ကျွန်ုပ်နှင့် ဗို်လ်ချုပ်အောင်ဆန်းအမှတ်တရများ (၈)

asiamastersAugust 23, 20111min1596

ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကနေ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲချိန်မှာ လွတ်လပ်ရေးတိုက်ပွဲအတွင်း ပါဝင်ခဲ့သူအားလုံးဟာ တပ်မတော်မှာနေရာပြန်မရကြပါဘူး။ တစ်ချို့ကလည်း ကိုယ့်အိမ် ကိုယ်ပြန်ကြပေမဲ့ တစ်ချို့ကလည်း ပြန်စရာနေရာမရှိသလို စားစရာနေစရာကအစ အဆင်မပြေပါဘူး။ ဒီတော့ ဒီလူတွေဟာ ဗိုလ်ချုပ်ကို နည်းအမျိုးမျိုးနဲအပူကပ်ကြပါတယ်။ ဗိုလ်ချုပ်ကလည်း လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်နေတော့ အတော်လုပ်ရ ကိုင်ရ ခက်ပါတယ်။ ဒါကြောင့် သူတို့ကို ပြည်သူ့ရဲဘော် (People Volunteer Organization) ဆိုတဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ပြည်သူ့ရဲဘော်အဖွဲ့ဟာ တဖြည်းဖြည်းနဲ့အင်အားများလာပါတယ်။ လက်နက်မကိုင်ရသော်လည်း လက်နက်မဲ့ စစ်ရေးလေ့ကျင့်ခြင်းတွေ၊ ရပ်အကျိုးရွာအကျိုးဆောင်ရွက်ခြင်းတွေလုပ်ကြပါတယ်။ တစ်ချို့နိုင်ငံရေးသမား တွေကလည်း မျက်စိနောက်တာပေါ့။ ခက်တာက ပြည်သူ့ရဲဘော်အဖွဲ့ထဲ ဝင်လာသူတွေကို တိတိကျကျ မစစ်ဆေးနိုင်ပါဘူး။ ကောင်းသူတွေလည်းပါသလို မကောင်းသူတွေလဲပါလာတာပါပဲ။ တစ်ချို့ကိစ္စတွေမှာ မကောင်းသူတွေကြောင့် ပြည်သူ့ရဲဘော် အဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်လာစေတာမျိုးလဲရှိပါတယ်။ ဂဠုန်ဦးစောဟာ သူ့ကိုလုပ်ကြံသူများဟာ ပြည်သူ့ရဲဘော်အဖွဲ့ ကလို့ ယုံကြည်ဟန်တူပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကို စပြီး အငြိုးထားတော့တာပါပဲ။

ဂဠုန်ဦးစောဟာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် မြန်မာနိုင်ငံရဲ့ နန်းရင်းဝန်ကြီးဖြစ်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်တက္ကသို်လ်မှာ ဒေါက်တာဘမော်နဲ့ ဂဠုန်ဦးစောတို့ရဲ့ စကားစစ်ထိုးခြင်း (Debate) တွေလုပ်နေချိန်မှာ ဗိုလ်ချုပ်က ကျောင်းသားပဲရှိပါသေးတယ်။ အသက်အရွယ်အရ ဝါစဉ်အရ အတော်ကွာတာဖြစ်ပါတယ်။ စစ်မဖြစ်မီမှာ ဂဠုန်ဦးစောဟာ မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေးပေးဖို့ကြိုးစားမယ်ဆိုပြီး အင်္ဂလန်နိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ရိုးရိုးထွက်ခွာတာမဟုတ်ဘူး၊ သူ့လေယာဉ်နဲ့ ရွှေတိဂုံဘုရားကို (၃) ကြိမ်ပတ်ပြီးမှ ထွက်ခွာတာဖြစ်ပါတယ်။ အင်္ဂလိပ်တာဝန်ရှိသူတွေကိုပေးဖို့ အကောင်းစားဆေးပြင်းလိပ်တွေယူသွားပါတယ်။ အင်္ဂလိပ်တာဝန်ရှိသူတွေဟာ ဦးစောရဲ့ ဆေးပြင်းလိပ်ကိုတော့ လက်ခံပါတယ်။ လွတ်လပ်ရေးအတွက်တော့ ဘာမှမပြောပဲပြန်လွှတ်လိုက်ပါတယ်။ ပြန်လာတဲ့ခရီးမှာ အာဖရိကတိုက်မှာ ဖမ်းထားလိုက်ပါတယ်။ စစ်ကြီးကလဲဖြစ်နေတော့ (၃) နှစ်ခန့်ကြာမြင့်သွားပါတယ်။ သူမြန်မာနိုင်ငံပြန်ရောက်တော့ နန်းရင်းဝန်ကြီးလဲမဟုတ်တော့လို ဗိုလ်ချုပ်ရဲ့လွှမ်းမိုးမှုကလည်း အတော်ရင့်သန်နေပြီဖြစ်ပါတယ်။ သူ့ရဲ့အမြင်မှာတော့ ဗိုလ်ချုပ်တို့ကို နိုင်ငံရေးနားမလည်သေးတဲ့ သူငယ်နှပ်စားတွေလို့ပဲ မြင်ပါတယ်။ ဒါကြောင့်မို့လဲ အဆင်မပြေမှုတွေဖြစ်လာတာပါ။ အာဏာပြန်ရဖို့အတွက် အင်္ဂလိပ်ဘုရင်ခံချုပ်ကို အတင်းဝင်လုံးတာပါပဲ။ ဗိုလ်ချုပ်တို့ကို လုပ်ကြံပြီးချိန်မှာ မှုံကြီးတို့၊ သက်နှင်းတို့ဟာ ဦးစောရဲ့အိမ်ထဲကို ကားမောင်းဝင်လာပြီး၊ အောင်ပြီ၊ အောင်ပြီလိုကကျွေးကြော်ကြပါတယ်။ ဦးစောဟာ တယ်လီဖုန်းနားမှာစောင့်နေပါတယ်။ ဘုရင်ခံချုပ်က သူ့ကိုဖုန်းဆက်ပြီး ယာယီအစိုးရဖွဲ့ခိုင်းမလားပေါ့။ ဘုရင်ခံချုပ်ဆီကဖုန်းမလာပါ။ ရဲတွေသာရောက်လာပါတယ်။

