ဒို့ဘာသာ (၆) ချမ်းသာရေး

ashinindakaAugust 25, 20111min874

မွဲနေတယ်ဆိုလို့ ချမ်းသာဘို့အတွက် ဗုဒ္ဓဘာသာစာပေကလာတဲ့
စီးပွါးရေးလမ်းညွှန်ချက်လေးတွေ ပြောပြရအုံးမယ်။

လောကီရေးထဲမှာပါတဲ့ ဗုဒ္ဓစာပေကလာတဲ့ ဒီစီးပွါးရေးလမ်းညွှန်ချက်တွေဟာ
ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က အိန္ဒိယနိုင်ငံမှာ
ဟောကြားထားတာတွေဖြစ်တော့ အခုခေတ်လို ဘဏ်စနစ်တွေ ဘာတွေ ညာတွေ
မရှိသေးတဲ့တဲ့အတွက် ဒီခေတ်ရဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေတော့ ဘယ်ပါမလဲ။
အချိန်အခါနဲ့ နေရာဒေသအလိုက် ဘုရားရှင် ဟောကြားခဲ့ရတာပါ။

တကယ်တော့
စီးပွါးရေးသမားတွေအတွက် ဘုရားရှင်ဟောကြားထားတဲ့
စီးပွါးရေးလမ်းညွှန်ချက်တွေနဲ့အညီ စီးပွါးရေးလုပ်နေတယ်ဆိုရင်
အဆင်ပြေနေဆဲပါဘဲ။

ကြီးပွါးချင်လို့ စီးပွါးရှာနေသူအတွက် နံပါတ် (၁) လိုက်နာရမဲ့ အချက်က
ဥဋ္ဌာနသမ္ပဒါ – ဝီရိယရှိဘို့၊ မပျင်းဘို့။
ဒါကို ဘုရားရှင်ဟောတာ သူ့ခေတ် သူ့အခါ သူ့ဒေသမှာ
အလုပ်မလုပ်ချင်ဘဲ ပျင်းတဲ့သူတွေ များနေလို့ နေမှာ။
တချု့ိက အလုပ်သာ မလုပ်ချင်တာ၊ ချမ်းသာချင်တာက လွန်ရော။

ဗုဒ္ဓဘာသာစာပေထဲမှာ
အနုဋ္ဌဟံ အဝါယာမံ၊ သုခံ ယတြာဓိ ဂစ္ဆတိ။
သုသီမ တတ္ထ ဂစ္ဆာဟိ၊ မဉ္စ တတ္ထေဝ ပါပယာ
ဆိုတဲ့ သိကြားမင်းက သုသီမ ဆိုသူကို ပြောတဲ့စကားလေးရှိတယ်။

ဝီရိယမရှိဘဲ ချမ်းသာတဲ့အရပ်များရှိတယ်ဆိုလို့ရှိရင်
ထိုအရပ်သို့ မင်းလဲ သွားပါ၊ ငါ့ကိုလဲ ထိုအရပ်သို့ ပို့ပေးပါ တဲ့။
လုံ့လဝီရိယမရှိဘဲ ချမ်းသာတဲ့အရပ်ဒေသဆိုတာ
ဒီကမ္ဘာလောကကြီးထဲမှာ မရှိဘူး လို့ ပြောချင်တာပါ။

နည်းနည်းချမ်းသာရင် နည်းနည်းအားထုတ်မှု ရှိရပါတယ်။
များများချမ်းသာရင် များများအားထုတ်မှု ရှိရပါတယ်။

နည်းနည်းချမ်းသာတဲ့နိုင်ငံက နည်းနည်းအားထုတ်မှုရှိရပြီး
များများချမ်းသာတဲ့နိုင်ငံက များများအားထုတ်မှု ရှိရပါတယ်။

မွဲတဲ့နိုင်ငံတွေမှာ အလုပ်သိပ်မလုပ်ရဘဲ (လုပ်စရာမရှိဘဲ အားနေပြီး)
ချမ်းသာတဲ့နိုင်ငံတွေမှာ အလုပ်နဲ့ လက်နဲ့ မပြတ်လုပ်နေရပါတယ်။

နည်းနည်းချမ်းသာရင် များများ အားပြီး
များများများချမ်းသာရင် နည်းနည်းဘဲ အားပါတယ်။
အချိန်ချမ်းသာရင် အလုပ်မွဲပြီး အလုပ်ချမ်းသာရင် အချိန်မွဲတဲ့သဘောပါ။

ပြောချင်တာက
ချမ်းသာတဲ့နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေထက် အလုပ်ပိုလုပ်ရတာပါ။
လုံ့လဝီရိယ ပိုရှိရတာပါ။
လုံ့လဝီရိယရှိလို့လဲ ချမ်းသာနေတာပေါ့။
Inter-dependent, Inter-related ဖြစ်နေတာပါ။

