ဒို့ဘာသာ (၄) အသဲထဲစွဲ

ashinindakaAugust 23, 20111min16516

ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့
ရုပ်ပွါးတော် ရုပ်တုတော် ဆင်းတုတော်တွေကို
ကိုးကွယ်ဆည်းကပ်ကြတယ်။ အရိုအသေပေးကြတယ်။
ရုပ်ပွါးတော်ဆိုတာ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို ပွါးထားတာဖြစ်တယ်။
ရုပ်တုဆိုတာကလဲ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို တုထားထာဖြစ်တယ်။
ဆင်းတုတော်ဆိုတာကလဲ ဘုရားရှင်ရဲ့ အဆင်းကို တုထားတာသာဖြစ်တယ်။

ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ ဘာလို့ ဒီရုပ်ပွါးတော်၊ ရုပ်တုတော်၊
ဆင်းတုတော်တွေကို ကိုးကွယ်ဆည်းကပ်နေရတာလဲ။
တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေက ရုပ်ပွါးတော်၊ ရုပ်တုတော်၊
ဆင်းတုတော်တွေကို ကိုးကွယ်ဆည်းကပ်တာ မဟုတ်ပါဘူး။

ဘုရားရှင်ရဲ့ ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေကို ကြည့်ပြီး
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က ပွင့်ခဲ့တဲ့ ပေါ်ပေါက်ခဲ့တဲ့
ဘုရားရှင်ကို အလွယ်တကူ အာရုံပြုနိုင်အောင်လို့၊
အာရုံပြုနိုင်ပြီး ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို လွယ်လင့်တကူ
သတိရနိုင်ဘို့အတွက် ဘာသာရေးကျောင်းတွေ၊ အိမ်တွေမှာ
ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေထားရှိရခြင်းဖြစ်ပါတယ်။

တကယ်လို့
ဘုရားရှင်ရဲ့ ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေ မထားဘဲ
မိမိရဲ့စိတ်က မိမိရဲ့ နှလုံးသားက
ဘုရားရှင်ကို ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို
အာရုံပြုနိုင်၊ အလွယ်တကူ ပြန်လည်သတိရနိုင်တယ်ဆိုရင်
ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေ ထားစရာ မလိုတော့ပါဘူး။
ဦးဏှောက်ထဲဝယ် နှလုံးသားဝယ် အမြဲတမ်း ဘုရာတည်ပြီးသားဖြစ်နေလို့ပါဘဲ။

တချို့က ဒီလို နားမလည်ဘဲ ဗုဒ္ဓဘာသာဝင်တွေက ရုပ်တုကိုးကွယ်သူတွေ
(Idol Worshippers) တွေလို့ ပြောကြတယ်။

တကယ်တော့ ဒီလိုမဟုတ်ပါဘူး။
ရုပ်တုထား၊ ရုပ်တုကို အလေးပေးတယ်ဆိုတာ
ရုပ်တုချည်းသက်သက်ကို အလေးပေးတာမဟုတ်ပါဘူး။
ဒီရုပ်တုနောက်က ဂုဏ်တော်အထိ စိတ်ရောက်အောင်
အာရုံပြုပြီး အလေးပေးတာပါ။
ဘုရားရှင်က ရုပ်တုမပြောနဲ့
ရုပ်အစစ်ဖြစ်တဲ့ သူ့ရဲ့ ခန္ဓာကို အတ္တဘောကိုတောင်
မကိုးကွယ်စေလိုပါဘူး။ သဘောမကျစေလိုပါဘူး။

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက
ဝက္ကလိဆိုတဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။
ဘုရားရှင်ကို ကြည့်ပြီး အတော်သဘောကျနေတယ်။

ဘုရားရှင်ရဲ့ ရူပကာယ ရုပ်ခန္ဓာကိုယ်ကလဲ
အတော်ကြည့်လို့ ဖူးမျှော်လို့ ကောင်းမှာကိုး။
ဘုရားရှင် ဘယ်သွားသွား ဒီဘုန်းကြီးက
နောက်က တကောက်ကောက်လိုက်ပြီး ကြည့်လေ့ရှိတယ်တဲ့။

တစ်နေ့ ဘုရားရှင်က
ဟဲ့ ဝက္ကလိ၊ ငါ့ခန္ဓာကိုယ်ကြီးကို ဘာလို့ ဒီလောက်တောင် ကြည့်နေရတာလဲဟဲ့။
ငါ့ခန္ဓာကိုယ်ကလဲ အပုတ်ကောင်၊
နင့်ခန္ဓာကိုယ်ကလဲ အပုတ်ကောင်၊
အတူတူပဲဟဲ့။
သွား၊ တရားသာအားထုတ်၊
ဒီငါ့ခန္ဓာကိုယ်ကို ကြည့်နေလို့ကတော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
တရားအားထုတ်လို့
တရားကို သိမှ ငါဘုရား (ဘာဆိုတာ) သိမယ် လို့ပြောပါတယ်။။

