ဒို့ဘာသာ (၇) အပြကောင်းဘို့

ashinindakaAugust 26, 20111min16118

ရတနာသုံးပါးထဲက ဘုရားရှင်နဲ့တရားတော်ကို
ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး
ထင်သာမြင်သာအောင် ပြောပြခဲ့တယ်။

ဒီတခါ သံဃာရတနာလို့ခေါ်တဲ့ သံဃာတော်တွေကို
ဘာကြောင့် ဘယ်လို ကိုးကွယ်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး
နည်းနည်း ပြောပြရအုံးမယ်။
ဒီအကြောင်းကို ပြောဘို့အတွက်
ဗုဒ္ဓဘာသာသမိုင်းအနည်းငယ်ကို သိထားဘို့လိုတယ်။

သဗ္ဗညုတဉာဏ်ရပြီး ဘုရားဖြစ်ပြီးတဲ့နောက်
ဘုရားရှင် ခုနစ်ရက်ခုနစ်လီ
(ဝါ) လေးဆယ့်ကိုးရက်ကြာ မဟာဗောဓိပင်အနား သီတင်းသုံးနေထိုင်ခဲ့တယ်။
ပြီးတော့ တရားကို နားထောင်နိုင်စွမ်း၊ လက်ခံနိုင်စွမ်းရှိတဲ့သူ ရှာတယ်။
နောက်ဆုံး ဗုဒ္ဓစာပေမှာ ပဉ္စဝဂ္ဂီငါးဦးလို့ ထင်ရှားတဲ့
ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ လို့ အမည်ရတဲ့
ရသေ့ငါးဦးကို တရားဦးဖြစ်တဲ့ ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ်ကို ဟောပါတယ်။
အကုန်လုံး ရဟန္တာတွေဖြစ်ကုန်တယ်။ ရဟန်းဘောင်တက်ရောက်ကြတယ်။
သူတို့ငါးဦးဟာ ဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်များဖြစ်လာတယ်။

တိုတိုပြောကြပါစို့။
အချိန်တိုအတောအတွင်း ဘုရားရှင်ကြိုးပမ်းအားထုတ်လိုက်တာ
ဘုရားရှင်ထံမှာ တပည့်သံဃာတော်အရေအတွက် (၆၀) ရလာတယ်။

ဘုရားရှင်က သံဃာတော် (၆၀) ကို
စရထ ဘိက္ခဝေ စာရိကံ၊ မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ
ဒေသစာရီ လှည့်လည်ကြ၊
ခရီးတစ်ကြောင်းကို နှစ်ပါးအတူ မကြွကြနဲ့။
တရားဟောကြပါ လို့မိန့်တယ်။

ဒါ ဘုရားရှင်က သံဃာတော်တွေကို ခရီးထွက်ခိုင်းတာ။
ခရီးသွားတဲ့နေရာမှာလဲ တရားဟောဘို့အတွက်၊ သာသနာပြုဘို့အတွက်
လမ်းခရီးတစ်ကြောင်းကို တစ်ပါးသာကြွခိုင်းတာ၊
ဘုရားရှင်ကိုယ်တော်တိုင်လဲ သာသနာပြုခရီးစတင်ထွက်ပါတယ်။

ဒါကို စဉ်းစားကြည့်ရအောင်။

ဘုရားရှင်အနေနဲ့ ဘုရားဖြစ်အောင် အားထုတ်တယ်။
ထင်သာမြင်သာတဲ့စကားနဲ့ပြောရရင်
ကိုယ့်ကိုယ်ကို တော်အောင် ပထမလုပ်တယ်။

နောက်ပြီး အရည်အချင်းပြည့်မှီတဲ့ တပည့်မွေးတယ်။
ပြီးတော့မှ သာသနာပြုလုပ်ငန်းစတင်တယ်။

