ဒို့ဘာသာ (၅) မွဲခြင်း တရားခံ

ashinindakaAugust 24, 20111min17524

ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ ရတနာသုံးပါးဆိုတာရှိတယ်။
၁။ ဗုဒ္ဓ – ဘုရား ၂။ ဓမ္မ – တရား ၃။ သံဃ – သံဃာ

နံပါတ် (၁) ဖြစ်တဲ့ ဗုဒ္ဓဘုရားရှင်ကို ဘယ်လို ဘာကြောင့်ကိုးကွယ်
ဆည်းကပ်ရတယ်ဆိုတာ ရှင်းပြပြီးပြီ။

အခု နံပါတ် (၂) ဖြစ်တဲ့ ဓမ္မ တရားတော်ကို ဘယ်လို ဘာကြောင့်
ဆည်းကပ်ရတယ်ဆိုတာရှင်းပြအုံးမယ်။

ဗုဒ္ဓဘာသာဝင်တိုင်း
ဓမ္မံ သရဏံ ဂစ္ဆာမိ – တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏ လို့
အမြဲတမ်း ဆိုနေကြတယ်။

တရားတော်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတော့
ဘယ်လိုကိုးကွယ်ဆည်းကပ်တာတုန်း။
တရားတော်ဂုဏ်တော်ဖြစ်တဲ့ သွာက္ခာတော ဘဂဝတာ ဓမ္မော စတဲ့
တရားဂုဏ်တော် (၆) ပါးကို
နေ့မအား ညမအား ရွတ်ဖတ်သရဇ္ဈာယ်နေရမှာလား။
ဒီလို မဟုတ်ပါဘူး။

တရားတော်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတာ
ဘုရားရှင်ဟောကြားထားတဲ့တရားတော်အတိုင် လိုက်နာကျင့်သုံးတာကို ပြောတာပါ။

နိဗ္ဗာန်ချမ်းသာကို ခံစားလိုတဲ့ တွေ့ကြုံလိုတဲ့သူအတွက်
နိဗ္ဗာန်ချမ်းသာကို ခံစား တွေ့ကြုံနိုင်တဲ့ အကျင့်ဖြစ်တဲ့
သတိပဋ္ဌာန်တရားအားထုတ်နေတာဟာ
တရားတော်ကို ကိုးကွယ်ဆည်းကပ်နေတာပါဘဲ။

(မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ တရားတွေကို အသာထား)
နိုင်ငံရေးလုပ်နေသူအဖို့ ဘုရားရှင်ဟောကြားထားတဲ့
နိုင်ငံရေးလမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံရေးလုပ်နေတယ်ဆိုရင်
သူလဲ တရားတော်ကို ကိုးကွယ်ဆည်းကပ်နေတာပါဘဲ။

ဒီလိုနည်းနဲ့ တရားတော်ကို ကိုးကွယ်ရင်
တရားက ပြန်လည်စောင့်ရှောက်မှာ အမှန်ပါဘဲ။

ဘာပြုလို့လဲဆိုတော့
ဘုရားရှင်ဟောကြားခဲ့တဲ့ တရား ဆိုတာ
အရှိတရား၊ ဖြစ်တတ်တဲ့ ဖြစ်လေ့ရှိတဲ့ သဘာဝ သဘောတရားတွေဖြစ်နေလို့ပါဘဲ။

ဒါ့ကြောင့် ဒီလို တရားတော်နဲ့အညီလုပ်နေတဲ့
နိုင်ငံရေးသမားတွေရှိတဲ့ နိုင်ငံဟာ
ဗုဒ္ဓဘာသာနိုင်ငံ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊
ဗုဒ္ဓဘုရားရှင် ဟောကြားထားတဲ့ တရားတော်တွေနဲ့ ညီနေတယ်ဆိုရင်
အဆင်ပြေကြတာပါဘဲ။ ချမ်းသာသုခရကြတာပါဘဲ။

ဗုဒ္ဓဘာသာနိုင်ငံပါလို့ ကြွေးကြော်နေပေမဲ့
နိုင်ငံရေးသမားတွေ နိုင်ငံရေးလုပ်တဲ့နေရာမှာ
ဗုဒ္ဓဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေနဲ့ မညီဘူးဆိုရင်
ဆင်းရဲမှာပါဘဲ။