ဒါနဲ့စပ်လို့ ကြားဘူးတာလေး ပြောရအုံးမယ်။
တိပိဋက မဟာဂန္ဓာရုံဆရာတော်နဲ့ တိပိဋက ယောဆရာတော်တို့
ကိစ္စတစ်ခုနဲ့ ထိုင်းနိုင်ငံကို သွားဖြစ်တယ်။
နာမည်ကြီးစာတတ်ဆရာတော်ကြီးတွေဆိုတော့
ဘန်ကောက်မှာ နာမည်ကြီးတဲ့ မြဘုရားကိုလဲ လိုက်ပို့ကြတာပေါ့။
တိပိဋက မဟာဂန္ဓာရုံဆရာတော်ကတော့ ကားပေါ်ကဆင်းပြီး သွားဖူးတယ်တဲ့။

တိပိဋက ယောဆရာတော်က သွားမဖူးဘူးတဲ့။
တိပိဋက ယောဆရာတော်က
သူ့ရဲ့ နှလုံးသားထဲမှာ ဘုရားကို အမြဲတမ်း သတိရနေကြောင်း၊
ဘုရားရှင် အမြဲရှိနေကြောင်း၊
သူဟာ ဘုရားနဲ့အတူနေနေသူဖြစ်နေကြောင်း၊
ဒါ့ကြောင့် ဘာဘုရား ညာဘုရားတွေ မလိုကြောင်း၊
ဘုရားဟာ အတူတူဘဲဖြစ်ကြောင်း စသည် စသည်ပြောပြပြီး
လိုက်ပို့တဲ့ကားပေါ်မှာ ဒီလိုပဲ ထိုင်နေခဲ့တယ်တဲ့။
ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ ရုပ်တုကို
ကိုးကွယ်တာ မဟုတ်ဘူးဆိုတာနဲပတ်သက်ပြီး
သာဓကတစ်ခုပါဘဲ။

တကယ်တော့ ဒီရုပ်တုကို အလေးပေးတာဟာ
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံကို ကျေးဇူးပြုခဲ့ဘူးတဲ့ သူတွေကို
ရုပ်တုထုလုပ်ပြီး အလေးပေးတာနဲ့ ခပ်ဆင်ဆင်ပါဘဲ။

ဆိုပါစို့။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု။
မြန်မာပြည်ကို လွတ်လပ်ရေးရအောင် ကိုယ့်အသက်ကို မငဲ့ကွက်ပဲ
ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ
မြန်မာပြည်သူ ပြည်သားအားလုံး ကျေးဇူးတင်ထိုက်ပါတယ်။
ကျေးဇူးတင်ရမှာပါ။

ဒါကြောင့်မို့လဲ မြန်မာပြည် မြို့အသီးသီးရဲ့ အထင်ကရနေရာတွေမှာ
ဗိုလ်ချုပ်ရုပ်တုကို ထားရှိပြီး အလေးပြုနေကြတာပါ။
ဗိုလ်ချုပ်ရုပ်တုဟာလဲ ရုပ်တုပါဘဲ။ ဒါပေမဲ့ ဒီရုပ်တုကို ကြည့်ပြီး
ဗိုလ်ချုပ်ရဲ့ ဂုဏ်ကျေးဇူးတွေကို ပြန်လည်အမှတ်ရကာ
ကျေးဇူးတင်တဲ့အနေနဲ့ အလေးပြုနေကြတာပါ။

ကိုယ့်ရဲ့မိခင် ဖခင်တွေရဲ့ ဓာတ်ပုံတွေ ပုံတူတွေ ဧည့်ခန်းတွေထဲမှာ
ထားရှိချိတ်ဆွဲထားတာလဲ အတူတူပါဘဲ။
ဓာတ်ပုံဟာ တကယ်တော့ သက်မဲ့ဖြစ်တဲ့ လူကဖန်တီးထားတဲ့ စက္ကူပါဘဲ။

ဒါပေမဲ့ ဒီဓာတ်ပုံတွေကို ကြည့်ပြီး မိဘတွေရဲ့
ကိုယ့်အပေါ် (သားသမီးတွေအပေါ်မှာ)
ပြုစုစောင့်ရှောင့်ခဲ့တဲ့ ကောင်းခဲ့တဲ့
ဂုဏ်ကျေးဇူးတွေကို ပြန်လည်အမှတ်ရလာအောင်
အလွယ်တကူ ပြန်လည်ကျေးဇူးပြုချင်စိတ်ရှိလာအောင်
မိဘတွေရဲ့ ဓာတ်ပုံလေးတွေကို ချိတ်ဆွဲထားကြတာပါ။

ဘုရားရှင်ရဲ့ ရုပ်တု၊ ဆင်းတုတွေကို
အိမ်၊ ကျောင်းတွေမှာ ထားပြီး အလေးပေးကြ၊ ကိုးကွယ်ကြတာလဲ ဒီနည်းတူပါဘဲ။