ကြီးပွါးချင်လို့ စီးပွါးရှာနေသူအတွက် နံပါတ် (၂) လိုက်နာရမဲ့ အချက်က
အာရက္ခသမ္ပဒါ – ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း ရှိရပါမယ်။
ကိုယ်ရှာဖွေထားတဲ့ ငွေ၊ စည်းစိမ်ဥစ္စာတွေကို
ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အရည်အချင်းရှိရမယ်။
ဒါကတော့ ရှင်းပါတယ်

ကြီးပွါးချင်လို့ စီးပွါးရှာနေသူအတွက် နံပါတ် (၃) လိုက်နာရမဲ့ အချက်က
ကလျာဏမိတ္တ – သူငယ်ချင်း မိတ်ဆွေကောင်းရှိရပါမယ်။
ဒါနဲ့စပ်လို့ ရှင်အာနန္ဒာနဲ့ ဘုရားရှင်တို့ ပြောခဲ့တဲ့စကားလေးကို သတိရမိတယ်။

တခါတုန်းက ရှင်အာနန္ဒာက ဘုရားရှင်ကို
‘အရှင်ဘုရား၊ ဒီလောကကြီးထဲမှာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းများရှိရင်
တပည့်တော်တို့ လုပ်ငန်းကိစ္စ ၅၀% ပြီးစီးအောင်မြင်နိုင်တယ်ဘုရား’ လို့ လျှောက်တယ်။

ဒီတော့ ဘုရားရှင်က
‘ဒီလိုမပြောပါနဲ့ အာနန္ဒာ၊
ဒီလောကကြီးထဲမှာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းများရှိရင်
ရာနှုန်းပြည့် ပြီးစီးအောင်မြင်နိုင်ပါတယ်’ လို့ ဘုရားရှင်က မိန့်ပါတယ်။
ဟုတ်ပါတယ်၊ လောကကြီးထဲမှာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းရှိလို့
ရာနှုန်းပြည့် အောင်မြင်သွားတဲ့သူတွေ အများကြီးပါ။

ဒီနေရာမှာ ဆန့်ကျင်ဘက်အနေနဲ့ စဉ်းစားရမှာက
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းမရှိဘူးဆိုရင်
ရာနှုန်းပြည့် ပျက်စီးဆုံးရှုံးသွားနိုင်တာပါ။

ကြီးပွါးချင်လို့ စီးပွါးရှာနေသူအတွက် နောက်ဆုံး နံပါတ် (၄) လိုက်နာရမဲ့ အချက်က
သမဇီဝိက – ဝင်ငွေထွက်ငွေကို အချိုးကျကျ သုံးစွဲတတ်ဖို့ပါ။

ဒါနဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာစာပေမှာလာတာက
ဧကေန ဘောဂေ ဘုေဉ္ဇယျ
ကိုယ့်လခကို လေးပုံ ပုံလိုက်ပါ။
တစ်ပုံကို နေ့စဉ်အသုံးစရိတ်ထဲ့ ထည့်ပါတဲ့။
တစ်ထောင်ရတဲ့သူဆို ၂၅ဝ ကို နေ့စဉ်အသုံးစရိတ်ထဲ ထည့်ခိုင်းတာပါ။

ဒွီဟိ ကမ္မံ ပယောဇယေ
နှစ်ပုံကို ရင်းနှီးမြှုတ်နှံတဲ့ထဲ ထည့်ပါတဲ့။ Investment လုပ်ခိုင်းတာ။
၁၀၀ဝ ရတဲ့သူဆို ၂၅ဝ နှစ်ပုံဆိုတော့ ၅၀ဝ ပေါ့။

စတုတ္ထမ္ပိ နိဓာပေယျ
၁၀၀ဝ ရတဲ့သူအတွက် နောက်ဆုံးတစ်ပုံဖြစ်တဲ့ ၂၅ဝ ကိုတော့
သေချာ သိမ်းဆည်းထားပါတဲ့။
အရင်တုန်းက ဘဏ်တွေ ဘာတွေမရှိတော့ လုံခြုံတဲ့နေရာကို သိမ်းဆည်းခိုင်းတာ။
အခုခေတ်ဆိုရင်တော့ ဘဏ်အပ်ထား။ ဘဏ်ထဲမှာပဲ ထားခိုင်းတာပေါ့။

ဘာအတွက်ထားခိုင်းတာလဲဆိုရင်
အာပဒါသု ဘဝိဿတိ
ဘေးရန်တွေ ပေါ်ပေါက်လာရင် သုံးစွဲဘို့တဲ့။
ကျန်းမာရေးစသည်တွေ အတွက် ရှိမှာပေါ့။