သဘာဝအတိုင်းဖြစ်နေတဲ့ သဘာဝတရားက
အသားမဲလို့၊ ဖြူလို့ဆိုပြီး ဘက်လိုက်လေ့ မရှိပါဘူး။

ဒီနေရာမှာ နားလည်ရမှာက
ဘုရားရှင်ဟောကြားထားတဲ့ သဘာဝအတိုင်းဖြစ်နေတဲ့သဘောတရား (ဓမ္မ)ကို
နားလည်ပြီး လိုက်နာကျင့်သုံးနေတယ်ဆိုရင်
လိုက်နာကျင့်သုံးသူအဖို့ အဆင်ပြေနေမှာပါ။
ဒါ့ကြောင့် ဘုရားရှင်ကို သိဘို့ထက် သဘာဝဓမ္မကို သိဘို့လိုပါတယ်။
သဘာဝဓမ္မ သဘောတရားတွေကို မသိနိုင်သူတို့အဖို့သာ
ဘုရားရှင်ထုတ်ဖော်ဟောကြားပေးရတာပါ။

နောက်တစ်နည်ပြောကြည့်ရအောင်။
ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့မလို၊ ဗုဒ္ဓဘာသာဝင်ပါလို့ ကြေငြာဘို့မလိုပါဘူး။
သဘာဝ သဘောတရားတွေအတိုင်း
(ဝါ) ဘုရားရှင်ကလဲ သဘာဝသဘောတရားတရားတွေကို ဟောကြားထားတာဖြစ်လို့
ဘုရားရှင်ဟောကြားထားတဲ့အတိုင်းကျင့်ကြံလိုက်နာနေတယ်ဆိုရင်
ကုလားရော၊ ဗမာရော၊ တရုတ်ရော၊ အင်္ဂလိပ်ရော ချမ်းသာမှာပါ။

မကျင့်ကြံ မလိုက်နာရင်တော့
ကုလားရော၊ ဗမာရော၊ တရုတ်ရော၊ အင်္ဂလိပ်ရော မွဲကြမှာပေါ့။

ဘုရားဆိုတာ ဘယ်သူဆိုတာတော့ မသိဘူး။ ဘုရားကိုတော့ မသိဘူး။
ဒါပေမဲ့ လောကသဘာဝ သဘောတရားတွေကို သိပြီး
သိတဲ့အတိုင်း ကျင့်ကြံလိုက်နာနေတဲ့သူကို
သူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင်လို့ အမည်မခံပေမဲ့
သူဟာ ဗုဒ္ဓဘာသာဝင် အလိုလိုဖြစ်နေတာဘဲ။

ဘာ့ကြောင့်လဲ။
ဘုရားရှင်ဟောကြားခဲ့တဲ့ အရှိတရား၊ သဘာဝသဘောတရားတွေကို
လိုက်နာကျင့်သုံးနေလို့ဘဲ။

ဘုရားရှင်ကိုတော့ သိပါရဲ့။
သဘာဝသဘောတရားတွေနဲ့ ဆန့်ကျင်ပြီး
ပြုမူနေတဲ့သူကိုတော့ ဗုဒ္ဓဘာသာဝင်လို့ သူ့ကိုယ်သူ အမည်ခံပေမဲ့
သူဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။

ဘာ့ကြောင့်လဲ။
ဘုရားရှင်ဟောကြားခဲ့တဲ့ အရှိတရား၊ သဘာဝသဘောတရားတွေကို
ဆန့်ကျင်နေလို့ဘဲ။

ဒီထက်ရှင်းအောင်ပြောရရင်
လူတစ်ယောက်က ငါးပါးသီလဆိုတာကို မသိဘူး။
ဘယ်သူဟောခဲ့တယ်ဆိုတာလဲ မသိဘူး။

ဒါပေမဲ့ သူ့ပင်ကိုယ်အသိစိတ်က
ဒီငါးမျိုးကျူးလွန်လို့ မကောင်းဘူး။ ဒီငါးမျိုးစောင့်ထိန်းမှလို့ သိပြီး
စောင့်ထိန်းတယ်ဆိုရင် သူဟာ အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်သွားတာပါဘဲ။

အဲ၊ နောက်တစ်ယောက်က ငါးပါးသီလကိုသိတယ်၊
ဘုရားရှင်ဟောခဲ့တယ်ဆိုတာလဲ သိတယ်။
လူရှေ့သူရှေ့ဆိုရင် ငါးပါးသီလပါဠိဆိုလိုက်တာပါဘဲ။ ဆောက်တည်လိုက်တာပါဘဲ။
ဒါပေမဲ့ မစောင့်ထိန်းဘူး။ ကျူးလွန်ဖောက်ဖျက်နေတယ်ဆိုရင်
ဗုဒ္ဓဘာသာဝင်လို့ ခေါ်နိုင်ပါ့မလား။

ဒါ့ကြောင့် ဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းပြီတွေ ဘာလို့ ချမ်းသာနေပြီး
ဗုဒ္ဓဘာသာနိုင်ငံတွေ ဘာလို့မွဲနေကြတာလဲ။
အဖြေက ဒါပါဘဲ။

