ကြွေးဟောင်းဆပ်ခွင့်ပြုပါမေမေ

manawphyulayAugust 24, 20111min14312

လောကမှာ
နေထိုင်စရာအတွက် မြေ
ရှူရှိုက်ဖို့အတွက် လေ
သောက်သုံးဖို့အတွက် ရေထက်
သားသမီးတွေအတွက်
အဖိုးမဖြတ်နိုင်သော မေမေသာ
အရေးကြီးဆုံးပါ မေမေ…
ကြည်လင်ချိုအေးတဲ့
ကျောက်စက်ကျစမ်းရေဟာ
မောပန်းရေဆာသူတွေအတွက်
အဖိုးမဖြတ်နိုင်တာထက်
သားသမီးတွေအတွက်ကတော့
အမေ့ရဲ့အပြုံးတစ်ချက်ဟာ
ဘာနဲ့မှ မလဲနိုင်အောင်
အဖိုးမဖြတ်နိုင်ဆုံးပဲ မေမေရေ…
အမေ့စေတနာကို
ဖက်မနမ်းမိ
ကြာပါပြီ
ရက်၊ လ၊ နှစ်တွေ
ဆံပင်ဖြူတော့မယ့်အထိပေါ့
အခုမှ
ဦးနှောက်ကို ဆားခပ်ပြီး
ပြန်စဉ်းစားကြည့်မိတယ်
ငါဟာ ပေးဆပ်ခြင်းကို
ကျေပွန်အောင် မပြုလုပ်ရသေးပါလား
မေမေရယ်
စိတ်ထဲမှာ
အကြိမ်ကြိမ်ခံစား
အမေနဲ့အတူ ရှင်သန်ခွင့်တွေ
အမြဲရချင်တယ် မေမေရယ်…
သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ မေမေ…

12 comments

  • အဆိုတော်ရူးမလေး

    August 24, 2011 at 5:26 pm

    အမ ကဗျာလေးကိုဖတ်ပြီး စိတ်ထဲမှာ အရမ်းကို ‘ ဟာ’ သွာပါတယ်အမရယ် ဘာလို့လဲဆိုတော့ ညီမလေးက နယ်ကနေလာနေတာပါ တစ်နှစ်တစ်ခေါက်ကိုတော့ အမေ ရှိတဲ့မွေးရပ်မြေကိုပြန်ဖြစ်ပါတယ် အမေကတော့
    ညီမလေးတို့မောင်နှမတွေကို အစစအရာရာ အဆင်ပြေအောင်အမြဲတမ်းစောင့်ရှောက်ပေးခဲ့ပါတယ် ဒါပေမဲ့
    ခုချိန်ထိ အမေ့အတွက် ညီမ မပေးဆပ်ခဲ့ဖူးသေးပါဘူး အဲဒါနဲ့ပတ်သက်ပြီး အမကဗျာလေးကိုဖတ်မိတဲ့အချိန်မှာ အမေ့အတွက်ပေးဆပ်ရမှာတွေအရမ်းများများကျန်သေးတယ်ထင်တယ်နော် အဲဒီအတွက် ညီမ အရမ်းကိုစိတ်မကောင်းဖြစ်ပြီးရင်းဖြစ်မိပါတယ်။

    • manawphyulay

      August 24, 2011 at 5:35 pm

      စိတ်မကောင်းမဖြစ်ပါနဲ့ ညီမလေး… ဒီလို အသိရှိနေရင်ကို အမေ့အတွက် ပေးဆပ်မှုတစ်ခုပဲလို့ အမေက သဘောပေါက်နေမှာပါ။ နောက်တစ်ချက်က မိဘတွေ ရှိနေချိန်မှာ မိဘတွေကို ပြုစုစောင့်ရှောက်စေချင်ပါတယ်။ မိဘဆိုတာ မသေခင်လုပ်ကျွေးပါတဲ့ သေမှ မငိုပါနဲ့ဆိုတဲ့ စာသားလေးကို အမြဲလက်ကိုင်ထားပြီး ဘယ်လောက်ပဲဝေးဝေး ဖုန်းလေးပဲဆက်ဆက်၊ စကားလက်ဆောင် အမြဲပါးနေလိုက်ပါညီမလေး…..

