ဘာလဲကွ ဘာလဲဘဝ ေဩာ်ဒုက္ခ Sufferings

လူအတော်များများက ဒုက္ခလို့ပြောလိုက်ရင် ဆင်းရဲခြင်းလို့သိပါတယ်။ သူများကိုယ့်ထက်သာလို့၊ သူများနဲ့ တန်းတူမရှိလို့၊ လိုတာမရလို့ ၊ မလိုတာရလို့၊ သူများဦးသွားလို့ အကြောင်းစုံနဲ့ ဒုက္ခဆင်းရဲလို့ သတ်မှတ်တယ်၊ ဒုက္ခနဲ့တွေ့ပြီ သတ်မှတ်ပါတယ်။ တကယ်ရော ဟုတ်လို့လား……ဒီလိုကြေးဆို ဘုရားဟော လက္ခဏာသုံးပါး ထဲက တပါးပါးနဲ့ လူတိုင်းဆုံတွေ့နေကြပြီ ထင်ပါရဲ့။

အသိညဏ်ရှိသူများကလည်း ပြောကြတယ် ဒုက္ခသည် ပူလောင်ခြင်း၊ သမုဒယကြောင့် ဒုက္ခဖြစ်တယ်။ သို့ပေမဲ့ လက်တွေ့မှာ သမုဒယ စွဲလမ်းခြင်းကို မဖြုတ်နိုင်ကြပါဘူး။ မလုပ်နိုင်သူများတဲ့အခါ ရုပ်ဝါဒီများက နာမ်ဝါဒီများ စိတ်ကူးပေါက်ရာ လုပ်ကြံရေးသားခဲ့ကြတာလို့ စွပ်စွဲကြတယ်။ ဒုက္ခ တကယ်ရှိတယ်၊ အကြောင်း သမုဒယဆိုတာလည်း ငြင်း၍မရ၊ ပယ်သတ်ရာ မဂ္ဂနဲ့ ကုန်ဆုံးဧငြမ်းရာ နိရောဓလည်း အထင်အရှားရှိကြောင်း သက်သေထူသွားသူ ပုဂ္ဂိုလ်ထူး အများအပြား ရှိပါတယ်။ အများညည်းညူနေသလို မဟုတ်တဲ့ ဒုက္ခအစစ်ကို ဘယ်လိုသိနိုင်မလဲ။

သိစိတ်သည် မွေးကထဲကစ၍ သေဆုံးသည်အထိ ရပ်နားခြင်း မရှိပါဘူး။ အဘိဓမ္မာလိုက်စားသူများ ပိုသိပါမယ်။ အိပ်နေတယ်ဆိုတာ တကယ်တော့ မောဟဖုံးသွားခြင်းဖြစ်ပြီး ဘုရားဟောမဟုတ်ဘဲ ဒီဖက်ခေတ် လက်တွေ့သိသူပြပါဆိုရင် သဲအင်းဂူဆရာတော်ကြီး ရှိပါတယ်။ တနေ့မှာ ဆရာတော် ကုလားထိုင်ပေါ်ကနေ ခူးခလောနဲ့ အသံထွက်ပြီး အိပ်နေပါတယ်။ အောက်မှာ တရားရှုမှတ်နေတဲ့ ယောဂီမတဦးက စိတ်ထဲကနေ မောဟကြီးလိုက်တာလို့ ဝေဖန်မိပါတယ်။ အဲဒီမှာတင် ဆရာတော်က ဘာအိပ်ရမှာလဲ၊ ရုပ်သာပင်ပန်းလို့ နားတယ်၊ စိတ်ကလေးက ဘယ်တော့မှ မနားဘူးလို့ လှမ်းပြောပါတယ်။

မိုးမခမီဒီယာမှာ နိုင်ငံကျော် အဆိုတော်ဒေါ်မာမာအေးရဲ့ ဘီဘီစီအခန်းဆက် အသံလွှင့်ကဏ္ဍစာတပုဒ် ဖတ်လိုက်ရတယ်။ ငယ်စဉ်ကာလ အိမ်ထောင်ရေး ပူပင်သောက ပရိဝေဒမီးတွေနဲ့ သဲအင်းဂူဆရာတော်ကြီးဆီ ရောက်သွားတယ်။ ဆရာတော် ဘာမိန့်လဲဆိုတော့ ဒုက္ခမသိသေးဘူး၊ ဝဋ်ကြွေးဆပ်ရအုံးမယ်လို့ မိန့်တယ်။ ပြောချင်တာ အခုအချိန် တရားမရနိုင်သေးဘူးပေါ့၊ နောင်ကာလ စိတ်ငြိမ်သွားမှ အခြားဆရာတော်နဲ့တွေ့ပြီး ဓမ္မရသကို ခံစားခွင့်ရတယ်။ ဒီလောက်တောင် ပူပင်သောကရောက်နေတာ ဒုက္ခမသိသေးဆိုတဲ့ ဆိုလိုရင်းကို ဆင်ခြင်နိုင်ဖို့ပါ။ ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာ အလားတူ အဖြစ်များစွာ တွေ့ကြုံဖူးတယ်။ ဒုက္ခနဲ့တွေ့တဲ့အခါ မဖြေရှင်းနိုင်ရင် မေ့ပျောက်ဖို့ ကြိုးစားမရတဲ့အခါ အရက်၊ မူးယစ်ဆေးတို့နဲ့ ဖြေဖျောက်ရင်း လမ်းမှားတယ်။ သိနေခြင်းရဲ့ ဒုက္ခတွေပါ။

