မန္တလေးမြို့ဟာ ဟိုးတစ်ချိန်ကဆိုရင် စက်ဘီးမြို့တော်အဖြစ် ကျော်ကြားခဲ့တဲ့ မြို့တစ်မြို့ပေါ့။ ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ ဆိုင်ကယ်တွေကို လိုင်စင်လွယ်ကူသက်သာစွာ ပြုလုပ်ပေးခဲ့တာကြောင့် ဆိုင်ကယ်မြို့တော်အဖြစ် ကျော်ကြားနေပါတယ်။ လူဦးရေ ၁ သန်းကျော်လောက် မှီတင်းနေထိုင်တဲ့ မြို့ကြီးမှာ ဆိုင်ကယ်စီးရေက ၄ သိန်းလောက် ရှိမယ်ထင်ပါတယ်။ ဆိုင်ကယ်အသစ်တွေလည်း တစ်နေ့တစ်ခြား တိုးပွားလာနေဆဲပါ။ တရုပ်ဆိုင်ကယ် အသစ်စက်စက်တွေရောင်းတဲ့ ဆိုင်တွေလည်း မိုးဦးကျမှိုပေါက်သလို ဖွင့်လာကြတာ တွေ့နေရပါတယ်။

လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေ များပြားလှသလို လိုင်စင်မဲ့ဆိုင်ကယ်တွေကလည်း များပြားနေပါတယ်။ လိုင်စင်မဲ့ဆိုင်ကယ်တွေ၊ လိုင်စင်ရှိပြီး နံပါတ်ပြားဖြုတ်ပြီး စီးနင်းတဲ့ဆိုင်ကယ်တွေ လမ်းပေါ်မှာ အများအပြား တွေ့ရှိနေရပါတယ်။ ဒီလိုစီးကမ်းမဲ့တဲ့ဆိုင်ကယ်အရေအတွက် များလာတာဟာ လုံးဝမကောင်းပါဘူး။ ဆယ်စုနှစ်အတွင်းမှာ ဆိုင်ကယ်နဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်းကြသူတွေ အားလုံးနီးပါးဟာ လိုင်စင်မဲ့၊ နံပါတ်အတုတပ်ထားတဲ့ဆိုင်ကယ်တွေ ဖြစ်တာ သတိထားမပါတယ်။

သက်ဆိုင်ရာက ရာဇ၀တ်မှုတွေ ဆိုင်ကယ်နဲ့ကျူးလွန်တာများလာတဲ့အချိန်မှာ အရေးယူမှုအချို့တော့ လုပ်ဆောင်ခဲ့ဖူးတာ သတိထားမိပါတယ်။ ဒါပေမယ့် စနစ်တကျ နှိမ်နင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ပညာပေးနိုးဆော်နိုင်မှုပိုင်း အားနည်းလို့ မအောင်မြင်ခဲ့တာလို့ ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ ဆိုင်ကယ်တွေကို တင်းတင်းကြပ်ကြပ် အရေးယူစစ်ဆေးမယ်လုပ်လိုက်တိုင်း ကျောင်းသားမပီသတဲ့ ကျောင်းတော်သားတွေနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ဆုတ်ပေးနေရတယ်လို့ ဆိုရပါမယ်။ ကျောင်းသားမပီသတဲ့ ကျောင်းတော်သားတွေကလည်း ကျောင်းသားကဒ် ကိုင်ဆောင်ခွင့်ရတာဟာ စည်းကမ်းမဲ့ပြုလုပ်ခွင့်ကဒ် ကိုင်ဆောင်ခွင့်ရတယ် လို့များမှတ်နေကြလားမသိပါဘူး။ ကျောင်းတော်သားတော်တော်များများဟာ စည်းကမ်း ဆိုတာတွေကို ချိုးဖောက်နေလေ့ရှိပါတယ်။ အဲဒီ ကျောင်းတော်သားအများစုကို အရာရှိကြီးကြီးမာစတာတွေရဲ့ သားတွေက ဦးဆောင်နေတာဟာလည်း စည်းကမ်းကိုထိမ်းသိမ်းပေးနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတွက် အခက်အခဲဖြစ်စေပါတယ်။

ဒီတော့ ရာဇ၀တ်မှုတွေကို အထူးသဖြင့် အိတ်လုယက်မှုတွေကို ကျူးလွန်ချင်သူတွေအတွက် ဆိုင်ကယ်စီးပြုလုပ်ဖို့ ပိုမိုအခွင့်အရေးရနေတော့တာပေါ့။

