မောင်ငွေမက် တစ်သက်တာမှတ်တမ်း

Nan ShinAugust 28, 20111min17415
  မောင်ငွေမက်ဆိုပြီး မောင်တပ်ထားလို့မချေမငံဆက်ဆံဖို့တော့မစဉ်းစားနဲ့နော်။ချာတိတ်လေးမဟုတ်ဘူး။
အသက်က  ခြောက်ဆယ်ပြည့်တော့မယ်။  ကျုပ်ဆိုတဲ့ကောင်ကသူများကိုပဲကျောချင်တာ ကိုယ့်ကိုလာကျော
ရင်နဲနဲမှ ခံချင်တာမဟုတ်ဘူး။ အသက် ခုနစ်ဆယ်ကျော်စာရေးဆရာကြီးတွေကသူတို့ကိုယ်သူတို့ကလောင်
မှာမောင်တပ်ပြီးရေးတာကိုလဲ အားကျတယ်။ထူးချွန် ထက်မြက်သူတိုင်းဟာ သူတို့ ရဲ့အကြောင်းကို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ တစ်သက်တာ မှတ်တမ်းတို့ပြုစု ရေးသား သွားကြတာကို လည်းအားကျတယ်။
ဒါကြောင့်   ကျနော့်ရဲ့           မှတ်သားဖွယ်ရာ  ဘဝအတွေ့အကြုံ  တွေကိုလည်း နောင်လာ နောက်သားများ
ရှောင်ချင်ရင်လည်းရှောင်၊ ဆောင်ချင်ရင်လည်း ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး” မောင်ငွေမက် တစ်သက်တာမှတ်တမ်း”ဆိုတဲ့ ဒီစာတမ်းကိုပြုစုရေးသားလိုက်ရပါတော့တယ်။
        ကျနော့်မိဘတွေက ကျနော့်လိုလည်လည်ဝယ်ဝယ်မရှိခဲ့လို့ ကျနော့်ရဲ့ဘဝဟာ  ဆင်းဆင်းရဲရဲ မွဲမွဲတေတေ နဲ့ ကြီးပြင်းခဲ့ရတယ်။  ဒါပေမဲ့ ကိုးတန်း အထိတော့ ကျနော့် ကိုကျောင်းထား ပေးနိုင်ခဲ့ကြတယ်။
ကျနော်ဆယ်တန်းတက်မဲ့နှစ်မှာ အဖေဆုံးတယ်။အမေက ကျမ္မာရေးမကောင်းဘူး။ညီတစ်ယောက်နဲ့ ညီမတစ်ယောက် ကလည်းရှိသေးတယ်။ ကျနော်က အကြီးဆုံးသား။ အဲ့ဒါတွေထားပါ။ ကျနော်စဉ်းစားတာက
သူတို့အတွက်မဟုတ်ဘူး။ကိုယ့်အတွက်ကိုယ်စဉ်းစားတာ။ဘာ အကိုကြီးအဘရာလဲ။ လက်မခံဘူး။သူတို့လဲ အချိန်တန်ရင် ကိုယ့်သားကိုယ့်မယားနဲ့ဖြစ်သွားကြမှာ။အမေ့ အတွက်လား။အမေကဆင်းရဲပေမဲ့ သူ့ဆွေမျိုးတွေက တောင့်တယ်။ချမ်းသာတယ် ပေါ့။အဲ့ဒိဆွေမျိုးတွေကိုလဲ မကျေနပ်ဘူး။သူတို့ကတော့ ကျိကျိတက် ချမ်းသာနေပြီး ကျနော်တို့ကိုတော့ နည်းနည်းလေးမှလှည့်မကြည့်ကြဘူး။ဘာ ဗုဒ္ဓဘာသာတွေလဲ။ဗုဒ္ဓဘာသာမှန်ရင် “ဉာတကာနဉ္စသင်္ဂဟော” ဆိုတဲ့ ဘုရားဟော မင်္ဂလာတရားနဲ့အညီ ဆွေမျိုးတွေကို ချီးမြှောက်ထောက်ပံ့ရမယ်မဟုတ်လား။ရမလားလို့တော့ အညံ့ခံ ဆက်ဆံကြည့် ပါသေး တယ်။ လုံးဝမစွန်တဲ့ဆွေမျိုးတွေမို့ လမ်းတွေ့တောင် နှုတ်မဆက်ပဲ ခပ်စိမ်းစိမ်း နေပြစ် လိုက်တယ် ။ ဒါပေမဲ့သူတို့ကအမေ့ကိုတော့ကြည့်ကြတယ်။စေတနာနည်းနည်းရှိကြတယ်ပေါ့။အဲ့ဒိတော့ အမေ့အတွက်လဲ ထည့်စဉ်းစားမနေတော့ဘူး။အတိုချုပ်ပြောရရင်တော့ အမေအပါအဝင်ဆွေမျိုးအားလုံးကိုစွန့်ပြီးတော့ သူကောင်းဖြစ်ဖို့ တစ်ရွာပြောင်းခဲ့တယ်။
ရန်ကုန်မြို့ ကိုရောက်တယ်။  အလုပ်ရှာတယ်။  ပန်းရံဆိုက်တစ်ခုမှာ အလုပ်ရတယ်။ အလုပ်ထဲမှာ သူများ ထက် နှစ်ဆ လောက်ပိုပြီး ကြိုးစားလုပ်ကိုင်တယ်။  ကိုယ့်အတွက် အကျိုးရှိမဲ့သူ ကိုပဲ ရွေးပေါင်းတယ်။
ကိုယ့်အတွက် အကျိုးမရှိတဲ့သူတွေ  ဘာမှားလဲ  ဘာလိုအပ်လဲ ဘာတွေညံ့ဖျင်းနေလဲ အကုန်မှတ်ထားတယ်။
အလုပ်ထဲမှာ ကိုယ့်အတွက် အကျိုးရှိနိုင်တဲ့သူဆိုတော့ အလုပ်သမားခေါင်းနဲ့ ကန်ထရိုက်တာ တွေပေါ့ဗျာ။အကျိုးမရှိတဲ့သူဆိုတာကတော့ အလုပ်သမားတွေပေါ့ဗျာ။အလုပ်သမားတွေဘာလုပ်တယ် ဘာကိုင်တယ် ဘယ်သွားတယ် ဘာညံ့တယ်ဆိုတာတွေကိုပြန်ပြောပြပြီးအလုပ်သမားခေါင်းတွေ ကန်ထရိုက်တာ တွေက ိုပေါင်းတယ်။ သူတို့ကသဘောကျတယ်။ နောက်ပိုင်း သူတို့ကိုယ်တိုင်အလုပ်ထဲမှာ
မရှိရင်တောင် ကျနော်ရှိနေတယ်ဆိုရင် စိတ်ချကြတယ်။ ရှင်းရှင်းပြောရရင်တော့ အထက်ဖား အောက်ဖိနည်းနဲ့ ပါဝါကိုချဲ့ထွင်တယ်၊ အထက်လူကြီးရဲ့ယုံကြည်ကိုးစားမှုကိုရယူတယ်။

အလုပ်သမားခေါင်းရဲ့ ချီးမြှောက်မှုကြောင့် ကန်ထရိုက်တာ နဲ့အတော်လေးက ိုရင်းနှီးခွင့်ရခဲ့တယ်။
ကန်ထရိုက်တာနဲ့ ရင်းနှီးပြီ ဆိုမှတော့  အလုပ်သမားခေါင်း လောက်ကို ဘာဂရုစိုက်စရာလိုတော့လို့ လဲဗျာ။
တစ်နေ့အလုပ်သမားခေါင်းက ပစ္စည်းနည်းနည်း လိုအပ်လို့အပြင်မှာ သွားဝယ်ကြရအောင်ဆိုပြီးကျနော့်ကို

ခေါ်သွားတယ်။  ကျနော်လ ဲဆိုင်ကယ်နောက်မှီး ကခွထိုင်ပြီး ပါသွားတယ်။  တခြားသူတွေထက ်အခွင့်  ထူးခံ
အဆင့်ရောက်လာပြီ ဆိုတော့ နည်းနည်းလေးတော   ့မြူးမိတယ်။ သူများတွေ အလုပ်ကို ကုန်းရုံးလုပ်နေရတဲ့
အချိန်မှာကျနော်ကဆိုင်ကယ်နောက်မှာငြိမ့်ငြိမ့်လေးထိုင်ပြီး အပြင်မှာလေကောင်းလေသန့်ထွက်ရှူနိုင်နေပြီ
မဟုတ်လား။ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်ရှေ့မှာရပ်ပြီးဈေးဆင်းဝယ်ကြတယ်။သူ ဘာတွေလုပ်လဲ ကျနော်အသေအချာလိုက်မှတ်တယ်။နောင်မှာ ကျနော်လည်း ဒါမျိုးတွေလုပ်ဖို့အခွင့်ရေးတွေကြုံရဦးမယ် မဟုတ်လား။  အဲ့ဒိလို ကြုံလာအောင်လဲ ဖန်တီးနေသူ တစ်ယောက်ပဲလေ။  တစ်ရာတန်ပစ္စည်းကို တရာ့ငါးဆယ်နဲ့ဘောက်ချာဖွင့်ခိုင်းတာကိုတွေ့လိုက်တယ်။အဲ့ဒါကိုကျနော် မြင်သွားတော့ ကျနော့်ကိုပြုံးစိစိနဲ့ကြည့်ပြီး “ဟဲဟဲ”တဲ့။ဘာမှ မသိသေးတဲ့”အ အ”လေးတစ်ယောက်လိုပဲမသိဟန်ဆောင်ပြီး သူဘာတွေလုပ်လဲ ဆိုတာကို အသေအချာ လိုက်မှတ်နေတယ်။  ကျနော် ဘာမှသိဟန်မရှိတာကိုလဲ အတော်လေး သဘောကျသွားတဲ့ပုံပါ။ပြီးတော့ သူကစားသောက်ကြီးတစ်ဆိုင်ကိုခေါ်သွားပြီး ကြိုက်ရာမှာ စားဖို့ပြောတယ်။  ကျနော် ဘယ်လို မှာရမှန်း မသိပါဘူး။   ဒါပေမဲ့ သူဘာမှာမလဲ ဘယ်လိုမှာမလိုဆိုတာ ကိုစောင့်ကြည့်မယ်လို့စိတ်ကူးလိုက်တယ်။သူကိုသေတွင်းပို့ပြီးသူ့နေရာကိုရယူဖို့ချောင်းနေတဲ့ကျနော့်ကိုမှ လာပြီးကောင်းနေတဲ့သူ့ကိုသနားတော့သနားမိသလိုပါပဲ။
