ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၁၀)

asiamastersAugust 24, 20111min19511

ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ တာဝါလိန်းလမ်းက အိမ်ကိုသွားခဲ့တာ ၁၉၉၈ ခုနှစ်ကဖြစ်ပါတယ်။ ယခင်ဂျပန်ခောတ်မှာဆေးရုံကြီးဖြစ်ခဲ့တဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေချိန် ဂျပန်ခောတ်ဆေးရုံကြီးစာအုပ်ကိုဖတ်နေချိန်လဲဖြစ်ပါတယ်။ သိလိုသေးတဲ့ကွင်းဆက်တွေက အများကြီး ကျန်သေးတော့ ဗိုလ်ချုပ်ပြတိုက်ကိုသွားဖို့ရည်ရွယ်ခဲ့တာပါပဲ။ အိမ်ဝကိုရောက်ရောက်ခြင်းမှာပဲ ဂိတ်ရဲ့ညာဘက်မှာရပ်ထားတဲ့ ဗိုလ်ချုပ်အသုံးပြုခဲ့တဲ့ကားကိုတွေ့ရပါတယ်။ ဒီကားပေါ်မှာရပ်ပြီး ဗိုလ်ချုပ်စကားပြောနေတဲ့ ဓါတ်ပုံလေးတစ်ပုံရှိဖူးပါတယ်။ ဗိုလ်ထွန်းလှပြောပြတဲ့ ဗိုလ်ချုပ်ရဲ့ ဒရိုင်ဘာအကြောင်းလေးကို သတိရမိပါတယ်။ ပြီးတော့အိမ်ပေါ်ကိုတက်ခဲ့တော့ အောက်ထပ်မှာပဲ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့နဲ့ စာအုပ်ဘီရိုလေးကို သတိထားမိပါတယ်။ စာအုပ်ဘီရိုလေးက မှန်နဲ့သစ်သားလုပ်ထားတဲ့ဘီရိုလေးပါ။ ဒီအထဲမှာတော့ စာအုပ်အတော်များများတော့ရှိပါတယ်။ အများစုကတော့ အင်္ဂလိပ်စာပေတွေများပါတယ်။ ကျွန်တော်ဟာ စာဖတ်ဝါသနာပါသူမို့ စာအုပ်ဘီရိုလေးကိုကြည့်ပြီး ဗိုလ်ချုပ်ကိုအောက်မေ့မိပါတယ်။ ကျွန်တော်က ဗိုလ်ချုပ်ကို ဓါတ်ပုံမှာပဲမြင်ဖူးခဲ့တာပါ။ ဒါကြောင့် ဗိုလ်ချုပ်နဲ့သိမှီခဲ့တဲ့လူတိုင်းကို ဗိုလ်ချုပ်အကြောင်းမေးမြန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးခဲ့သမျှကို တစ်လုံးမကျန်အကုန်ဖတ်ပါတယ်။ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့ကိုကြည့်တော့ ဗိုလ်ချုပ်ဟာ ခန္ဒာကိုယ်သေးငယ်တာကို သတိထားမိပါတယ်။ အိမ်ပေါ်ကနေတောင်ဖက်အောက်ကို ကြည့်လိုက်တော့ ဗိုလ်ချုပ်သားလေးရေနစ်သေဆုံးခဲ့တဲ့နေရာလေးကိုတွေ့ရပါသေးတယ်။ အလိုလိုနေရင်း ကျွန်တော့်ရဲ့မျက်လုံးထဲမှာ မျက်ရည်များဝေ့တက်လာသလိုခံစားရပါတယ်။ ဒီနေရာ၊ ဒီအိမ်မှာ နေသွားခဲ့ကြသူတို့ ကျွန်တော်နဲ့အမျိုးအဆွေမတော်စပ်သော်လည်း သူတို့ရဲ့ အဖြစ်အပျက်များက ကျွန်တော့်ရဲ့နှလုံးသဲပွတ်ကို ပြင်းထန်စွာလှုပ်ခါစေခဲ့ပါတယ်။