ခရစ်ယာန်နိုင်ငံသာဖြစ်နေတာ။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးတွေမှာ သူတို့တတွေကျင့်သုံးနေတာက
၇၅% လောက်က ဘုရားရှင်ဟောထားတဲ့ တရားတော်တွေနဲ့ ညီနေတာ။

ဗုဒ္ဓဘာသာနိုင်ငံသာဖြစ်နေတာ
နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးတွေမှာ သူတို့တတွေကျင့်သုံးနေတာက
ဗုဒ္ဓဘာသာကျင့်ဝတ်တစ်စက်မှ မတွေ့ရဘူး။
ဒါ့ကြောင့် မွဲနေတာပါ။

24 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 24, 2011 at 9:10 am

    အရှင်ဘုရား
    မြန်မာနိုင်ငံဆင်းရဲရတာကတော့
    ဟို
    အမေရိကန်မှာနေတဲ့သဂျီးအားဘော်နဲ့ပြောရမယ်ဆိုရင်ဘုရား
    ဘုန်းကြီးကြောင့်ဘုရား
    ဘုန်ကြီးကြောင့်ပါဘုရား
    ဟို
    ကနောင်မင်းသား ရေမြုပ်ဗုံးလုပ်တာကို စိတ်ကောက်ပြီး ဆွမ်းမဖုံးရာကနေစတာပါဘဲဘုရား
    အဲ့သည်ကနေ ရေမြုပ်ဗုံးမလုပ်န်ုင်တော့
    နယ်ချဲ့တွေက ရေတပ်နဲ့ဝင်တိုက် မြန်မာတွေသူ့ကျွန်လက်အောက်ရောက်
    မွဲလိုက်တာ ဒီနေ့ထိပါဘဲဘုရား
    အဲ့ဒါ သဂျီးအာဘော်ပါဘုရား

    • lionking

      August 24, 2011 at 5:05 pm

      ဟုတ်ပုံမရပါဘူး။ မွဲတဲ့အသိဉာဏ်တွေနဲ့ရှင်သန်နေကြလို့မွဲတာပါ။ ဗုဒ္ဓဘာသာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကုန်ကုန်ပြောရင် ဗုဒ္ဓဘုရား ပွင့်ပွင့် မပွင့်ပွင့် မွဲတဲ့အသိဉာဏ်တွေနဲ့ နေရင် မွဲမှာပဲ။ မွဲတဲ့အသိဉာဏ်တွေကို လှန်ထုတ်ပစ် မမွဲပဲနေမှာပဲ။

    • we ren thu

      February 14, 2012 at 10:53 pm

      ဟို
      အမေရိကန်မှာနေတဲ့သဂျီးအားဘော်နဲ့ပြောရမယ်ဆိုရင်ဘုရား
      ဘုန်းကြီးကြောင့်ဘုရား
      ဘုန်ကြီးကြောင့်ပါဘုရား
      ဟို
      ကနောင်မင်းသား ရေမြုပ်ဗုံးလုပ်တာကို စိတ်ကောက်ပြီး ဆွမ်းမဖုံးရာကနေစတာပါဘဲဘုရား
      အဲ့သည်ကနေ ရေမြုပ်ဗုံးမလုပ်န်ုင်တော့
      နယ်ချဲ့တွေက ရေတပ်နဲ့ဝင်တိုက် မြန်မာတွေသူ့ကျွန်လက်အောက်ရောက်
      မွဲလိုက်တာ ဒီနေ့ထိပါဘဲဘုရား
      အဲ့ဒါ သဂျီးအာဘော်ပါဘုရား