ကြည့်လေ။ကျနော့်ကိုဘယ်လိုမှာဘယ်လိုစားဘယ်ဟာကဘယ်လိုကောင်းတာနဲ့ဂရုတစိုက်ကို သင်ပေးနေတာ။ သူနဲ့ဒါမျိုးမကြာမကြာသွားဖြစ်ခဲ့လို့လဲလူနဲ့သူနဲ့တူအောင်နေထိုင် စားသောက်တတ်လာ ကိုတော့ ငြင်းလို့ရမှာ မဟုတ်ပါဘူး။  ဒီလိုနဲ့ သူဆီကပညာစုံတတ်မြောက်လာတဲ့တစ်နေ့မှာသူ့ရဲ့မသမာတဲ့ လုပ်ရပ်အားလုံးကို ကန်ထရိက်တာဆီမှာ သွားပြီးဖွင့်ချလိုက်တယ်။  ကျနော်ကျိတ်ပိုးနေတဲ့ ပန်းရံအလုပ်သမလေးကို ကြောင်တဲ့ကိစ္စပါမကျန်ရအောင် ဖွင့်ချပေးလိုက်တယ်။သူများကိုလုပ်ကြံချင်ပေမဲ့ ကိုယ်ကိုယ်တိုင်လုပ်ပါတယ် ဆိုတာကြီးကိုတော့ အသိမခံချင်ဘူးလေ။ ဒါကြောင့်ကျနော်ပြောတယ်ဆိုတာကို
ဘယ်သူ့ကိုမှမပြောဖို့လဲ တိုးတိုးလေးကပ်ပြောလိုက်တယ်။ သူ့အလှည့် ဘယ်တော့ ရောက်လာမယ်ဆိုတာ
ကို မတွက်ဆတတ်သေးတဲ့ ကန်ထရိုက်တာကြီးကတော့ စိတ်ချပါကိုယ့်လူတဲ့။
ကျနော် အလုပ်သမားခေါင်းအဖြစ်ခန့်အပ်ခံရတဲ့နေ့မှာပဲ ကန်ထရိုက်တာက သူနဲ့အတူ စည်ဘီယာလိုက်သောက်ဖို့ခေါ်သွားတယ်။အတူထိုင်သောက်ဖြစ်တဲ့အချိန်မှာ သူဘာလိုလဲဆိုတာကို အသေချာကြည့်ပြီးအားလုံးကျနော်က အလိုက်တသိဆောင်ရွက်ပေးတယ်။ဘီယာကုန်သွားရင် ထပ်ငှဲ့ပေးတယ်။       အမြီးတုံးတေ ွကြီးနေရင်   သေးအောင ်ဖဲ့ပေးထားတယ်။   သွားကြားညပ်တာမြင်ရင်
သွားကြားထိုးတံယူပေးတယ်။  တခုခုစားပြီးတိုင်း တစ်ရှူးတစကို ကိုယ်တိုင်ဖြဲပေးတယ်။ ဆေးလိပ်ထုတ်လိုက်
တာနဲ့မီးညှိပေးတယ်။ သူပြောသမျှစကားအားလုံးကို ဟုတ်သည်ဖြစ် မဟုတ်သည်ဖြစ်စေ ဟုတ်ကြောင်း မှန်ကြောင်းထောက်ခံတယ်။ဘီယာတစ်ငုံ ငုံပြီးတိုင်းမှာ အမြီးမစားဖြစ်ဘူးဆိုရင် စိတ်ပူသယောင်ယောင်နဲ့ ခွံ ့ကြွေးဖို့ကြိုးစားကြည့်တယ်။သူအတော်လေးမူးနေပြီဆိုတော့မှ နောက်ထပ်မှာလိုက်ပြီး အားပါးတရ သောက်စားပြစ်လိုက်တယ်။      ”အိမ်က မိန်းမတောင် မင်းလောက် အပြုစု မကောင်းဘူးကွာ”  လို့ရူးကြောင်
မူးကြောင်ဖြစ်ပြီးထအော်တယ်။မသိဟန်ဆောင်နေလိုက်ပြီး ဝီစကီသုံးလုံးလောက်ထပ်မှာတယ် ။ကြက်ကြော် ပါဆယ် သုံးထုတ်လောက်ထုတ်ခိုင်းလိုက်တယ်။   ကျနော်ဘာတွေမှာတယ်စားတယ်ဆိုတာသူလုံးဝမသိဘူး။
အားလုံးရှင်းပြီးမှသူကပြောတယ်။  မင်းဘာမှလဲမစားပါလားကွတဲ့။   ကျနော်အတော်လေးကိုသဘောကျသွား
တယ်။ဘာပဲပြောပြော အလုပ်ထဲကပန်းရံအလုပ်သမလေးနဲ့ချိန်းထားတာမို့ သူ့ကို အိမ်ပြန်ပို့ပြီးရင် ဒီတစ်ညအတွက်တော့ လောကစည်းစိမ်ဆိုတာ ဘာလဲလို့သိရပေဦးတော့မယ်။
အလုပ်သမားခေါင်းဖြစ်လာပြီဆိုတော့ အားလုံးကတရိုတသေ တလေးတစားရှိလာတယ်။မကြည် သူကလဲရယ်ပြတယ်။မုန်းသူကလဲ ပြုံးပြတယ်။အရပ်ထဲက ဇာတ်ပွဲမှာ ငွေမက်တို့ နေတတ်ဖို့ ပဲလိုတော့တယ်မဟုတ်လား။ စာရင်းဇယားအားလုံးကိုမှန်မှန်ကန်ကန်လုပ်ပြလိုက်တယ်။ဘယ်ကိုသွားသွား ဘယ်သူ့ကို မှမခေါ်ဘူး။          ဒါပေမဲ့ အသက်ဆယ့်ခြောက်နှစ်လောက်ရှိမယ် လို့ထင်ရတဲ့ အလုပ်သမလေး
တစ်ယောက်ကိုတော့ တခါတရံအလုပ်ပိတ်ရက်တွေမှာ ရုပ်ရှင်လိုက်ပြဖို့စသလိုနောက်သလိုနဲ့လမ်းကြောင်း
ထားတာရှိတယ်။သူကလဲစသလိုလိုနောက်သလိုလိုနဲ့ပြန်လက်ခံတယ်။ဒီလိုနဲ့ရုပ်ရှင်ရုံကို နှစ်ယောက်အတူ
မကြာမကြာသွားဖြစ်တယ်။ဒီနေ့ညတော့ကျနော်တစ်ယောက်တည်းနေတဲ့အိမ်ကိုရှစ်နာရီလောက်လာလည်
ဖို့ပြောကြည့်လိုက်တယ်။ကိုကိုနဲ့သာဆိုရင် ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ဘယ်အချိန်မှာ ဘာတွေဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် လစ်လိုက်ချင်တယ် ဆိုပဲ။ခေတော့ မခေဘူး။အဲ့သလောက်မခေတဲ့ မိန်းကလေးကိုကြာကြာ မပေါင်းသင့်ဘူး လို့သိလိုက်တယ်။ သုံးလလောက်နေတော့  သူနဲ့ ကောင်လေး တစ်ယောက်အလုပ်ကို အတူတူလာတာတွေ့တယ်။  ကောင်မလေးကို ဖောက်ပြန်သူအဖြစ်နဲ့စွတ်စွဲတယ်။  ကောင်လေးကိုတော့မင်းနဲ့အဲ့ဒိကောင်မလေးနဲ့ကဖြစ်နေတာလား စသည်ဖြင့်အစ်မေးတယ်။ကောင်လေးက မဟုတ်ကြောင်းငြင်းတယ်။ဒါဆိုမင်းကြိုက်ရောမကြိုက်ဘူးလားလို့  မေးလိုက်တယ်။  ကြိုက်တယ်ဆိုပဲ။  သူကမယူချင်ဘူးလားလို့  မေးတော့ ရရင်တော့ လိုချင်တာပေါ့တဲ့။ သူတို့ နှစ်ယောက် ကိုပိုပြီး နီးစပ်အောင်လုပ်ပေးလိုက်တယ်။ တဖက်ကိုလဲ ခပ်ကြမ်းကြမ်းလေးစွတ်စွဲပေးလိုက်
သလိုတဖက်ကိုလဲ ခပ်သွက်သွက် လှုပ်ရှားဖို့တိုက်တွန်းပေးလိုက်တယ်။  မကြာပါဘူး။  ခိုးပြေးကြပါလေရော။
တော်သေးတယ်။ကောင်မလေးက နှုတ်လုံတယ်။သူနှုတ်လုံလို့လဲ အခုထိ အလုပ်မြဲနေတာ မဟုတ်လား။ ဒါပေမဲ့  ကြာရင်  စိတ်ချရမှာ  မဟုတ်ဘူး။  ကိုယ့်အတွက်  အန္တရာယ်  တစုံတရာဖြစ်လာနိုင်တယ်။  ဒါကြောင့်
လင်မယားနှစ်ယောက်စလုံးကိုအလုပ်ကထုတ်ပြစ်လိုက်တယ်။ဒီလိုနဲ့ကျနော့်အလုပ်ဆိုက်ကိုရောက်လာသမျှ ပျိုပျိုအိုအို    လုံးကြီးပေါက်လှ   လုံမေချောလေးများ   အားလုံးလိုလိုဟာ      ကျနော့်အတွက်အပန်းဖြေစရာ
 ညစာလေးတွေဖြစ်လာတော့တယ်။ခြောက်လလောက်ထိစာရင်းမှန်အင်းမှန်လုပ်ပြလိုက်လို့ကန်ထရိုက်တာ
လဲ မြိုးမြိုးမြက်မြက်ရှိလာတာမို့အတော်လေးနှစ်သက်ပြီး လက်ရင်းတပည့်တစ်ယောက်လို သဘောထား လာတယ်။  ဒါကြောင့်သူဋ္ဌေးအတော်များများနှင့် မိတ်ဆက်ပေးခဲ့တယ်။  ကျနော်ကအလုပ်သမားခေါင်းဘာမှ