ကျွန်တော်သိရသလောက် ဗိုလ်ချုပ်ဟာ စာအလွန်ဖတ်သူဖြစ်ပါတယ်။ တစ်ခါက အိမ်သာတက်တုန်း စာဖတ်နေတာ ကြာသွားလို့ ဘုရင်ခံနဲ့ချိန်းထားတာတောင် လွဲတော့မလိုဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်တို့စလှုပ်ရှားခဲ့တဲ့ ၁၉၃၅ ကနေ ၁၉၄ဝ လောက်အထိ မြန်မာနိုင်ငံမှာ စာအုပ်စာပေအတော်ရှားပါးပါတယ်။ စာအုပ်ပေကောင်းတွေက ဒီနေ့အထိလည်းရှားပါးဆဲပါပဲ။ ဒါကိုကျွန်တော်ကိုယ်ချင်းစာပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်တစ်ခုကတော့ ကွန်မြူနစ်ဝါဒဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒပေါ်ပေါက်လာတာကတော့ ဂျာမန် နိုင်ငံရေး ပညာရှင် ကြီး ကားလ်မာက်စ် နဲ့ ဖရက်ဒရစ် အိန်ဂျယ်တို့နှစ်ဦးဟာ ကွန်မြူနစ်ကြေညာစာတမ်း (Communist Manifesto) ဆိုတဲ့စာအုပ်ကို ၁၈၄၈ ခုနှစ်မှာရေးသားထုတ်ဝေခဲ့ပါတယ်။ မြန်မာနိုင်ငံကအခြေအနေနဲ့ပြောရင်တော့ သာယာဝတီမင်းနဲ့ မင်းတုန်းမင်းကြားကာလမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကွန်မြူနစ်ဝါဒ ဟာ ဥရောပမှာ အတော်ထွန်းကားလာပါတယ်။ ရုရှားနိုင်ငံမှာအုပ်ချုပ်တဲ့ ဇာဘုရင်ကို ကွန်မြူနစ်ဘော်ရှီဗစ်များက အောင်ပွဲခံပြီးနောက်ပိုင်းမှာတော့ ဆိုဗီယက်ရုရှား ဆိုပြီးကွန်မြူနစ်ဝါဒ ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုဆောင်ရွက်နေတဲ့ ကျောင်းသား ခေါင်းဆောင်များထဲမှ ဗိုလ်ချုပ်၊ သခင်သန်းထွန်းနဲ့ ဥိးသိန်းဖေမြင့်သုံးဦးဟာလည်း အလွန်စိတ်ဝင်စားခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရဟာ ခေါင်းထောင်လာတဲ့ကွန်မြူနစ်ဝါဒကို အလွန်ကြောက်ပါတယ်။ ဒီတော့ဗိုလ်ချုပ်တို့ဟာ ကွန်မြူနစ်နဲ့ဆိုင်တဲ့ စာအုပ်တွေကို အလွယ်တကူမရှာဖွေနိုင်ပါဘူး။ တစ်ချို့စာအုပ်ရှိသူများကလည်း ဝှက်ထားပြီး သူတို့ပဲတတ်သလို ဆရာကြီးလုပ်ကြပါတယ်။ မြန်မာပြည်မှာက ဒီနေ့ခောတ်အထိလည်းသည်အတိုင်းပါပဲ။ သိပ်အပြောင်းလဲကြီးတော့ မရှိသေးပါ။