      ဆိုတာနဲ ့ပတ်သက်ပြီး သမို်င်းကို သေချာပြန်ဖတ်စေလိုပါတယ်—ဘုန်းကြီးတွေ ထမင်းတောင် မစားနိုင်ဘူးဆိုတာ လျှောက်ပြောကြတာပါ—–ရေမြုပ်ဗုံး လုပ်တော့ အသံထွက်လာတဲ့ အချိန် မှာ ဘုန်းကြီးတွေက –အင်း လူတွေတော့ သေကြေကြတော့မှာပဲ——–လို ့ပဲ ဘုန်းကြီးစကား ပြောရုံလေးပါ –နောက် ဆွမ်းစားပါတယ်—–(ဒီနေရာမှာ–အဲ့ဒီအသံထွက်တာကို ကောင်းတယ်လို ့ပြုံးပြုုံးကြီး နေရမှာလား—-အနည်းဆုံးတော့ –(ဟန်ကိုယ့်ဖို့ပဲဖြစ်ဖြစ် ) ဒီစကားက မလွန်ပါဘူး—-) ) မင်းတုံးမင်းကသာ သူ ့ညီ အပေါ် နည်းနည်း စိတ်မချနေလို (သူ ့ထီးနန်းဘယ်လို ရလဲ —နောက် အိမ်ရှေ အရာ ထားတော ့သူ ့သားတွေန ဲ ့ဘယ်လို ့ရှော့ခ်တွေ ဖြစ်ကြလဲ —————)ဖတ်ကြည့်ါကြဦးဗျာာာာာာ——– ့)အလကားနေရင်းနဲ ့မင်းတုံးမင်းက မျက်နှာလို မျက်နာရ ဝင်ပြီးတော ့ –တပည့်တော ် ပိတ်လိုက်ပါ့မယ်လို ့တာဝန်ခံလျှောက်ခဲ ့လို ့ သူ ့ရေမြုပ်ဗုူံး ကိစ်စ အဆုံး မရောက်ခဲ့တာပါ–(ဒီနေရာမှာ မင်းတုံးမင်းကြောင့် တိုင်းပြည် ဒီလို ဖြစ်တယ်လို ့ပြောတာမဟုတ်ဘူးနော်——-သူဟာ တကယ့် မင်းကောင်းမှန်း သိပါတယ် ဒါပေမဲ ့သမို်င်းကို သေချာ မဖတ်ပဲနဲ ့ကြားဖူးနားဝ ဟာသ ပုံပြင် ထဲက gossip တွေကို ဖတ်ပြီး တခြားလူတွေပါ အမြင် စောင်းသွားမှစိုးလို ့ပါ –အဲ့ဒီကိစ်စက ကျတော်တို ့သူငယ်တန်းက ပြောတဲ ့ပုံပြင်ပါ——–အခု လူကြီး ဖြစ်တော့ ဖတ်စရာ သမို်င်းစာအုပ်တွေ —အများကြီးပါ(မြန်မာရောအင်္ဂလိပ်တွေေ ရးထားတဲ ့ဟာရော တစ်ပုံကြီးပါ)
      ဒါကြောင့် သူများ ပါးစပ်ဖျား လမ်းမဆုံးမိကြဖို ့အရေးကြီးပါတယ်ခဗျာ——–

  • jalthusg.kt

    August 24, 2011 at 9:35 am

    “ဒါပေမဲ့ သူ့ပင်ကိုယ်အသိစိတ်က
    ဒီငါးမျိုးကျူးလွန်လို့ မကောင်းဘူး။ ဒီငါးမျိုးစောင့်ထိန်းမှလို့ သိပြီး
    စောင့်ထိန်းတယ်ဆိုရင် သူဟာ အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်သွားတာပါဘဲ။ ” အဲလိုအမှန်လားဘုရား တပည့်တော်သိထားတာက အဲလိုလူမျိုးက ကုသိုလ်ရတာပဲရှိမယ် ဗုဒ္ဒဘာသာတော့မဖြစ်လောက်ဘူးထင်ပါတယ်။ သရဏဂုံသုံးပါးကို ကိုးကွယ်ဆီးကပ်မှ ဗုဒ္ဒဘာသာဝင်စစ်စစ်ဖြစ်မယ်လို.ထင်ပါတယ် အဲဒီလူက ကံငါးပါးတော့ထိမ်းတယ်ဒါပေမယ့် အယူအဆက တစ်ခြားအယူအဆနဲ့ဆိုရင်ဗုဓ္ဒဘာသာလို.ပြောလို.မရလောက်ဘူးထင်ပါတယ်

    • ashinindaka

      August 24, 2011 at 9:38 am

      ဒီလောက် နားဝေးမယ် မထင်ဘူး။ ငါးပါးသီလဆိုတာ ဥပမာပြတာပါ။ ဘုရားရှင်ရဲ့ မဂ္ဂင်ရှစ်ပါးကို လိုက်နာကျင့်သုံးမယ်ဆိုရင် တရားကိုကျင့်သုံးတာဖြစ်လို့ တရားကို ကိုးကွယ်တာပါဘဲ။

  • ကြောင်ကြီး

    August 24, 2011 at 9:59 am

    လွန်စွာသင့်မြတ်လှပ၏ အရှင်ဘုရား။ ကပ္ပိယသဂျီး၏အမြင်ကိုလည်း သိလိုလှပါတယ်။ ဆရာ၊ ဒကာ မညီမညွတ်ဖြစ်မည်ကိုတော့ စိုးရိမ်မိပါတယ်ဘုရား…။ ဒါထက် ငရဲ၊နတ်ပြည်၊ ရှေးနောက်ဘဝ ရှိပါသလား အရှင်ဘုရား။ ဆရာတော့်ကပ္ပိယသဂျီးက မူလကျီလုပ်နေလို့ပါ။ အမှန်တရားအလို့ငှာ နှာစေးချောင်းဆိုး အမြန်ပျောက်တော်မူပါ ဘုရား..။