ဆိုတော့ သာသနာပြုလုပ်ငန်းကို လုပ်တဲ့နေရာမှာ
ဘုရားရှင်တောင်မှ တစ်ကိုယ်တည်းသာသနာပြုရင်
အောင်မြင်သင့်သလောက် မအောင်မြင်နိုင်လို့
ခရီးရောက်သင့်သလောက် မရောက်နိုင်လို့
တပည့်သံဃာတော်ကို မွေးကာ
တရားတော်ကို သာသနာတော်ကို ပြန့်ပွါးအောင် လုပ်ခဲ့ရတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် သံဃာတော်ရဲ့အင်အား၊ သံဃာတော်ရဲ့ ခွန်အား
သံဃာတော်ရဲ့ စွမ်းပကားကို လေ့လာ အကဲခတ်နိုင်တယ်။
သံဃာတော်ကို ဘုရားရှင်အားကိုးကြောင်း သိသာတယ်။

သာသနာပြုခရီးစတင်ထွက်တော့ သံဃာတော်အပါး (၆၀) ထဲမှာ
ရှင်အဿဇိဆိုတာလဲပါတယ်။ ရှင်အဿဇိဆိုတာက အထက်ကပြောခဲ့တဲ့
ပဉ္စဝဂ္ဂီငါးဦးထဲက တစ်ဦးအပါအဝင်ဖြစ်တယ်။
သူသာသနာပြုကြွတဲ့နေရာက ရာဇဂြိုဟ်မြို့ဖြစ်တယ်။
ရာဇဂြိုဟ်မြို့နားမှာ နာလန္ဒာရွာဆိုတာရှိတယ်။
အဲ့ရွာမှာ ဥပတိဿနဲ့ ကောလိတ ဆိုတဲ့လူငယ်နှစ်ဦးရှိတယ်။

တနေ့ ဒီလူငယ်နှစ်ဦး (ဂိရိသမဇ္ဇ လို့ခေါ်တဲ့) တောင်ထိပ်ပွဲသဘင် သွားကြည့်ကြတယ်။
အဲ့နေရာမှာ ဒီပွဲသဘင်ကို အခုခေတ်အထိ သုံးနှစ်တစ်ကြိမ်ကျင်းပဆဲလို့သိရတယ်။
လူငယ်လူရွယ်ကာလသားတွေ အစွမ်းကုန် ‘ကဲ’ ကြတဲ့ပွဲလို့လဲ သိရတယ်။
ပွဲကပြရာမှာ အိုနာသေရေး ဒုက္ခဘေးတွေအကြောင်းလဲ ပါဟန်တူပါရဲ့။
အဲ့ဒီပွဲသဘင်ကို သွားကြည့်ကြတဲ့ နာလန္ဒာရွာသားတွေဖြစ်တဲ့
ဥပတိဿနဲ့ ကောလိတ လူငယ်နှစ်ဦး သံဝေဂရသွားတယ်။

သံဝေဂရပြီး မအိုရာ မနာရာ မသေရာနေရာအတွက် အရှာထွက်ကြတယ်။
နောက်ဆုံး ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံကြွနေတဲ့ ရှင်အဿဇိကို တွေ့သွားတယ်။
ရှင်အဿဇိကို ဂရုပြုမိသွားတယ်။
ရှင်အဿဇိ ဆွမ်းခံကြွပုံကလဲ အတော်တည်ငြိမ်အေးချမ်းတာကိုး။
ဆွမ်းခံကြွချိန် ရှေ့ကို လေးတောင်ခန့်မျှပဲ ကြည့်တယ်တဲ့။
သူ့ခေတ်သူ့အခါကတော့ ရှေ့ကို လေးတောင်ခန့်မျှကြည့်ပြီး အေးအေးဆေးဆေး
ဆွမ်းခံကြွလို့ရတာပေါ့။ အခုခေတ်လို ကားတွေ ဘာတွေမှ မရှိသေးတာ။