ဒေါက်တာဘမော် ပြင်သစ်နိုင်ငံ ဘော်ဒိုးတက္ကသိုလ်မှာတက်ရောက်နေစဉ်မှာ ပြင်သစ်မှာ ကွန်မြူနစ်ဝါဒ အတော်ခေတ်စားနေချိန်ဖြစ်ပါတယ်။ ဒေါက်တာဘမော်ရဲ့ စတိုင်တစ်ခုကတော့ဘယ်ရီ (Beret) ကိုပြင်သစ်စတိုင်အတိုင်း တစ်စောင်းဆောင်းတတ်လေ့ရှိခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုပြန်လာတော့ ကွန်မြူနစ်ဝါဒ အခြေခံ စာအုပ်တွေ ကိုသယ်ခဲ့ပါတယ်။ စာအုပ်ကနှစ်အုပ်ပဲပါတာပါ။ တစ်အုပ်ကတော့ လာငှားရင်းနဲ့ပျောက်သွားပါတယ်။ နောက်တစ်အုပ်ကတော့ သခင်သန်းထွန်းက ငှားလာတာနဲ့ ဗိုလ်ချုပ်တို့ဖတ်ခွင့်ရကြပါတယ်။ ဒီမှာ ကွန်မြူနစ်ဝါဒီရဲ့ ပြင်းထန်သောစုစည်းမှုကို ဗိုလ်ချုပ်တို့ရိပ်စားမိပြီး၊ ကွန်မြူနစ်ပါတီကို စတင်ထူထောင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပထမဆုံးသော ဥက္ကဌဟာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖဆပလ အဖွဲ့ချုပ်ဖြစ်လာတာကတစ်ကြောင်း၊ ကွန်မြူနစ်တွေရဲ့အားနဲချက်ကိုပဲမြင်လာတာလားမသိ၊ ကွန်မြူနစ်ပါတီကို သခင်သန်းထွန်းနဲ့ ဦးသိန်းဖေမြင့်တို့ထံလွှဲလိုက်ပါတော့တယ်။ ကွန်မြူနစ်အကြောင်းဆက်ရေးပါမည်။

11 comments

  • koyinmaung

    August 24, 2011 at 10:06 pm

    ဗဟုသုတရပါတယ်..ဦးနေဝင်းရဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာလဲ
    ကွန်မြူနစ်ရဲ့အစိတ်ပိုင်းတခုဘဲမဟုတ်ပါလာ…
    တော်တော်ကြောက်စရာကောင်းတဲ့ဝါဒပါဘဲ
    ဘုရားကိုဘုရားမှန်မသိ မိဘကိုမိဘမှန်းမသိ….
    ဆက်လက်အားပေးနေပါတယ်….

    • maungmoenyo

      August 25, 2011 at 9:46 am

      အမှန်ပြောရရင် ဗိုလ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ဟာ ဗုဒ္ဓအယူနွယ်တဲ့ တွေးခေါ်မြှော်မြင်ရေးစာတမ်းဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကျမ်းတစောင်ဖြစ်ခဲ့တဲ့ လူနဲ့ ပါတ်ဝန်းကျင်တို၏အညမညဖြစ်စဉ်ဟာ ပဓါနကျတဲ့စာတမ်းပါ။ ဆိုရှယ်လစ်လမ်းစဉ်လို့သာဆိုပေမဲ့ နိုင်ငံတကာကဆိုရှယ်လစသ်စနစ်တွေနဲ့မတူ တမူခြားပါတယ်။ ဒါ့ကြောင့် ဆိုရှယ်လစ်ပန်းတိုင်ကို မြန်မာ့ လမ်းစဉ်နဲ့ ချီတက်တယ်လို့ဆိုပါတယ်။ ဦချစ်လှိုင်တို့၊ ဦးစောဦးတို့က အဲ့ဒီလမ်းစဉ်ကိုသရုပ်ဖေါ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သခင်တင်မြလဲ တစ်ဦးပေါ့။
      ဒါပေမဲ့ ဗိုလ်နေဝင်းကတော့ အဲ့ဒီမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့အနှစ်သာရတွေကိုအရေးတယူ မလုပ်ခဲ့သလို၊ သူ့ရဲ့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေတော်တော်များများဟာ အဲ့ဒီလုပ်နည်းလုပ်ဟန်ဗျုဟာတွေကနေသွေဖည်လို့၊ ပါတီတွင်းမှာတီးတိုးဖြစ်ခဲ့ပါတယ်။ ကြားဖူးမှာပေါ့ – “ပါတီသန့်စင်ရေး” ဆိုပြီး ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်အချို့အပါအဝင်အောက်ခြေအထိ တော်တော်များများ ပြုတ်သွားကြတာလေ…။