သိပ်လုပ်စရာမလိုဘူး။  အလုပ်သမားတွေကို  ညွှန်ကြား   ခိုင်းစေရ ုံသက်သက်ပဲ။  အဲ့ဒိတော့ကိုယ့်အတွက်
အချိန်ပိုလေးတွေရှိနေတယ် ပေါ့ဗျာ။ရသမျှအချိန်ပိုလေးတွေနဲ့ခင်မင်ရင်းနှီးလာတဲ့သူဋ္ဌေးတွေကိုအရင်းပြုပြီး ကန်ထရိုက်တာပေါက်စဖြစ်လာခဲ့တယ်။  ကျနော့်ဆရာဆိုတဲ့ကန်ထရိုက်တာကိုတော့အဲ့ဒိလုပ်ငန်းအကြောင်း
အသိမပေးဘူး။    အသိပေးလို့လဲ မဖြစ်ဘူးလေ။          သူယုံကြည်သွားတဲ့အခါမှာ သူ့ဆိုက်ကဘိလပ်မြေ
သံ သွပ ်သစ် စသည်ခိုးမှန်းမသိခိုးထားတာလေးတွေနဲ့အရင်းပြုထားတာ။ ဆိုက်ထဲကခိုးလိုက်ဈေးချောင်လို့
ကျနော့်ကိုငှားကြတဲ့ သူဋ္ဌေးတွေဆီကခိုးလိုက်နဲ့ ကျနော်ကိုယ်တိုင်သူဋ္ဌေးပေါက်စအဆင့်ထိရောက်ခဲ့တယ်။ အဲ့သလိုလုပ်တဲ့အခါမှာလဲ ကိုယ့်ဆိုက်မှာလုပ်တဲ့လုပ်တဲ့ အလုပ်သမားသီးသန့်ထပ်ငှားတယ်။ကျနော် စလုပ်တော့ ကြီးကြီးမားမားမဟုတ်ပါဘူး။ရေကန်တို့အိမ်သာတို့ဈေးဆိုင်ခန်းတို့လိုအသေးစားလေးတွေပါ။ အဲ့ဒိကိုယ်ပိုင်ဆိုက် လေးတွေအတွက် အလုပ်သမားငှားတဲ့အခါမှာတော့ အလုပ်ပြုတ်ပြီး စားစရာမရှိဖြစ်နေတဲ့ အလုပ်သမားမျိုးကိုရွေးငှားတယ်။လုံးဝမတတ်တဲ့သူဆိုရင် သင်ခိုင်း ခိုင်းနေရတော့ ကျနော့် အတွက ်သိပ် မကျန်ဘူး။အလုပ်ရှိပြီးသားလူတွေကို ငှားရရင်လဲ ငွေပိုပေးရလိမ့်မယ်။အဲ့ဒိတော့ ပေါချောင် ကောင်းအလုပ် သမားတွေကိုပဲ                 ရွေးငှားတယ်။   လက်ဘက်ရည်တိုက်မယ်             ဆိုပြီး အချိန်ပိုတစ်နေ့မှာ
လေး ငါးနာရီလောက်  ခိုင်းတယ်။  ပြီးရင် လဘက်ရည် ဆို လဘက်ရည်ပဲ မုန့်မပါဘူး၊ တိုင်ကီမဖြစ်ရ၊ နှစ် ခွက်မဖြစ်ရ၊ကြိုက်သလောက်သာသောက်။ကိုယ့်စကေး မကုန်မချင်းပေါ့။ဆေးလိပ်လည်း တိုက်တယ် ။ဖက်ကြမ်းကိုနှစ်ယောက်တစ်လိပ်နှုန်းနဲ့ပေါ့ဗျာ။အဲ့ဒိလိုလဘက်ရည်ဖိုးနဲ့ရင်းတဲ့အတွက်ကျနော့်ရဲ့အကျိုး အမြတ်ကတော့ ငါးရက်စာကိုသုံးရက်နဲ့ အပြီးဖြတ်နိုင်တဲ့အတွက်နှစ်ရက်စာကျနော်စားရတာပေါ့ဗျာ။ တချို့ကောင်တွေကလာသေးတယ်။”လဘက်ရည်မသောက်ချင်ဘူးအရက်ပဲတိုက်”တဲ့။ဘယ်ရ လိမ့်မလဲ။ အရက်ကပိုဈေးကြီးတယ်ဆိုတော့ “ဟေ့ ဘုရားမကြိုက်တဲ့ သုရာမေရယကံကိုတော့ ငါကိုယ် တိုင် လဲမကြူးလွန်ဘူး ။ဘယ်သူကြူးလွန်တာကိုမှလဲအားမပေး ဘူး” လို့ရုပ်တည် နဲ့ ဟောက် ပြစ် လိုက်တယ်။အိမ်ပြန်ရောက်မှအလှည့်ကျ ချိန်းထားတဲ့ အလုပ်သမလေးနဲ့ဝီစကီလေးနဲ့ ကိုရောပြီးမြည်းလိုက်
တယ်။
     ကျနော့်ဆရာကန်ထရိုက်တာက လူတော်ပါ။လူကောင်းလဲ လူကောင်းပါ။ဒါပေမဲ့ မိန်းမတော့အလွန်ကြိုက်ဆိုပဲ။ကမ္ဘာပေါ်မှာ အကြိုက်ဆုံးစားသောက်ဖွယ်ရာကိုပြောပါဆိုရင်တောင် မိန်းမ နုပ်နုပ်စင်းလို့ဖြေမိမှာ အမှန်ပဲတဲ့။အစပိုင်းတော့ သူမဟုတ်သလိုပဲနေခဲ့တာပါ။ပုံတုံးတုံး အလုပ်သမတွေနဲ့စခန်းသွားနေရတာ ငြီးငွေ့လာတဲ့အတွက် အပြောင်းအလဲလေးတစ်ခုကို ဖန်တီးဖို့တည်းခိုးခန်းကိုရောက်သွားတဲ့နေ့မှာ မထင်မှတ်ပဲ သူ့ကိုတွေ့လိုက်ရတယ်။သူ့ကိုကျနော်က စမြင်တာဆိုတော့ ကျနော့်ကိုသူမမြင်အောင် ရှောင်နေပြီး သူဘာလုပ်မလဲလို့ အကဲခတ် နေလိုက်တယ်။အဲ့ဒါထီပေါက်တာပဲ။ဟုတ်တယ်။ကျနော်က သူတပါးရဲ့လျှို့ဝှက်ချက်ကို သိလိုက်ရတာ ဟာအသုံးချတတ်ရင် ပွဖို့လမ်းစပဲ လို့ခံယူထားသူတစ်ယောက်မဟုတ်လား။နောက်တနေ့ ကန်ထရိုက်တာနဲ့တွေ့တဲ့အချိန်မှာ “ဆရာ….အသည်းလေးတွေ အသေးအမွှားလေးတွေရှိရင် အိမ်ကိုခေါ်ခဲ့နော်”လို့ကျနော်ကစသလိုနောက်သလိုလိုနဲ့ပြောလိုက်တယ်။ဒါပေမဲ့သူ့မှာမိန်းမရှိကြောင်း၊
ဒါမျိုးတွေမလုပ်တတ်ကြောင်းကို ခပ်တည်တည်နဲ့ပြန်ပြောတယ်။ဒါပေမဲ့ ကျနော့်ဘက် ကတော့ မလျှော့ဘူး။”ဟုတ်လို့လား ဆရာရယ် ကိုယ့်တပည့်ကို ကိုယ်ရှက်မနေပါနဲ့၊ကျနော်က လူပျိုလူလွတ် တစ်ယောက်တည်းသမားပါ၊ဆရာသမားအတွက် တညတလေ ရှောင်ရှားအိပ်ပေးရတာ အပန်းမကြီးပါဘူး၊ကိုယ့်ဆရာကိုသာ မသင့်တော်တဲ့နေရာတွေကို လျှောက်သွားမိပြီး ဟိုလူမြင်ဒီလူမြင်နဲ့ သိက္ခာကျ အထင်သေးခံရမှာကိုစိုးရိမ်တာပါ”    လို့နားလည်မှုရှိတာလိုလို    သူ့အကျိုးကိုမျှော်ကိုးတာလိုလို
ပြောပြီး သူ့သေတွင်းကို သပ်သပ်ရပ်ရပ် ဝိုင်းတူးပေးလိုက်တယ်။ကျနော့်စကားကြောင့် တချက်ငြိမ်ကျသွားပြီး”အေး လိုအပ်ရင်ပြောမယ်ကွာ”တဲ့။”ကိုယ်ပိုင်မရှိလဲ လာသာလာခဲ့ပါဆရာ ကျနော်အားလုံးကို ဖန်တီးစီစဉ်ပေးပါ့မယ်”လို့လဲ ကျိမ်းသေအောင် ထပ်ပြောလိုက်သေးတယ်။သေချာပေါက် ယုံကြည့်လိုက်ပါတယ်။ကျနော့် အကြံအစီတွေအောင်မြင်သွားပြီလို့။
နောက်နေ့ညနေမှာကောင်မလေးတစ်ယောက်နဲ့ ကျနော့်ဆီရောက်လာတယ်။ ကျနော်ကိုပိုက်ဆံငါးထောင်ထုတ်ပေးပြီး “မင်းသွားလိုရာ သွားပေတော့  မနက်မှပြန်လာ တော့”တဲ့။ ကျနော်အရမ်း ဝမ်းသာသွားပါတယ်။ပိုက်ဆံကြောင့်မဟုတ်ဘူး။အဲ့ဒိနောက်မှာ ပိုက်ဆံ ငါးထောင်ထက် တန်ဖိုးကြီးတဲ့အရာတွေ တသီကြီးပါလာတယ်လေ။    ကျနော်အဲ့ဒိညက တန်းခိုခန်းမှာ သွားအိပ် လိုက်တယ်။အဲ့ဒိနောက်ပိုင်း သူနဲ့ပတ်သက်ပြီးခင်မင်းရင်းနှီးခဲ့တဲ့ အလုပ်ရှင်တွေအားလုံးကို ဒီလူဟာ မိန်းမရှိရဲ့နဲ့ဒါမျိုးလုပ်နေကြောင်းနဲ့ထွေရာလေးပါး အပုတ်ချအသိပေးလိုက်တယ်။လူဆိုတာမျိုးကလဲ ကျနော့်အကြိုက်ချည်းပဲ၊ဟုတ်တယ်၊ကောင်းသတင်းပြောရင်    မယုံသလိုလိုလုပ်တတ်ပေမဲ့မကောင်သတင်း