ဒါပေမဲ့ ဗိုလ်ချုပ်တို့လို နိုင်ငံ့ကျေးဇူးရှင်တွေက
နိုင်ငံလွတ်လပ်ရေးရအောင် (လောကီလွတ်လပ်ရေးရအောင်)
ကြိုးပမ်းပေးကြလို့ လောကီကျေးဇူးရှင်တွေပေါ့။

ဘုရားရှင်ကတော့ လောကီချမ်းသာ ဆင်းရဲက လွတ်မြောက်အောင်
ချမ်းသာစစ်ဖြစ်တဲ့ လောကုတ္တရာချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိအောင်
ညွှန်ပြပေးလို့ တကယ့် ဧရာမကျေးဇူးရှင်ကြီးပေါ့။

ဒီအတွက် အခြားအခြားဘာသာဝင်တွေလို
သောကြာနေ့မှ၊ တနင်္ဂနွေမှ သူတို့ဘုရားကို အမှတ်ရ ရှိခိုးကြသလိုမျိုးမဟုတ်ဘဲ
မိမိတို့ရဲ့ ဦးဏှောက်ထဲ အသဲထဲ နှစ်လုံးသားထဲမှ
မိမိတို့ယုံကြည်တဲ့ဘုရားရှင် ထာဝရ အမြဲတမ်း စက္ကန့်မလတ်
တည်ရှိအောင် ကြိုးစားရပါမယ်။

16 comments

  • maungmoenyo

    August 23, 2011 at 8:19 am

    တင်ပါ့ဘုရား။ ခက်တာက လူတွေက ဘုရားရုပ်ပွားတော်ကိုဖူးတယ်ဆိုပြီး၊ ရုပ်ပွားတော်တွေကိုအမွှမ်းတင်ပုံဖေါ်ပြောင်လဲတာတွေလုပ်လာကြပြီး၊ ဒါကတော့ ဆုတောင်းပြည့်တယ်၊ ဒါကတော့ အကြံအောင်တယ်၊ ဒါကတော့ရာထူးတိုးတယ်၊ လဘ်ရွှင်တယ်ဆိုတဲ့ ကိစ္စတွေ ထိမ်းမနိုင်သိမ်းမရဖြစ်လာကြတာ မမြင်ချင်မကြားချင်ဆုံးဆိုတာ သိတော်မူကြတဲ့အတိုင်းပါဘဲဘုရား။
    ဘယ်အိမ်ကိုဘယ်ရုပ်ပွားတော်ကြွလာလို့ လာဖူးကြပါဆိုပြီး၊ အလှူခံကောက်တာကလဲ ဝင်လာမစဲပါဘုရား။
    ဗုဒ္ဓကိုယ်တိုင်က ကိုးကွယ်ဆည်းကပ်ခြင်းကို ပညတ်ပါလျက်ကနဲ့ အဲ့ဒီကိစ္စတွေကို လူတွေကဇောက်ချလုပ်လာကြတာ တနေ့တခြားပိုများလာပါတယ်။ ဗုဒ္ဓရဲ့ တုနှိုင်းမဲ့တဲ့ သဗ္ဗညု ဉဏ်တော်ကို ကိုးကွယ်ခြင်းထက်၊ ရုပ်တုကိုးကွယ်ခြင်းဟာ မြန်မာပြည်တလွှားသာမက ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေအထိပျံ့နှံ့ လို့နေပါပြီဘုရား။
    ဒီနေ့ဘဲသတင်းစာထဲတွေ့ပါတယ်။ stainless steel စတီးသံမဏိနဲ့ပြီးတဲ့ကမ္ဘာ့အကြီးဆုံး စေတီတော်ကြီးတည်အုံးမယ် ဆိုတဲ့ကိစ္စက အခြားဘာသာခြားတွေက ဗုဒ္ဓဘာသာ ရဲ့ အရင်းအမြစ်ကို မေးခွန်းထုတ်စရာဖြစ်လောက်အောင်ပါဘဲ…။

    • ashinindaka

      August 23, 2011 at 8:23 am

      ငွေကို အကျိုးမဲ့ အချည်းနှီးနေရာတို့တွင် အလွန်အမင်း အသုံးပြုနေခြင်း။ ဥပမာ၊ ကမ္ဘာ့အကြီးဆုံး ဘာတုတော် ညာတုတော်များ ထုလုပ်ခြင်း။ ကြေးကမ္မဝါစာများ ပြုလုပ်ခြင်း စသည်။

