၂၁ ရာစု ဒဿဂီရိ ပုံပြင်သစ်

သူရႆဝါAugust 27, 20116min22416

အခုတလော ဘာစာမှလည်း အသစ်မရေးဖြစ် ခဲ့တာကြောင့် ကျွန်တော့် Blog ကို ပြန်မွှေလိုက်တော့ ထွက်လာတဲ့ တင်ပြီးသား ဟာသ ဝတ္ထုတို အဟောင်းလေး တစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။ “၂၁ ရာစု ဒဿဂီရိ” ပါတဲ့။ တကယ်တော့ ဒီဝတ္ထုတို လေးဟာ ကျွန်တော့် စာပေဘဝရဲ့ အမှတ်တရပါ၊ မှတ်တိုင် တစ်ခုပါ။ ဘာလို့လည်း ဆိုတော့ ၂၀၀ရ ခုနှစ် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းမှာ ဟာသဝတ္ထုတို ပြိုင်ပွဲ လုပ်တော့ ကျွန်တော် ဒီဝတ္ထုတိုလေးနဲ့ ဆုရပြီး စာပေလောကထဲ စရောက် ခဲ့ပါတယ်။ ပထမဆုံး ရေးဖြစ်တဲ့ ဟာသဝတ္ထုက ဆုရတာ တစ်ကြောင်း၊ စာပေလောကထဲ ပထမဆုံး ရောက်စေခဲ့တဲ့၊ ပထမဆုံး လောက်လောက် လားလား ပုံနှိပ်ဖော်ပြ ခံခဲ့ရတဲ့ စာမူမို့လို့ပါ။ ၂၀၀ရ ခုနှစ်က အဲဒီဝတ္ထုလေးကို ဘလော့မှာ စတင်လိုက်တော့ “ပေါက်” ပါတယ်။ Web Blog အတော်များများနဲ့ Social Site အတော်များများမှာ ဒီပိုစ့်ကို ပြန်တင်ကြတာကို တွေ့ရပါတယ်။ လူတွေ အတော်များများ ဖတ်မိကြတာကို သိရလို့ ဝမ်းသာပေမယ့် ပြန်တင်ကြတဲ့သူ အတော်များများက ဝတ္ထု အောက်ခြေမှာ ကျွန်တော့် ကလောင်နာမည်ကို ထည့်သွင်း မဖော်ပြထား ကြတာကိုတော့ စိတ်ထဲ အောင့်သက်သက် ဖြစ်ရပါတယ်။ အခု .. ကျွန်တော့်ရဲ့ ပထမဆုံး ဆုရ ဟာသဝတ္ထုတိုလေးကို ပြန်လည် ဖော်ပြ လိုက်ပါတယ်။

“၂၁ ရာစု ဒဿဂီရိ ပုံပြင်သစ်”

(၁)

“သူ” တရားထိုင်နေသည်။ ဝင်သက်နှင့် ထွက်သက် ကြားမှ ပါးလျသော ငြိမ်းအေးမှု တစ်မျိုးကို ခံစား နေမိ၏။ ထိုစဉ်မှာပဲ ကောင်းကင်မှ ကျယ်လောင်သော လေယာဉ်သံကို ကြားလိုက်သည်။ ပြန်ပြီး စုစည်း မရတော့သည့် အာရုံထဲသို့ အတွေးတချို့ ဖြတ်ဝင် လာ၏။ ဒီလောက် တောကြီးမျက်မည်း ထဲကို ဒီလေယာဉ်က ဘာစိတ်ကူး ပေါက်ပြီး ရောက်လာ ပါလိမ့်။ အိုး …. ၂၁ ရာစုတောင် ရောက်နေမှပဲ ၊ တောထဲ လေယာဉ် ရောက်တာလောက် ကတော့ မဆန်းလှ ပါဘူးလေ။

ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းမှ အမှတ်တမဲ့ မိုးပေါ် မော့ကြည့် လိုက်မိသည်။ အလို…. လေယာဉ် ပေါ်က လွင့်ကျ လာတာ ဘာပါလိမ့်။ စူးစမ်း ချင်စိတ်နှင့် ဘာမှန်း မသိသော အရာဝတ္ထုလေး မြေပေါ် ကျအလာကို စောင့်နေ လိုက်သည်။ ထိုအရာဝတ္ထုလေး ကလည်း သူ့အနားကိုပဲ ဆိုက်မြိုက်စွာ ကျလာ၏။

“ဪ …. စာရွက်တစ်ရွက်ပဲ”

တစ်ယောက်တည်း ရေရွတ်ပြီး ဘာရယ်မဟုတ် ကောက်ယူ ကြည့်လိုက်သည်။ “အိုး…” စူးစူးနစ်နစ် ရေရွတ်ရင်း ချာလည် သွားသော စိတ်နှလုံးကို မနည်း ပြန်ထိမ်းယူ လိုက်ရ၏။ ဒါတောင် ခုနက တရားမှတ် ထားတဲ့ အခံရှိပေလို့ ဟုလည်း တွေးမိ သေး၏။ “သူ” ကောက်ယူ ကြည့်လိုက် မိသော စာရွက် ထဲမှာက လှပပြေပြစ် လွန်းသော မိန်းမငယ် တစ်ဦး၏ ဓါတ်ပုံ။ အောက်ဘက် မှာက ကွန်ပျူတာ စာစီ ထားသော စာလုံး အချို့။ “ရွှီး” ခနဲ လေတစ်ချက်ချွန်ရင်း စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။

“ကြင်ယာတော်ရွေးလေးတင်ပွဲ”

အထက်ပါ ဓါတ်ပုံရှင် ဘုရင့် သမီးတော်လေး သီတာဒေဝီ၏ ကြင်ရာတော်ရွေး လေးတင် ပွဲကို အောက်ပါ အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်ပါ၍ ဖိတ်စာ နှင့်တကွ ကြွရောက် ပါရန် ဖိတ်ကြား အပ်ပါသည်။