ပစ္စုပ္ပန်အချိန်လေးတခုကို မြဲတယ်လို့ လက်ခံထားရင် နောက်ဆက်တွဲဝေဒနာ လိုက်ပါတော့တယ်။ ပစ္စုပ္ပန်ဆိုတာ မရှိရင် အတိတ်၊ အနာဂတ်ဆိုတာကင်းလို့ အားလုံးနဲ့လွတ်ရာလေးမှာ သွားတည်ပြီး ချမ်သာရာ ရခြင်းဖြစ်ပါတယ်။ အချို့ကလည်း ပစ္စပ္ပန်တည့်တည့်ရှုဆိုပြီး ပေါ်လာသမျှအားလုံးကို သတိလိုက်ကပ်ပါတယ်။ ရလဒ်က ပစ္စုပ္ပန်ပေါ်ကနေ မလွတ်နိုင်ခြင်း ဖြစ်ပါတယ်။ စိတ်ငြိမ်းအေးတည်နေပြီး သုခပေါ်မှာ တဏှာငြိတွယ် နေပါတယ်။ သုခကိုကောင်းတယ်လို့ ထင်နေသေးရင် ဒုက္ခတွေ့တဲ့အခါ ဆိုးတယ်လို့ သတ်မှတ်ခံစားရ အုံးမှာပါ။ ကိုယ်သိထားတာကို အမှန်လို့ စွဲယူနေမှုကို တဆင့်ပြီး တဆင့်ဖြုတ်သွားဖို့ လိုအပ်ပါတယ်။ အစွဲ လုံးဝကင်းသွားမှသာ လမ်းဆုံးပန်းတိုင် ဖြစ်ပါတယ်။

လောဘ၊ ဒေါသ ကိလေသာတွေကြောင့် သံသရာဆင်းရဲက မလွတ်တာဆိုရင် စိတ်စေတသိက်တွေ အရင်းခံ သိနေခြင်းသဘောကို မြင်တတ်ရမယ်။ အာရုံနဲ့ ဒွါရပေါင်းဆုံတော့ သိလိုက်တဲ့ ဖဿဝေဒနာကို  စွဲလန်းပြီး ကံသုံးပါးဖြစ်တယ်။ ပုံမှန်ဆို မသိသာပေမဲ့ မလိုချင်တဲ့ အတွေးအာရုံကို မဖယ်ရှားနိုင်တဲ့အခါ သိခြင်းရဲ့ဒုက္ခ ထင်ရှားလာပါတယ်။ လိုချင်မှမဟုတ်၊ မလိုချင်လည်း စွဲလန်းပါတယ်။ ဘာကြောင့်လည်းဆို သိတာကို မပယ်နိုင်လို့ပါ။ မမြဲလို့ပြောရင် နားလည်ပေမဲ့ စွန့်ပယ်နိုင်ဖို့တော့ ခက်ခဲလှပါတယ်။ ဒီလိုပြောလို့ မင်းက သိပ်ဟုတ်နေပြီမို့လားမေးရင် ကကြီးရေးကပါ။ သို့ပေမဲ့ သိခြင်းဒုက္ခကိုတော့ ရိပ်စားမိနေပါပြီ။

ရှေးသူတော်ကောင်းများက မသိ မမြင် မကြား မခံစားချင်နဲ့ကို မျက်စိ၊ နား၊ နှာခေါင်းများကို လက်နဲ့ ပိတ်ထားတဲ့ မျောက်တကောင်ပုံနဲ့ သရုပ်ဖော်ခဲ့ကြပါတယ်။ သိပြီး ခံစားပြီးသွားပြီဆိုရင်တော့ ဖြစ်လာတိုင်း ပယ်စွန့်ခြင်းလွဲလို့ အခြားနည်းမရှိပါဘူး။ သိလိုက်ပယ်လိုက်နဲ့ တခဏဖြစ်ဖြစ် သင်္ခါရဒုက္ခကို မြင်တဲ့အခါမျိုးမှာ ငြိမ်းအေးခြင်း နိဗ္ဗာန်မရတောင်  သိမှတ်မှားမှုအပေါ် အသိညဏ် တိုးနိုင်ပါတယ်။ ပေါ်လာတဲ့ အာရုံနောက် တောက်လျောက်လိုက် ခံစားသွားမလား၊ ဘုရားဟော ဘာတခုမှ တည်မနေ မမြဲခြင်းတရား အနိစ္စနဲ့ ပိုင်းဖြတ် လိုက်မလား ဆုံးဖြတ်ဖို့ပါ။ အနည်းဆုံးတော့ ကမ္မဌာန်းထိုင်နေစဉ် ချမ်းသာမှု ရနိုင်ပါတယ်။