    • ashinindaka

      August 24, 2011 at 12:18 pm

      ဒကာတို့က တယ်အတို့အထောင်တော်သကိုး။ ၂၀၀၄ – ခုနစ်က မလေးရှားကနေ ထိုင်း – ဘန်ကောက်ကို ရထားနဲ့ ခရီးထွက်ဖူးသကွဲ။ ရထားပေါ်မှာ မျက်နှာချင်းဆိုင်ဒကာကြီးက ဂရိနိုင်ငံကတဲ့။ အဲ့ဒကာကြီးက အတော်စပ်စုသကိုး။ သူစပ်စုတဲ့ထဲမှာ ငရဲပြည် နဲ့ နတ်ပြည် ဆိုတာကို ယုံလားလို့ မေးသကွဲ့။ ဒါနဲ့ “ဘာသာတစ်ခုကို တည်ထောင်ချင်သပဆိုရင် ထိုတည်ထောင်သူဟာ ငရဲပြည်နဲ့ နတ်ပြည်ကို အရင်ဆုံး တည်ထောင်ရကြောင်း” ဖြေဆိုခဲ့ဘူးတယ်။

      (မှတ်ချက် ။ ဒါဟာ ခုဒီရွာထဲက ဒကာတို့အဖွဲပြောနေတာနဲ့လုံးဝ မသက်ဆိုင်ပါကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။)

      • ကြောင်ကြီး

        August 25, 2011 at 8:46 am

        အရှင်ဘုရားကလည်း နှာစေးမပျောက်၊ တပည့်တော်ကလည်း အတို့အထောင် ဝါသနာကြီး၊ ခက်တော့နေပြီ။ တပည့်တော် မရမကလိုက်မေးရခြင်းအကြောင်းက ငရဲနတ်ပြည် ရှေးနောက်ဘဝတို့သည် ဗုဒ္ဓဘာသာအခြေခံ ကံ၊ ကံ၏အကျိုးနဲ့ စပ်ဆက်နေလို့ပါ။ ယနေ့ခေတ်မှာ ငရဲနတ်ပြည်သံသရာမရှိ ပစ္စုပ္ပန်ဝါဒီတွေကလည်း သူတို့မှ ဗုဒ္ဓဝါဒီအစစ်လို့ ဆိုနေလေတော့ အရှင်ဘုရားရဲ့ ထင်မြင်ယူဆချက်ကို ကွဲကွဲပြားပြား သိရရင် ပိုအကျိုးရှိမယ်ထင်လို့ မေးခြင်းဖြစ်ပါတယ်။ အခုလို အရှင်ဘုရားက နှာစေးပြနေတော့ ပိုပြီးသို့လောသို့လော ဖြစ်ရပါတယ်။ ဘယ်အရာမဆို အလွန်အကျူး မျက်စိမှိတ် လက်ခံတာ မကောင်းဆိုပေမဲ့ ကိုယ်မမြင်မသိတိုင်း မဟုတ်ဆိုတာလည်း မမှန်သေးပါဘူး။ အရှင်ဘုရား နှာစေးအမြန်ပျောက်ပါစေ..။
        ဗိန္နောဆရာကြောင်ကြီး

  • zawmaung

    August 24, 2011 at 12:30 pm

    Rich ???? Rich in what ????
    Poor ??? What is poor????
    Measure with what ???? Gold , Money ???

  • Thanlwinoo

    August 24, 2011 at 1:00 pm

    အေဒီ (၁၁-၁၃)ရာစုမှာ ဗုဒဘာသာကိုးကွယ်မှုနဲ့အတူ ပုဂံခေတ်ဟာ ကြီးကျယ်ဖွံ့ဖြိုးစည်ပင်ခဲ့ပါတယ်..။
    သူ့ခေတ်သူ့အခါက ကမာ့ထိပ်တန်းအဆင့်ရှိပါတယ်..။
    လူတွေရဲ့အတွေးအခေါ်မြင့်မားတာကို ကျောက်စာတွေမှာ ဖတ်ရှုရပါတယ်..။
    လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀)လောက်က ဗုဒဘာသာစတင်မှုနဲ့အတူ အိနိယပြည်ဟာ ကမာမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း အတိုးတက်အထွန်းကားဆုံးခေတ်ဖြစ်ခဲ့ပါတယ်..။
    ဗုဒဘာသာကို ကူးပြောင်းလာတဲ့ အာသောကဘုရင်ကြီးဟာ ကမာ့အရှေ့တိုင်းအနောက်တိုင်းမှာ လေးစားစရာအကောင်းဆုံးဘုရင်တစ်ပါးပါ..။
    ဗုဒဘာသာဟာ လူတွေရုပ်ပိုင်းဆိုင်ရာချမ်းသာဖို့ထက် စိတ်ပိုင်းဆိုင်ရာသန့်ရှင်းစင်ကြယ်ဖို့၊ ဘဝမှာ ကောင်းမွန်စွာနေထိုင်အသက်မွေးဖို့၊ နောက်ဆုံးမှာ သံသရာဆင်းရဲကလွတ်မြောက်ဖို့ကို အဓိကထားတာပါ..။
    ဒါကြောင့်မို့ ဗုဒဘာာဟာ ရုပ်ပိုင်းဆိုင်ရာဆင်းရဲချမ်းသာခြင်းများနဲ့ရော၊ အယူစွဲကြီးမှု၊ မျက်ကန်းအငြင်းပွားမှု၊ ဘာသာရေးစစ်ပွဲဆင်နွှဲမှုများနဲ့ရော သက်ဆိုင်ခြင်းမရှိဘူးလို့ ထင်ပါကြောင်း…။