ဒီလို အေးချမ်းတည်ငြိမ်စွာ ဆွမ်းခံကြွမ်းလှမ်းနေတဲ့ ရှင်အဿဇိကို ကြည့်ပြီး
ဥပတိဿဆိုတဲ့ သူငယ် အတော်သဘောကျနေတယ်။
အော်၊ ဒီပုဂ္ဂိုလ်ရဲ့ အမူအယာ အတော်ထူးခြားတယ်၊ အင်မတန်တည်ငြိမ်အေးချမ်းတာပဲ၊
သူ့မှာ တရားထူးတစ်ခုခုတော့ ရှိလောက်တယ် လို့ ဆက်စဉ်းစားတယ်။

ဒီမှာလဲ တစ်ခုသတိပြုမိတယ်။
ဥပတိဿဆိုတဲ့သူငယ်ဟာ ဗုဒ္ဓဘုရားရှင်ကိုလဲ မတွေ့ဘူးသေးပါဘူး။
ဗုဒ္ဓဘာသာဝင် မဟုတ်သေးပါဘူး။
ဒါပေမဲ့ ထူးခြားတဲ့ တည်ငြိမ်တဲ့ အေးချမ်းတဲ့
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို မြင်တွေ့ပြီး စိတ်ဝင်စားသွားတယ်။

ခုခေတ် ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ရဟန်းတော် သံဃာတော်များလဲ
ရှင်အဿဇိကဲ့သို့ Express (အမူအယာ အပြ) ကောင်းဘို့ အရေးကြီးပါတယ်။
အပြင်ထွက်ရာမှာ ခရီးသွားရာမှာ ဆွမ်းခံထွက်ရာမှာ
သေသေချာချာ သပ်သပ်ယပ်ယပ်ဝတ်ရုံသင့်ပါတယ်။
ဒီလို Express ကောင်းမှသာ ဥပတိဿတို့လို ဘာသာခြားတွေကိုရော
ကိုယ့်ဘာသာဝင်တွေကိုရော Impress (သဘောကျစေ)မှာပါ။
Impress ဖြစ်မှ Interest ဆိုတဲ့ စိတ်ဝင်စားမှု ရမှာပါ။

ဒါ့ကြောင့် ရဟန်းတော်သံဃာတော်များ
သပ်သပ်ယပ်ယပ် စားတတ်ဖို့၊ သွားတတ်ဖို့၊ နေတတ်ဖို့၊ ထိုင်တတ်ဖို့
အင်မတန်အရေးကြီးပါတယ်။

ဒီလိုမဟုတ်ဘဲ
လူတွေနဲ့ တန်းတူထိုင်၊ တန်းတူသွား၊ တန်းတူစား၊ တန်းတူကစားနေရင်
ရှိခိုးခံမဲ့ ရဟန်းတော်ကို ရှိခိုးမဲ့ လူတွေက ဘယ်လိုလုပ် အားပါပါ ရှိခိုးချင်မလဲ။
ဝတ်ကျေတမ်းကျေသာ ရှိခိုးတော့မပေါ့။

ရှိခိုးတဲ့သူတွေ အားရပါးရ ရှိခိုးချင်အောင်
ရှိခိုးခံရဟန်းတော်များက သီလ၊ သမာဓိ၊ ပညာ သာလွန်ရုံတင်မကဘဲ
စားတဲ့၊ သွားတဲ့၊ ပြောတဲ့ဆိုတဲ့နေရာတွေမှာလဲ သာလွန်အောင် ကြိုးစားသင့်ပါတယ်။