ကိုတော့ချက်ချင်းလက်ခံယုံကြည်လိုက်ကြတယ်။ တချို့သူခေါ်လာတဲ့မိန်းခလေးများမှာလင်ရှိမယားများဖြစ် ကြောင်းကိုလဲပိုပိုသာသာလေးတုတ်ပေးလိုက်သေးတယ်။သက်သေခိုင်လုံဖို့အတွက် ၎င်းဖြစ်စဉ်တွေအားလုံး
ဟာကျနော့်အိမ်မှာပင်ဖြစ်ခဲ့ကြောင်းနဲ့ကိုယ့်အထက်လူမို့ဘာမှမပြောရဲ၍လွှတ်ထားလိုက်ရကြောင်း၊သူ့အမျိုး
သမီးနဲ့မိန်းကလေးတွေရဲ့အမျိုးသားတွေအတွက် မခံချင်စိတ်ပေါက်ခဲ့ရကြောင်း စသည်စသည် ထွေရာလေးပါးကောင်းနိုးရာရာလေးတွေကိုပါ အပြောကျကျလေး ပြောပြလိုက်တယ်။တစ်နေရာမကောင်းတဲ့ လူဟာဘယ်နေရာမှာ မကောင်းနိုင်ဘူးလို့လဲ ကောက်ချက်ချပေးလိုက်သေးတယ်။ ကျနော် ကိုယ်တိုင်ကတော့ဒါမျိုးဆိုရင် မစင်ဘင်ပုတ်ကဲ့သို့ရွံရှာမုန်းတီးကြောင်းကိုကြော်ငြာဝင်လိုက်တယ်။ကျနော်
ပြောမိသမျှအလုပ်ရှင်အားလုံးကျနော်ပြောတာကိုယုံကြည်သွားကြတယ်။ဒါကြောင့် သူနဲ့ ဆက်မလုပ်လို ကြောင်း   ပြောပြီး ကျနော်နဲ့ပဲဆက်လုပ်ဖြစ်ကြတယ်။
ဒီလိုနဲ့ကန်ထရိုက်တာကြီးဖြစ်လာ ပြန်တယ်။ကျနော့် အမြင်ကတော့ ကိုယ် ကိုယ် တိုင် အောင်မြင်တိုးတက်ဖို့ကအဓိကပဲလေ၊ဘယ်သူတေတေ ငတေမာရင်ပြီးရောဆိုတဲ့စကားပုံဟာ ကျနော့်အတွက်များဖြစ်ခဲ့လေသလားလို့တွေးတွေးပြီး တည်ထွင်သူပညာရှင်ကိုတောင် ဦးခိုက် ချင် စိတ်ပေါက်သွားတယ်။ငတေက နာမည်သာပျက်တာ မြိုးမြိုးမြက်မြက်တော့ ရှိတယ် မဟုတ်လားဗျ။အလုပ်ရှင်တစ်ဦးက မြန်မြန်ဆန်ဆန်ပြီးစေချင်တာတွေရှိနေတော့ ကျနော့်ကို ကားမောင်းသင်ပေးပြီး ခပ်စုပ်စုပ်ကားလေးတစ်စီးဝယ်ပေးခဲ့တယ်။ဒါပေမဲ့ ကျနော့်ရဲ့ကြံရည်ဖန်ရည်နဲ့ ကားသစ်လေးတစ်စီးကို လစဉ်ကြေးပေးပြီး ဝယ်နိုင်ခဲ့တယ်။ဒါပေမဲ့ အဲ့ဒိကားလေးကို အရင်းပြုပြီးဖြတ်လမ်းနည်းနဲ့စီးပွားရှာလိုက်တာ အလည်လွန်ပြီး မိန်းမတစ်ယောက် ရသွား တယ်။သူဋ္ဌေးသမီးဆိုပြီး အရချိုင်လိုက်တာပါ။သေချာသွားအောင် ကလေးယူလိုက်မယ်စိတ်ကူးပြီး ဘာဆေးမှတောင် မတိုက်ဖြစ်ခဲ့ဘူး။ကိုယ်ဝန်ရပြီဆိုတာသေချာတော့ခိုးပြေးတယ်။သူမိဘတွေ လိုက်မလာပါလား၊မစုံစမ်းကြပါလားလို့အောက်မေ့နေတာ၊နောက်မှ သိလိုက်ရတာက သူ့မိဘ တွေ မဟုတ်ဘူးတဲ့။သူ့ရဲ့တောရွာလေးက ရပ်ဆွေရပ်မျိုးတွေတဲ့။မိဘတွေနဲ့ရင်းနှီးနေလို့ ကျောင်းလဲ ထားပေးမယ် ၊အိမ်မှုကိစ္စလဲတတ်နိုင်သလောက် ဝိုင်းလုပ်ဆိုပြီး ခေါ်ထား တာတဲ့။ ဆူလွန်းငေါက်လွန်းလို့အိမ်ကနေထွက်ပြေးချင်နေတာတဲ့။ဒါပေမဲ့ဆင်းရဲတဲ့ဒဏ်ကိုလဲ မခံချင်တာနဲ့အောင့်
 ပြီးနေ နေတဲ့အချိန်မှာ ကျနော်နဲ့တွေ့ တော့လွတ်ပြီကျွတ်ပြီဆိုပြီး ချက်ချင်း လက်ခံ လိုက်တာတဲ့။ကိုယ်ဝန်ရလို့ကျနော်က ခိုးပြေးမယ်ဆိုတော့အရမ်းနဲ့ကို ဝမ်းသာပြီး လိုက်လာခဲ့တာဆိုပဲ။ကျနော်ကလည်း သူဋ္ဌေးသမီးပဲဆိုပြီး အပိုင်အုပ်လိုက်တာ။အခုတော့ သေပြီပေါ့ဗျာ။မတတ်နိုင်ဘူး။ဖြစ်လာတဲ့ ဇာတ်ပေါ်မူတည်ပြီး အကောင်းဆုံးကရတော့မှာပဲ။သူမကို မြို့နဲ့ဝေးတဲ့ ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုမှာ သွားထားလိုက်တယ်။ ဆယ်လေး ငါးရက်လောက်အတူနေပြီး မျက်ချေဖြတ်ထားလိုက်တယ်။ကျနော်ကို်ယ်တိုင်လဲ တခြားမြို့တမြို့ကို ပြောင်းရွှေ့နေထိုင်လိုက်တယ်။ကိုယ့်အတွက်အကျိုးမရှိလို့ကတော့ သဗ္ဗေသတ္တာကမ္မသကာပဲ။
သိပ်မကြာခင်မှာပဲ ကျနော်ဆောက်တဲ့ တိုက်တွေ ပြိုကျတာတို့ရေစိမ့် တာတို့ဖြစ်ပါလေရော။အလုပ်ရှင်တော်တော်များများက ကျနော့်ကို တရားစွဲထားကြတယ်။ ဝယ်ထားတဲ့ကားကလည်း နှစ်လလောက်ထိ အကြွေးမဆပ်ဖြစ်လို့ ရဲနဲ့တိုင်ထားတယ်။အဲ့ဒိအချိန်မှာ အညာသား တစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီး၎င်းအညာသားရဲ့ဇာတိအညာဒေသလေးကိုအလည်လိုက် သွားခဲ့တယ်။မြို့ကပြဿနာတွေကို ရှောင်ရင်းတိမ်းရင်းနဲ့ပေါ့။အဲ့ဒိမှာ ရုပ်ရည်လေး ကလဲ ချောတက္ကသိုလ်ကျောင်းသူလဲဖြစ်တဲ့ ချာတိတ်မတစ်ယောက်ကိုတွေ့တယ်။သူ့အကြောင်းကို စုံစမ်းကြည့်လိုက်တော့ သူ့မိဘတွေက ကျိကျိတက်ချမ်းသာကြတယ်ဆိုပဲ။ဒါပေမဲ့ သေချာအောင်တော့ ထပ်ပြီး  စုံစမ်းလိုက်ရသေးတယ်။သမီးအရင်းမှဟုတ်ရဲ့လားလို့။သေချာပြီဆိုတဲ့အချိန်မှာ သူ့ရဲ့မိဘ တွေကိုဝင်ရောက်ချဉ်းကပ်တယ်။အိမ်ထဲကိုကားမောင်းပြီးတော့ဝင်သွားတာ။စိန်လက်စွပ်ကလဲ ရှစ်ကွင်း တိတိဝတ်ဆင်ထားတယ်။ကျနော့်ရဲ့လုပ်ငန်းဖြစ်တဲ့ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီးဘာမှမပြောဘူး။ကိုယ့် ကိုယ်ကိုကျောက်ကုန်သည်တစ်ယောက်အဖြစ်နဲ့မိတ်ဆက်တယ်။အဖိုးကြီးရော အဖွားကြီးပါ ကျနော့်ရဲ့ကြွားလုံးထဲမှာမြောပြီးသဘောတွေကျနေကြတယ်။အဖိုးကြီး အဖွားကြီးဆိုပေမဲ့ ကျနော်နဲ့တော့ သိပ်မကွာပါဘူး။ဒါပေမဲ့ သူတို့သမီးကိုလိုချင်တာဆိုတော့ အန်တီတို့အန်ကယ် တို့နဲ့ ခေါ်လိုက်တယ်။သူတို့က ကျောက်အကြောင်းနားမလည် လို့မဝယ်သေးဘူး လို့ငြင်းပါတယ်။ ဒါပေမဲ့ကျနော်ကဒီနေမြေမှာ အခုမှစတင်ခြေချသူဖြစ်ကြောင်းနဲ့ပထမစတင်ရင်းနှီးသူများမှာလဲ အန်တီတို့ပဲဖြစ်တဲ့အတွက် လက်ဆောင်အနေနဲ့လက်စွပ်လေးတကွင်းပေးချင်ပါတယ်ဆိုပြီး အတင်းထိုးပေး