      • ogre

        August 24, 2011 at 7:52 pm

        ကျွန်တော်အမေကတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်
        လေဖြတ်ဝေဒနာကိုခံစားရင်း အခုတော့ဆုံသွားတာ ၃နှစ်ရှိပါပြီး
        လေဖြတ်နေတဲ့ကြားက ကျွန်တော် အင်္ကျီလေးတွေ မီးပူတိုက်ပေးနေတဲ့ပုံရိပ်ကို
        အခုချိန်ထိမြင်ယောင်နေတုန်းပါပဲ
        ဆုံးပြီးတဲ့ တစ်လလောက်အထိ အိမ်နောက်ဖေးကကြွက်တိုးလို့ အိုးသံပန်းကန်သံကြားရင်တောင်
        အမေများနောက်ဖေး ထမင်းချက်နေတာလားလို့ ယောင်ပြီး ထထကြည့်မိတာ
        ခဏခဏ ပါပဲ…။
        မိဘကိုတော့ တစ်သက်မဟုတ်တောင် တမနက်တခဏ လောက်ဖြစ်ဖြစ် ခြေဆုပ်လက်နယ်
        သေသေချာချာလုပ်ဖြစ်အောင်လုပ်ပေးကြပါလို့ ဒီကနေတောင်းဆိုပါတယ်…။။
        နောင်ကျတော့မှ နောင်တရနေကြမှာစိုးလို့ပါ..။။။

  • nozomi

    August 24, 2011 at 5:44 pm

    အမေက ပြောတယ် ကြွေးဟောင်း မဆပ်ချင်နေပါ
    ကြွေးသစ် ထပ်မယူရင် တော်ပါပြီတဲ့

    (အဲဒီလို ပြောပြီးမှ ထပ်ထပ်ပေးမိတာလဲ များနေပြီ တဲ့)

  • redbull

    August 24, 2011 at 7:19 pm

    ဪ….. မိဘ နှစ်ပါး သက်ရှိ အထင်အရှား ရှိနေဆဲ… ငါမေ့လျော့ပေါ့ဆ နေမိပါလား….
    မ မနော ကယ်လိုက်သလိုပါပဲ… ကျေးဇူးတင်လိုက်တာ…

  • pannu

    August 24, 2011 at 7:20 pm

    မေမေ့ကိုရော ဖေဖေ့ကိုရော ကျေးဇူးဆပ်ပါ့မယ် ၊

  • မီးမီး သော်

    August 24, 2011 at 8:54 pm

    သားတို ့ရုပ်ရည် သီတာမည်သား ရေကြည် စမ်းမြတပေါက်ကျက မိဘတို ့ဝမ်း ငြိမ်းစတမ်း ပါတဲ့။အမေ ရေ အမေ ့အတွက်သတိရလွမ်းဆွတ်ခြင်းတွေတပွေ ့တပိုက်နဲ ့ ဒီတစ်နွေရုံးပိတိရက်မှာတော့ အမေ့ကို ခြေဆုပ်လက်နယ်ပေးဖို ့ပြန်ခဲ့ပါမယ် အမေ။မမ မနောရေ ကျေးဇူးပါနော်။xie. Xie

  • ပေါက်ဖော်

    August 24, 2011 at 9:49 pm

    အမေလဲ မချိ..အဖေလဲ မချိ..
    အကြွေးဆပ်ဖို ့…အာရုံဖမ်းလို ့ကို မမိ..
    ဆပ်စရာ အကြွေးဆိုလို ့ ရွာထိပ်က ဘီအီးအကြွေးပဲ ရှိ
    မှားတာရှိ ဝန္ဒာမိ

    တဂျီး.
    တစ်တိန်းလောက်ချေးပါရား..
    မေမေ့ကို ကန်တော့ချင်လို ့

    (ကောင်းရာကောင်းကြောင်း ပြောနေကြတဲ့ အချိန်..သိုင်းကွက်နင်းပြီး ဝင်လာမိတဲ့အတွက် အားလုံး တောင်းပန်ပါတယ်ခင်ဗျ။)

  • ကြောင်ကြီး

    August 25, 2011 at 9:35 am

    ဆပ်ဆပ်၊ အတိုးလည်းပေးဖို့ မမေ့နဲနော်။

  • pan pan

    August 25, 2011 at 10:04 am

    ကြွေးဟောင်းကမကျေနိုင်သေးဘူး
    အတိုးကတက်နေပြီ
    ခုထိအဖေ့လုပ်စာစားနေရတုန်း
    အလုပ်ကလေးရှိတာလည်း ရတဲ့လခ ကိုယ်ပိုင်ငွေလိုသဘောထားနေတာဆိုတော့…..။

  • moethidasoe

    August 25, 2011 at 11:22 am

    အချို့သော သူများကလွဲလို့ အများအားဖြင့်တော့ ကြွေးဟောင်းကို ဆပ်ချင်နေကြသူတွေပါ ..
    ဒါပေမယ့် .. လက်ရှိ ကြွေးသစ်တွေ ချနေရတာရယ် .. ငါ့ဝမ်းပူဆာ တာရယ်ကြောင့်သာ
    ကြွေးဟောင်းတွေက မေ့နေတဲ့ အစိတ်အပိုင်းကို မရည်ရွယ်ပဲ ရောက်သွားကြတာ မဟုတ်လား

Leave a Reply