  • moethidasoe

    August 23, 2011 at 11:49 am

    လူတွေမှာ လောဘတွေ များနေတာရယ် .. သောကတွေ များနေတာရယ်ကြောင့်ပါ
    လောဘ များတဲ့လူက ပိုပို ရချင်လို့ ရနိုင်မယ် ဆုတောင်းပြည့်တယ်လို့ ကြေညာလိုက်တဲ့ နေရာတိုင်း သွားကြတယ် .. ပြောသမျှ လိုက်လုပ်ကြတယ်
    သောက များတဲ့လူတွေလည်း ထို့နည်းလည်းကောင်းပါ ..
    ဒီအပေါ်မှာ ပေါ်ပြူလာဖြစ်ချင်သူတွေ အမြတ်ထုတ်ချင်သူတွေကြောင့် .. ကြီးကိုးကြီးတို့ .. စွယ်တော် လေးဆူ ကိစ္စတွေ ဖြစ်လာတာ ..
    တည်တဲ့လူတွေကလည်း ကမ္ဘာ့ အကြီးဆုံး တို့ အမြင့်ဆုံးတို့ အကျယ်ဆုံးတို့ နောက်ကို လိုက်နေကြတာပါ ..

    ဝမ်းနည်းစရာ ကောင်းတာက လူကြီး ဆိုသူတွေကလည်း လိုက်နေတယ် .. သာသနာ့ဝန်ထမ်းတွေတောင်မှ အဲဒီနောက်ကို အပြိုင်အဆိုင် လိုက်နေကြတာ (စွပ်စွဲတာတော့ မဟုတ်ပါ .. အဲဒီလို မြင်မိလို့ပါ)

  • Shwe Ei

    August 23, 2011 at 1:59 pm

    ဘယ်လိုဘဲဖြစ်ဖြစ် သမိုင်းဝင်စေတီတော်တွေရှိနေတာဟာ ကောင်းတယ်လို့ထင်ပါတယ်ဘုရား။
    နောက်လူတွေအနေနဲ့လည်း ရှေ့ကရှိပြီးသားထိန်းသိမ်းတာအပြင် နောက်ထပ်သာသနာ့အမှတ်တရဖြစ်စေမဲ့ စေတီတော်တို့ ဆင်းတုတော်တို့ တည်သင့်တယ်ထင်ပါတယ်ဘုရား။ နောက်ပြီးတော့ ဘုရားတည်တာကုသိုလ်ရတယ်လို့ ကြားဖူးလို့ ၊ အဲဒါလေးကိုတော့ ရှင်းပြပေးစေချင်ပါတယ်ဘုရား။

  • kai

    August 23, 2011 at 2:04 pm

    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်

    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
    မစားလေရ ဝမ်းမဝ၍

    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

    (ဇော်ဂျီ)

  • ashinindaka

    August 23, 2011 at 2:25 pm

    ဆရာကြီးဦးရွှေအောင်ရဲ့ ထေရဝါဒအုတ်မြစ်စာအုပ်သေးသေးလေး ရှာဖတ်လိုက်ပါအုံး။ အွန်လိုင်းမှာ ရတယ်မှတ်တယ်။

  • နိုင်ကြီး

    August 23, 2011 at 4:13 pm

    ရွှေတိဂုံဘုရား ပေါ်တက်ပြီး ထီးတော်မှာရှိတဲ့ လက်စွပ် လက်ကောက် နားကွင်း အားလုံးကို ဆွဲးချချင်ပါတယ်ဘုရား အကုန်ရောင်းပြီး ပညာမသင်နိုင်တဲ့ ကလေးတွေ အတွက် လုပ်ပေးချင်တယ်

    • kai

      August 23, 2011 at 4:49 pm

      အမ်..
      ပွဲတော့ကြမ်းပြီ…။
      ဒီလိုမျိုးအတွေးခေါ်က.. မြန်မာပြည်ကွန်မြူနစ်တွေမှာ ရှိခဲ့ဖူးတယ်..။ ဒီဖက်အစွန်းရောက်လွန်းတော့..ဟိုဖက်အစွန်းကပြန်ထိမ်းညှိတာတွေ ဖြစ်လာတာလို့ထင်မိတယ်..။
      ==
      … ရွှေတိဂုံစေတီဟာ နိုင်ငံဂုဏ်ဆောင် ရှေးဟောင်းအမွေဖြစ်တာမို့..ထိမ်းသိမ်းသင့်တာပေါ့…။ ထိန်းသိမ်းရင်း. အဲဒီအမွေတွေကနေ..နိုင်ငံခြားသား..တိုးရစ်တွေအဝင်များအောင်လုပ်.. အဲဒီဝင်ငွေကို..အကျိုးရှိတာမှာသုံး..ဆိုတာမျိုးဖြစ်သင့်တာပေါ့..။
      .. တစုံတဦး..တယောက်တို့က. ရည်ရွယ်.. .လှူဒါန်းပြဌာန်းထားတာကို.. မူရင်းလူဆန္ဒမပါပဲ.. အလွဲသုံးစားမလုပ်ကောင်းဖူးပေါ့..။

      မလှူတန်းခင်ထဲက.. သာသနာဆိုင်ရာ..ပရိုဖက်ရှင်နယ်.. ဘုန်းကြီးရဟန်းတွေက.. အကျိုးရှိတဲ့အလှူဆိုတာ ..ဘာလည်း… ဆုံးမသွန်သင်ပေးရမှာပေါ့…။ ပေးသင့်တာပေါ့..