18 comments

  • မီးမီး သော်

    August 26, 2011 at 11:43 am

    ““ဒါ့ကြောင့် ရဟန်းတော်သံဃာတော်များ
    သပ်သပ်ယပ်ယပ် စားတတ်ဖို့၊ သွားတတ်ဖို့၊ နေတတ်ဖို့၊ ထိုင်တတ်ဖို့
    အင်မတန်အရေးကြီးပါတယ်။
    ဒီလိုမဟုတ်ဘဲ
    လူတွေနဲ့ တန်းတူထိုင်၊ တန်းတူသွား၊ တန်းတူစား၊ တန်းတူကစားနေရင်
    ရှိခိုးခံမဲ့ ရဟန်းတော်ကို ရှိခိုးမဲ့ လူတွေက ဘယ်လိုလုပ် အားပါပါ ရှိခိုးချင်မလဲ။
    ဝတ်ကျေတမ်းကျေသာ ရှိခိုးတော့မပေါ့။
    ရှိခိုးတဲ့သူတွေ အားရပါးရ ရှိခိုးချင်အောင်
    ရှိခိုးခံရဟန်းတော်များက သီလ၊ သမာဓိ၊ ပညာ သာလွန်ရုံတင်မကဘဲ
    စားတဲ့၊ သွားတဲ့၊ ပြောတဲ့ဆိုတဲ့နေရာတွေမှာလဲ သာလွန်အောင် ကြိုးစားသင့်ပါတယ်။”””ခုလိုမျိုးထောက်ပြဝေဖန်ရဲတော့ လေးစားအားကျမိပါတယ်အရှင်ဘုရား

  • Moe Z

    August 26, 2011 at 12:20 pm

    မှန်ပါတယ်ဘုရား၊ တပည့်တော်လည်း အရင်က ဝိနည်းနဲ့မညီတဲ့ရဟန်း
    သံဃာတွေကိုမြင်ရင် အကြည်အညိုပျက်ဘူးတယ်ဘုရား
    နောက်ပိုင်းဘာသာရေးစာပေတွေ ဖတ်တာများလာတော့မှ
    ရဟန်းတွေစောင့်ထိန်းရတဲ့ ဝိနည်းသိက္ခာပုဒ်(၂၂၇)ပါး ရှိတယ်ဆိုတာသိရပါတယ်
    ဒီဝိနည်းတွေကို ရဟန်းသံဃာတွေအားလုံးလိုက်နာကြရင် ကောင်းမယ်ဘုရား..

  • kai

    August 26, 2011 at 2:13 pm

    ယေဓမ္မာ ဟေတုပ္ပ ဘဝါ အစချီဂါထာကို ကိုအရမ်းကြိုက်ခဲ့တာ..။
    (“ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံဟေတုံ တထာဂတောအာဟ တေသဉ္စ ယော နိရောဓေါ ဧဝံဝါဒီ မဟာသမဏောတိ။”)
    ရှင်းပြတော့… ဆရာတော်က.. အဲဒါလေးကွက်ချန်သွားတယ်..။

    “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” ဘုရားဟောထားတာလည်း ရှိတာပဲ..။
    အဲဒါကို.. အင်္ဂလိပ်လိုရှိရင်.. ညွှန်းပေးစေလိုပါတယ်ဘုရား…။

    • ashinindaka

      August 26, 2011 at 3:18 pm

      အဲ့ဒီပါဠိတော်ကို နေရာတော်တော်များများမှာ တွေ့ရတယ်။ မူလပဏ္ဏာသာပါဠိတော်၊ မဟာတဏှာသင်္ခယသုတ်မှာလဲ ပါတယ်။ အဲ့ဒီဘာသာပြန် အလွယ်တကူရှိလို့ ကူးတင်ပေးလိုက်တယ်။ “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ”
      “When this exists, that comes to be; with the arising of this, that arises.” တဲ့။
      အဲ့ဒါကို ပြန်ရှင်းထားတာက “This is a statement of the abstract principle of dependent origination exemplified by the twelvefold formula. The abstract principle on cessation is stated at … had rendered the principle of arising thus: “That is when this is; that arises with the arising of this.” And the principle of cessation: “That is not when this is not;that ceases with the cessation of this.”