ဒီလိုလမ်းညွှန်ချက်တွေဟာ သူ့ခေတ် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က
အလွန့်ကို ခေတ်မှီတဲ့ လမ်းညွှန်ချက်တွေပါ။
အခုခေတ် အနောက်နိုင်ငံက လခစားများလဲ
လခထဲက ၄၀% ကို ကျန်းမာရေး အာမခံကြေး၊ ဘာကြေး၊ ညာကြေးဆိုပြီး
အစိုးရတွေက စီမံပေးနေတာဟာ ဒီဗုဒ္ဓစာပေလာ လမ်းညွှန်ချက်နည်းတွေအတိုင်း
အကုန်လုံးမဟုတ်တောင် ထိုက်သင့်သလို
ခေတ်နဲ့လျော်စွာ လိုက်နာကျင့်သုံးနေကြတာပါဘဲ။

ဒီလို ဘုရားရှင်ဟောကြားခဲ့တာတွေအတိုင်း လိုက်နာကျင့်သုံးနေတာကို
တရားတော်ကို ကိုးကွယ်ဆည်းကပ်နေတာလို့ ခေါ်တာပါ။
ဒါ ဓမ္မံ သရဏံ ဂစ္ဆာမိ လုပ်နေတာပါ။

4 comments

  • zawmyothu

    August 25, 2011 at 9:55 am

    အရှင်ဘုရား နံပါတ် (၁) အချက်မှာ ဝီရိယ ရှိဖို. မပျင်းဖို.ဆိုတာ
    လခစားတွေအတွက် နည်းနည်း လွဲ နေတယ်လို.ထင်ပါတယ်
    ဘယ်လောက် ဝီရိယ ရှိရှိ ဒီလခ ကဒီလခပါပဲ။
    ကိုယ်ပိုင် လုပ်ငန်းအတွက်တော. ဝီရိယက ပိုလေ ကောင်းလေ
    လို.ထင်ပါတယ်။

  • Moe Z

    August 25, 2011 at 10:21 am

    မြတ်စွာဘုရားက လောကုတ္တရာချမ်းသာတင်မဟုတ်ပါဘူး၊ လောကီလူသားတွေအတွက်ပါ ချမ်းသာအောင်နေနည်းတွေ လိုက်နာကျင့်သုံးရမယ့်နည်းလမ်းတွေကို မင်္ဂလသုတ်မှာ ပြည့်ပြည့်စုံစုံဟောကြားထားတာတွေ့ရပါတယ်။
    တပည့်တော်ကတော့ မလိုက်နာနိုင်သေးပါ 🙁

  • forever

    August 25, 2011 at 11:57 am

    တဘဝချမ်းသာရေး ဦးစားပေးနေရင်
    လောဘတွေ ဒေါသတွေ နဲ.
    မောဟကြောင်. ဘဝတွေ မချုပ်ငြိမ်းနိင်တော.ပါဘူး

    ရောင်.ရဲလွယ်မှု.ကလဲ..လောကီချမ်းသာကိုဆုတ်ယုတ်စေတာဘဲ

    ကျင်.ကြံပွားများမှ ကြိုးစားအားထုတ်မှ ပြည်.စုံတဲ.ပါရမီအခံကလဲရှိမှ
    သံသရာက လွတ်နိင်မို. …ဘုရားရှင်က ဒီလမ်းကနေဒီလိုကျင်.ပြီး
    သွားရင် ဆင်းရဲခြင်းမှ လွတ်မြောက်ရာ ကိုရောက်နိင်တယ်လို.လမ်းညွန်ပြငြား
    …ဆင်းရဲချမ်းသာ ငြင်းစရာတွေနဲ. အလဟသတ် အချိန်တွေ ကုန် နေတာ…တပည်.တော်တို.ပါဘုရား

  • wathanmin

    August 26, 2011 at 4:33 pm

    ကိုဇော်မျိုးသူ ပြောတဲ့……….
    ဝီရိယ ရှိဖို. မပျင်းဖို.ဆိုတာ …….လခစားတွေအတွက် နည်းနည်း လွဲ နေတယ်လို.ထင်ပါတယ်
    ဘယ်လောက် ဝီရိယ ရှိရှိ ဒီလခ ကဒီလခပါပဲ။…
    ပဲဆိုတာက ဆိုတာက ဆရာတော်ဆိုလိုတာက လခချည်းပဲကိုဆိုလိုတာ မဟုတ်ပါဘူးလို့ထင်မိပါတယ် ။….
    အလုပ်တစ်ခုကို လုပ်တဲ့အချိန်မှာ အချိန်ပေးပြီးလုပ်ရတဲ့အတွက် လုပ်ငန်း ကျွမ်းကျင်မှု့၊ အတွေ့အကြုံပညာ ပါတိုးတက်လာမှာပါ။
    ပြီးတော့ လခစားချင်းတူတူ ကြိုးစားပြီးလုပ်တဲ့သူနဲ့မကြိုးစားပဲ နေသာသလိုနေတဲ့သူနဲ့က အချိန်တန်ရင် တစ်ခုခုတော့ အရမ်းကို ကွာခြားသွားမယ်လို့ထင်မိပါတယ်။
    ဝီရိယနဲ့ ကြိုးစားနေတဲ့သူက ဘယ်အလုပ်မှာမဆို နေရာရတတ်ပါတယ်။

Leave a Reply