ဒီနေရာမှာ guided meditation ဆိုတဲ့ ကမ္မဌာန်းပုံစံတခုကို ပြောချင်ပါတယ်။ အသစ်အဆန်းတခု မဟုတ်ပါဘူး။ သဲအင်းဂူဆရာတော်ကြီးကတော့ အထင်အရှား သုံးပြသွားပြီး ဆူနာမီဆရာတော် ဆက်လက် ကျင့်သုံးနေပါတယ်။ တရားရှုမှတ်စဉ် တရားပြဆရာမှ ရိုးရိုးရှင်းရှင်းနဲ့ ထပ်ခါတလဲလဲ သတိပေးနေခြင်းပါ။ ဟောတရား နာတရား မဟုတ်ဘဲ အလုပ်ပေးတရား ခေါ်ပါတယ်။ ထိရောက်မှုရှိပြီး အထူးသဖြင့် အကြောင်း ကြောင်းကြောင့် စိတ်ပျံ့လွှင့်မှုများတဲ့ အခါမျိုးမှာ ဆရာနဲ့အတူ သမာဓိ တည်ဆောက်နိုင်ပါတယ်။ ပညာ ကတော့ ကိုယ်လုပ်မှကိုယ်ဖြစ်မှာမို့ တပိုင်းသက်သက်ပါ။ ပုဂ္ဂိုလ်ခင်မှ တရားမင်တာမို့ နှစ်သက်ကြည်ညိုတဲ့ ဆရာရဲ့ အလုပ်ပေးတရားအသံဖိုင်ကို ဖွင့်ထားပြီး တရားရှုမှတ်နေရုံပါပဲ။ ပယ်ခြင်းဖြင့် သိခြင်းဒုက္ခ ဆင်းရဲခြင်းမှ လွတ်ကင်းနိုင်ကြပါစေ…။

ဒုက္ခသည်ကြောင်ကြီး 😥

18 comments

  • MaMa

    August 26, 2011 at 9:15 am

    ဒုက္ခ တကယ်ရှိတယ်၊ အကြောင်း သမုဒယဆိုတာလည်း ငြင်း၍မရ၊ ပယ်သတ်ရာ မဂ္ဂနဲ့ ကုန်ဆုံးဧငြမ်းရာ နိရောဓလည်း အထင်အရှားရှိကြောင်း……. ဆိုတဲ့ အစစ်အမှန်တရားကို ရေးပြနိုင်တယ်ဆိုတာနဲ့ ဦးကြောင်ကို လေးစားသွားပြီ။ (ငါးတော့ မကျွေးတော့ဘူးနော်။ သီလပျက်သွားမှာစိုးလို့။)
    😛

  • Shwe Ei

    August 26, 2011 at 9:22 am

    အူးကြောင်ရယ် ဒီလောက်သိနေတာတောင် ဒွတ်ခ သည်ဖြစ်နေသေးရင် သူများတော့ ဆိုဖွယ်မရှိဖြစ်တော့မှာဘဲ။
    ”အိပ်နေတယ်ဆိုတာ တကယ်တော့ မောဟဖုံးသွားခြင်းဖြစ်ပြီး” ဆိုတာလေး သိပ်သဘောမပေါက်ဖူး။
    ”သုခကိုကောင်းတယ်လို့ ထင်နေသေးရင် ဒုက္ခတွေ့တဲ့အခါ ဆိုးတယ်လို့ သတ်မှတ်ခံစားရ အုံးမှာပါ။ ” ဒါတော့ သိတယ်။

  • မီးမီး သော်

    August 26, 2011 at 9:33 am

    “”ပစ္စုပ္ပန်အချိန်လေးတခုကို မြဲတယ်လို့ လက်ခံထားရင် နောက်ဆက်တွဲဝေဒနာ လိုက်ပါတော့တယ်။ ပစ္စုပ္ပန်ဆိုတာ မရှိရင် အတိတ်၊ အနာဂတ်ဆိုတာကင်းလို့ အားလုံးနဲ့လွတ်ရာလေးမှာ သွားတည်ပြီး ချမ်းသာရာ ရခြင်းဖြစ်ပါတယ်။ “”

    ဦးကြောင်ကြီးက တရားသံလေးဘာလေးထွက်လာပါလားး 🙂

  • weiwei

    August 26, 2011 at 10:12 am

    ကိုကြောင်ကြီးပို့စ်နဲ့ မဆိုင်ပေမယ့် ဒုက္ခအကြောင်း သတိရတာလေးတစ်ခု ပြောပြချင်လို့ပါ …

    ကျောက်သင်္ဘောဂိုဏ်းစာအုပ်ထဲမှာ လုပ်သမျှဒုက္ခ ဆိုတဲ့ အယူအဆလေးတစ်ခုပါပါတယ် …
    လုပ်သမျှဒုက္ခဆိုတော့ ဘာလုပ်လုပ် ဒုက္ခဖြစ်နေတယ်လို့ ဆိုလိုချင်ဟန်ရှိပါတယ် …
    ဒါပေမယ့် ကျွန်မစဉ်းစားမိတာက ကျွန်မတို့တွေ ကုသိုလ်အလုပ်တွေ တစ်ခါတစ်ရံလုပ်ကြပါတယ် … ဘုရားရှိခိုး .. တရားအားထုတ် စသဖြင့်ပေါ့ … အဲဒီအလုပ်တွေဟာ ဒုက္ခငြိမ်းအောင်လုပ်ကြတာဆိုတော့ လုပ်သမျှဒုက္ခ ဆိုတာတော့ မဟုတ်ဘူးလို့ စဉ်းစားခဲ့ဖူးတယ် …