လိုက်တယ်။ပြီတော့ သူတို့ရဲ့ယုံကြည်မှုကိုရအောင် တခြားစိတ်ဝင်စားသူများရှိပါကလဲ ကြုံရင်ကြုံသလို ကြော်ငြာပေးဖို့ပြောလိုက်တယ်။ဒီလိုနဲ့ သူတို့မိသားစုနဲ့ရင်းနှီးသွားပြီး စားအိမ်သောက်အိမ် လိုဖြစ်လာခဲ့တယ်။အခွင့်သာတဲ့တစ်နေ့မှာ မြို့ကိုအလည်ခေါ်ချင်တဲ့အကြောင်းပြောတော့ သူတို့မှာ ဝမ်းသာလွန်းလို့ကျေးဇူးတင်ကြတာ အခါခါပဲ။အဖိုးကြီးကဘာမှသိပ်မသိသာပေမဲ့ အဖွားကြီး ကသိသိ သာသာကြီးကို ပြောင်းလဲလာပြီး ညီမလေးကိုလဲ တရင်းတနှီးနေဖို့ စောင့်ရှောက်ဖို့ဘာညာ ပြောလာတော့တာပါပဲ။ကျနော်လိုချင်တာ ဒါပဲလေ။ စနေတနင်္ဂနွေလိုကျောင်းပိတ်ရက်မျိုးမှာ ချာတိတ်မကိုခေါ်ပြီး ဟိုလည် ဒီလည်လျှောက်လည်ဖြစ်တယ်။သူကလဲ ဘယ်ခေါ်ခေါ် ငြင်းတယ်လို့မရှိဘူး။ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် ချစ်သူရည်းစားအဖြစ်ထိတိုးတက်လာခဲ့တယ်။ကျနော်က လက်ထပ်ဖို့ပြောတယ် ။ဒါပေမဲ့ ငယ်သေးလို့လက်မထပ်ချင်သေးဘူးတဲ့။ရှက်တယ်တဲ့။ကျနော်အမျိုးမျိုး စည်းရုံးကြည့်တယ်။အစဉ်မပြေဘူး။ဒါပေမဲ့ အခွင့်သာမဲ့တနေ့ကိုတော့ လက်လွတ်မခံပဲ အပိုင်လှုပ်ရှားနိုင်ဖို့
အမြဲတန်းအဆင်သင့်အနေအထားနဲ့ပြင်ဆင်ထားတယ်။ သူမရဲ့နွေရာသီကျောင်းပိတ်ရက်တစ်နေ့မှာ သူတို့မိသားစုနဲ့အတူ ရန်ကုန်ကို ဘုရားဖူးထွက်လာခဲ့တယ်။ရန်ကုန်ကိုရောက်တော့ ဘယ်သွားသွား ဘာလုပ်လုပ် သူ့အနားမှာပဲကျနော် အမြဲကပ်နေတယ်။မြို့လယ်ခေါင်တစ်နေရာ အရောက်မှာ သူ့ရဲ့မိဘတွေနဲ့အနည်းငယ်မျက်ခြေပြတ်သွားတယ်။သူကမတွေ့တာပါ။ကျနော်က တွေ့နေရတယ်။ဒါပေမဲ့
ဒါဟာ အခွင့်ကောင်းပဲလို့သိလိုက်တဲ့ကျနော်က ရသမျှအခွင့်အရေးကို အပိုင်အသုံးချဖို့ သူတို့မိဘတွေနဲ့ဝေးတဲ့နေရာဘက်ကိုညွှန်ပြီး အဲ့ဒိဘက်ကိုထွက်သွားကြောင်းပြောလိုက်တယ်။သူကတော့ စိတ်တွေပူပြီး အသဲအသန်လိုက်ရှာနေတယ်။ ကျနော်ကလည်းအရမ်းကိုစိတ်ပူတဲ့ဟန်နဲ့ လိုက်ရှာပြလိုက်တယ်။မိုးသာချုပ်သွားတယ်။လုံးဝမတွေတော့ဘူး။
ထိုနေ ့အတွက် လက်လျှော့လိုက်ရန် ချော့မော့ပြောဆိုပြီး တည်းခိုခန်းတစ်ခုမှာ  သွားတည်းလိုက်ကြတယ်။ကျနော့်ရဲ့ရှိသမျှအစွမ်းအစ အကုန်ထုတ်သုံးပြီး နှူးနှပ်လိုက်တယ်။အဲ့ဒိညမှာ ကျနော့်ရဲ့အလိုဆန္ဒပန်းတိုင်ကိုရောက်ရှိသွားတယ်။ သူ့ရဲ့အလစ်မှာ မိဘတွေကိုတောင်းပန်သလိုလိုနဲ့ ကျနော်ယောက်ျားကောင်းပီသစွာ ကိုယ့်တာဝန်ကိုယ်ယူမယ်ဆိုတဲ့အကြောင်းဖွင့်ပြောလိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူဘာမျှမသိလိုက်ဘူး။ဒါပေမဲ့ အဖိုးကြီးအဖွားကြီးတွေကတော့ ကျနော်တို့ကိုလက်ထပ်ထိမ်းမြားပေးဖို့ပဲ စီစဉ်တော့တယ်။ဒီလိုနဲ့ယောက္ခမအိမ်မှာပဲတက်နေပြီး ကလေးတစ်ယောက်ရခဲ့တယ်။ယောက်ျားလေး။
ကားလဲပြုတ် အလုပ်ကလဲမယ်မယ်ရမရှိဆိုတော့ အရပ်ထဲကလဲ တစတစ အတင်းတုတ်စပြုလာပြီဖြစ်သလို ယောက္ခမတွေကလဲသိပ်မကြည်ချင်တော့ဘူး။မိန်းမကလဲ ပွစိပွစိလုပ်လာပြီ။ဘာမှမဟုတ်လဲ တနေ့တခေါက်မြို့တက်ပြီးရှိတဲ့လက်စွပ်လေးတွေကို ရောင်းခဲ့ဖို့အကြံပေးတယ်။လက်စွပ်တွေက အစစ်မဟုတ်ကြောင်းနဲ့မင်းမိဘတွေကိုပေးဖို့လုပ်လာခဲ့တဲ့ လက်စွပ်ကွင်းအသေးလေးတစ်ခုသာ အစစ်ဖြစ်ကြောင်း မိန်းမကိုဖွင့်ပြောပြီး ဒါတွေအားလုံးဟာ မင်းကိုချစ်လွန်းလို့ကြံမိကြံရာ ကြံမိကြောင်းပြော၍ ချော့မော့နှစ်သိမ့်လိုက်တယ်။ မိန်းမကတော့လင်အလုပ်မရှိရင်ရှက်လွန်းလို့အပြင်တောင် မထွက်ဝံ့ဘူးတဲ့လေ။ဒါပေမဲ့ကျနော်ကတော့ ဂရုမစိုက်ပါဘူး။ နေ့စဉ်ယူသုံးနေကျငွေကို တစ်ပြားမှမလျှော့ပဲပုံမှန်အတိုင်း ယူသုံးနေခဲ့တာပဲ။
အညာဘက်မှာကဆောက်လုပ်ရေးအလုပ်ကရှားလဲရှားတယ်။ရှိတယ်ဆိုရင်တောင် ကျနော်မကျွမ်းကျင်တဲ့နယ်မို့မတိုးချင်ဘူး။ ကျနော်ကိုယ်တိုင်ကလဲဘာမှမလုပ်ပဲ အငြိမ့်သား နေရတဲ့ ဘဝကိုပဲလိုချင်တာ။ဒါပေမဲ့ ကြာလာရင် ကန်ထရိုက်အမှုတွေ ကားအကြွေးမှု တွေနဲ့ မိသွားခဲ့ရင်ထောင်ထဲအောင်းနေရမှာကို တွေးပြီးလန့် လာတယ်။ နောက်ဆုံး မလေးရှား ကိုထွက်ဖို့စိတ်ကူးလိုက်တယ်။ ဟုတ်တယ်။ကျနော်စုံစမ်းလေ့လာမိသလောက်တော့ စင်္ကာပူ လိုနိုင်ငံမျိုးမှာက ပညာတတ်မှတဲ့ ပညာမတတ်ရင် အိမ်ဖော်လောက်ပဲလုပ်ရမယ်တဲ့။ကျနော့်မှာက မိဘတွေသင်ပေးထားတဲ့သေစာရှင်စာလေးနဲ့ဟိုလိမ်ဒီပတ် ပညာလောက်ပဲရှိတာ အစဉ်မပြေ နိုင်ဘူး။ထိုင်းနိုင်ငံမှာကျတော့လဲ အန္တရာယ်များတယ်တဲ့။ဒါကြောင့် မလေးရှား ကိုရွေးလိုက်တယ်။ မလေးရှားမှာ အလုပ်လုပ်ဖို့ဆိုပြီးယောက္ခမတွေဆီမှာ ငွေတောင်းတယ်။မိန်းမကလဲ ဝိုင်းငိုပြတော့ ရှောရှောရှူရှူပဲ ထုတ်ပေးတယ်။ အသွားစရိတ်ရဲ့သုံးဆလောက်ကိုပြောပြီးတောင်းလိုက်တာဆိုတော့ အစစအရာရာ အားလုံးအစဉ်ပြေပြေချောချောမောမောနဲ့မလေးရှားကိုရောက်ခဲ့တယ်။
မလေးရှားရောက်တော့ ဆောက်လုပ်ရေးအလုပ်ပဲဆက်လုပ်ဖြစ်တယ်။ထွက်လာကတည်းက လွတ်ပြီကျွတ်ပြီလို့သဘောထားပြီးထွက်လာခဲ့တာဆိုတော့    ပိုက်ဆံဘယ်လောက်ရရမိန်းမဆီပြန်မပို့ဖြစ်ခဲ့
