လိပ်ပြာပုံပြင်

etoneMay 12, 20101min802
လိပ်ပြာ ပုံပြင် ( Butterfly Story )
လိပ်ပြာ … သူက အကျိုးပေးကောင်းတဲ့ ပိုးမွှားတစ်မျိုးပဲ ။ သူ့မှာ လှပတဲ့ အဆင်း အရောင် တွေပိုင်ဆိုင်တယ် ။ သူက လူတွေရဲ့ စိတ်မှာ နုညံတယ်လို့ထင်ဟပ်စေတယ် ။ သူဟာ သာယာလှပပြီး စိမ်းလန်းစိုပြေတဲ့ နေရာ ပန်းရောင်စုံတွေကြားမှာ ဝဲပျံနေလေ့ရှိတယ် ။ သူ့အကြောင်း..သူ့အတွက်ခံစားချက်ကို လူတွေကိုမေးကြည့်ရင် ” ဟယ် ချစ်စရာလေး လှလိုက်တာ ” ဆိုပြီး ရာခိုင်နူန်းများများ က ပြောလေ့ရှိကြတယ် ။ သူ့အတွက် ပုံပြင်တွေရှိတယ် ။ သီချင်းတွေရှိတယ် ။ တင်စားမှုတွေရှိတယ် ။
သူလိုပဲ အခြား ပိုးမွှားတွေ ခြင်။ ယင်။ ပိုးဟပ် .. ဘယ် ပိုးမွှားမှ သူလိုအထင်မခံရဘူး ။ ” ချစ်စရာလေး …..ခြင်လေး ယင်လေး ပိုးဟပ်လေး ” ဆိုပြီး အပြောမခံကြရဘူး။ တချို့တွေ ဆုတောင်းကြတယ် ” မင်းနဲ့ကိုယ်နဲ့ ဒီဘဝမပေါင်းရရင်တောင် နောင်ဘဝမှာ လိပ်ပြာလေးတွေအဖြစ် ပန်းခင်းကြီးထဲမှာ ပျော်ကြမယ်နော် ” တို့ ” ကိုယ်သေရင် ကိုယ့်လိပ်ပြာလေးဟာ မင်းအနားမှာ မခွဲခွာပဲ ရှိနေပါရစေ ” တို့ ။ ဒါက လူ့ခံစားချက်တွေကို တင်စားကြတဲ့ လက်တွေ့ဘဝရဲ့ အသုံးအနှုန်း တွေပါပဲ ။
အကျိုးပေးလို့ပဲပြောရမလား ။ ကုသိုလ်ကံလို့ပဲဆိုရမလား ..
သူဒီလို ဖြစ်လာအောင် မွေးဖွားခြင်းကိုပဲ ကျေးဇူးတင်ရတင်ရမလား…
သူ မွေးဖွားကြီးပြင်းခဲ့ရခြင်းနဲ့ ဆိုင်တဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်
လိပ်ပြာ ပုံပြင်လို့ဆိုကြ တာပေါ့
” တစ်နေ့မှာ ပီတာဆိုတဲ့ ကလေးငယ်လေးက လမ်းမှာ လိပ်ပြာ ဥလေးကောက်တွေ့တယ်တဲ့ ။ ပီတာ ကဒီလိပ်ပြာဥလေးကို ယူလာပြီး သူှုအိမ်ရှေ့စိုက်ခင်း အပင်က သစ်ရွက်ပေါ်မှာတင်ထားတယ်။ တစ်နေ့ သူကျောင်းက ပြန်လာတော့ သူှုရဲ့ လိပ်ပြာဥလေး ကို ကြည့်လိုက်တော့ အပေါက်သေးသေးလေး ဖြစ်ပြီး အထဲမှာ လိပ်ပြာပေါက်ကလေးဟာ အတင်းတိုးထွက်ဖို့ ကြိုးစားနေတာကိုတွေ့လိုက်ရတယ်။
ပီတာလေးက စိတ်ဝင်တစား ထိုင်ကြည့်နေတာပေါ့ ။
လိပ်ပြာကလေးက အင်အား အပြည့်နဲ့ ရုန်းထွက်လိုက် .. မရလို့ နောက်ပြန်ဝင်သွားလိုက် .. အတင်း ကြိုးစားရုန်းလိုက်နဲ့ အချိန်တော်တော်ကြာသွားတယ် ။
ပီတာလေးက ရုန်းထွက်ပျံသန်းဖို့ကြိုးစားနေတဲ့ လိပ်ပြာလေးကို သနားသွားတယ် ။
သူအိမ်ထဲကို ပြေးဝင်ပြီး ကက်ကြေးသွားယူတယ် ။ သူကပ်ကြေးနဲ့ လိပ်ပြာဥ အပေါက်လေးကို ချဲ့ပေးလိုက်တယ် ။
ဟော …သူချစ်တဲ့ လိပ်ပြာလေးထွက်လာတယ် ။ သူ ရက်ပေါင်းများစွာ စောင့်စားနေရတဲ့ လှပတဲ့ အရောင်အဆင်းလေးတွေနဲ့ ပျံသန်းတော့မယ့် လိပ်ပြာလေး…
ဒါပေမယ် ထင်ထားသလိုဖြစ်မလာဘူး။ လိပ်ပြာလေးရဲ့ ခန္မာကိုယ်က ပိုဖောင်းနေပြီး အတောင်လေးတွေ သိမ်နေတာကို တွေ့ရတယ် ။ ပီတာလေး က ပျံသန်းမလား…ပျံသန်းမလားနဲ့ ကြည့်နေပေမဲ့ .. လိပ်ပြာလေး က မပျံသန်းနိုင်ဘူး ။သစိရွက်လေး ပေါ်မှာပဲ တွားသွားနေလေတယ်..” တဲ့
ပုံပြင်လေးက ဒီလောက်လေးပါပဲ ။ ဒါပေမယ့် စဉ်းစားစရာတွေ ချန်ထားခဲ့တယ် ။
လိပ်ပြာတစ်ကောင်ရဲ့ ဖြစ်တည်မှု အတွက် သူကိုယ်တိုင် သဘာဝကပေးတဲ့ အခက်အခဲကို ရုန်းထွက်ရတယ်။
သူရဲ့ လိပ်ပြာဥလေးကနေထွက်ဖို့ ရုန်းကန်နေရင်း ကနေ အတောင်လေးတွေ ပိုသန်မာလာမယ် အင်အားရှိလာမယ် ။
ဒါမှာ သူ အပြင်လောကကြီးကို စထိတွေ့တဲ့အချိန်မှာ ပျံသန်းဖို့ အသင့်ရှိနေမှာပေါ့။
အပြင်လောကမှာ လှပစွာပျံဝဲ နိုင်ဖို့ သန်စွမ်းတဲ့ အတောင်တွေ ဖြစ်လာဖို့ သူ ခက်ခက်ခဲခဲ ရုန်းထွက်လာရတယ် ။
အခက်အခဲဆိုတာ နက်နဲခြင်းရဲ့ အဓိပ္ပါယ် ။ ဘဝ အင်အား နဲ့ကျင့်သားရဖို့ လက်ဆောင်တစ်ခုပါပဲ ။
လိပ်ပြာ…. သူက လှပစွာပျံဝဲနိုင်ဖို့ ခက်ခက်ခဲခဲ ဖြစ်တည်ခဲ့ရတယ် ဆိုတာ…….

2 comments

Leave a Reply