  • zawmaung

    August 24, 2011 at 1:14 pm

    Thank you Thanlwinoo , That is what I believe.
    ဗုဒဘာသာဟာ လူတွေရုပ်ပိုင်းဆိုင်ရာချမ်းသာဖို့ထက် စိတ်ပိုင်းဆိုင်ရာသန့်ရှင်းစင်ကြယ်ဖို့၊ ဘဝမှာ ကောင်းမွန်စွာနေထိုင်အသက်မွေးဖို့၊ နောက်ဆုံးမှာ သံသရာဆင်းရဲကလွတ်မြောက်ဖို့ကို အဓိကထားတာပါ..
    Thank you Thanlwinoo , That is what I believe.

    Therefore , I ask the question:- because of this .ဒါ့ကြောင့် ဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းပြီတွေ ဘာလို့ ချမ်းသာနေပြီး
    ဗုဒ္ဓဘာသာနိုင်ငံတွေ ဘာလို့မွဲနေကြတာလဲ။

  • မီးမီး သော်

    August 24, 2011 at 8:59 pm

    ““ဗုဒ္ဓဘာသာနိုင်ငံပါလို့ ကြွေးကြော်နေပေမဲ့
    နိုင်ငံရေးသမားတွေ နိုင်ငံရေးလုပ်တဲ့နေရာမှာ
    ဗုဒ္ဓဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေနဲ့ မညီဘူးဆိုရင်
    ဆင်းရဲမှာပါဘဲ။
    သဘာဝအတိုင်းဖြစ်နေတဲ့ သဘာဝတရားက
    အသားမဲလို့၊ ဖြူလို့ဆိုပြီး ဘက်လိုက်လေ့ မရှိပါဘူး။””
    ကျေးဇူးပါနော်။