    • ကြောင်ကြီး

      August 26, 2011 at 10:38 am

      အန်တီဝေက သုခအစစ်ကို မတွေ့သေးတော့ (အထင်နဲ့) ကုသိုလ်ကိုသုခ၊ အကုသိုလ်ဆိုဒုက္ခ ထင်သပေါ့။ မူလစာထဲမှာ သုခအစစ်နဲ့အတု၊ ဒုက္ခအစစ်နဲ့အတုဆိုပြီး ရေးထားသေးတယ်။ နောက်တော့ လူသောက်မြင်ကပ်မှာစိုးတာရယ်၊ ကိုယ်တွေ့မဟုတ် စာတွေ့ဖြစ်နေတာရယ်ကြောင့် ဖြုတ်လိုက်တယ်။ သုခ၊ ဒုက္ခမှာ အစစ်၊ အတုဆိုပြီး နှစ်မျိုးရှိတယ်။ အစစ်ကိုတွေ့မှာ အတုကိုသိနိုင်တယ်။ အတုကိုသိမှ အစစ်ကိုမြင်ကောင်းတယ်။ ကျနော်ပြောတာ အဆုံးစွန်တရားဖြစ်လို့ အရမ်းမြင့်ပါတယ်။ ကိလေသာအာသဝေါကုန်သူများသာ တတ်နိုင်မှာပါ။ ဒါဆိုဘာပြုလို့ပြောနေလည်းဆို သတိရတဲ့အချိန် ဆင်ခြင်မိ စိတ်ထားတတ်အောင်ပါ။ သားကျွေး၊ မယားကျွေး လူမှုကိစ္စအဝဝနဲ့ လုံးပန်းနေရပေမဲ့ ပန်းတိုင်နဲ့ မျက်ခြေမပြတ်သွားအောင်ပါ။ လှူတာတောင် စိတ်ထားတတ်တာပေါ့၊ ကုသိုစိတ်ဖြစ်တောင် ဓမ္မသဘော မပျောက်သွားဘူးပေါ့။ လူအများက ကောင်းတဲ့စိတ်ဆို လက်ခံထားစွဲထားကြလို့ အဲဒီအပေါ်မှာ မြဲသွားပြီး ဘုရားဟော လက္ခဏာသုံးပါး ပျောက်နေကြပါတယ်။ သမုဒယကြောင့် ဒုက္ခဖြစ်တယ်လို့ အတိအလင်းပြောထားပါလျက် သိခြင်းကိုအမှန်လို့ မြဲတယ်လို့ယူဆပြီး ညဏ်မဖြစ်ကြတာကို ဆိုလိုရင်းဖြစ်ပါတယ်။
      ဒွါရနဲ့အာရုံတိုက်ဆိုင်လို့ ဖြစ်လာတဲ့အသိထက် အဲဒီသိခြင်းကို မှန်တယ်ရှိတယ်မြဲတယ်လို့ယူဆနေခြင်းကို ဘုရားဟော အနိစ္စ မမြဲ၊ ဒုက္ခဆင်းရဲခြင်း၊ အနတ္တ ငါမပိုင်အစိုးမရ ဆိုတာတွေနဲ့ သေသေချာချာ ဆင်ခြင်ကြည့်ပါ။ ပွားများအားထုတ်ကြည့်ပါ။ တခဏမျှ မမြဲဘူး တည်မနေဘူးဆိုရင် အဲဒီအခိုက်အတံ့လေးမှာ စွဲငြိတွယ်တာစရာ အတ္တမရှိတာကို သိမြင်နိုင်ပါလိမ့်မယ်။ ကမ္မဌာန်းသမားများပြောလေ့ရှိတဲ့ သိ၊ ပယ်၊ စိုက်၊ ပွား ဆိုတာနဲ့ စပ်ဆက်ကြည့်စေချင်ပါတယ်။ သိခြင်း မသိခြင်းဆိုတဲ့ ပညတ်စကားလုံးအပေါ်ကို အာရုံမစိုက်ဘဲ သဘောလေးမျှသာဆိုတဲ့ ပရမတ်သစ္စာကို မြင်ကြည့်စေလိုပါတယ်..။

      • weiwei

        August 26, 2011 at 10:52 am

        ဦးကြောင်ပြောသလို သုခနဲ့ ဒုက္ခကို မကွဲတာမဟုတ်ပါဘူး … သုခချမ်းသာအစစ်ဆိုတာ ဘာကိုပြောတာလဲဆိုတာကို နားလည်ပါတယ် … ဘာကြောင့်ဒုက္ခဖြစ်ရတာလဲဆိုတာကို စာလိုမပြောတတ်ပေမယ့် အသိဉာဏ်တစ်ခုအနေနဲ့ နားလည်ပါတယ် …
        ကျွန်မစိတ်ထဲ လုပ်သမျှဒုက္ခဆိုတဲ့ စာသားလေးတစ်ခုရောက်လာတာနဲ့ ရေးလိုက်မိတာ … ကျွန်မတို့ပြုလုပ်နေသမျှ အကြောင်းတရား (ကံ) တိုင်းဟာ ဒုက္ခဖြစ်ကြောင်းကို ဦးတည်နေတာမဟုတ် … ဒုက္ခကကင်းလွတ်ရာလွတ်ကြောင်း အလုပ်တွေလဲ ရှိသေးလို့ (နိဗ္ဗာန်ရောက်အောင်းတရားကိုဦးတည်ပြီးလုပ်တဲ့အလုပ်) ကတော့ ဒုက္ခမဟုတ်ပါလို့ နားလည်မိတာကို ရေးမိရုံသက်သက်ပါ …
        ဦးကြောင်ကြီးရေးတာတွေမြင့်လွန်းလို့ အားလုံးမလိုက်နိုင်ပေမယ့် သဘောတရားအားဖြင့် အမှန်တွေဖြစ်တယ်ဆိုတာ လက်ခံပြီးသားပါ …