၂၃-၈-၂၀၁၁ နေ့ည ၈နာရီ မိနစ် ၂၀ ခန့်လောက်က သိပ္ပံလမ်းပေါ် ဗိုလ်ချုပ်ရွာနား ၆၆×၆၈ လမ်းကြားလောက်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ယောက် ဆီကနေ့ အိတ်တစ်လုံးလုယက်မှုဖြစ်ခဲ့ပါတယ်။ ပြောမယ်ဆိုရင် အဲဒီနေရာဟာ တခါတရံလူပျတ်ပါတယ်။ မှောင်လည်း မှောင်ပါတယ်။ မန္တလေးမြို့ပေါ်က လမ်းအများစုမှာ လမ်းမီးကလည်း မလင်းတာလည်း များပါတယ်။ လူရှင်းနေတာကိုအခွင့်ကောင်းယူပြီး မသမာသူတွေက ဆိုင်ကယ်နဲ့ပဲ အိတ်ကိုစောင့်ဆွဲ လုယူ မောင်းနှင်ထွက်ပြေးသွားပါတယ်။ လုယက်ခံရတဲ့အမျိုးသမီးရဲ့ဆိုင်ကယ်ဟာ လဲကျကျန်ခဲ့ပါတယ်။ ကံကောင်းလို့ ဒဏ်ရာတော့ ကြီးကြီးကျယ်ကျယ် မရခဲ့ပါဘူး။ အိတ်ထဲမှာ ဘာတွေဘယ်လောက် ပါသွားတယ်ဆိုတာတော့ မသိပါဘူး။ လဲကျရာမှာ အခန့်မသင့်ရင် ကျိုးပဲ့သွားနိုင်သလို အသက်ဆုံးရှုံးမှုလည်း ဖြစ်နိုင်ပါတယ်။

ဒီလို လုယက်မှုတွေဟာ မန္တလေးမှာသာမက တနိုင်ငံလုံး မကြာခဏဖြစ်ပွားနေတတ်ပါတယ်။ မိတယ်ဆိုတဲ့သတင်းကတော့ အတော်ရှားပါတယ်။ မူခင်းဂျာနယ်တွေမှာ တနိုင်ငံလုံးက ခိုးမှု၊ လုယက်မှုတွေရဲ့ တရားခံတွေကို ဖမ်းမိတဲ့သတင်းမှာ တူညီတာတစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ ကာရာအိုကေ စားသောက်ဆိုင်လို၊ စင်တင်စားသောက်ဆိုင်လို၊ အနှိပ်ခန်းလို နေရာမှ လုပ်တဲ့ မိန်းကလေးတွေနဲ့ ပျော်ပါး သောက်စားနေကြ၊ နေတတ်တဲ့ လူငယ်တွေ ဖြစ်နေတာပါ။ တခဏပျော်ရွှင် မှုအတွက် တဖက်သား စိတ်ဒုက္ခရောက်မှာ ထည့်မတွက်ကြတဲ့ ဆင်ခြင်ဥာဏ်နည်းတဲ့သူတွေပေါ့။

သက်ဆိုင်ရာအနေနဲ့ ထိထိရောက်ရောက် အရေးယူခဲ့မှုတွေ မရှိသေးပေမယ့် အေးချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေတဲ့ အချိန်မှာ ဒီလိုကိစ္စတွေကိုလည်း ထိရောက်အောင် အရေးယူဆောင်ရွက်သင့်ပါတယ်။ ကာရာအိုကေစားသောက်ဆိုင်တွေ၊ စင်တင်တေးဂီတနဲ့တွဲဖွင့်တဲ့ စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေကို အကုန်ပိတ်သိမ်းပစ်သင့်တယ်လို့တော့ မပြောလိုပါဘူး။ စနစ်တကျရှိအောင်တော့ ကျပ်မတ်သင့်ပါတယ်။ ပြည်သူတွေ အထူးသဖြင့် ကျောင်းသားတွေကိုလည်း ထိရောက်တဲ့ပညာပေးမေတ္တာရပ်ခံပြီး လိုင်စင်မဲ့ဆိုင်ကယ်တွေ၊ နံပါတ်တုတပ်ဆိုင်ကယ်တွေကို ဖမ်းဆီးရာမှာ ပူးပေါင်းဖို့ ကျယ်ကျယ်ပြန့်ပြန့်အသိပေးစီးရုံးပြီး ဆောင်ရွက်သင့်ပါတယ်။

ဆိုင်ကယ်စီး ဒုစရိုက်ကျူးလွန်သူတွေပေါလာနေတဲ့ မန္တလေးကို ကယ်တင်ပေးကြပါလို့ အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။

About piti

ko piti has written 17 post in this Website..

I'm Myanmar. I love Myanmar. I live in Mandalay.