ဝ နယ်ထဲတိုက်ပွဲဖြစ်လျှင် ယူနန်နယ်မှ စစ်သည် ၃ သိန်းကူညီမည်ဟုသတင်းပျံ့

BayoteMay 12, 20101min531

ကိုးကန့်အရေးအခင်းမှ ရသည့်သင်္ခဏ်းစာကြောင့် ဝ နယ်အတွင်းသို့ နအဖ ကျူးကျော်ရန်စလာပါက ယူနန်နယ် တရုတ်စစ်သည်များ ဘီကင်းအမိန့်မစောင့်ဆိုင်းဘဲ အင်အား ၃ သိန်း ချက်ချင်းပို့မည်ဆိုသည့်သတင်း ဝ လူထုကြား ပျံ့နှံ့လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“နယ်စပ် တရုတ်အာဏာပိုင်တွေနဲ့ ဝင်ဆန့်တဲ့အသိုင်းအဝိုင်းကတဆင့်  ဝ လူထုကြား သတင်းပျံ့နေတာကဗမာ တပ်တွေ ဝ နယ်ထဲ ကျူးကျော်တိုက်ခိုက်ခဲ့ရင် ကိုးကန့်လို အဖြစ်မခံတော့ဘဲ ချက်ခြင်းစစ်ကူပေးမယ်တဲ့” –   ပန်ဆန်းမြီု့ခံတဦးက ပြောပါသည်။

ဧပြီ ၂၈ ရက် အသွင်ပြောင်းရေးအစီအစဉ် တနှစ်ပြည့်သည့်နေ့နောက်ပိုင်း နယ်ခြားစောင့်တပ်၊ ဌာနေပြည် သူ့စစ် တပ်ဖွဲ့ အဖြစ်သို့ အသွင်ပြောင်းခြင်းမရှိလျှင် ဥပဒေပြင်ပအသင်းအဖြစ် အပစ်ရပ်တပ်ဖွဲ့များ ကြေငြာ ခံရမည်ဟု စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က သတိ ပေးထားခဲ့၏။ လက်တွေ့တရားဝင်ထုတ်ပြန်ကြေငြာ ခြင်းမရှိသော်လည်း အမှန်တကယ်အကောင်အထည်ဖေါ်ပါက ဝ ပြည်သွေးစည်းရေးတပ်မတော်အနေဖြင့် ခုခံတိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း- ဝ အရာ ရှိအသိုင်းအဝိုင်းမှ ကြားသိရပါသည်။

“ကျနော်တို့ကြားရတာက ယူနန်ပြည်နယ်က  တရုတ်ပြည်လုံခြုံရေးတပ်ဖွဲ့တွေပေါ့၊ တကယ်လို့ ဝ ကို နအဖကကျူး ကျော်တိုက်ခိုက်လာရင် ဘီကင်းအမိန့်မစောင့်တော့ဘဲ လက်နက်နဲ့အတူ စစ်အင်အားသုံးသိန်း ချက်ချင်းပို့လာပေး မယ်ဆိုပဲ။ ကိုးကန့်တုန်းက နအဖ ကျူးကျော်တဲ့လုပ်ရပ်ကို သူတို့လုံးဝမကျေနပ်ဘူး၊ အဲဒီလိုမျိုးလဲအဖြစ်မခံတော့ဘူး ဆိုပဲ” – ပန်ဆန်းရောက် ဗမာအမျိုးသား တဦးကပြောပါသည်။

သို့သော် တရုတ်တပ်မှ စစ်အင်အားသုံးသိန်းချက်ချင်း စစ်ကူပေးမည်ဆိုသည့် ကိစ္စမှာမဖြစ်နိုင်ကြောင်း၊ ချန်းယွန် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဝ လူထုအနေဖြင့် စားနပ်ရိက္ခာနှင့် လူအင်အားအချို့ ကူညီမည်ဆိုလျှင် ဖြစ်နိုင် သေးကြောင်း – အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