ဘူး။အဆက်အသွယ်လဲမလုပ်တော့ဘူး။ဒါပေမဲ့ ဒုက္ခရောက်တဲ့အခါ အကူညီတောင်းလို့ရအောင် သူတို့အိမ်က ဖုန်းနံပါတ်တစ်ခုကိုတော့ လိုရမယ်ရသိမ်းထားတယ်။မလေးရှားက အလုပ်ဆိုက်ထဲမှာလဲအရင်ဗျူဟာအတိုင်းပဲကျင့်သုံးတယ်။ အခုခေတ်စကားနဲ့ဆိုရင်တော့ အထက်ဖား အောက်ဖိပေါ့။သူများထက်အနည်းငယ် အခွင့်အရေးပိုရတာလေးကလွဲပြီးဘာမှ မထူးဘူး။ ရတဲ့ငွေ ကလဲကျနော့်အသုံးစရိတ်နဲ့သူဋ္ဌေးဖြစ်ဖို့မလွယ်ဘူး။ ‘’အ‘’မလို့ခေါ်တဲ့အင်ဒိုနီးရှားအမျိုးသမီးတစ်ယောက် ကိုအိမ်မှာခေါ်ထားတယ်။အဲ့ဒါက ကျနော့်အတွက်မရှိမဖြစ်ဗျ။ ပေါပေါရတဲ့ နေရာဆိုတော့ ချွေတာနေစရာလည်းမလိုဘူး။ တပတ်ကိုတစ်ယောက် ပြောင်းတယ်။ အိမ်ကမိန်းမကို သတိတောင်မရဘူး။သူ့ကို ဆင်းရဲဒုက္ခခံပြီးငွေပို့နေမဲ့အစား ဒီလမ်းစဉ်က ကျနော့် အတွက်ပိုပြီးအစဉ်ပြေတယ်။ဒါပေမဲ့ ဒီအတိုင်းစခန်းသွားနေရင် ကျနော့်ဘဝအတွက် ခိုင်လုံတဲ့ အာမခံချက်မရှိဘူး။ အလုပ်လုပ်လိုက်၊သောက်လိုက်၊စားလိုက်၊ ‘အ’ မအသစ် နောက်တစ်ယောက် ရှာလိုက်နဲ့ကျနော့်ဘဝရဲ့ဇာတ်သိမ်းခန်း ဟာဘယ်တော့မှ လှပလာမှာ မဟုတ်ဘူး။တစ်သက်စာချမ်းသာ ကြီးပွားမဲ့ အလုပ်ကတော့ မလေးရှားမှာ မရှိတာသေချာသွားပြီ။ဗီဇာကလဲသက်တမ်းကုန်လို့ အိုဗာစတေး ဖြစ်နေပြီ။သက်တန်းလဲ ထပ်မတိုးနိုင်တော့ဘူး။ လုပ်လာလိုက်တဲ့အလုပ်တွေ ကလဲစုံနေပြီ။ စားသောက်ဆိုင်တော်တော်များများ ကျနော်မလုပ်ဘူးတဲ့ ဆိုင်မရှိသလောက်ဖြစ်သွားပြီ။ ဆောက်လုပ်ရေးဆိုက် တော်တော်များများလည်းကျနော်မလုပ်ဘူးတဲ့ဆိုက်မရှိသလောက် ဖြစ်သွားပြီ။ ဘာလုပ်ရရင်ကောင်းမလဲ။ နိုင်ငံရေးလုပ်စားတယ်ဆိုတဲ့စကားလုံးကိုကြား ဘူးတယ်။ အဲ့ဒါက ဘယ်လိုလဲ။စုံစမ်းကြည့်တယ်။ နိုင်ငံရေးအဖွဲ့စည်းဆိုတာတွေကို ချဉ်းကပ်ကြည့်တယ်။ အရမ်းချမ်းသာနေတဲ့လူတွေရှိသလို ထမင်းငတ်နေတဲ့လူတွေလဲ ရှိတယ်။အဲ့ဒိအဖွဲ့တွေထဲ ဝင်ရင်ကျနော့်အနေနဲ့အရမ်းချမ်းသာတဲ့လူမဖြစ်နိုင်ဘူးဆိုတာသေချာတယ်။ နိုင်ငံရေးအကြောင်း လဲကျနော်ဘာမှမသိဘူး။သူတို့လိုစာတွေပေတွေလဲစိတ်မဝင်စားဘူး။ သူတို့ကလဲကျနော်ဝင်ထွက်သွားလာ
တာကို သိပ်ကြိုက်ပုံမပေါ်ဘူး။သူတို့လူတွေအချင်းချင်းထဲက တစ်ယောက်ကတော့ မင်းကိုထောက်လှမ်းရေး ထင်နေတာကွတဲ့။အားပါးပါး ကိုယ့်ကိုတောင် အထင်ကြီးမိသလိုဖြစ်သွားတယ်။ ဆယ်တန်းတောင်မအောင်တဲ့လူတစ်ယောက်ကို ထောက်လှမ်းရေးလို့ထင်တယ်ဆိုတော့လေ။နိုင်ငံရေး အဖွဲ့အစည်းကလူတွေဟာ တစိမ်းမြင်ရင် ထောက်လှမ်းရေးထင်တဲ့ရောဂါရှိကြပါလားလို့လဲ ကောက်ချက်ချလိုက်တယ်။ဒါပေမဲ့ ကြီးမားတဲ့အကျိုးအမြတ်တစ်ခုတော့ ရခဲ့တယ်။ဒုက္ခသည် ဟန်ဆောင်ပြီး အမေရိကန်၊ဩစတေလျ စတဲ့နိုင်ငံခြားတိုင်းပြည်တွေကို ထွက်လို့ရတယ် ဆိုပဲ။ဘယ်လို ဟန်ဆောင်ရမှာလဲ။ဘယ်လိုဒုက္ခသည် လဲ။ကျနော်ဘာမှ မသိဘူး။နောက်ဆုံးတော ဒဲ့ပဲ ဝင်မေးလိုက်တယ်။ကျနော် နိုင်ငံခြား ကိုထွက်ချင်တယ်။ဒုက္ခသည်အဖြစ်ဘယ်လို ဟန်ဆောင်ရမှာလဲပေါ့။ မင်းငွေကြေးတတ်နိုင်ရင် ဟန်ဆောင်စရာမလိုဘူး၊တစ်နှစ်အတွင်း သွားလို့ ရအောင် ချိတ်ပေးနိုင်တဲ့သူရှိတယ် ဆိုပဲ။ဟန်ဆောင်ပြီးလုပ်မယ်ဆိုရင်နှစ်တွေအကြာကြီးဆောင့်ရမယ်၊ပိုက်ဆံပေးပြီး
သွားရင်သိပ်မကြာဘူးတဲ့။ဘယ်လောက်ကုန်မလဲ လို့မေးကြည့်လိုက်တော့ မြန်မာငွေ သိန်းခုဆယ် လောက်ဆိုရင်ရတယ်တဲ့။မြန်မာသိန်းခုနစ်ဆယ်ကျနော်ဘယ်ကနေဘယ်လိုရနိုင်မလဲ။

စဉ်းစားတယ်။အကြံထုတ်တယ်။ကျနော်ကတော့ အမေရိကန်ကိုသွားချင်တယ်။အမေရိကန်မှာဆိုရင် ဘယ်လိုညာလိုနဲ့  ဟိုလူကတစ်မျိုးပြော ဒီလူကတစ်မျိုးပြောနဲ့အမျိုးမျိုးကြားနေရတော့ ချက်ချင်းကိုထသွား
ချင်စိတ်ပေါက်သွားတယ်။သူတို့စကားနဲ့ ဆိုရင်တော့ လူ့အခွင့်အရေး ပြည့်ဝတဲ့နိုင်ငံဆိုပဲ။ ဘာလူ့အခွင့်ရေးမှ နားမလည်ဘူး။ချမ်းသာရင်ပြီးရော။ငွေရရင်ပြီးရော။ အိုဗာစတေးလဲ မဖြစ်တော့ဘူးတဲ့။ငါးနှစ်ပြည့်တာနဲ့နိုင်ငံသား အဖြစ်လျှောက်ခွင့်ရှိတယ်တဲ့။ဟုတ်တာမဟုတ်တာ အပထား။ငယ်ငယ်ကတည်း အမေရိကန် အက်ရှင်ကားတွေကြည့်ပြီး ဒီလိုနိုင်ငံမျိူးကိုရောက်လို့ကတော့ သေပြီးနောက်ဘဝမှာတောင် လူပြန်ဖြစ်ရင်အဲ့ဒိမှာပဲဖြစ်အောင် အဲ့ဒိမှာပဲသေတဲ့အထိနေပြစ်မယ်လို့ စိတ်ကူးခဲ့တာ။အခုတော့အဲ့ဒိနိုင်ငံကိုသွားဖို့ လမ်းစတော့ရပြီ။လိုသော် ကြံဆ နည်းလမ်းရ ဆိုတဲ့အတိုင်း
ကြံဆခဲ့ရတာပေါ့။

တနေ့ မြန်မာစားသောက်ဆိုင်တစ်ခုမှာ ထမင်းသွားစားတုန်း မြန်မာပြည်ကပြန်လာတဲ့သူတစ်ယောက်ကသူ့အတွေ့အကြုံတွေကို ဖောင်ဖွဲ့ပြီးပြောနေတာကို ကြားလိုက်ရတယ်။အဲ့ဒိအချက်ကပဲ ကျနော့်အတွက်ရွှေသတင်း ငွေသတင်းဖြစ်ခဲ့တယ်။ဟုတ်တယ်။ သူက အိုဗာစတေးဖြစ်နေလို့မြန်မာပြည်ကို ပြန်ဖို့ခက်နေတာနဲ့ ဘန်ကောက်ကိုရောက်အောင်သွားပြီး ထိုင်းပုလိပ်ကိုတွေ့အောင်ရှာတယ်။ပြီးတော့အဖမ်းခံတယ်။ထိုင်းပုလိပ်က သူ့ကိုမိတော့ ထိုင်းမြန်မာနယ်စပ်က မဲဆောက်ကိုပို့တယ်။မဲဆောက်ကနေတဆင့်မြန်မာပြည်ထဲပြန်ပို့တယ်တဲ့။ တယ်ဟုတ်ပါလား။ပိုက်ဆံကုန်စရာ မလိုပဲ အစောင့်အကြတ်တွေနဲ့ အန္တရာယ်ကင်းဘေးရှင်းပြီး မြန်မာပြည်ကိုချောချောမောမောပြန်နိုင်တယ် ဆိုပဲ။ဒါပေမဲ့ ထိုင်းပုလိပ်တွေက မဲဆောက်ကမိတဲ့သူကို ရိုးရိုးပြန်လွှတ်ပြီး ဘန်ကောက်ကမိတဲ့သူဆိုရင်တော့ ပိုက်ဆံနဲ့ရွေးရင်ရွေး မရွေးရင် ထောင်ဒါဏ်တဲ့။ အဲ့ဒိမြန်မာပြည်ဖွားဉာဏ်ကြီးရှင်ကြီးဆီ ကရတဲ့သတင်းအချက်အလက်ကိုအခြေခံပြီး ကျနော့်အတွက် ကြီးမားတဲ့အကြံအစည်တစ်ခုရခဲ့တယ်လို့ပဲပြောရမယ်။ဒါပေမဲ့ နောက်တစ်ခု ထပ်ကြားလိုက်ရတာက ထိုင်းပုလိပ်တွေက အမြဲတန်းတော့ လိုက်ဖမ်းနေတာ မဟုတ်ဘူး။ကိုယ်သွားတဲ့အချိန်က ပုလိပ်တွေရဲ့စီမံချက်နဲ့ဖမ်းတဲ့အချိန်မဟုတ်ရင် မလွယ်ဘူး။အလုပ်ရှာရ အခက်၊ပြန်လာရလဲ အခက်နဲ့ဒုက္ခ ပင်လယ် ဝေသွားနိုင်တယ်ဆိုပဲ။ဘာပဲဖြစ်ဖြစ် မြန်မာပြည်ပြန်ပြီး ကျနော့်အတွက် အခွင့်အလန်းတစ်ခု ဖန်တီးနိုင်တယ် ဆိုတဲ့ အကြံတစ်ခုကတော့ သေချာသွားတယ်။အဲ့ဒိ ရက်အတွင်းမှာပဲ မိန်းမနဲ့ကလေးကိုလွမ်းကြောင်း၊ယောက္ခမတွေကလဲ သတိရကြောင်း