        • ကြောင်ကြီး

          August 26, 2011 at 11:09 am

          ဘယ်လိုပြောမလဲ၊ ကျနော်ကလည်း မြန်မာစကားကို မြန်မာလိုကောင်းကောင်းမရှင်းတတ်တော့ ရှည်နေပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ရက်စ်နိုး နှစ်လုံးထဲနဲ့ ပြတ်သွားနိုင်လို့ ပိုရှင်းကောင်းရှင်းပါမယ်။ ပြောချင်တာ ကောင်းတာလုပ်တိုင်း၊ စိတ်ညွှတ်ထားတိုင်း၊ လမ်းကြောင်းဆိုတိုင်း နိဗ္ဗာန်ကို ဦးတည်စေတယ်ဆိုတာ မမှန်ပါဘူး။ နိဗ္ဗာန်ရောက်စေတဲ့နည်းမှ နိဗ္ဗာန်ရောက်ပါတယ်။ ၃၁ဘုံလို သုဂတ်၊ ဒုက္ခတိဘုံ မဟုတ်လို့ လျော့ဈေးမချပါဘူး။ ဝိပဿနာညဏ်မဖြစ်ရင် (ပါဠိလိုတော့ ဥဗ္ဗဒယညဏ်ဆိုလား) ကံသာဖြစ်မယ်။ အထုံမပါသွားလို့ ဘယ်လောက်ကျင့်ကျင် ဘုရားဘယ်နှစ်ဆူဖူးရဖူးရ ကံသာဖြစ်ပါမယ်။ အတိတ်ဘဝတုန်းက လှူတန်းလို့ သာသနာနဲ့တွေ့ပြီး ကျွတ်တမ်းဝင်သူများရှိတယ်လို့ စောဒကတက်ရင် အဲဒီကံကြောင့် သာသနာနဲ့ဆုံခွင့်ရပြီး အတိတ်ဘဝကပဲ ဖြစ်ခဲ့တဲ့ညဏ်ကြောင့် တရားရတယ်လို့ ပြန်ဖြေချင်ပါတယ်။ လက်ရှိဘဝမှာ အနည်းဆုံးတော့ တရားအမြင်မှန်နဲ့နီးစပ်သွားရင် သဘောမပေါက်တောင် နောင်သာသနာ သို့မဟုတ် သာသနာပကာလမှ ကျွတ်တမ်းဝင်နိုင်တဲ့ အသိညဏ်ကို ရပါမယ်။ ကံဇတ်ဆရာကို ကာပြန်နိုင်ပါတယ်။ ဒီဘဝမှာ ကံနယ်ကိုပဲ အဟုတ်မှတ်ရင် နောင်ဘဝမှာလည်း ဘယ်လိုတရားနာရနာရ ကံနယ်ကနေလွတ်ကြောင်း မသိနိုင်ပါဘူး။ ညဏ်ဖြစ်ခဲ့ရင်တော့ တချိန်ချိန်မှာ အလားတူ တရားပဲနာရစေအုံး ဒိုင်းကနဲ ဒက်ခနဲ ဆိုလိုရင်းကို သိနိုင်ပါတယ်။ ဆရာအရေးကြီးတယ်လို့ ဆိုပါရစေ။

        • မိုက်ကယ်ဂျော်နီအောင်ပု

          August 26, 2011 at 11:19 am

          ကိုယ်သိတဲ့တရား ကိုယ်မကျင့်ဘဲနဲ့
          ဒုက္ခခံပြီး ငြင်းနေဂျဒယ် 😀 😀 😀

  • pan pan

    August 26, 2011 at 10:24 am

    နိုင်ငံတော်ကြောင်ကြီးကနေ ဒုက္ခသည်ကြောင်ကြီးဖြစ်သွားတယ်
    ဦးကြောင်ကြီး နိမိတ်ပြနေတာလား :mrgreen:

  • True Answer

    August 26, 2011 at 11:17 am

    ပို့စ်လေးအတွက် ကျေးဇူးအထူးပါ။
    ကျွန်တော်တို့တတွေ ပညတ်ဒုုက္ခ နှစ်မျိုးဖြစ်တဲ့
    ၁) ဒုက္ခ ဒုက္ခ (ခေါင်းကိုက်၊ ခါးနာ၊ နေမကောင်း၊ ဖျားနာ၊ ချစ်သောသူနဲ့ကွဲ၊ မချစ်နှစ်သက်သူနဲ့ပေါင်းရမှု )
    ၂) ဝိပဋိဏာမ ဒုက္ခ (ပညတ်အထည်ခန္ဓာကြီးကို maintain စောင့်ရှောက်ထိန်းသိမ်းနေရမှု) ဒီ နှစ်မျိုးကိုသာ ဒုက္ခ လို့ ထင်ပါတယ်။
    ဒီ ဒုက္ခ တွေဟာ သစ္စာထိုက်သော ဒုက္ခတွေမဟုတ်ဘဲ (မဖောက်မပြန်ပဲ အမြဲမှန်ကန်နေသော တသမတ်တည်းဖြစ်နေသော ဒုက္ခမျိုးမဟုတ်ဘဲ အချိန်ကာလ၊ အခိုက်အတန့်တစ်ခုအတွက်သာ ရှိတယ်ထင်ရတဲ့ ဒုက္ခမျိုးပါပဲ။
    ၃) တကယ်သစ္စာထိုက်တဲ့ ဒုက္ခ (ဝါ) ဒုက္ခသစ္စာသည်က (သင်္ခါရဒုက္ခ) ဖြစ်ပြီး ကျွန်ုပ်တို့ အဖို့ တကယ်နားလည်ရန်လိုအပ်နေသောဒုက္ခဖြစ်လေသည်။
    ထို သင်္ခါရဒုက္ခ (တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု) သည်
    ပထမဒုက္ခနှစ်မျိုး ၁) ဒုက္ခ ဒုက္ခ နှင့် ၂) ဝိပဋိဏာမ ဒုက္ခ တွေကို —
    အဟုတ်ထင်အောင် ၊
    တကယ်ထင်အောင် ၊
    အတည်ယူနေအောင် ၊
    ဆုပ်ကိုင်နေအောင်၊
    အဓိကထားနေအောင်၊
    ငြိတွယ်နေအောင်၊
    မပြတ် တရစပ် လှည့်စား ဖန်တီးပြုလုပ်နေလေသည်။
    ထို ဒုက္ခ (၃) မျိုးစလုံးကို အဆုံးသတ်နိုင်ဖို့ အတွက်တော့ …

    http://myanmargazette.net/45575/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit

  • weiwei

    August 26, 2011 at 11:21 am

    ဦးကြောင်ပြောတာမှန်ပါတယ် …. ဉာဏ်မဖြစ်နိုင်သေးသမျှ ဘယ်လောက်ပဲ တရားအားထုတ်နေပါစေ လောကီဈာန်လောက်သာရနိုင်ပြီး သံသရာထဲလည်နေအုန်းမှာမို့ ကောင်းတဲ့အလုပ်လို့ထင်တိုင်း ကောင်းတာတော့မဟုတ်ပါဘူး … ဒီဆရာနဲ့ဒီတပည့် အတိတ်အတိတ် ပါရမီအထုံတွေလဲ ပါအုန်းမှ … ဆရာကိုယ်တိုင်က ရဟန္တာဖြစ်နေပေမယ့် အဲဒီတရားအတိုင်းလိုက်နာကျင့်သုံးပေမယ့် ကျင့်သုံးတဲ့လူတိုင်း တရားအစစ်တွေ့နိုင်မှာမဟုတ်ဘူး …. ဘာပဲဖြစ်ဖြစ် ဆရာကောင်းမကောင်း စစ်မစစ်ဆိုတာကို ဝေဖန်ပိုင်းခြားဖို့ကလဲ သေချာတပည့်ခံပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ဆန်းစစ်ဖို့ကလဲလိုသေးသမို့ ဘယ်သူမှဆရာမတင်တာထက်စာရင် တစ်ဦးဦးကို ဆရာတင်တာက ပိုကောင်းပါလိမ့်မယ် … ဘဝဆိုတာ တိုတိုလေးမို့ ဆရာအရွေးမှားမှန်းသိရင်လဲ ချက်ခြင်းဆရာပြောင်းဖို့ ဝန်မလေးဖို့လဲ လိုပါတယ် …
    အဲဒါကြောင့် ဆရာအရေးကြီးတယ်ဆိုတာ အရမ်းမှန်ပါတယ် … ဆရာရွေးမမှားမို့ အလွန်အရေးကြီးပါတယ် …
    ကျွန်မလဲ ဗမာလိုရေးတာကိုပဲ လည်နေပြီ … ရပ်လို့မရတော့ဘူး … 🙂
    ဆက်ရေးချင်နေသေးတယ် … ဒါပေမယ့် အလုပ်က ဆရာက လှမ်းခေါ်နေလို့ …

  • hmee

    August 26, 2011 at 12:59 pm

    ဦးကြောင်နဲ့ မဝေ ရေးတာကို ဖတ်ပြီး စဉ်းစားမိသွားတယ်။ ငါဘာမှ မသိပါလားလို့လေ။ ကိုကြောင်ကြီးရေ မရေးရင် မရေးဘူး ရေးလိုက်ပြန်ပြီဆိုလည်း အနှစ်တွေ ကြည့်ပဲနော်။ ကျေးဇူးတင်ပါတယ် ဖတ်ခွင့်ရပြီး ငါဘာမှ မသိဘူးလို့ သိခွင့်ရသွားလို့ပါ။

  • manawphyulay

    August 26, 2011 at 3:23 pm

    အပေါ်က ပိုစ့်တွေကော ကော့မန့်တွေကော ဗဟုသုတ မှတ်သား လိုက်နာစရာတွေ အများကြီး ရခဲ့ပါတယ်။ မနောကတော့ ခုထိ မောဟဖုံးလွှမ်းနေတုန်းပါပဲ။ ဦးကြောင်ကြီးက မအိပ်တော့ဘူးဆိုတော့ အဲဒီကလွတ်ပြီပေါ့နော်… 🙂