      အဆင်ပြေပါစေ။

      • kai

        August 26, 2011 at 4:07 pm

        ကျေးဇူးပါဘုရား..။
        ဘိုတွေကို..ရှင်းပြချင်လို့ပါ..။

  • မီးမီး သော်

    August 26, 2011 at 2:41 pm

    တို ့သူကြီးလဲအရေးကြံ ုရင်သက်လုံကောင်းသလို တယ်လဲနှံ ့စပ်ပါတယ်နော့။အားကိုးချင်စရာကြီး

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 26, 2011 at 3:32 pm

    တပည့်တော်လည်းဒီဆိုဒ်ထည်းမှာ ဖတ်တာများလာတဲ့အခါ
    ဝေဖန်ရတာ တော်တော်ဝါသနာပါလာတယ်ဘုရား 😀
    ဒီဆိုဒ်မှာ ဝေဖန်ဘို့ဆိုတာကလည်း အရှင်ဘုရားတစ်ပါးဘဲကျန်တယ်လည်းထင်မိပါသေးတယ်ဘုရား
    ဆိုတော့ကာ မထူးတော့ပါဘူး ဝေဖန်ပါမယ်ဘုရား
    ဒီလိုရှိပါတယ်ဘုရား
    ဒီဆိုဒ်မှာက အရှင်ဘုရားလည်းသတိထားမိမယ်ထင်ပါတယ်ဘုရား
    ဓမ္မစာတွေဖတ်ပြီး အထိုက်အလျှောက်သိထားတဲ့လူတွေက ခပ်များများရယ်ပါဘုရား
    အထူးဆိုလိုတာက
    ကိုယ်က လူဝတ်ကြောင်နဲ့နေပြီး နေခြင်သလိုနေတယ်
    ပြီးတော့ လောကုတ္တရာ အလုပ်လုပ်သူတွေကို စာဖတ်ပြီး
    ဟိုဟာက ဒီလို ဒီဟာက ဟိုလိုဆိုပြီး တယ်လည်းဝေဖန်ကြတယ်ဘုရား
    ဒီလိုပို့စ်မျိုးကတော့ …………….
    ဒါက တပည့်တော်အနေနဲ့ အရှင်ဘုရားကို အဂတိကင်းစွာလျှောက်တင်ခြင်းမျှသာဖြစ်ပါတယ်လို့
    အရှင်ဘုရားအနေနဲ့ အသိမှတ်ပြု နှလုံးသွင်းပေးစေလိုပါသေးတယ်ဘုရား
    ပို့စ်မှာ အရှင်ဘုရား ဆိုခဲ့သလို ရဟန်းတွေအနေနဲ့
    ……………………………………………………………
    လျှောင်းထိုင်းရပ်သွား သိက္ခာပုတ်တွေကို ဆင်ခြင်သင့်တယ်ဆိုတဲ့ကိစ္စကတော့
    တပည့်ရဟန်းတွေကိုသာ တိုးတိုးတိတ်တိတ် သွန်သင်ဆုံးမသင့်တယ်ထင်ကြောင်းပါ
    …………………………………………………………….
    မဟုတ်လို့ကတော့ ယ္ခုလို ပို့စ်တင်လိုက်တဲ့အတွက်
    တပည့်တော် လျှောက်ထားပြီးသလိုမျိုး စာဖတ်ထားတဲ့ပုဂ္ဂိုလ်တွေက
    ဝေဖန်ဘို့ တော်တော်ကောင်းတဲ့ ကုန်ကြမ်းကိုပေးလိုက်သလိုမျိုးများဖြစ်နေမလားလို့ပါ
    ရဟန်းတစ်ပါးကို ကြံကြံဖန်ဖန် ကြည်ညိုနိုင်ခဲတဲ့ခေတ်ပါဘုရား
    ဟုတ်တာပေါ့ ရဟန်းဆိုတာ ဟိုလိုနေသင့်တယ် ဒီလိုနေသင့်တယ်ဖြစ်လာဦးမယ်
    တစ်ခါတစ်လေကြတော့လည်း စာအုပ်ထည်းကအတိုင်းလိုက်ပြောကြရင်တော့
    ဘာမှကိုလွတ်တော့မှာမဟုတ်ဘူး
    လက်ရှိအေခြနေမှာကလည်း ရဟန်းတွေဘက်က သိက္ခာပုတ်တွေက ဖောင်းသလိုဖြစ်နေကြတဲ့အတွက်
    ဝေဖန်သမားတွေဘက်က အရသာတွေ့ကုန်ပါဦးမယ်ဘုရား
    အထူးသဖြင့် စာသင်သားရဟန်းတွေအနေနဲ့ သိက္ခာပုတ်တွေ ချို့ယွင်းတာကို
    သိပ်ဝေဖန်လွန်းရင်တော့ မကောင်းဘူးထင်မိပါတယ်
    လူတစ်ယောက် ( နေခြင်သလိုနေ ) စာဖတ်ပြီးတရားဟောတာနဲ့
    ရဟန်းတစ်ပါး ( ထမင်းခိုးစား၊ ပိုက်ဆံကိုင် ) စာဖတ်ပြီးတရားဟောတာ မတူဘူးလည်းထင်မိပါတယ်
    ဘာဖြစ်လို့လည်းဆိုတော့ စာပေ ပရိယတ္တိကို တော်ယုံ လူယောက်ျားတွေ မသင်ယူ မပို့ချနိုင်ပါဘူး
    ဒါ့ကြောင့် ရဟန်းတွေအနေနဲ့ နည်းနည်းပါးပါးဖောင်းတာတွေကို
    အပြစ်ထောက်ပြဘို့ ဖြစ်စေတဲ့ အကြောင်းတွေကို
    သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ မျက်နှာခြင်းဆိုင် တိုးတိုးတိတ်တိတ်သာ ဆောင်ရွက်သင့်ပါတယ်
    ခေတ်အခြေနေအရ သူတို့ဘာသာ ဂျွမ်းဘဲထိုးထိုး ဒိုက်ဘဲ ပြစ်ပြစ်
    ပရိယတ္တိစာတွေသင်နိုင်ဘို့ မသိခြင်ဟန်ဆောင်ပေးရမယ့်ကိစ္စတွေက ရှိနေပါသေးတယ် ဘုရား
    လျှောက်တင်စရာတွေကတော့ ထုံးစံအတိုင်း အများကြီးပါဘဲဘုရား