နေ့ရက် – ၁၄.၂.၂၀၀၈

အချိန် – နံနက် ၉းဝဝ မှ ၁၂းဝ၀

နေရာ – နန်းရင်ပြင်တော်ရှေ့

လမ်းညွှန် – ရှိသမျှလိုင်းကား အကုန်ရောက်သည်

“အဟိ” အဲဒီ လေးရွင်ပွဲ … အဲလေ အဲဒီ လေးတင်ပွဲကို ကိုယ်ရောက်အောင် လာခဲ့မယ် အချစ်ရယ်။ မင်းရဲ့ နှလုံးသား နန်းဆောင်မှာ နေခွင့်ရဖို့ ကိုယ့်ရဲ့ လက်ရုံးရည်ကို ပြသလှည့် မယ်ကွဲ့။ ကိုယ့်ရဲ့ အောင်နိုင်ပွဲကို ဂုဏ်ပြုတဲ့ အနေနဲ့ မင်းရဲ့ အပြုံးတွေကို နန်းရင်ပြင် ရှေ့မှာ အပြည့်ခင်းကျင်း ထားပါ။ အပြန် ခရီးမှာ မင်းရဲ့ လက်ကလေးကို ဆုပ်ကိုင်လို့ တို့ရဲ့ အနာဂတ်ကို ရဲရင့် စေကြမယ်။ အခုတော့ အလောတကြီး ရင့်မှည့်လာတဲ့ ရင်ခုန်သံကို ပြန်လည် ထိန်းညှိဖို့ ကိုယ့်ကို ကဗျာတစ်ပုဒ် ရွတ်ခွင့်ပြုပါ ချစ်သူ။

ဖြစ်တည်ခဲ့

ရင်မှာပျိုးတဲ့သစ်သီး

စားသုံးချိန်နီးတဲ့အခါ

ခရီးပြင်းနှင်ခဲ့မယ် မင်းဆီ

ပျိုမြစ်စွာ ကြိုဆိုလှည့်

တစ်ယောက်တည်း အူမြူးစွာဖြင့် တောင်စဉ်ရေမရ လျှောက်ပြောရင်းမှ ခေတ်ပေါ်ကဗျာ တစ်ပုဒ် ကိုပါ ခပ်တည်တည် ရွတ်ချ လိုက်သေး၏။ “သူ” ကား အားလုံး သိပြီး ဖြစ်ကြသည့် အတိုင်း ဒဿဂီရိ ( ဒါမှမဟုတ် သူ့အပြောအရ “၂၁ ရာစု ဒဿဂီရိ” ) ပင် ဖြစ်လေသည်။

(၂)

နန်းရင်ပြင် ပတ်ပတ်လည်တွင် ခုနစ်ပြည်ထောင် မင်းညီမင်းသား များနှင့် လူသူ ပရိသတ်များ လျှံကျ နေသည်။ နန်းရင်ပြင် အလယ် တွင်တော့ ဗိုလ်ခြေတစ်ထောင် မမှ ကြွသည်ဟု နာမည်ကြီးသော လေးကိုင်းကြီးကို စင်မြင့် ပေါ်တွင် တင်ထား၏။ ထိုလေးစင်၏ ခပ်လှမ်းလှမ်းတွင် ဘုရင့် အကိုးကွယ်ခံ ဆရာရသေ့ကြီး ၊ ရာမမင်းသားနှင့် လက္ခဏ မင်းသားတို့ တန်းစီ ထိုင်နေကြသည်။ အခမ်းအနား ကလည်း မစသေး သဖြင့် အသံဗလံ ပေါင်းစုံတို့ တွတ်စီညံဆူ နေ၏။

“တို့ဘုရင်ကြီးက သူ့သမီးတော်လေးကို အပျိုကြီး ဖြစ်စေချင်တယ် ထင်ပါ့ ကိုရင်ရယ်”

“ဟ ….. ဘာလို့လဲ ရှင်မရ”

“အိုတော် … ဗိုလ်ခြေတစ်ထောင် မမှ ဒီလေးက ကြွပါတယ် ဆိုမှ ဘယ်သူက တစ်ယောက်တည်း မ,နိုင်မှာ လဲတော်”

လူသူ ပရိသတ် များထဲမှ အချီအချ ငြင်းခုန်သံများ ၊ အမျိုးမျိုးသော ထင်ကြေး ပေးချက် များကပင် အခမ်းအနားကို ပိုပြီး အသက်ဝင် စေသလို ထင်ရ လေသည်။

ထိုအချိန် မှာပင် ငြိမ့်ညောင်း လှသော စက်သံ နှင့်အတူ အမည်းရောင် ပြောင်လက် နေသော “ပါဂျဲရိုး” ကားကြီး တစ်စီး ထိုးစိုက် လာသည်။ ထို့နောက် ကားတံခါး ဖြည်းညင်းစွာ ပွင့်လာပြီး ကားပေါ်မှ စမတ် ကျကျ ကိုယ်လုံး ကိုယ်ထည် ကြီးကြီး လူတစ်ယောက် ဆင်းလာသည်။ မျက်နှာ ကိုလည်း ဖုန်မှုန် နေအောင် ဘာတွေ လိမ်းလာသည် မသိ။ အစွမ်းကုန်ကို ရူပါကြွေး လာပုံရသည်။ တာဝန်ကျ မှူးမတ် တစ်ဦးက သူ့အနား ကပ်သွားပြီး ….