စသည်ပတ်ချွဲ နှပ်ချွဲလုပ်ပြီး ဖုန်းဆက်လိုက်တယ်။မိန်းကတော့ ဘာပဲဖြစ်ဖြစ် အစဉ်မပြေလဲ ပြန်လာပါတော့ တဲ့။ယောက္ခမတွေကလဲ သားကွဲမယားကွဲနေပြီး ဘာမှမထူးတဲ့အလုပ်ကို လုပ်နေမဲ့အစား ကိုယ့်သားမယားနဲ့ အနီးဆုံး နေရာကိုပြန်လာပြီး ဖြစ်သလိုလုပ်ကိုင်စားပါတဲ့။အရင်းနှီးထုတ်ပေးမယ် ဆိုပဲ။ဒါပေမဲ့ ကျနော့်ဘက်ကတော့ အလျှော့မပေးပါဘူး။အလွန်အစဉ်ပြေကြောင်းအလုပ်တွေက မအားလပ်အောင်လုပ်နေရကြောင်း၊စိတ်ကို အလုပ်ထဲမှာပဲနှစ်ထားပြီးအချိန်တန်မှ ငွေထုတ်ပိုက်၍ ပြန်လာရန်ဆုံးဖြတ်ထားတဲ့အတွက် လုံးဝအဆက်အသွယ်မလုပ်ဖြစ်ကြောင်း အခုအချိန်တန်ပြီဖြစ်၍ မကြာခင် ငွေထုတ်ပိုက်ပြီး ပြန်လာတော့မည်ဖြစ်ကြောင်း၊ ပတ်စပို့သက်တန်းကုန်သွားပြီဖြစ်၍ အန္တရာယ်များတဲ့တော့လမ်းမှ ဖြတ်ပြီးပြန်လာရမည်ဖြစ်ကြောင်း ၊ဒါပေမဲ့စိတ်ပူရန်မလိုကြောင်း၊ထိုင်းနိုင်ငံဘက်မှ ပြန်လာမည်ဖြစ်၍ အဖေနဲ့အမေအတွက် ရိုးဒယား လက်ဆောင်များလည်းပါလာမည်ဖြစ်ကြောင်းစသည်ဖြင့်ပေါ့ မစားရဝခမန်းပြောလိုက်ပါတယ်။အဖွားကြီးနဲ့ကျနော် အမျိုးသမီးလည်းအတော်ကျေနပ် နှစ်သက်သော အသံများဖြင့်ပြန်ပြောလာပါတယ်။

နောက်တနေ့၎င်းမြန်မာထမင်းဆိုင်သို့ပြန်သွား၍ မြန်မာပြည်ကိုပြန်ချင်လို့ အဲ့ဒါဘယ်ကိုဆက်သွယ်ပြီးပြန်ရင်ရနိုင်လဲလို့ သွားရောက်စုံစမ်းခဲ့တယ်။မလေးရှား ရင်းဂစ် ကိုးရာပေးရင် မြန်မာနိုင်ငံ မြဝတီအထိအန္တရာယ်ကင်း ဘေးရှင်းစွာ ပြန်ပို့ပေးဖို့တာဝန်ယူကြောင်းဆိုင်ရှင်က ပြောပါတယ်။ကျနော် အနေနဲ့တခြားနေရာတွေမှာ မစုံစမ်းဖူးပါဘူး။ဒါပေမဲ့ ကျနော်ကိုယ်တိုင်က ဘယ်သူ့
အပေါ်မှာမှ မရိုးသားခဲ့တဲ့အတွေ့အကြုံအရ သူတို့ကိုလဲမရိုးသားတဲ့လူတွေပဲလို့မြင်ပါတယ်။ကိုယ် ကိုယ်တိုင် က မကောင်းမှုပေါင်းများစွာကိုလုပ်နေတဲ့လူတွေဟာ လူတိုင်းကိုလဲ ဒီလိုလုပ်လိမ့်မယ်လို့ ထင်တာ ကျနော့်ရဲ့သီဝရီပဲ။ရင်းဂစ်ကို်းရာဆိုတော့ သူစိမ်းမို့ သက်သက် ဈေးတင်ထားတာ လို့တွက်လိုက်တယ်။ဒါကြောင့်အတည်ပေါက်နဲ့ပြန်အစ်လိုက်တယ်။”ဟိုဘက်ကဆိုင်မှာတော့ ရှစ်ရာလို့ ပြောတယ်ဗျ…လမ်းကြောင်းချင်းမတူလို့လား” လို့။ဆိုင်ရှင် ကမျက်ထောက်နီကြီးနဲ့ ပြန်ကြည့်ပြီး “သွားချင်မှသွားမသွားချင်နေ’’လို့ပြန်ဟောက်လိုက်တော့မှ အူလည်လည်ဟန်နဲ့ “အခုမဟုတ်သေးပါဘူး …ငွေစုရဦးမယ် …ပြန်မဲ့နေ့ကျနော်ပြန်လာခဲ့မယ်” လို့ပြောပြီးပြန်လာခဲ့လိုက်တယ်။မလေးငွေ တစ်ထောင်ကျော်လောက် စုမိတဲ့နေ့မှာ ကျနော်အဲ့ဒိဆိုင်ကိုပြန်သွားပြီး ဆက်သွယ်တယ်။အစဉ်ပြေတယ်။ လမ်းကြောင်းကတော’’့ဟယိုင်’’ ဘက်ကနေသွားရမှာတဲ့။ ဒါပေမဲ့ အသွားလမ်း မှာညရထားစီးပြီးသွားရတာမို့ကျနော်ဘာမှမမြင်ခဲ့ရပါဘူး။ကျနော်တို့အတူပြန်လာတဲ့လူတွေအတော်များ
တယ်။ဘယ်နှစ်ယောက်လဲတော့အသေခြာမရေတွက်မိဘူး။ ရထားပေါ်မှာစကား မပြောဖို့လဲ မှာထား သေးတယ်။ဘယ်နေရာလို့ပြောရမှန်းမသိတဲ့ လမ်းခရီးဘူတာတစ်ခုမှာဆင်းပြီး လမ်းလျှောက်ရသေးတယ် ပြီးတော့ အိမ်စီးကားသေးလေးတွေရဲ့နောက်ဖုံးမှာ လူ၆ယောက်ကိုဇွတ်ထိုးတင်ပြီးခေါ်သွားတယ်။ နာရီဝက်လောက်ကြာတော့ကားကရုတ်တရက်ရပ်သွားတယ်။  ပြီးတော့ ကားနောက်ဖုံးကိုဖွင့်ပေးတယ်။ လူတွေမှမတ်မတ်မရပ်ရသေးဘူး ပုလိပ်အရောက်နှစ်ဆယ်လောက်ကိုတွေ့လိုက်တယ်။ဘေးလူကတော့ ပြောတယ်။ငါတို့အဖမ်းခံရပြီတဲ့။ဒီလိုနဲ့အားလုံးအချုပ်ကားလေးပေါ် ပြောင်းစီးလိုက်ကြတယ်။ ထုံးစံအတိုင်း စပ်စုချင်စိတ်ကလေးရှိတာနဲ့စကားစပ်မိတဲ့ လူအချို့ကိုမေးကြည့်လိုက်တယ်။ လမ်းစရိတ် အတွက် တစ်ယောက်ဘယ်လောက်ပေးရလဲလို့မေးကြည့်လိုက်တော့ အချို့က တစ်ထောင်ပေးခဲ့ရကြောင်း၊ အချို့ကလဲ ကိုးရာငါးဆယ် စသည်ပေးခဲ့ရ၍ ကျနော်အတော်လေးအူမြူးသွားပြီးကိုယ့်ကိုယ်တောင် ဂုဏ်ယူမိတယ်။ဒါပေမဲ့အခြားလူတွေကိုဆက်မေးကြည့်လိုက်တော့ ရှစ်ရာ့ငါးဆယ် သာပေးခဲ့ရတဲ့ သူတွေကိုလဲတွေ့လိုက်ရောဝမ်းနည်းပက်လက်ဖြစ်ပြီး     အဲ့ဒိဆိုင်ရှင်ဆိုတဲ့လူကိုပြေးပြီးသတ်ချင်စိတ်ပေါက်
သွားတယ်။ ပြီးတော့ မဲဆောက်အချုပ်ဆိုတဲ့နေရာကိုရောက်တယ်။ ကျနော်တို့အားလုံးရဲ့လက်ဗွေရာ တွေကိုယူထားလိုက်တယ်။အချုပ်နဲ့ကပ်ရက်အပြင်ဘက်မှာ ထမင်းထုတ်လေးတွေရောင်းနေတဲ့ မြန်မာလူမျိုးတွေကိုတွေ့တယ်။ဖုန်းလဲငှားတယ်။ရေသန့်ဗူးလဲရောင်းတယ်။ဆေးလိပ်လဲဝယ်သောက်လို့ရ
တယ်။ခဏနေတော့ အသားမဲမဲ ပုတက်တက်နဲ့အကျႌမပါပဲ ဘောင်းဘီတိုဝတ်ထားတဲ့ စကားခပ်ဝဲဝဲ မြန်မာလူမျိုးတစ်ယောက်နဲ့ပုလိပ်တွေဝင်လာတယ်။ဒီကောင်ကို ပုလိပ်တွေကမဖမ်းဘဲ ဘာဖြစ်လို့ အရေးတယူဆက်ဆံနေရတာလဲလို့မေးကြည့်လိုက်တော့ အတွေ့အကြုံရှိတဲ့ လူတစ်ယောက် ကအဲ့ဒါ ပုလိပ်ခွေးလို့ခေါ်တယ်။သူကမြန်မာပြည်သားတွေကို ဘယ်နေရာမှာ ဖမ်းပြီး ဘယ်လိုငွေညှစ်ရမလဲဆိုတဲ့ အချက်အလက်တွေကိုပြောပြရတယ်။ ပုလိပ်တွေကဒီလိုလူမျိုးကိုလုံးဝမဖမ်းတဲ့ အပြင်ဝေစုထဲ ကနေတောင်သူ့ကိုခွဲပေးကြသေးတယ်တဲ့။ တယ်ဟုတ်ပါလား။ကျနော်တောင်စိတ်ဝင်စားသွားတယ်။ ကျနော်သာဆိုရင်ဘယ်လိုလုပ်လိုက်မယ်လို့တောင်စိတ်ကူးလိုက်သေးတယ်။ဒါပေမဲ့ထိုင်းစကားမတတ်တာ