      အဲဒီလိုဆွေးနွေးချင်ပါတယ်..။
      ဆရာတော့်ပို့စ်လည်း.. ပွကုန်ပါပြီ…။ မှားတာတွေ့ရင် ထောက်ပြပါဘုရား.. တပည့်တော်က.. လူအသိုင်းအဝိုင်း..လောကီ..ရှုထောင့်ကပဲ.. ရေးတာမို့ပါ…။

  • ရွှေအိမ်စည်

    August 23, 2011 at 4:35 pm

    ဦးဇင်းရေ..တပည့်တော်တော့အဖြေရပြီ…ဦးဇင်း အဖြေနဲ ့တိုက်ကြည့်ပါအုံး…
    တပည့်တော်ကလူရှတ်….သိရမှကျေနပ်တာ…တစ်ယောက်ကိုမေးကြည့်တာဖြေပေးထားတယ်
    မူရင်းအတိုင်းပို ့လိုက်ပါတယ်

    ညီမလေးရေ….
    နင်မေးလိုက်တဲ့မေးခွန်းဟာတကယ်တမ်းကြတော့လွယ်မယောင်ယောင်နဲ့
    နက်နက်နဲနဲဖြစ်နေလိမ့်မယ်ဆိုတာကို ငါတွေးဘို့မေ့နေခဲ့တယ်လေ
    ညီမလေး…နင်မေးလိုက်တဲ့မေးခွန်းကလဲ
    ဘုန်းကြီးတွေဘာဖြစ်လို့ကတုံးတုန်းရတာလဲ..တဲ့လေ။ဒီမေးခွန်းကိုလဲဘုရားရှင်သာသနာ
    တော်မှာရှိတယ်လေ။
    အရှင်နာဂသိန်(အရှင်နာဂသေန)ကနေပြီး အရှင်ရောဟဏမထေရ်မြတ်ကိုမေးဘူးတယ်ပေါ့
    အင်း…ဒီနေရာမှာ ညီမလေးနားလည်အောင်အရှင်နာဂသိန်(အရှင်နာဂသေန)အကြောင်းကိုနည်းနည်း
    လောက်လေးပြောပြရမယ်ဆိုရင်….
    အရှင်နာဂသေနဟာနတ်ပြည်မှစုတေရွှေ့လျားပြီး ဟိမဝန္တာတောင်ခြေရင်း ဂဇင်္ဂလအမည်ရှိတဲ့
    ပုဏ်ဏားရွာဆိုတာရှိသတဲ့ညီမလေးရေ..အဲဒီပုဏ်ဏားရွာမှာပေါ့ သောဏုတ္တရပုဏ်ဏား၏ခင်ပွန်းမဝမ်း
    မှာအရှင်နာဂသေနဟာ ပဋိသန်ဓေတည်နေခဲ့ပြီးတော့ အရွယ်ရောက်တဲ့အခါကစပြီး
    ယခုအချိန်ထိ ဘုရားရှင်သာသနာတော်မှာ နေလိုလိုထွန်းပေါက်ခဲ့တဲ့ မထေရ်လောင်းလျာလေးပေါ့။

    အသျှင်သင်၏ ဆံပင်တို့သည်အဘယ့်ကြောင့် တပါးသောသူတို့၏ဆံပင်ကဲ့သို့
    မဟုတ်ပါသနည်းဟု…နာဂသေနကနေပြီး ရောဟဏမထေရ်ကိုမေးလိုက်တဲ့မေးခွန်းပေါ့..။

    ထိုအခါ အရှင်ရောဟဏမထေရ်ကနေပြီးဖြေဆိုသည်မှာတော့……
    သူငယ်နာဂသေန ကျ်အကြောင်း(၁၆)ပါးသောဘေးရန်တို့ကိုမြင်ရျ် ဆံပင်..မုတ်ဆိတ်တို့ကို ့
    ပယ်ရျိရှင်ရဟန်းပြု၏…ဟုမိန့်တော်မှုတယ်လေ။

    ထိုအခါမထေရ်ဆိုလိုက်တဲ့စကားကတော့…ကြောင့်ကြမှု့ဘေးရန်(၁၆)ပါးတို့ဟူမူကား….