“ဖိတ်စာပြပါ”

ဒါကိုပင် “သူ” က လှည့်မကြည့်ပဲ ဘောင်းဘီအိတ် ထဲမှ ဖိတ်စာကို ဖျတ်ခနဲ ဆွဲထုတ် လိုက်ပြီး ဖိတ်စာ ပေါ်ရှိ ဓါတ်ပုံကို စိတ်မချ သလို တစ်ချက် ကြည့်လိုက် သေးသည်။ ပြီူးမှ မပေးချင် ပေးချင် ပုံစံမျိုးဖြင့် ပေးလိုက်သည်။ အားလုံးသော ပရိသတ် ကလည်း သူလုပ်သမျှကို ပါးစပ် အဟောင်းသား ငေးကြည့် နေကြ၏။ သူက အားလုံးကို တစ်ချက် ဝေ့ကြည့် လိုက်ပြီး အောင်မြင် ထည်ဝါသော အသံနှင့် …

“ကျုပ်က ဒဿဂီရိ … သိန်းဃိုရ်ပြည်က လာတာ … လာတဲ့ ကိစ္စ ကတော့ လေးတင်ပွဲမှာ ဝင်ပြိုင် မလို့”

အားလုံး မင်တက် မိသလို ခဏ ကြောင်ငေး သွားကြသည်။ ခဏ နေတော့မှ အားလုံး လှုပ်လှုပ် ရှားရှား ပြန်ဖြစ် လာ၏။ တီးတိုး ဝေဖန်သံများ ၊ ဝေခွဲ မရသည့် အကြည့်များ ၊ ပြီးတော့ ဟုတ်ပါ့မလား ဆိုသည့် အသံများ ညံလာ ပြန်သည်။ စပ်စု တတ်ပုံရသော မင်းသား တစ်ပါးက မရဲတရဲ ထပြီး မေးသည်။

“ခင် … ခင်ဗျားက ဒဿဂီရိသာ ဆိုတယ် ဘယ်မှာလဲ နောက်ထပ် ခေါင်းကိုးလုံး …. ခုတော့ မျက်နှာပြဲကြီး တစ်ခုပဲ တွေ့တယ်”

ဒါကို “သူ” က တုံးလှချည်လား ဟူသော အကြည့် မျိုးဖြင့် စောင်ပေပေ ပြန်ကြည့် လိုက်သေးသည်။ ပြီးမှ ထိုမင်းသား ပခုံးကို ဟန်ပါပါ တစ်ချက် ပုတ်ပြီး ……

“ဒီမယ် ….. ကိုယ့်လူ အခု ၂၁ ရာစုပဲ ရောက်နေပြီ၊ မဖြစ်နိုင်ဘူး ဆိုတာ မရှိတော့ဘူး …. ကျန်တဲ့ ခေါင်းကိုးလုံးက ဘတ်လပ် ဘတ်လပ်နဲ့ အနေအထိုင် ကျဉ်းကျပ် လွန်းလို့ ဆာဂျရီ လုပ်ပြီး ခွဲစိတ် ပစ်လိုက်ပြီ၊ ကျန်တဲ ့ခေါင်းတစ်လုံးတောင် အဆစ် ခွဲစိတ် ပေးပါ့မယ် လုပ်နေလို့ မနည်း တောင်းပန်လာ ခဲ့ရတာ”

“ဒါဖြင့် ခင်ဗျားစီးနေကျ ပန်းရထားကြီး ကရော”

ကျေနပ်ပုံ မရသေးသော မင်းသားက ထပ်မေးပြန်သည်။ “သူ” စိတ်တိုသွားပြီး ……..

“ကျွတ်စ် …. ခက်တော့နေပြီ ၂၁ ရာစု ရောက်နေပြီလို့ ကိုယ့်လူကို ဘယ်နှစ်ခါ ပြောရမလဲဗျဟင် ၊ ပန်းရထား စီးရတာ မငြိမ့်လို့ ပါဂျဲရိုး ငြိမ့်ငြိမ့်လေး ဝယ်စီးတယ်လေ ဘာဖြစ်လဲ … ပိုက်ဆံ ရှိရင် ဘရစ်တနီ စပီးယား ကိုတောင် ခေါ်ပြီး ကလော် ခိုင်းလို့ရတယ် … နဖာချေး ၊ သိပ်မပိန်း စမ်းပါနဲ့ ကိုယ့်လူရာ”

ထိုအခါကျမှ အားလုံး ဘဝင်ကျ သွားသလို ခေါင်းတညိတ်ညိတ် ဖြစ်ကုန်၏။ သူက ထပ်မံပြီး အားလုံးကို ဝေ့ကြည့် လိုက်သည်။ ပြီးမှ ….

“ကဲ ကဲ အချိန် သိပ်မရှိဘူး အရင် ရောက်တဲ့ သူတွေ လေးတင် ကြပါလေ ကျုပ်ကတော့ နောက်ဆုံးမှ လေးတင် ပါ့မယ် ဟဲ … ဟဲ”

သူ့စကား အဆုံးမှာ မင်းသား တစ်ပါး ပြုံးဖြဲဖြဲနှင့် ထပြီး ….

“အဟီး …. ညီ မတင် တော့ပါဘူး ကိုကြီးရာ ၊ မ,နိုင်မှာလည်း မဟုတ်ပါဘူး ၊ ကိုကြီး အစွမ်းကိုပဲ ညီ ထိုင်ကြည့် တော့မယ် လေနော် .. အဟဲ”

“ဟုတ်တယ် … ဟုတ်တယ် ၊ သားတို့လည်း နိုင်မှာ မဟုတ်တဲ့ အတူတူ ကိုကြီး ကိုပဲ ထိုင်ကြည့် တော့မယ်” ဟု ကျန်မင်းသား တွေကပါ ပျာပျာသလဲ ထောက်ခံ ကြသည်။ ဒါကို သူက …

“အာ ….. မဟုတ်သေး ဘူးလေ ၊ ကျုပ် တစ်ယောက်တည်း လေးတင်ရင် မတရားရာ ကျနေ မှာပေါ့ ၊ နောက်မှ ကိုလူဆိုးကြီးလို့ အပြော မခံနိုင်ပေါင်” ဟု ပြောပြီး ရာမနှင့် လက္ခဏတို့ ထိုင်နေရာသို့ လှမ်းကြည့် လိုက်သည်။ တဆက်တည်း မှာပဲ လက္ခဏကို လက်ညှိုး ထိုးပြီး ….