ဗိုလ်ချုပ်ဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်ပါတယ်။ ဖဆပလ အဖွဲ့ရဲ့ရုံးချုပ်ကတော့ ယခု ဗဟန်း၊ မှာရှိတဲ့ ပန်းချီ၊ ပန်းပုကျောင်းဖြစ်ပါတယ်။ အခုတော့လဲ ဆိုင်းပုဒ်တောင်ပျက်နေပါပြီ။ ဟိုတယ် K Paradise ရဲ့နဘေးကပ်ရက်ပါ။ ဗိုလ်ချုပ်အိမ်ထောင်ကျပြီး တာဝါလိန်းလမ်းကို ပြောင်းလာပြီးချိန်မှာ ဖဆပလ အဖွဲ့ ရုံးချုပ်မှာရုံးထိုင်ပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်မှာ ကားတော့ရှိနေပါပြီ။ သို့သော်လည်း အမြဲတမ်းကားမစီးပါ။ တခါတရံ လမ်းလျှောက်ပါတယ်။ ဒေါက်တာဘမော် ဟာလည်း ဗဟန်းမှာပဲနေပါတယ်။ ညနေပိုင်းတွေမှာ ဗိုလ်ချုပ်ဟာ လမ်းလျှောက်ပြီး ဒေါက်တာဘမော်အိမ်ကိုသွားလေ့ရှိပါတယ်။ ဗိုလ်ချုပ်ဟာ ဒေါက်တာဘမော်ရဲ့ အင်္ဂလိပ်စကားပြောကို အလွန်နှစ်သက်လေးစားသူဖြစ်ပါတယ်။ ထောင်ကျနေချိန်မှာတောင် ဒေါက်တာဘမော်ပြောတဲ့ မိန်ခွန်းကို သတင်းစာထဲမှာကြည့်ပြီး၊ ဒေါက်တာဘမော်စကားပြောဟန်နဲ့ တစ်ယောက်ထဲလေ့ကျင့်ပါတယ်။ ဘေးကလူတွေက ဒီကောင်ကြောင်နေပြီလို့ထင်ကြပါတယ်။ မြန်မာ့နိုင်ငံရေး ကြမ္မာမှာ ဗိုလ်ချုပ်နဲ့အတူ မေ့ထားလို့မရသူတစ်ဦးရှိပါတယ်။ သူက ဒေါက်တာဘမော်ဖြစ်ပါတယ်။ ဆက်ရေးပါဦးမည်။

6 comments

  • nozomi

    August 23, 2011 at 5:52 pm

    ဒီနေ့မှ အစအဆုံး ဝင်ဖတ်ဖြစ်ပါတယ်၊မသိသေးတဲ့ သမိုင်းမှတ်တမ်း တွေ ၊နေရာတွေ သိရလို့ ကျေးဇူးတင်ပါတယ်၊ စောင့်ဖတ်နေပါမယ်

  • ရွှေဘိုသား

    August 23, 2011 at 8:39 pm

    ဆက်ရေးတော.လည်း ဆက်ဖက်ပြီး ဆက်လက်ဗဟုသုတယူပါ.မယ် အစ်ကို
    အစ်ကိုရေးတဲ.အချက်လက်တွေက ဘယ်စာအုပ်မှာမှ မဖတ်ဖူးသေးဘူး
    ကိုယ်ကပဲ လေ.လာအားနည်းလို.လားမသိဘူး

  • pan pan

    August 24, 2011 at 10:08 am

    ဦးစောက လွတ်လပ်ရေးအတွက်ကြိုးပမ်းတယ်ဆိုပေသိ ကိုယ်ကျိုးကများနေသလားလို့
    ပြီးတော့ လာဘ်ပေးလာဘ်ယူလည်း လုပ်တတ်ပုံရတယ်နော်
    ဗိုလ်ချုပ်အာဏာရတာလည်း နာလိုပုံမရလောက်ဘူး

    ထင်တာလေးပြောကြည့်တာ… ဟူးးးးးးးးးးးးးးးးးးးးးးးးးး 🙄

  • manawphyulay

    August 24, 2011 at 10:51 am

    ဂဠုန်ဦးစောကို ကြိုးကိုင်တာ ဆာဒေါ်မန်စမစ်လို့ သိထားပါတယ်။ အဲဒါကရော ဟုတ်ပါသလား။

  • jalthusg.kt

    August 24, 2011 at 11:57 am

    မသိသေးတဲ့အကြောင်းတွေသိခွင့်ရလို.ကျေးဇူးတင်ပါတယ် ဆက်ရေးပါခင်ဗျာ ဆက်လက်အားပေးပါမယ်

  • koyinmaung

    August 24, 2011 at 2:54 pm

    ဂဠုန်ဦးစောဘက်ကနေဗိုလ်ချုပ်အပေါ်အမြင်လေးတွေဖတ်ရတာအလွန်ကောင်းပါတယ်..
    အားပေးနေပါတယ်…

Leave a Reply