  • ဆူး

    August 26, 2011 at 8:43 pm

    “သိပြီး ခံစားပြီးသွားပြီဆိုရင်တော့ ဖြစ်လာတိုင်း ပယ်စွန့်ခြင်းလွဲလို့ အခြားနည်းမရှိပါဘူး။ သိလိုက်ပယ်လိုက်နဲ့ တခဏဖြစ်ဖြစ် သင်္ခါရဒုက္ခကို မြင်တဲ့အခါမျိုးမှာ ငြိမ်းအေးခြင်း နိဗ္ဗာန်မရတောင် သိမှတ်မှားမှုအပေါ် အသိညဏ် တိုးနိုင်ပါတယ်။”

    တရားအားထုတ်တဲ့ အချိန်မှာ ကိစ္စတိုင်းကို သိလိုက်ပါယ်လိုက် ဆိုရင် ဒုက္ခရာစရိယာ ၆နှစ် ကျင့်ပြီး အားထုတ်သလို ဖြစ်သွားမလားတွေးမိတယ်။
    မြတ်စွာ ဘုရား တောထွက်တော်မူစဉ် နည်းမျိုးစုံနဲ့ ကျင့်ခဲ့ပါတယ်။
    အရာရာကို ပယ်နည်းမျိုးစုံနဲ့ ပယ်လိုက်တာ.. အရိုးပေါ် အရေတင်ဖြစ်ပြီး အားအင် ချိနဲ့မှုဖြစ်တဲ့ အထိပါပဲ။
    ပယ်တယ် ဆိုတဲ့ စကားလုံးထက် သတိနဲ့ စောင့်ကြည့် အသိလေးနဲ့ အာရုံနောက်မလိုက်ပဲ နေတာ ပိုမှန်မလားလို့..
    ဥပမာ လူနဲ့ ခိုင်းနှိုင်းကြည့်မယ် ဆိုရင် အဆော့သန်တဲ့ ကလေးတယောက်ကို မဆော့ရဘူး အမိန့်အာဏာနဲ့ ခိုင်းစေပြီး ရွယ်တူ သူငယ်ချင်းတွေကို မမြင်ချင်အောင် မသိချင်အောင် ပိတ်လှောင်ထားတာ ကြာလာရင် စိတ်တွေ မွမ်းကျပ်ပြီး ထိုင်မရ ထမရ ဖြစ်သလို ဖြစ်လာတတ်ပါတယ်။
    တကယ်လို့ အဆော့သန်တဲ့ ကလေးကို နားလည်အောင် ပြောပြီး မဆော့ဖို့ နားသွင်းထားရင် စိတ်ထဲက ကျေကျေနပ်နပ် နဲ့ မဆော့တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ရွယ်တူ သူငယ်ချင်းများ ဆော့ကစားဖို့ လာခေါ်လည်း ကျေကျေနပ်နပ် ငြိမ်နေမယ်လို့ ထင်ပါတယ်။

    ထို့အတူ အာရုံ လာမျှ ပယ်မယ် ဆိုရင် (ဘယ်ဟာမှ လက်မခံ) တင်းကျပ်စွာ ထိန်းချုပ်မှု (ချုပ်တီးမှု) အောက် ကို ရောက်သလို ဖြစ်ပြီး စိ်တ်မတည် မငြိမ် ဖြစ်တတ်ပါတယ်။ စိတ်ရဲ့ တွန်းကန်အားတွေ ရောက်ရက်ခတ်သွားပါလိမ့်မယ်။

    တကယ်လို့ အာရုံလာတာကို အာရုံကို ဘာအာရုံလဲ သိပြီး အသိကို သတိလေးနဲ့ သူခေါ်ရာနောက် မလိုက်ပဲ ပေါ့ပေါ့ ပါးပါး အားထုတ်ခြင်းဖြင့် ပိုပြီး နည်းမှန်လမ်းမှန်မယ်လို့ ထင်ပါတယ်။
    တရားဟာ သိမ်မွေ့ပြီး နက်နဲ လွန်းလှပါတယ်။
    သိလို့ ဆရာလုပ်တာ မဟုတ်ပေမဲ့ အတွေးအခေါ်ပိုင်း အယူအဆ ပိုင်းနဲ့ ပတ်သတ်လို့ ကွဲလွဲမှုတွေကို ညှိနိုင်းတဲ့ သဘောလောက်ပါပဲ။

    နောက်ပြီး တရားဆိုတာလည်း သံသရာမှာ ကျင်လည်ခဲ့တဲ့ ဘဝတွေ အထုံအဆက်နဲ့လည်း အများကြီးဆိုင်မယ် ထင်ပါတယ်။
    လူတိုင်း လူတိုင်း ဆရာဆိုတာ ရှိသင့်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ သာသနာမှာ မဟာသာဝက နှစ်ပါး ဆရာ ရှာပြီး အားထုတ်ခဲ့ပေမဲ့ သူတို့ သွားချင်တဲ့ လမ်းကို ညွန်တဲ့ ဆရာ မဟုတ်ခဲ့လို့ အသိတရား ရှိရှိ လမ်းကြောင်းပြောင်းခဲ့လို့ မြတ်စွာဘုရားနဲ့ တွေ့ပြီး တရားအသိကို ရရှိသွားတာဖြစ်ပါတယ်။
    ထို့ကြောင့် လောကမှာ ဆရာ ဆိုတာ ရှိသင့်ပေမဲ့ ဆရာမှန် နဲ့ တွေ့မှ ဦးတည်ရာကို လမ်းညွန်နိုင်မယ်လို့ ယုံကြည်ပါတယ်။