“ဟောဟိုက မျက်နှာ ရွှေသွင်း ထားတဲ့ ညီတော်လေး ကရော အစွမ်းပြဖို့ စိတ်ကူး လေးများ မရှိဘူးလား”

“ဟင့်အင်း … ဟင့်အင်း”

လက္ခဏ ကလည်း ချက်ချင်းပင် သွက်သွက် ခါအောင် ငြင်း၏။ သူက စိတ်ပျက် သလို ပုံစံမျိုးနှင့် ခေါင်းတစ်ချက် ခါလိုက်ပြီး

“မဖြစ်သေးဘူး လေဗျာ … တစ်ယောက်တည်း ပြိုင်ပြီး ဆုရတယ် ဆိုရင် ကျုပ်က ငပေါကြီး ဖြစ်သွား မှာပေါ့ ဒီလို လုပ်မယ် ၊ ကျုပ်ကပဲ ယှဉ်ပြိုင်ဘက်ကို ရွေးလိုက် မယ်လေ ၊ အဲဒီ ပြောင်ပြောင် လက်လက် ညီအစ်ကို နှစ်ယောက် ထဲက တစ်ယောက်တော့ လေးတော် တင်ကြည့်ပါ ၊ ကျုပ်ဘက် ကတော့ ယုံကြည် စိတ်ချမှု အပြည့် ရှိနေတာ ၊ နာမည်ကိုက အီဗာ … အဲလေ ဒဿဂီရိတဲ့” ဟု ဆိုပြီး ရာမနှင့် လက္ခဏကို လှမ်းပြီး စိန်ခေါ်၏။ လက္ခဏက မျက်နှာငယ် လေးနှင့် ရာမကို ကြည့်ပြီး ပြောသည်။

“ကိုကိုပဲ တင်လိုက်ပါ ကိုကိုရယ် ၊ ညီညီ မနေ့က အစားမှား ပြီးတော့ ဝမ်းလျှော နေလို့ အားမရှိဘူး”

ရာမ ကလည်း အကြောက်အကန် ပြန်ငြင်းသည်။

“အွန် … မင်း လည်သလိုလို အိမ်မကပ်သလိုလို မလုပ်နဲ့လေ ၊ အဲဒီလို ပြောကြေးဆို ငါလည်း နေမကောင်း ဖြစ်နေတာ ကြာပြီ၊ ကြည့်ပါလား …. မျက်နှာလေး ကိုက နွမ်းဖတ်ဖတ်နဲ့ အစိမ်းရောင် သန်းနေတဲ့ ဟာကို၊ အမလေး …. သနားစရာ ကောင်းလိုက်တဲ့ လူမမာ ရာမလေးရယ် … ကျွတ် ..ကျွတ်” ဟုဆိုပြီး မျက်နှာကို အိုချ ပစ်လိုက်သည်။ လက္ခဏ ကလည်း အားကျမခံ ….

“ဟင် .. ခင်ညားကြီးလည်း ဂေါ်လီလိုလို လောက်စာလုံး လိုလို မလုပ်နဲ့လေ ၊ ကျားဗိုလ် ဆွဲမယ်၊ ရှုံးတဲ့သူ သွားကြေး၊ လာ …. သွားဆွဲမယ်”

ဟု ဆိုပြီး ရာမကို ဆွဲခေါ် သွားသည်။ ခဏနေတော့ ရာမမင်းသား မျက်နှာကြီး ရှုံ့မဲ့ကာ ပြန်ထွက် လာ၏။ ပါးစပ် ကလည်း ကြိတ်မနိုင် ခဲမရနှင့် ပွစိပွစိ ရေရွတ် လာသည်။

“ဟင် … အလကား ချဉ်ပေါင်ရိုးကောင် တုတ်ထိုးကောင် ပိန်တာရိုးကောင် တေညှင်းဇိုးကောင် ဖေတစ်ရာ မောင်တစ်ကျိပ် ဦးလေး အစိတ်နဲ့ …င် ပြတ်သေမယ့် မသာကောင်”

ဆဲဆိုသံ ပေါင်းစုံနှင့် လေးစင် ရှိရာသို့ လျှောက်သွား၏။ ထို့နောက် မျက်နှာကြီး နီတွတ် လာသည် အထိ လေးကိုင်းကို ဆွဲမသည်။ လုံးဝ မကြွ ။ ထိုအခါမှ စိတ်အေး သွားပုံနှင့် ….

ဟူး … တော်ပါသေးရဲ့ အဟီး” ဟု ဆိုကာ ပြန်လှည့် လာသည်။

သူကတော့ အဲဒီ အဖြစ်အပျက် တွေကို ကြည့်ပြီး နားမလည် နိုင်အောင် ဖြစ်နေ၏။ ဒီလို ဘုရင့်သမက် ဖြစ်ရမှာ ကိုတောင် ဘာဖြစ်လို့ အကြောက်အကန် ငြင်းနေ ကြပါလိမ့်၊ အို .. ဒါတွေ ထားပါလေ၊ အရေးကြီး တာက ငါပဲ။ မင်းသမီး လေးကို ပိုင်ဆိုင်ရမယ့် ဖူးစာရှင်က ငါမို့လို့ပဲ နေမှာပေါ့။ ဟိုဟိုဒီဒီ လျှောက်တွေး မနေတော့ပဲ လေးစင် ရှိရာသို့သာ တစ်လှမ်းချင်း သွားလိုက်သည်။ ပြီးတော့ ပရိသတ် အားလုံးကို လှမ်းကြည့် လိုက်သေး၏။ အားလုံး၏ အာရုံတွေ သူ့ဆီမှာပဲ ကျရောက် နေသဖြင့် ကျေနပ် သွားသည်။