    (၁)တန်ဆာဆင်ခြင်းနှိုက်ကြောင့်ကြမှု့
    (၂)ပြေပြစ်ချောမောအောင်ပြုရခြင်းဟူသောကြောင့်ကြမှု့
    (၃)ဆီလိမ်းရခြင်းကြောင့်ကြမှု့
    (၄)ခေါင်းလေိာ်ရခြင်းကြောင့်ကြမှု့
    (၅)အမွေးအကြိုင်လိမ်းရခြင်းကြောင့်ကြမှု့
    (၆)ခေါင်းလျော်ရန် တရော်ကင်ပွန်းစသည်စိမ်ထုံးရခြင်းကြောင့်ကြောင့်ကြမှု့
    (၇)ပင်ပန်းဆင်းရဲခြင်းကြောင့်ကြောင့်ကြမှု့
    (၈)သဖန်းခါးသီးရှာရခြင်းကြောင့်ကြမှု့
    (၉)သျစ်သျားသီးရှာရခြင်းကြောင့်ကြမှု့
    (၁၀)ဆံပင်နက်အောင်ဆိုးရခြင်းကြောင့်ကြမှု့
    (၁၁)သျောင်ထုံးရခြင်းကြောင့်ကြမှု့
    (၁၂)ဘီးဖြင်းဖီးရခြင်းကြောင့်ကြမှု့
    (၁၃)သန့်ရှင်းရခြင်းကြောင့်ကြမှု့
    (၁၄)ထုံးပြီးရှောင်ကိုဖြေရခြင်းကြောင့်ကြမှု့
    (၁၅)ဆတ္တာသည်တို့ဖြင့်ပြုပြင်ရခြင်းကြောင့်ကြမှု့
    (၁၆)..ဆံပင်တို့ကျွတ်ခဲ့ဖြတ်ခဲ့ကုန်သော် စိုးရိမ်ရကုန်၏ ပင်ပန်းရကုန်၏ ငိုကျွေးမည်တမ်းရကုန်၏

    ရင်ဘတ်စည်တီးငိုကျွေးကြကုန်၏။လွန်စွာတွေဝေခြင်းသို့ရောက်ကုန်၏
    သူငယ်နာဂသေန ကျ်(၁၆)ပါးတို့ဖြင့်အလွန်သိမ်မွေ့နုညံ့လှကုန်သောတရားတို့ကိုလည်းကောင်း
    အလုံးစုံသောအတက်ပညာတို့ကိုလည်းဖျက်ဆီးကြကုန်၏..ဟုရောဟဏမထေရ်ကနေမိန့်ဆိုဘူးတယ်။

    ညီမလေးနားလည်အောင်ပြောရမယ်ဆိုရင်တော့ ပလိဗောဓကိစ္စတွေမများအောင်လို့မို့
    ညီမလေးတို့မိန်းကလေးတွေဆိုပိုသိမှာပေါ့..ဆံပင်ပြုပြင်ရင်တန်ကြေးကုန်ကိစရိပ်တွေရယ်
    ဆံပင်ကြောင့်ပဲ စိတ်ဆင်းရခြင်းအကြောင်းတွေကိုပေါ့။

    ညီမလေးပြောသလို လူနဲ့မတူအောင်လို့ ဖြေလိုက်ရင်တော့မရဘူးမဟုတ်ဘူးတော့မဟုတ်ပါဘူး။
    ဘာသာခြားတွေ နောက်ပြီး ဥစ္ဆေဒဝါဒီသမားတွေနဲ့ တွေ့ဆုံသွားရင်ဗုဒ္ဓဘာသာဟာနက်နဲမှု့မရှိပါလားဆိုပြီး
    တွေးစရာတွေဖြစ်လာလိမ့်မယ်လေ.ညီင်္မလေး။

    တိုတိုနဲ့လိုရင်း ဘုန်းကြီးတွေကတုံးတုန်းရခြင်းအကြောင်းကို င်္ညမလေးနားလည်အောင်ပြောပြ
    ရမယ်ဆိုရင်တော့…..ပလိဗောဓကိစ္စတွေနည်းပါးအောင်လို့ပါပဲညီမလေး။

    ညီမလေးတို့…ကိုယ်တို့ဘုရားသာသနာကိုကြည်ညိုတဲ့အခါမှာ……
    တွေးခေါ်တဲ့ပညာရယ်…..ကြည်ညိုတဲ့သဒ္ဓါတရားရယ်ဒီတရားနှစ်ပါးဟာချိန်ခွင်လျာလို
    အလည်တည့်တည့်ထားနိုင်မှအမှားကင်းစင်မှာပေါ့ညီမလေး…

    ဒါကြောင့်မို့……မဃဒေဝမှာဆိုထားတယ်လေ
    ပညာအားနည်း၊သဒ်ဓါသည်းက၊
    အရည်းမည်ကာ၊ယူမိစ္ဆာနှိုက်
    သဒ်ဓါလေးမြတ်၊ဆည်းကပ်တက်၏..တဲ့လေ။