    • ကြောင်ကြီး

      August 27, 2011 at 8:47 am

      ပယ်ခိုင်းတယ်ဆိုတာ တနည်းအားဖြင့် အမှန်သိ သိခိုင်းတာပါ။ ရဟနာ္တပုဂ္ဂိုလ်များပင်လျင် ပညတ်အာရုံကို မပယ်ပါဘူး။ ချိုချဉ်စပ်ခါး ညောင်းညာကိုက်ခဲ ချောလှနူးညံ့ အကုန်သိပါတယ်။ အဲဒီဖြစ်ရပ်များအပေါ် စွဲလန်းမှုမဖြစ်ခြင်းသာ ရှိပါတယ်။ ကျနော်ပြောချင်တာ ဓမ္မာသတိပဌာန် မည်ကာမတ္တသဘောကိုပါ။ (တချို့ကတော့ ဓမ္မာနုပဿနာလို့ဆိုတယ်၊ နောက်မှ ကိုယ်မြင်တာကို သီးသန့်ပို့စ်တင်ပါအုံးမယ်)။ စားတာကို ပယ်ခိုင်းတာ မဟုတ်ဘဲ စားခြင်းကို အဟုတ်ထင်မှတ်နေခြင်းကို ပယ်ခိုင်းတာပါ။ မြင်တာကို ပယ်ခိုင်းတာမဟုတ်ဘဲ မြင်ခြင်းကို အဟုတ်ထင်မှတ်နေခြင်းကို ပယ်ခိုင်းတာပါ။ လုပ်ရိုးလုပ်စဉ်လို ပညတ်အားဖြင့် လိုက်သိခိုင်းနေတာ မဟုတ်ဘဲ အပျက်သဘော ( အကျယ်ပြောရရင် တရစပ်ဖြစ်ပျက်ပြောင်းလဲခြင်း သဘောလေးကိုပါ) ဒီနေရာမှာ ဖြစ်ပျက်ပြောင်းလဲခြင်းထက် သဘောလေးဆိုတာ အခရာကြပါတယ်၊ သုံးစရာစကားလုံးမရှိလို့ သဘောမျှသာလို့ သုံးပေးထားတာ သတိပြုပါ။
      ပညတ်တင်ပြောတာမို့ ပြောချင်တဲ့အဓိပ္ပါယ် အပြည့်အဝမပေါက်ပါဘူး။ သတိပဌာန်နဲ့ နုပဿနာမတူတာ သိထားဖို့လိုပါတယ်။ သတိပဌာန်သည် သမ္မာသမာဓိ တည်ဆောက်ခြင်းသာဖြစ်ပြီး အပျက်သဘော နုပဿာနာကသာ လွတ်မြောက်ရာ လမ်းပေါက်ပါတယ်။ နှစ်ခုစလုံး လိုပါတယ်။ ဝမရှိဘဲ ဝိမလုပ်နိုင်ပါ၊ သို့ပေမဲ့ သတိပဌာန်နဲ့ လမ်းဆုံးနေရင် သမထအားနဲ့ ဖြစ်ပျက်မြင်သလိုဖြစ်ပြီး ညဏ်လမ်းပိတ်တတ်ပါတယ်။ ဖြစ်ပျက်မြင်တိုင်း၊ ဖြစ်ပျက်မုန်းတိုင်း မပြီးသေးဘဲ ဖြစ်ပျက်ဆုံးမှ ဖြစ်ပျက်မှ လွတ်သွားမှ ခရီးပေါက်တာ မမေ့ပါနဲ့။ နိဗ္ဗာန်ခရီးကို သွားရာလမ်းကြောင်း ရှစ်သောင်းလေးထောင် (ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်) ရှိတယ်ဆိုပေမဲ့ ဓမ္မရသကတော့ ဧကောဓမ္မော တမျိုးထဲသာရှိပါတယ်။။

  • unclegyi1974

    August 26, 2011 at 11:11 pm

    ကိုကြောင်ဒီလောက်သိပြီးဘာလို့ကျွတ်အောင်မလုပ်သေးပဲ
    နက်ထဲဝင်ငြိနေပါလိမ့် မဒမ်ကြောင်မပါသေးလို့လား

  • alinsett

    August 27, 2011 at 5:46 pm

    အိမ်း……အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ…. ဒါတွေက်ို ကောင်လေးကြောင်းကြီး မြင်တတ်လာပြီဆိုတော့ မဆိုးပါဘူး။

    ကိုယ်ကတော့ ဒါတွေရဲ ့သဘောကိုသေချာ မမြင်နိုင်သေးတော့ သေရင်တော့ ဒယ်အိုး..ပဲ။

    ကိုယ် ့လမ်းတော့ကိုယ် သိနေပါရဲ ့။

Leave a Reply