  • Thanlwinoo

    August 24, 2011 at 9:02 pm

    ဇော်မောင်ရေ..
    ဘာသာနဲ့မဆိုင် လူနဲ့ဆိုင်ပါတယ်..။
    ကျွန်တော်သိသလောက် အကြမ်းဖျဉ်းပြောရရင်.. (မြန်မာနိုင်ငံအနေနဲ့)
    ပုဂံခေတ်မြန်မာနိုင်ငံဟာ ခေတ်ပြိုင်ဥရောပ၊ အာရှနိုင်ငံအများစုရဲ့ရှေ့မှာရှိခဲ့တယ်..။
    နောက်ပိုင်းခေတ်တွေမှာ သက်ဦးဆိုင်ပိုင် ရှင်ဘုရင်တွေ အမြင်မကျယ်၊ အရည်အသွေးညံ့ဖျင်းမှု၊ ဥရောပတိုက်မှာလို Renaissance (အသိပညာအတတ်ပညာပြန်လည်ထွန်ကားမှု)မရှိ၊
    ဥရောပတိုက်မှာလို စက်မှုတော်လှန်ရေးမဖြစ်ခဲ့လို့ စက်မှုမထွန်းကား၊
    ဥရောပတိုက်မှာလို ကိုလိုနီနယ်ချဲ့ဝါဒမဖြစ်ခဲ့လို့ သယံဇာတ၊ ကုန်ကြမ်းဈေးကွက်တွေမရှာဖွေနိုင်တဲ့အပြင် (ဗုဒဘာသာနိုင်ငံအများစုဟာ) နယ်ချဲ့ကျွန်ပြုခံရပြီး ကိုယ့်သယံဇာတတွေ သူများပေးခဲ့ရပါတယ်..။
    မင်းတုန်းမင်းခေတ်မှာ (ဂျပန်မေဂျီခေတ်ပြိုင်) နိုင်ငံခေတ်မှီအောင် စတင်ဆောင်ရွက်ခဲ့သော်လည်း
    ခေတ်မီအတွေးအခေါ်ရှိတဲ့သူနည်း၊ အမြင်ကျဉ်း အာဏာကိုဖြတ်လမ်းနည်းနဲ့ယူလိုတဲ့လူတွေကြောင့်
    နှောင့်နှေးခဲ့ပြီး မကြာခင် သူ့ကျွန်ဘဝကို လုံးဝကျရောက်သွားပါတယ်.။
    ကိုလိုနီခေတ်မှာ အင်္ဂလိပ်ကအဆီအနှစ်စားပြီး အရိုးအရင်းနဲ့ပြန်လုပ်ပေးတာတောင် တိုင်းပြည်ဟာ အရှေ့တောင်အာရှအဆင့်မှာ ရှေ့တန်းမှာရှိပါတယ်..။ လွတ်လပ်ရေးရပြီး တိုင်းပြည်ပြန်လည်ထူထောင်ရာမှာလည်း ကမအဲ့ဒီခေတ်က ပေါ်ထွန်းစတိုင်းပြည်တွေ(ကိုရီးယား၊ ဗီယက်နမ်)ထက် အခြေခံကောင်းသော်လည်း စစ်တပ်(ခေါင်းဆောင်တစ်စု)က အာဏာသိမ်းပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့လို့ ပြည်သူတွေလည်းမွဲခဲ့ပါတယ်..။
    ကျန် (ထေရဝါဒ) ဗုဒဘာသာနိုင်ငံတွေအနေနဲ့ဆိုရင် တိုင်းပြည်မတည်ငြိမ်မှု၊ တိုးတက်ကောင်းမွန်တဲ့ အခြေခံဥပဒေမရှိလို့ (သို့) အားနည်းလို့၊ ခေါင်းဆောင်ကောင်းချို့တဲ့လို့၊ နိုင်ငံသားတွေ အသိပညာနည်းသေးလို့လို့ ထင်ပါတယ်..။ ရဲရဲဝံ့ဝံ့ပြုပြင်ပြောင်းလဲနိုင်တဲ့နိုင်ငံ၊ အခြေခံကောင်းတဲ့နိုင်ငံ၊ တိုင်းသူပြည်သားတွေ အသိပညာ၊ စိတ်ဓါတ်ကောင်းမွန်ရင် မကြာခင်တိုးတက်ချမ်းသာမှာပါ..။
    ဒါတွေက လူတွေရဲ့အရေး (လောကီရေး)သက်သက်ပါ..။
    ဗုဒဘာသာကတော့ လူတွေကို ကောင်းမှု၊ မကောင်းမှုကို နည်းလမ်းပြရုံပါဘဲ။
    အတင်းအဓမဘယ်သူ့ကိုမှ မလုပ်ခိုင်းပါဘူး..။ ဘယ်သူ့ကိုမှလည်း မကယ်တင်ပါဘူး..။
    ကိုယ်ဖြစ်ကိုယ်ခံပါဘဲ..။
    တိုင်းပြည် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲချမ်းသာခြင်းဟာ လောကီရေးသက်သက်ဘဲလို့ အတိုချုပ်ပြောချင်ပါတယ်…။
    အတော်ရှည်သွားဘီ ဇော်မောင်ရေ..။

  • မီးမီး သော်

    August 24, 2011 at 9:03 pm

    ““ခရစ်ယာန်နိုင်ငံသာဖြစ်နေတာ။
    နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးတွေမှာ သူတို့တတွေကျင့်သုံးနေတာက
    ၇၅% လောက်က ဘုရားရှင်ဟောထားတဲ့ တရားတော်တွေနဲ့ ညီနေတာ။
    ဗုဒ္ဓဘာသာနိုင်ငံသာဖြစ်နေတာ
    နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးတွေမှာ သူတို့တတွေကျင့်သုံးနေတာက
    ဗုဒ္ဓဘာသာကျင့်ဝတ်တစ်စက်မှ မတွေ့ရဘူး။
    ဒါ့ကြောင့် မွဲနေတာပါ။””
    ခုလိုမျိုးလမ်းပြ မျက်စိဖွင့်ပေးတဲ့အတွက်ကျေးဇူးပါနော်။

  • zawmaung

    August 25, 2011 at 9:03 am

    Thanks a lot Thanlwinoo . “ဘာသာနဲ့မဆိုင် လူနဲ့ဆိုင်ပါတယ်..။”