    • ashinindaka

      August 26, 2011 at 3:42 pm

      အခုရေးနေတာက ဘုရားကို ကျေးဇူးတင်တတ်အောင်၊ ကိုးကွယ်တတ်အောင်နဲ့ ကိုးကွယ်ချင်စိတ်ပေါက်လာအောင် ရေးနေတာပါ။ တရားတော်ကို ကျေးဇူးတင်တတ်အောင်၊ ကိုးကွယ်တတ်အောင်နဲ့ ကိုးကွယ်ချင်စိတ်ပေါက်လာအောင် ရေးနေတာပါ။ သံဃာတော်တွေကို ကျေးဇူးတင်တတ်အောင်၊ကိုးကွယ်တတ်အောင်နဲ့ ကိုးကွယ်ချင်စိတ်ပေါက်လာအောင် ရေးနေတာပါ။ အကျိုးများမယ်ထင်လို့ကို ရေးနေတာပါ။

    • ashinindaka

      August 26, 2011 at 3:44 pm

      အပိုင်း ၃၁ ပိုင်းရှိပါတယ်။ အခုမှ အပိုင်း ရ ပဲ ရောက်ပါသေးတယ်။ လူကတော့ အမျိုးမျိုးပဲ။ တော်တော့်တန်တန်လူဆို ဒီလိုမျိုး ပြန်စာ မရေးပါဘူး။ စေတနာနဲ့ ပြောတယ်ထင်လို့ ရေးတာပါ။ သာသနာမှာ သံဃာတော်အခန်း အရေးကြီးပုံကို ရေးနေတာပါ။