ပထမဆုံး အာရုံ မပျံ့လွင့်အောင် ထိန်းလိုက်သည်။ ပြီးနောက် ရှိသမျှ အားကို အကုန်စုစည်း ထားလိုက်၏။ ဒီလောက် အလေးကြီးကို မဖို့ ဒီလို နည်းလမ်း ကောင်းတွေ လိုသည်လေ။ ထို့နောက် လေးကိုင်းကို လက်နှစ်ဖက်နှင့် ကျစ်ကျစ် ပါအောင် ဆုပ်ထား လိုက်ပြီး အသက်ကို ဝအောင် ရှူသွင်း လိုက်သည်။ နောက်ဆုံး အဆင့် အနေနဲ့ လေးကိုင်းကို ရှိသမျှ အားသုံးပြီး ဆွဲမ လိုက်သည်။

“ဟင်”

“ချိန်ခွင် လောက်တောင် မလေးဘူး”

ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။ လူကလည်း နောက်သို့ လန်သွား၏။ လက်ထဲ မှာက ရှိသမျှ အားနဲ့ မ,လိုက်ရသော ချိန်ခွင် လောက်တောင် မလေးလှသည့် လေးကိုင်းကြီး။ ကြောင်စီစီနှင့် ခဏလောက် မှင်တက် မိနေသည်။ ပြီးမှ …

“မဟုတ်သေးပါဘူး” ဟုဆိုကာ လေးကိုင်းကို စင်ပေါ် ပြန်တင် ထားလိုက်၏။ ပြီးနောက် လေးကိုင်းကို နောက်တခါ ပြန်မ ကြည့်သည်။ အလွယ်တကူ ပါလာပြန်၏။ သူလည်း ကိုယ့်ကိုယ်ကို မယုံနိုင် သလို သူ့လက်ထဲတွင် ရှိသော လေးကိုင်းကို တလှည့် ကြည့်လိုက် လူပရိသတ် များကို တလှည့် ကြည့်လိုက် လုပ်နေ၏။ ထိုစဉ်မှုာပင် …

“လူစွမ်းကောင်း ဒဿဂီရိဟာ လေးတော်ကို နှစ်ထပ်ကွမ်း တင်နိုင် ခဲ့ပြီ ဖြစ်တဲ့ အတွက် ဘုရင့် သမီးတော် သီတာဒေဝီ မင်းသမီး လေးရဲ့ ကြင်ယာတော် အဖြစ် သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။” ဟု မှူးမတ် တစ်ဦးက ကြေငြာလိုက် လေသည်။

“ဟေး…..”

“ဖြောင်း…ဖြောင်း”

“ရွှီ …. ရွှီ … ဒတ်ကြီးကွ”

လက်ခုပ်သံတွေ အားပေးသံတွေ။ ဒါ .. ဒါ ငါ့ကို ဂုဏ်ပြုကြတဲ့ အသံတွေပဲ။ ရင်မှာ လှိုက်ခနဲကို ကြည်နူး ရပါလား။ အားလုံးက ဝိုင်းပြီး ချီးမြှောက် ခံလိုက်ရလို့ ဝမ်းသာ ပီတိ ဖြစ်မှုတွေ။ ချစ်သူကို ပိုင်ဆိုင်ခွင့် ရပြီ ဆိုတဲ့ အသိတွေ။ အို … ဘယ်လို ပျော်ရွှင်မှု မျိုးနဲ့မှ နှိုင်းလို့ မရပါလား။

သူ ဘဝင်ကျ သွားပြီး အားလုံးကို လက်ဝှေ့ယမ်း ပြလိုက်၏။ ရာမ မင်းသား ကလည်း ထိုင်နေရာမှ ထလာပြီး သူ့အတွက် ဂုဏ်ယူပါတယ် ဆိုသော ပုံစံမျိုးဖြင့် လက်ကမ်း ပေးလာ၏။ သူ ဝမ်းသာ အားရပဲ လက်ဆွဲ နှုတ်ဆက် လိုက်သည်။ ထို့နောက်မှ ….

“ကဲ .. သီတာကို ကျုပ် ခေါ်သွားလို့ ရပြီလား ၊ ရရင်လည်း ခေါ်သွား တော့မယ်လေ ၊ ကျုပ် တိုင်းပြည်မှာ ပြန်ပြီး ဧည့်ခံပွဲ လုပ်ရဦးမှာ”

တစ်ချိန်လုံး ငြိမ်နေသော ရသေ့ကြီးက ဝင်ပြောသည်။

“လာမှာပါလေ …. သိပ်မလောပါနဲ့ သွားခေါ်နေပါပြီ”

ခဏနေတော့ အဖြူဆွတ်ဆွတ် ဝတ်စုံနှင့် မင်းသမီးလေး အခြွေအရံ များနှင့် ရောက်လာ၏။ မျက်နှာ ကိုလည်း ပဝါဖြင့် အုပ်ထား သေးသည်။ အို …. မမြင်ရလည်း လှတာပါပဲ လားကွယ်။ မင်းသမီးလေး သူ့အနား လာရပ်တော့ ရင်ခုန်သံက ပိုမြန် လာ၏။ သူ ကတုန် ကယင်နှင့် မျက်နှာကို အုပ်ထားသော ပဝါစကို ဖယ်ရန် လက်လှမ်း လိုက်သည်။ ဒါကို မင်းသမီးလေးက လက်ဖြင့် ဖမ်းထားပြီး တိုးညင်းသော လေသံဖြင့် ပြောသည်။

“အို …. ရှက်ပါတယ်”