  • ဆူး

    August 24, 2011 at 11:05 pm

    ကွန်မြူနစ်က တော်တော် ထူးဆန်းတယ်နော်.. သူ့ဝါဒကို လူ ၁၀ဝ မှာ ၈ဝ က သဘောကျတယ် ပြောတယ်။ စည်းရုံးရေး အားတော်တော် ကောင်းတယ်။ ဝါဒ နဲ့ ပတ်သတ်တာလေး ထည့်ရေးပေးပါ.. ဗဟုသုတ အဖြစ်ပေါ့။

  • captainamerica

    August 25, 2011 at 12:34 am

    အဲခေတ်တုန်းကအခြေအနေတွေက ကိုက်တာကိုးဗျ။အဲဒီတော့သူဝါဒကိုကြိုက်ကြတာပေါ့
    အာကောင်းလေ လူတွေသဘောကျလေကိုးဗျ။ ဝါဒရေးရာသမားတွေ။
    ကြိုက်သလိုဖြန်.ပြောလို.ရတယ်။တော်ကီကောင်းရင်ကောင်းသလို
    တတိယကမ္ဘာတွေဘဲခေတ်စားမှာပေါ့။ဆင်းရဲသားများကြတာကိုး
    ဥရောပမှာက၁၉၅ဝလောက်မှာလုံးဝအမြစ်ပြုတ်နေဘီ။

    • Foreign Resident

      August 25, 2011 at 3:01 am

      Agree with,
      (1) တော်ကီကောင်းရင်ကောင်းသလို &
      (2) တတိယကမ္ဘာတွေဘဲခေတ်စားမှာပေါ့။ဆင်းရဲသားများကြတာကိုး

      ဒီနေ့အမေရိကန်ပြည်ထောင်စုထဲမှာ ကော်ပိုးရေးရှင်းတွေ၊ ကုမ္ပဏီတွေကို မလှုပ်နိုင်မယှက်နိုင်အောင် ဥပဒေတွေအမျိုးမျိုုးနဲ့ ကန့်သတ်ထားတာ
      တကယ့်ကို ဆိုရှယ်လစ်ဆန်ဆန်ဖြစ်ဖြစ်နေပါပြီ။
      လက်ရှိ ကမ္ဘာမှာ အလုပ်သမားအခွင့်အရေးအများဆုံးရထားတာလည်း အမေရိကပါ။

  • ရွှေအိမ်စည်

    August 25, 2011 at 9:09 am

    Asia Expressလည်းကွန်မြူနစ်ဘဲလေ

    asiamasterလည်း..အဲ ့ဒိမှာနေတာဟုတ်…
    တူလားမတူလားဘဲ…AEကိုပြောတာ

    • maungmoenyo

      August 25, 2011 at 9:49 am

      Asia Express ဆိုတာ ဗိုလ်ချုပ်လမ်းမကြီးပေါ်က (ကျော်တံတားမြို့နယ် ထဲက) မောင်မောင်ဥိး တို့ ဝင်းစိန်တို့ empire လား?

  • pan pan

    August 25, 2011 at 9:45 am

    ကွန်မြူနစ်ဝါဒအကြောင်း သေချာသိချင်နေပါတယ်
    နောက်ပိုစ့်ကို စောင့်မျှော်နေပါတယ်
    ဆိုရှယ်လစ်လမ်းစဉ်အကြောင်းလည်း ရှင်းပြပေးပါ

  • jockerlay98

    September 26, 2011 at 3:00 pm

    ကွန်မြူနစ်က တော်တော် ထူးဆန်းတယ်နော်.. သူ့ဝါဒကို လူ ၁၀ဝ မှာ ၈ဝ က သဘောကျတယ် ပြောတယ်။ စည်းရုံးရေး အားတော်တော် ကောင်းတယ်။ ဝါဒ နဲ့ ပတ်သတ်တာလေး ထည့်ရေးပေးပါ.. ဗဟုသုတ အဖြစ်ပေါ့။

Leave a Reply