    ပြောလိုတာကတော့….တွေးခေါ်မြော်မြင်တဲ့ပညာအားနည်းပြီး ကြည်ညိုတဲ့သဒ္ဓါတရားက
    များနေမယ်ဆိုရင် အရည်းကြီးလက်ကျန်ယုတ်မာတဲ့အကျင့်တွေကျင့်ပြီးလိမ်စားနေတဲ့
    လူလိမ်လူညာမိစ္ဆာအယူရှိတဲ့သူတွေကိုဆရာတင်ပြီး ကိုးကွယ်ဆည်းကပ်မိမှာဆိုးလို့ကိုယ်ကတက်သိ
    နားလည်သလောက်ညီမလေးကိုရှင်းပြပြောပြတာပါ၊
    ညီမလေးရေ…
    ဒီထက်မကတွေးခေါ်နိုင်ပြီး ဒီထက်မကဘုရားရှင်သာသနာကိုကြည်ညိုနိုင်တဲ့သူဖြစ်ပါစေလို့
    ဆုတောင်းရင်း….တခန်းရပ်ဇာတ်လမ်းနားလိုက်ပါရစေဦးတော့ညီမလေးရေ။

    နေအိမ်ဝန်း(ကန် ့ဘလူ)

    • ashinindaka

      August 23, 2011 at 4:41 pm

      နေအိမ်ဝန်း (ကန့်ဘလူ) ကို သဘောကျသဗျာ။

      • ကြောင်ကြီး

        August 24, 2011 at 8:38 am

        အရှင်ဘုရား ဒါဆို ငရဲနတ်ပြည် ရှေးဘဝနောက်ဘဝ တကယ်ရှိတယ်ပေါ့နော်။ ဆရာတော့် ကပ္ပိယသဂျီးဆိုသူက မဟုတ်တမ်းတရားတွေလို့ ပြောလေ့ရှိလို့ ဆရာတော့်အမြင်ကို မေးလျောက်ကြည့်ခြင်းပါ။ သူများတွေက ဆရာတော်ကို သဂျီးတို့အုပ်စုနဲ့ တဂိုဏ်းထဲထားတာ မခံနိုင်ဘူးဖုရာ့….။

  • ရွှေအိမ်စည်

    August 23, 2011 at 5:08 pm

    တင့်ပါ့…..အသက်22နှစ်..
    ဒီထဲ ကိုတပည်တော်ဖိတ်ထားပါတယ်…

    ကဗျာရေးတာတော့ပိုကောင်းတယ်….
    ဟဲဟဲ….ရွှေအိမ်စည်သူငယ်ချင်းဘဲလေ…

    အဖြေမရရင်..တပည့်တော်က..ရစ်နေတတ်တာ……..

    ကိုယ်ကလည်းလေ ့လာထားတာ..ထန်ကုန်သလောက်ရှိပြီ…
    ဘာသာရေးဘက်တော့အားနဲ တယ်ပေါ့……

    တပည့်တော်က..အဖြေကိုကျေနပ်မှ..ငြိမ်တတ်တာလေ….
    နောက်ထပ်မေးစရာကျန်သေးတယ်…..အားနာလို ့မမေးတော့ဘူး…..

  • ရွှေအိမ်စည်

    August 23, 2011 at 5:17 pm

    ဓမ္မာရုံ (ဂေဇတ်)ထဲ မှာ..တချို ့စာတွေ ကတပည့်တော်ရေးတယ်..
    တချို ့ကတော့ဘုန်းကြီးတွေ စာပေါ့..
    မှတ်တမ်းတွေ လည်းပါတယ်…
    တပည့်တော်ရေးထားတာ..ရှိသေးတယ်….

    ဝါတွင်းကာလနှင့်အိမ်ထောင်ပြုခြင်း…

    တပည့်တော်အတွေးတွေ က တော ့နော်..

    အကြောင်းမသိကြရင်တော့..ဘယ်လိုတွေ ရေးပါလိမ့်အောင်းမေ ့ကြမယ်။
    လောကီအတွေးတွေ ဘဲနော်.. လက်ခံတဲ ့သူ မခံတဲ ့သူရှိမယ်…..
    ရိုးရှင်းသောဘာသာအနေနဲ ့ပေါ့……..အစွန်းရောက်နေတဲ ့အတွေး…စိတ်
    မပါဘူး…..(ဒါကလည်းကိုယ့်အထင်ပါ)

    ဒီဂေဇတ်ကအသိုင်းဝိုင်းက တပည့်တော်ကျင်လည်နေတာတလခွဲ ဘဲရှိသေးတော့
    တပည့်တော်စာတွေ မတင်ရဲ ပါဘူး…ခဲ နဲ ့ပေါက်မှာသိတယ်။။။

    ဒါပေမယ့်..စာတွေ ဖတ်ရင်းလူတစ်ယောက်စိတ်ကိုသိနိုင်ပါသတဲ ့..ဦးဇင်းကောလက်ခံ လား….