ဟုတ်သား ပဲလေ။ သူ ရှက်ရှာပေမပေါ့။ ခု လောလောဆယ်တော့ မကြည့်တော့ ပါဘူး။ အိမ်ရောက်မှပဲ အဟိ။ သူ အူမြူးစွာ တွေးရင်း မင်းသမီးကို လှမ်းပြောသည်။

“ဒါဆိုလည်း သွားကြရ အောင်နော်”

မင်းသမီး လေးက ညင်သာစွာ ခေါင်းညိတ် လိုက်သည်နှင့် ကားနားကို အပြေးအလွှား သွားပြီး ကားတံခါး ဖွင့်ပေး လိုက်၏။ မင်းသမီးလေးက အိန္ဒြေရစွာ ဝင်ထိုင်သည်။ သူလည်း အားလုံးကို နှုတ်ဆက် လက်ပြပြီး ကားထဲ ဝင်ထိုင်ကာ ညင်သာစွာ ကားကို မောင်းထွက် လိုက်၏။ အော်ဟစ် အားပေးသံ များက အနောက်တွင် တဖြည်းဖြည်း ဝေးကျန် ခဲ့ပြီ။

(၃)

အခန်းထဲမှာ သူ့ရဲ့ ကြင်ယာတော် အသစ်စက်စက် ကလေးက ငြိမ်သက်စွာ ထိုင်နေ ပေလိမ့်မည်။ သူကတော့ အထဲ မဝင်ရဲ သေးဘဲ အခန်းဝမှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်ရင်း ရင်တွေ ခုန်ကာ နေ၏။ အချစ်ဟာ အရာရာကို ကြောက်စိတ် ဝင်စေနိုင် တာပဲလေ။ ဟိုဟိုဒီဒီ တွေးနေရင်းမှ ဒီနေ့ ဖြစ်ပျက် ခဲ့ပုံတွေကို ပြန်စဉ်းစား မိသည်။ ငါ့အတွက် အရာရာဟာ ဘာလို့များ လွယ်ကူ နေခဲ့ပါလိမ့်။ အို …. မလိုပါဘူးလေ။ ငါက ၂၁ ရာစု ဒဿဂီရိပဲ။ ငါ့ရဲ့ စွမ်းရည်ကိုက သူများ တွေထက် ပိုသာ နေတာ ဖြစ်မှာပေါ့။ အတွေးစက ကြင်ယာတော် လေးဆီ ပြန်ရောက် သွား၏။

အချစ် ဆိုတဲ့ အရာဟာ ဒီလောက်ပဲ တန်ခိုးကြီး သလား မိသီတာ။ ဒါ့ကြောင့်လည်း ချစ်ခြင်း တရားရဲ့ ရှေ့မှောက်မှာ ခေတ်အဆက်ဆက်က လူတွေ ဒူးထောက် ခဲ့ကြရ တာပဲ။ ငါ့ရဲ့ ရင်တစ်ခုလုံး ဟုန်းဟုန်းတောက် နေအောင် ပြုစားရက်တယ် မိသီတာ။ နင့်အတွက်ပဲ ဝေမြ နေခဲ့တဲ့ ရင်ခုန်သံကို တဆိတ်လေး နားစွင့် ကြည့်ပါ။ ပြီးရင် ကောင်းကင်ကို ကြည့်ပါဦး အချစ်။ လမင်းဟာ ငါ့ရဲ့ နတ်သမီး ပြပွဲကို ဂုဏ်ယူစွာ ပြုံးကြည့် နေလိမ့်မယ်။ ကြယ်အစုံ တို့ရဲ့ ကောင်းချီး ဩဘာသံ ဟာလည်း ငါတို့ နှစ်ယောက် အတွက် နားဝင်ချိုတဲ့ တေးသွား တစ်ခု ဖြစ်နေ လိမ့်မယ်။ ငါ့ရဲ့ အချစ်တွေကို နင်မြင်နိုင် ဖို့အတွက် နင့်မျက်နှာလေး ပေါ်မှာ ဖုံးအုပ် ထားတဲ့ ပဝါစကို ငါဖယ်ရှား ပစ်ပါရစေ မိသီတာရယ်။

ရင်ခုန်သံတွေ ကျယ်လွင့် လာသည့် ကြားမှပင် အခန်းထဲသို့ အရဲစွန့်ပြီး ဝင်လိုက်၏။ ထို့နောက် သူမ အနားသို့ ကပ်သွားပြီး မျက်နှာ ပေါ်ရှိ ပဝါစကို အသာ `မ´ ကြည့်လိုက်သည်။ တစ်လောကလုံး ဆိတ်ငြိမ် သွားသလို ထင်လိုက်ရ ပြီးနောက် ……..

တစ်စက္ကန့် …. နှစ်စက္ကန့် …. သုံးစက္ကန့် …..

“အား”

အော်သံ တစ်ချက် ကြားလိုက်ရပြီး ခဏ အကြာတွင် သတိလက်လွတ် ဖြစ်နေသော ရုပ်အသေကြီးနှင့် သူ ထွက်လာ လေသည်။ သူ့မျက်လုံးအစုံ ထဲတွင်တော့ …. ပုံရိပ်များ …. ရာမနှင့် လက္ခဏတို့ အပြန်အလှန် ငြင်းခုံ နေကြပုံများ …… လေးကို တင်လို့ မရသဖြင့် စိတ်အေး သွားသော ရာမ မင်းသား၏ ပုံရိပ်များ ….. ချိန်ခွင် လောက်တောင် မလေးသော လေးကိုင်း အကွေးကြီး ပုံများကို အစီအရီ မြင်ယောင် နေလေသည်။

(အဆုံး)

