 2011 at 4:51 pm

      hit ကိုကြည့်ပါကဖတ်သူဦးရေ မှန်းလို့ရပါတယ်။
      အချိန်လေးရတုန်း…..အမြန် ဖတ်သွားပါတယ်။
      ကောင်းလွန်းလို့ပါ။

  • shwepyiaye

    August 23, 2011 at 12:44 am

    ဖတ်ပါတယ်ရွှေဘိုသားရေ…..
    ကွန်မန့်ကတော့ဗိုလ်ချုပ်အကြောင်းဖြစ်နေလေတော့
    တခုခုများလွဲချော်ကွန်မန့်ပေးမိရင်ဒုက္ခဗျ
    နှုတ်တစ်ရာ..စာတစ်လုံးမို့လို့မပေးတာပါခင်ဗျ….

  • Zwe hsu

    August 23, 2011 at 3:40 pm

    ayan sate win sar par tal
    Post phat ya ta` atwat ayan lal kyay zuu tin par tal ….Ba Hu Tu Ta lal ya par tal
    myanmar font ma ya loz nout ta khar kya mha pal
    myanmar lo type top mal ….Sry …:P

  • manawphyulay

    August 23, 2011 at 4:56 pm

    တဖြည်းဖြည်းနဲ့ ပိုမို သိရှိလာရပြီး အကြောင်းအရာတွေကိုလည်း မသိသေးတာတွေ ထပ်မံ သိရှိလာရပါတယ်။ ဆက်လက်ရေးသားပေးပါဦးရှင်

Leave a Reply