    • ashinindaka

      August 26, 2011 at 3:45 pm

      တကယ်လို့ ဒီဆိုက်က တကာတော်ရဲ့ ဆိုက်ဆိုရင် အခု ရပ်လိုက်ပါ့မယ်။

      • jalthusg.kt

        August 26, 2011 at 4:11 pm

        ဆက်ရေးဖို.တောင်းဆိုပါတယ် အရှင်ဘုရား။ မှားတာကိုထောက် မပြ ရင်မပြင်ပါဘူး။ မိုက်ကယ်ဂျော်နီအောင်ပုပြောသလို မသိယောင်ဆောင်နေရင် ပိုဆိုးလာကုန်မှာပါ ။ပြောသင့်တာကတော့ ပြောကိုပြောရမှာပါ။ ရဟန်းတော်က ရဟန်းတော်လိုမနေနိုင်ရင်တော့ လူထွက်ဖို.ပဲရှိတာပါ။တပည့်တော်တို.စစ်ကိုင်းတောင်ခြေမှာဆို တစ်ချို.သံဃာတော်တွေကတော့တော်တော် ကြည်ညိုဖို.ကောင်းပါတယ်။ မနက်လင်းပြီဆို ဆွမ်းခံသပိတ်လေးတွေပေါ်မှာ စာအုပ်လေးတွေတင်ပြီး စာကျက်ရင်းဆွမ်းခံကြွသွားတဲ့ သံဃာတော်တွေကို မြင်ရတာ အင်မတန်မှ ကျက်သရေရှိပါတယ်။ ဒါပေမယ့် ညနေရောက်ပြီဆိုရင်တော့ ဆိုင်ကယ်တဝီးဝီးနဲ့သွားနေတဲ့သံဃာတွေ၊ ကြွေတချွင်ချွင် ပစ်နေတဲ့သံဃာတော်တွေ၊ ဘောပွဲမှာဆဲဆိုပြီးအားပေးနေတဲ့ သံဃာတော်တွေ၊ တစ်ချို.များဆို ယမကာဆိုင်ထဲကတောင် ထွက်ထွက်လာ တတ်သေးတာတွေကိုတွေ.နေရတော့ ဒါတွေကို ဘယ်သူတွေက ဘယ်လိုအရေးယူဆောင်ရွက်ကြမှာလဲလို .တွေးမိနေတာခဏခဏပါ။ အရှင်ဘုရားတို.လိုပြောရဲဆိုရဲတဲ့သူတွေကို စောင့်မျှော်နေရတာပါ။ အဲဒီတော့ အရှင်ဘုရားရေးစရာရှိတာဆက်ရေးပါ။ တပည့်တော်ကတော့ အားပေးမှာပါဘုရား။

      • kai

        August 26, 2011 at 4:22 pm

        အရှင်ဘုရားက… ရွာကျောင်းဆရာတော်ပါ..။
        အခုလို.. ဆရာတော်ကို.. ထန်းရေမူးပြီး အော်ဟစ်ဝေဖန်တာမျိုး.. နောက်ဆို.. အရှင်ဘုရားကပဲ.. ထောင်းပြီး ဆုံးမတော်မူပါ..။
        ပြောတာပြောရတာ.. တခါတလေ…သူကြီးကို.. သူကြီးမှန်းမသိ.. မိုးကျရွေကိုယ်တွေ.. ဝင်လာပြောသူတွေရှိရင်လည်း..ကိုရင်အောင်ဘုက.. အားကိုးရတယ်ဘုရား.။
        အဲဒါကြောင့်.. အရှင်ဘုရားထောင်းရင်လည်း.. နာနာတော့ မထောင်းပါနဲ့ဘုရား…။ 🙂

        ဆရာတော် ဆက်ရေးပေးတော်မူပါ..။

    • ashinindaka

      August 26, 2011 at 4:26 pm

      ကဲ၊ ဒကာပု၊ သဂျီးပြောတယ်။ ကြားလား။ မူးဝေနေတဲ့သူကို ထောင်းပေးတဲ့။ သူဂျီးက ဒကာပုကို ကရုဏာနဲ့ ထောင်းတဲ့နေရာမှာ Discount ချခိုင်းနေပေမဲ့ ဒီက ဆရာတော်က ချမပေးနိုင်ဘူးနော်။