သီတာဒေဝီ၏ ခမည်းတော် ဘုရင်ကြီးက အထူး ဧည့်ခံသော ညစာ စားပွဲတွင် ရာမမင်းသား ၊ လက္ခဏ၊ ဆရာ ရသေ့ကြီးနှင့် ဘုရင်ကြီးတို့ စားရင်း သောက်ရင်း စကားပြော နေကြသည်။ ဘုရင်ကြီးက …

“ကျုပ်သမီးတော်လေး လင်ကောင်း သားကောင်း ရသွားတဲ့ အတွက် ဝမ်းသာ တယ်ဗျာ၊ ဒဿကြီး ရှိတဲ့ တောထဲကို လေယာဉ်နဲ့ စာရွက် သွားပစ်ချ ပေးတဲ့ လက္ခဏ မင်းသား ကိုလည်း ကျေးဇူးတင် ပါတယ်”

ရာမ မင်းသား ကလည်း ဝင်ပြောသည်။

“ကျွန်တော်တောင် ကံကောင်းလို့ဗျို့၊ သူက အတင်း လေးတင်ခိုင်း တာလေ၊ တော်သေး တာပေါ့၊ မ `မ´ နိုင်တဲ့ ပုံစံမျိုး လုပ်တာ ပီပြင် သွားလို့၊ နို့မို့ ဆိုရင်တော့ အဟီး …..”

လက္ခဏက ……

“ဘာပဲ ပြောပြောလေ၊ နောက်ဆုံးတော့ ဒဿဂီရိဟာ ကျွန်တော်တို့ ဆင်ထားတဲ့ အကွက်ထဲ ရောက်လာ ရတာပဲ မဟုတ်လား”

ဘုရင်ကြီးက စာရွက်ပေါ်မှ ဓါတ်ပုံကို သေချာကြည့်ပြီး ………

“ကျုပ် နားမလည်တာ တစ်ခုပဲ ရှိတယ် ၊ ဒီလောက် ရုပ်ဆိုးတဲ့ ကျုပ် သမီးတော်ကို ဓါတ်ပုံ ထဲမှာ လှသွားအောင် ဘယ်လို လုပ်ပစ် လိုက်သလဲ ဆိုတာကို ပါပဲ”

ထိုအခါမှ ရသေ့ကြီးက ပြုံးစစနှင့် ဂုဏ်ယူသလို ဝင်ပြောသည်။

“ဘာခက်တာ မှတ်လို့ ဘုရင်ကြီးရယ် ၊ ဒဿဂီရိ ပြောသလိုဆို ၂၁ ရာစု လေဗျာ၊ ၂၁ ရာစု၊ ကျုပ် တပည့်လေး မောင်ရာမက ဖိုတိုရှော့ ဆိုတာကို အလွန်ကျွမ်း ဆိုကိုးဗျ ၊ ဘုရင်ကြီး သမီးတော်လေး ပုံကို ဒစ်ဂျစ်တယ် ကင်မရာ နဲ့ရိုက် ၊ ပြီးတော့ ကွန်ပျူတာ ထဲမှာ လိုသလို ပုံပြောင်း လိုက်တာပါ၊ ဟား …. ဟား …”

“ဪ ….. ၂၁ ရာစု ဒဿဂီရိလည်း ၂၁ ရာစု နည်းပညာနဲ့ ထိပ်တိုက် တိုးသွားတာ ပေါ့လေ၊ ဟား … ဟား …. ဟား ……..”

အားလုံး ဝိုင်း၍ ရယ်မောသံက ကောင်းကင်သို့ပင် လျှံတက် သွားသလို ထင်ရ လေသည်။

(နောက်ဆက်တွဲအသိပေးချက်)

အဲဒီ လူကြီးတွေ မကောင်းဘူး၊ လောကကြီးမှာ ဘီလူးလောက် ကြောက်စရာ ကောင်းတာ ဘီလူးပဲ ရှိတယ်၊ ခုတော့ ဘီလူးတောင် ပြန်ကြောက်ရတဲ့ ဟာကြီးကို ထည့်လွှတ် ပေးလိုက်တယ် ဆိုကတည်းက အဲဒီ လူကြီးတွေ ကောင်းမကောင်း စဉ်းစားသာ ကြည့်တော့ ၊ ဘယ့်နှယ့်ဗျာ ….. ကျုပ်အဖြစ်က `တစ်ခါတည်းပါ မောင်ရယ် ….. သံစုံ တီးဝိုင်းနဲ့´ ဆိုသလို ဖြစ်နေတယ်၊ ရာဇဝင် ထဲက ဒဿဂီရိက အသည်းပဲ ကွဲတာ၊ ကျုပ်ကွဲတာ နှစ်ခုတောင် …. အသည်းတင် မဟုတ်ဘူး ၊ အရှက်ပါ ကွဲတာ၊ အမျိုးတူ ဘီလူးတွေ ကလည်း ကျုပ်ကို လက်မခံကြ တော့ဘူးဗျာ ၊ နှင်လွှတ်လိုက် ကြပြီဗျ ၊ အီး … ဟီး …. စိတ်နာ လွန်းလို့ သီချင်းတောင် ရေးထား သေးတယ်၊ ခင်ဗျား နားထောင်ကြည့်”

သင် လက်ဖက်ရည်ဆိုင် ထိုင်နေချိန်တွင် သော်လည်းကောင်း … သင် လမ်းလျှောက် နေစဉ် သော်လည်းကောင်း သင့်ကို အထက်ပါ စကားများ ပြောပြီး အောက်ပါ သီချင်း တစ်ပုဒ်ကို ဆိုပြသည့် သူ တစ်ယောက်နှင့် တွေ့သည် ဆိုပါဆို့။ သူ့လက်ထဲကို လှမ်းကြည့် လိုက်ပါ။ လက်ထဲတွင် ချိန်ခွင် လောက်တောင် မလေးသော သံကိုင်း အကွေးကြီး တစ်ခုကိုလည်း ကိုင်ထားသည်ကို တွေ့ပါက သူသည် ခင်ဗျားတို့ သိပြီး ဖြစ်ကြသည့် အတိုင်း ၂၁ ရာစု ဒဿဂီရိ သာ ဖြစ်ပါသည်။

“မယ်သီတာကို သုံးပိုင်း ပိုင်းပြီး ခေါင်းပိုင်း မီးဖုတ်စား ….. ကျန်တာ တွေကို ဆားဆနွင်း ရောပြီး ဖုတ် .. သုပ် .. ပြုတ်ကာစား အချစ်ရှုံးသမား ဒဿဂီရိ …. အီး … ဟီး .. ဟီး ..”