  • ရွှေဘိုသား

    August 23, 2011 at 8:26 pm

    ဦးဇင်းဘုရား တပည်.တော် ဖတ်ဖူးတဲ. အကြောင်းလေး လည်းလျှောက်တင်ချင်ပါတယ်

    တစ်ခါက တပည်.တော်တို.ဗုဒ္ဓဘာသာတွေကိုးကွယ်ရာဘုရားစေတီပေါ. နိုင်ငံခြားသား တစ်ယောက်လာရောက်လေ.လာပြီး မှတ်ချက်ချသွားပါတယ် ဗမာလူမျိုးတွေက ဒီအုတ်ပုံကြီးကို ကိုးကွယ်
    တာဘာမှ အကျိုးမရှိဘူး အိမ်ဆောက်တော.လည်း ဒီအုတ်တွေပဲ ခြံစည်းရိုး တံတိုင်းခတ်တော.လည် ဒီအုတ်
    တွေပဲ အုတ်အတူတူပဲဟာ ဘာ.လို. နီးနီးနားနား ကိုယ်.အိမ်က အုတ်တွေ မရှိခိုးမကိုးကွယ်ပဲ ဘာ.လို.
    စေတီလုပ်ပြီး ကိုးကွယ်တာလည်းလို. မေးတယ်လို.ကြာဖူးပါတယ်ဘုရား
    အဲလိုမေးတာကို ပြန်ဖြေတဲ.သူကလည်း တကယ်ကို ဖြတ်ထိုးဉာဏ်ကောင်းတဲ.သူမို. ပြန်မေးသွားတာက
    မင်းက ငါ.တို.ဘာသာကို အဲလိုပြောရင် ကျနော်လည်း ခဗျကိုပြန်ပြောမယ်ဆိုပြီး နိုင်ငံခြားသားကို
    မေးခွန်းမေးလိုက်ပါတယ်တဲ.ဘုရား
    မင်းအမေက မိန်းကလေး မို.လား ဆိုတော. နိုင်ငံခြားသာကလည်း yes ပေါ.
    မင်းညီမ မင်းအစ်မတွေကလည်း မိန်းကလေး ပဲမလားဆိုတော. လည်း yes ပဲ
    မင်းမိန်းမကလည်း မိန်းကလေး ပဲမလားဆိုတော. လည်း yes ပဲတဲ.
    ဒီတော. မြန်မာကလည်း ပြန်မေးလိုက်သတဲ. မင်းအမေလည်း မိန်းကလေး မင်းညီမအစ်မတွေလည်း
    မိန်းကလေး မင်းမိန်းမကလည်း မိန်းကလေးပဲ အတူတူပဲဟာကို မင်းညဘက်တူတူအိပ်တော. မင်းအမေနဲ.
    မင်းအစ်မညီမတွေနဲ. မအိပ်ပဲ ဘာ.လို. မင်းမိန်းမနဲ.အိပ်တာလည်းလို. မေးလိုက်သတဲ.
    နိုုင်ငံခြားသားလည်း သဘောပေါက်ပြီး အရှုံ့းပေးသွားပါသတဲ.ဘုရား
    တပည်.တော်ကတော. မေးတဲ.မေးခွန်းလေးကို တော်တော်သဘောကျမိတယ်ဘုရား အရှင်းဘုရားလည်း
    ဘယ်သလို ထင်မလဲတော.မသိဘူး
    လူတိုင်းက ကိုယ် ယုံကြည်ရာကိုးကွယ်တာပဲလို.ထင်ပါတယ်ဘုရား အဲလို အုတ်ပုံကိုးကွယ်တယ် ပြောတော. တပည်.တော်လည်း တကယ်ကိုအခံနိုင်ပါဘုရား အခုလို. ဦးဇင်း ရေးပြတာကိုလည်း တပည်.တော်တို. အသိတိုးလို. ကျေးဇူးတင်ပါတယ်ဘုရား
    အပေါ်ကပြောတဲ.ဟာလေးကလည်း ဒီရွာထဲကပဲ ဖတ်ဖူးတာပါဘုရား တော်တော်တော.ကြာနေပြီ
    တပည်.တော အဲလိုပြောပြ နှိုင်းပြတော. ငရဲများကြီးနေမလားတော. မသိဘူး

  • zawmaung

    August 25, 2011 at 9:35 am

    ကိုယ်တို့ဘုရားသာသနာကိုကြည်ညိုတဲ့အခါမှာ……
    တွေးခေါ်တဲ့ပညာရယ်…..ကြည်ညိုတဲ့သဒ္ဓါတရားရယ်ဒီတရားနှစ်ပါးဟာချိန်ခွင်လျာလို
    အလည်တည့်တည့်ထားနိုင်မှအမှားကင်းစင်မှာပေါ့

    .တွေးခေါ်မြော်မြင်တဲ့ပညာအားနည်းပြီး ကြည်ညိုတဲ့သဒ္ဓါတရားက
    များနေမယ်ဆိုရင် အရည်းကြီးလက်ကျန်ယုတ်မာတဲ့အကျင့်တွေကျင့်ပြီးလိမ်စားနေတဲ့
    လူလိမ်လူညာမိစ္ဆာအယူရှိတဲ့သူတွေကိုဆရာတင်ပြီး ကိုးကွယ်ဆည်းကပ်မိမှာဆိုးလို့

    Thanks ရွှေအိမ်စည်. That’s really need it, not only in religious also in life.

Leave a Reply