  • unclegyi1974

    August 25, 2011 at 10:49 pm

    အရှင်ဘုရားရေးတာချုပ်လိုက်တော့
    စိတ်သာအဓိကလို့မြင်ကြောင်းပါ

  • kai

    February 15, 2012 at 5:29 am

    ဆရာတော်က.. နိုင်ငံတကာဗဟုသုတနဲ့.. အမြင်ကျယ်တယ်..
    ဒေါက်တာဘွဲ့ကိုလည်း.. စာရွက်နဲ့မဟုတ်.. တကယ်တက်ပြီး..တတ်ပြီးရထားတော်မူတယ်..။
    အဲဒါ..
    ဘာဖြစ်လို့လည်းမသိ… ဒီထဲလာရေးတော်မမူတော့ဘူး..
    ရဟန်းတပါးအတွက်ပေးထိုက်တဲ့.. .. ထိုက်သင့်တဲ့.. အပြန်အလှန်လေးစားမှု မပေးကြတာတွေကြောင့်လည်း ပါမယ်ထင်တယ်…။

    ဆိုတော့….
    http://www.dhammagarden.com/
    မှာသွားဖတ်ဆွေးနွေးနိုင်ပါကြောင်း…။

    ( ဆရာတော်ဒီစာဖတ်မိရင်.. (အဆင်ပြေပါရင်). .ပြန်ကြွရေးပေးစေလိုတော်မူကြောင်းပါဘုရား)

    • ashinindaka

      February 15, 2012 at 7:27 pm

      ဒကာခိုင်ရေ။ ဒကာခိုင်ပြောသလို ကိုယ်သိတာလေးတွေ ကိုယ်ထင်တာလေးတွေ ဒီမှာ တင်တော့ တင်ချင်တယ်။ မှား တာ မှန်တာကတော့ စာဖတ်ပရိသတ်က စဉ်းစားယူပေါ့လေ။ သို့သော်လဲ စာကို သေချာ ဆုံးအောင် မဖတ်ပဲနဲ့ တစ်ပိုဒ်လောက်ဖတ်ပြီး အရမ်းကာရော မန့်တဲ့သူတွေ တွေ့ရတော့ စိတ်အနှောက်အယှက်ဖြစ်မိတာတော့ အမှန်ပဲ။ ဒကာခိုင်ရဲ့ သတိတရ ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပါတယ်။ ဆက်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်။

      • MaMa

        February 15, 2012 at 8:29 pm

        ဆရာတော်ဘုရား- တပည့်တော့ကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် မိရိုးဖလာအဆင့်လောက်ပဲ ရှိတာမို့ ဘာသာတရားနဲ့ပတ်သက်လာရင် မှန်မှန်ကန်ကန် ချင့်ချိန်နိုင်စွမ်းအားနည်းလို့…
        ပြင်ပလောကမှာပဲ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေကို နည်းနည်းပါးပါး နာဖြစ်တာကလွဲပြီး ဒီဆိုဒ်ထဲမှာဆိုရင် ဘာသာရေးစာပေတွေကို မဖတ်ဖြစ်သလောက် ဖြစ်သွားပါတယ်။
        အခုမှ သဂျီးရေးတာရော၊ ဆရာတော်ရေးတာကြောင့်ပါ ဒီပိုစ့်ကို ပြန်ဖတ်မိပါတယ်။
        ဆရာတော်ရေးထားတဲ့စာကိုဖတ်ပြီး တရားသိသူနဲ့ တရားရှိသူလို့ သိရှိနားလည်သွားကြောင်း
        ရိုသေလေးစားစွာဖြင့် လျှောက်ထားအပ်ပါသည် ဘုရား။

  • True Answer

    February 15, 2012 at 10:30 am

    မောင်ဂွ တို့ ပစ်စုပ်ပန် သမားတွေ ဖတ်ဖို့ကောင်းတယ်။
    သူတို့က ထေရဝါဒ ကြောင့်ချည်းလုပ်နေပြီး

    မိမိကိလေသာအလိုနဲ့ ပြင်ဆင်လုပ်ထားတဲ့ ပစ်စုပ်ပန် မိုးပြာဝါဒ မှသာလျှင် တိုင်းပြည်တိုးတက်မယ် လူသားတွေ ငြိမ်းချမ်းမယ် ဆိုလား

  • aye.kk

    February 16, 2012 at 4:31 am

    လူလိမ္မာနည်းသောနိုင်ငံသည်ဆင်းရဲဧကန်ဖြစ်မည်။
    လူလိမ္မာပေါသောများသောနိုင်ငံသည်ချမ်းသာကြွယ်ဝသည်။

  • san di

    February 16, 2012 at 4:05 pm

    သန်လျင်သဘာဝဓမ္မလိပ်စာလေးပြောပေးပါအုံး။ သိတဲ့သူရှိရင်

  • san di

    February 16, 2012 at 4:19 pm

    အရှင်ဘုရားပြောသလိုဘဲ တို့တစ်တွေလည်း သီလကိုတတ်နိုင်သလောက်စောင့်ထိန်းပြီး ဘုရား တရား သံဃာကို ရင်ထဲနှလုံးားထဲကနေကိုးကွယ်ရာဖြစ်ဆည်းကပ်ကြရအောင်နော်

Leave a Reply