သူရဿဝါ

ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၇

www.thurathawah.net

www.facebook.com/ThuraThawah

www.facebook.com/LiteraryArtBlog

www.twitter.com/Thurathawah

www.moba4all.org

16 comments

  • မီးမီး သော်

    August 27, 2011 at 11:24 am

    အမလေးနော်. အဖြစ်ဆိုးလိုက်တဲ့ ဒဿရယ်။ကံမကောင်းပါလားနော်။

  • ကြောင်ကြီး

    August 27, 2011 at 11:38 am

    ကောင်းဒယ်ဗျာ။ ဘီလူးအစစ်ပြီးတော့ ရွာထဲက ဘီလူးအယောင်ဆောင်ကိုလည်း ဆော်ပေးပါအုံး…။

  • MOEPWINTPHYU

    August 27, 2011 at 12:53 pm

    အင်း နှစ်ဆယ်တစ်ရာစု ကကြောက်စရာကြီးနော် ……..ဘာမဆိုအကုန်လုပ်လိုရနေတာ..

  • king

    August 27, 2011 at 12:54 pm

    အခုဖတ်သမျှထဲမှာ ဒီပို့စ်ကို ကြိုက်မိတယ် … 😀

  • moethidasoe

    August 27, 2011 at 1:10 pm

    တကယ်ဆို ဒဿ ကြောက်လောက်တဲ့ သီတာရဲ့ ပုံလေးပါ တင်ပေးပါလား .. ဒို့များလဲ ကြောက်ရအောင်လို့

  • နီလေး

    August 27, 2011 at 2:20 pm

    ဒဿဂီရိ ကြီးသနားပါတယ် အင်နဲ့သွားတွေ့တာပေါ့ အချစ်ရှုံးသမား ဒဿဂီရိ အရှက်ကွဲသမား ဒဿဂီရိ

  • susunosuki

    August 27, 2011 at 2:30 pm

    အကြည်တော် ရေးတဲ့ စတိုင်နဲ့ တော်တော်တူနေတာကို တွေ့ရတယ်။ ဒီလိုစာမျိုးရေးတဲ့အကြည်တော်ကတော့် ဟာသလို့မသုံးပဲ သရော်စာလို့သုံးထားတယ်။

  • R Ga

    August 27, 2011 at 3:07 pm

    ၂၁ရာစု လက်ရာနဲ့ တစ်ခါတည်း မယ်သီတာကို ပလပ်စတစ် ဆာဂျီလုပ်ပေးလိုက်တာမဟုတ်ဘူး။ အခုတော့ ဒသခင်ဗျာ… မိအေး ၂ခါနာရရှာပါရောလား ..ဗျာ..။

  • cobra

    August 27, 2011 at 4:15 pm

    အဟားဟားဟား………
    အရမ်းကြိုက်တယ်ဗျာ တခါမှဒီလောက်ရယ်ရတာမဖတ်ဖူးဘူး။
    ဪဘီလူးရယ်…
    အဖြစ်ဆိုးလှချည်လား

  • blackchaw

    August 27, 2011 at 5:13 pm

    ကောင်းလိုက်တဲ့ အတွေး။ ဖတ်ရင်းဖတ်ရင်း အဆုံးထိရောက်သွားတယ်ဗျာ။
    G O O D

  • Shwe Ei

    August 27, 2011 at 5:17 pm

    ဒါမျိုးလေးတွေ ရှိသေးရင် ထပ်တင်ပေးပါအုံး။

  • maylekha

    August 27, 2011 at 6:08 pm

    ပုံလေးပါရရင်ပိုကောင်းမှာပဲ။

  • piti

    August 27, 2011 at 7:40 pm

    ကောင်းလိုက်တဲ့ ဝတ္ထုလေးဗျာ… ရေးလည်း ရေးတတ်ပါ့
    ကြည့်ရတာ ကိုယ်တွေ့လေးထင်တယ်နော်…
    သူရဿဝါ ရေ ဘယ်တုန်းက ပြန်ကောင်းသွားတာလဲ… အခုရော အဲဒီသီချင်းလေး ဆိုပြနေတုန်းပဲလားဟင်
    ဟဲ ဟဲ

  • windtalker

    August 27, 2011 at 8:00 pm

    ဖုတ်သုတ် ပြုတ်ကာစား ၊ တယ်ဟုတ် ၊ တယ်ဂွတ်ဗျာ
    ကြိုက်ပါတယ် ဗျို ့

  • unclegyi1974

    August 27, 2011 at 10:17 pm

    ၂၁ရာစုပြောပြီး
    ၂ဝရာစုကနေအေးနည်းတွေလောက်တောင်မတတ်တဲ့ဒသ
    ခံရနည်းသေးဟေ့ဟေး

  • pan pan

    August 29, 2011 at 9:27 am

    လင်္ကာဒီပချစ်သူလေး ဖတ်ပြီး ဒဿဂီရီဘက်ကတွေးပြီး လွမ်းကောင်းတုန်းရှိသေး
    ၂၁ရာစု ဒဿဂီရိဆိုတော့….ခမျာ ဘယ်ခေတ်မှာမှ မသက်သာလှပါလား
    ဒဿဂီရိ…ဒဿဂီရိ……။

Leave a Reply