သီးခြားအတည်မြုပနိုင်သေးသည့်သတင်းအရ ချန်းယွန် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကွန်မြူနစ်စစ်မှုထမ်း ဟောင်း အယောက် ၆၀ဝ ခန့်  ဝ တပ်ဖွဲ့သို့ ပြန်လည်အမှုထမ်းနေကြောင်း၊ လိုအပ်သည့်ဌာနများ၌ အကြံပေးနေကြကြောင်း လည်း ကြားသိရပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်း စာရင်းပေးပို့ရန် ဝ တပ်ဖွဲ့ထံ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က လားရှိုး တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က စာရေးအကြောင်းကြားခဲ့သည်ဟုဆို၏။ ဝ တပ်ဖွဲ့ကလည်း ပထမအကြိမ် တောင်း ဆိုချက် ၉ ချက်၊ ထို့ထက်လျော့ပေါ့ပြီး ဒုတိယအကြိမ်ထပ်မံတောင်းသည့်  ၈ ချက်မှ တပါးအခြားနည်းလမ်း မရှိတော့ကြောင်း၊ UWSA လားရှိူးရုံးတာဝန်ခံမှတဆင့် ချက်ချင်း ပြန်စာပေးပို့လိုက်သည်ဟု ဆို၏။

ထို့အတူ ၂၈ ရက်နေ့အထိ အသွင်ပြောင်း မည့်စာရင်းပေးပို့ ခြင်းမရှိက ဥပဒေပြင်ပ/တရားမဝင်အသင်း အဖွဲ့ အဖြစ် ကြေငြာသွားမည်ဟူသည့် အဆင့်မြင့်ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ပြောဆိုသည့်အချက်ကြောင့် နအဖအပေါ် ယုံကြည်မှုမရှိတော့ကြောင်း၊ နောက်ပိုင်း နအဖထိန်းချုပ်နယ်မြေအတွင်း ကိုယ်စားလှယ်လွတ်ဆွေးနွေးမည့်အစီအစဉ် လည်းရှိမည်မဟုတ်ကြောင်း ဝ အရာရှိတဦးက ဤကဲ့သို့ပြောပြပါသည်။

“ပြင်သင့်ပြင်ထိုက်တဲ့ ပြင်ဆင်မှုတွေကတော့ ကျနော်တို့ဆက်လုပ်နေမှာဘဲ၊ နအဖ နယ်မြေထဲ ကိုယ်စားလှယ် လွတ်ပြီး ဆွေးနွေးတာတို့ ဘာတို့တော့ရှိတော့မှာမဟုတ်ဘူး၊ ဆွေးနွေးချင်ရင်တော့ ကျနော်တို့နယ်မြေထဲသူတို့ကိုယ်စား လှယ်လာရမယ်၊ ကျနော်တို့တော့ သူတို့ကိုမယုံလို့ သွားမှာမဟုတ်တော့ဘူး” – ဟု ဆို၏။

ဧပြီ ၂၃ ရက် နအဖ စစ်တိုင်းမှူးထံပြန်စာပေးပို့ပြီးနောက်ပိုင်း ယနေ့တိုင် နအဖ နှင့် ဝ တပ်ဖွဲ့ ထပ်မံ တွေ့ဆုံ ဆွေးနွေးခြင်းလည်း တကြိမ်တခါမျှမရှိသေးပေ။

Source : http://www.mongloi.org/burmese/2008-08-01-03-22-02/96-2008-08-03-06-49-23/846-2010-05-11-14-09-09

One comment

  • susunosuki

    May 12, 2010 at 6:34 am

    မဟုတ်လောက်ပါဘူး
    သူ့အတွက်အကျိုးမရှိပဲနဲ့ ဘယ်သူက ဝင်တိုက်ပေးမှာလဲ
    နိုင်ငံတကာနဲ့ ရှင်းရဦးမယ်

Leave a Reply