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 26, 2011 at 6:41 pm

        အရှင်ဘုရား
        ထို မြတ်စွာဘုရားရှင်သည် တုတ်ကိုချထားပြီးဖြစ်၏ လက်နက်ကိုချထားပြီးဖြစ်၏ ဟု
        စာပေမှာ လာရှိပါသည်ဘုရား
        ကြိမ်လုံးနှင့် အရှင်ဘုရား အပ်စပ်မည်မထင်ကြောင်းပါဘုရား
        ( တပည့်တော်အနေနှင့်က လူတွေ စာဖတ်ပြီး ရဟန်းတွေကိုဝေဖန်တာကိုတော့
        သိပ်ဘဝင်မကျဘူးဘုရား တစ်စိုက်မတ်မတ်လည်းပြောခဲ့တာဘဲဘုရား
        အရှင်ဘုရားလို လောကုတ္တရာအတွင်းရဟန်းတစ်ပါးက
        လောကုတ္တရာအထည်းက ရဟန်းတွေအကြောင်းပြောနေတာကို
        လူတွေက မသိမသာဝင်လာပြီး
        ဘုန်းကြီးစာချမလုပ်နိုင်အောင် ကြိုပြီးဆော်ထားပေးတာပါဘုရား )
        စစ်အာဏာရှင်တွေက ရဟန်းတွေကို နိုင်ငံရေးနည်းနဲ့ ဘယ်လို
        နှိမ်နင်းခဲ့တယ်ဆိုတာတွေသက်သေရှိပါတယ်ဘုရား
        ဘယ်လိုဘဲဖြစ်ဖြစ်ပါဘုရား တပည့်တော်ဆိုလိုရင်းက
        အမြတ်တစ်နိုးထားရာ ဆံမုတ်ဆိတ်ကို ပယ်နိုင်သော
        ဖန်ရည်စွန်းသော သင်္ကန်းကို ဝတ်ရုံနိုင်သော ရဟန်းတို့ဘက်က
        အသွင်သဘော၌လည်း ကြည်ညိုဖွယ်ရှိအပ်တယ်ဆိုတာကို
        အဂတိကင်းစွာ ကာကွယ်ဝေဖန်ခြင်းမျှသာဖြစ်ပါကြောင်း
        လျှောက်ထားအပ်ပါသည်အရှင်သူမြတ်ဘုရား )

        • ကြောင်ကြီး

          August 27, 2011 at 8:58 am

          အိမ်း မောင်မင်းတခါပု ငါကိုယ်တော်မြတ် ကြောင်ကြီးကို သန်းလာတုပ်ပေးစမ်း…။

  • koyinmaung

    August 26, 2011 at 3:57 pm

    တကာပု….အဟမ်း…အဟမ်း…

  • Harumoto

    August 27, 2011 at 12:58 pm

    “တစ်ချို.များဆို ယမကာဆိုင်ထဲကတောင် ထွက်ထွက်လာ တတ်သေးတာတွေကိုတွေ.နေရတော့ ဒါတွေကို ဘယ်သူတွေက ဘယ်လိုအရေးယူဆောင်ရွက်ကြမှာလဲလို .တွေးမိနေတာခဏခဏပါ။ ”
    စာသင်သားများဆိုတော့ စာထဲက တရားများ ဉာဏ်ထဲရောက်သွားတဲ့အခါ သူ့အလိုလို ပြင်သွားကြမယ် ထင်ပါတယ်ဘုရား။သံဃာတော်များကို သင်္ဃန်း ရုံထားသမျှ အကြည်ညို မပျက်ဘို့ အမြဲ ကြိုးစားပါတယ်ဘုရား။

Leave a Reply