ကတစ်ကြောင်း၊ကိုယ့်မှာ ဆက်လုပ်မဲ့ အကောင်းဆုံးလမ်းစဉ်ရှိနေတာကတစ်ကြောင်းမို့ပုလိပ်ခွေးအလုပ်ကို စွန့်လွှတ်လိုက်ရတယ်။ပုလိပ်အချုပ်ကိုရောက်ပြီး နောက် လေးငါးနာရီလောက်အကြာမှာ အချုပ်ကားနှစ်စီးပြန်ရောက်လာပြီးကျနော်တို့ကို အဲ့ဒိကားပေါ်တက်ခိုင်းတယ်။ ဘယ်ကို ခေါ်သွားမှာလဲ လို့ဘေးလူကိုမေးကြည့်လိုက်တော့ တောမောအချုပ်ကိုသွားမှာတဲ့။တောမော အချုပ်ဆိုတာ ဘယ်လိုဟာလဲလို့မေးကြည့်လိုက်တော့ တောမောဆိုတာ မြန်မာလို လဝက ပေါ့ကွာတဲ့။အဲ့ဒိလဝက အချုပ်ကိုရောက်တာ ကံကောင်းတယ်တဲ့။အဲ့ဒိကိုမရောက်ဘူးဆိုရင်ထောင်ခြောက်လ ကျတယ်တဲ့။ ဘာတွေမှန်းကိုမသိတော့ဘူး။ တောမောအချုပ်ထဲကိုရောက်တော့ ပျော်တဲ့တွေလူကလဲပျော်နေကြသလို ညစ်ပြီးမှိုင်နေတဲ့လူတွေကလဲ မှိုင်နေကြတယ်။နံရံမှာ ပေါက်ကရရေးတဲ့လူတွေကလဲလိုက်ရေးနေတယ်။ ပျော်နေတဲ့လူအတော်များများက ညနေကျရင် အသွန်ခံရတော့မှာမို့ပျော်နေကြတာတဲ့။ကျနော်က စပ်စုလိုက်တယ်။အသွန်ခံရတာတယ်ဆိုတာဘာလဲလို့။ ထိုင်းလူမျိုးတွေက ကျနော်တို့မြန်မာလူမျိုးတွေကို အမှိုက်လို့ သက်မှတ်တယ်။အဲ့ဒိအတွက် ဒီမဲဆောက်မှာတင်မိတဲ့လူတွေကို ဟိုဘက်မြန်မာပြည်ကမ်းဘက် စက်လှေနဲ့ပြန်ပို့လိုက်တာကို သွန်တယ်လို့ခေါ်တာတဲ့။ဒါဆိုရင် ကျနော်တို့ကိုရော ဘယ်တော့ သွန်မှာလဲ မေးကြည့်လိုက်တော့ ဒို့ကိုတော့ မသွန်ဘူးတဲ့။မြန်မာပြည်ရဲဆီပြန်အပ်မှာတဲ့။အဲ့ဒိရောက်မှ မြန်မာပြည်ရဲ ကနေ တစ်ယောက်ကိုဘယ်လောက်ဆိုပြီး ထိုင်းပုလိပ်ကို ငွေရှင်းပေးလိုက်တာတဲ့။ကျနော်တို့ကို မြန်မာပြည်ရဲကနေတရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့တစ်ယောက်ဘယ်လောက်ဆိုပြီး ဒဏ်ရိုက်မှာ တဲ့။ တချို့နီးတဲ့လူတွေကိုတော့ အိမ်အရောက်လိုက်ပို့ပေးပြီး အိမ်ရောက်မှ ငွေရှင်းစနစ်နဲ့လုပ်တာလဲရှိတယ်တဲ့။
ဝေးလဲဝေးတယ် ဒဏ်ငွေလဲဆောင်နိုင်တယ်ဆိုရင်တော့ သူ့အိမ်ကို ဖုန်းဆက်ပေးပြီး ဘယ်သူတော့ ဘယ်အချုပ်မှာအဖမ်းခံထားရတယ်။အဲ့ဒါ ဘယ်လောက်နဲ့လာရွေးပါဆိုပြီး အရွေးခိုင်းတယ်။ မတတ်နိုင်တဲ့သူကတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ခြောက်လ ဒါမှမဟုတ် တစ်နှစ်အထိလဲ ကျနိုင်တယ်တဲ့။အဲ့ဒိသတင်းကြားတော့ ကျနော်အရမ်းဝမ်းသာသွားတယ်။အိမ်ကလာမရွေးနိုင်မဲ့လူတွေ ငွေပေးရမှာကြောက်ကြတဲ့လူတွေကတော့ အတော်လေးစိတ်ပျက်နေကြပါတယ်။ကျနော်ပါလာတာက မလေးငွေ တစ်ထောင်ကျော်၊အပြန်လမ်းခရီးကိုစီစဉ်ပေးတဲ့ပွဲစားကို ပေးလိုက်ရတာက ကိုးရာ၊ရွာရောက်ရင် ရှိုးလေးမိုးလေး လုပ်ဖို့ဝယ်လိုက်တာနဲ့ လမ်းခရီးမှာစားဖို့သောက်ဖို့ နည်းနည်းပါးပါးဝယ်လိုက်တော့ ပိုက်ဆံကဘာမှသိပ်မကျန်တော့ဘူး။မြဝတီရောက်ရင် ခရီးဆက်လို့ရအောင်လမ်းစရိတ် အနည်းငယ် ပဲကျန်တော့တာ ။အခုလိုအဖမ်းခံလိုက်ရတော့ အချုပ်ထဲမှာ စားဖို့သောက်ဖို့ဟိုဝယ်ဒီဝယ်လုပ်လိုက်တာ ပြောင်ရော။ပုလိပ်အချုပ်ထဲမှာ ပိုက်ဆံရှိရင် ကြိုက်တာဝယ်လို့ရသလို တောမော ခေါ်လဝက အချုပ်ထဲမှာ လဲကြိုက်တာ မှာပြီးဝယ်ခိုင်းလို့ရတယ်။အချုပ်ထဲကနေအိမ်ကိုတောင် ဖုန်းလှမ်းဆက်လိုက်သေးတယ်။ အဖမ်းခံထားရတဲ့အကြောင်းပြောရင်း အသနားလည်းခံရင်းပေါ့။သူတို့လာရွေးအောင်ကြိုပြီးတော့ စရံ ရိုက်ထားလိုက်တာ။အဲ့ဒိနောက် မြန်မာပြည်က အချုပ်ခန်းတစ်ခုထဲကိုရောက်ပါတယ်။ရဲတစ်ယောက် ကကျနော်ပေးတဲ့ ဖုန်းနံပါတ်နဲ့ လာရွေးဖို့ဖုန်းဆက်ပေးပါတယ်။သူတို့အညာက လူလည်တစ်ယောက် လာရွေးပါတယ်။တသိန်းခွဲနဲ့။အိမ်ကိုရောက်တော့ ယောက္ခမတွေကိုလဲ ပြားနေအောင်ရှိခိုး ကန်တော ့လိုက်တယ်။သားနဲ့မယားကိုလဲ ငိုရိုပြလိုက်တယ်။ချစ်လွန်း လွမ်းလွန်းလို့သာ ၊သားနဲ့မယားကို မခွဲနိုင်မခွါရက်ဖြစ်လွန်းလို့သာ၊သားကွဲမယားကွဲနေရတဲ့ ဒုက္ခကြီးကိုမခံစားနိုင်တော့လို့သာ ပြန်လာရတာပါ ဆိုတဲ့အကြောင်းနဲ့လမ်းခရီးတွင်လဲ အသက်နဲ့လုခဲ့ရကြောင်း တဝကြီးကိုရွှီးလိုက်တယ်။မိန်းမကတော့ မျက်ရည်လေး စက်လက်နဲ့။အဲ့ဒါဟာ ကျနော့် အကြံအောင်တော့မဲ့ လက္ခဏာပဲလို့ နားလည်လိုက်တယ်။ပြီးတော့ ပိုက်ဆံတွေလဲ များစွာပါခဲ့ကြောင်း၊အဝတ်အစားတွေလဲပါခဲ့ကြောင်း၊ဒါပေမဲ့
လမ်းခရီးတွင် အခိုးခံလိုက်ရ၍ ဘာမှပြန်မပါလာရခြင်းဖြစ်ကြောင်းကို လဲထည့်ပြောလိုက်ပါသေးတယ်။ အားလုံးက ယုံကြည်ကြပါတယ်။
နောက်လေးငါးခြောက်ရက်လောက် ကြာတဲ့အခါမှာ အခုပြန်လာတာဟာ အမေရိကန်နိုင်ငံကိုထွက်ခွါတော့မှာမို့ သားနဲ့မယားကိုလာပြန်ခေါ်ရင်း အဖေနဲ့အမေကိုလာရောက် ကန်တော့ရခြင်းဖြစ်ကြောင်းကို လူစုံတက်စုံရှိတဲ့အချိန်မှာ ပြောလိုက်ပါတယ်။ဟိုရောက်ရင် ပိုက်ဆံတွေဘယ်လိုရမှာဖြစ်ကြောင်း၊သားကြီးကိုလဲ ဟိုမှာပဲကျောင်းထားရမှာမို့အစစအရာရာ အစဉ်ပြေမှာဖြစ်ကြောင်းပြောလိုက်တယ်။ အစောတည်းက နိုင်ငံခြားကို အထင်ကြီးနေ သူတွေဖြစ်လို့သိပ်ပြီးမစည်းရုံးလိုက်ရပါ။ယောက္ခမကြီးက အဲ့သလိုဆိုရင် “ငွေဘယ်လောက်ကုန်မလဲပြော ငါ့မြေးကို နိုင်ငံခြားမှာ ကျောင်းထားခွင့်ရမယ်ဆိုရင် ဘယ်လောက်ကုန်ကုန် ငါစိုက်ထုတ်မယ်” လို့ ထုတ်ပြောပါတယ်။ ကျနော်လိုချင်တာ အဲ့ဒါပဲလေ။ဘာပဲပြောပြော ကျနော့်ဘက်ကတော့ မလျှော့ပါဘူး။”အမေရယ် အဲ့ဒိငွေတွေကလဲ ဟိုရောက်ရင် နှစ်လသုံးလနဲ့ပြန်ပို့ပေးနိုင်မှာပါ ကျနော်တို့ကဟိုရောက်ရင်အမေရိကန်နိုင်ငံသားဖြစ်သွားမှာ ၊အဲ့ဒိက နိုင်ငံကူးလက်မှတ်ရတာနဲ့ အမေတို့ဆီ တစ်နှစ်တစ်တစ်ခေါက်တော့ ပြန်လာမှာပါ”လို့လဲပြောလိုက်တယ်။ အဖွားကြီးကတော့ သဘောတွေကျလို့။အဖိုးကြီးကတော့ အဲ့သလောက်ငွေကုန်ကြေးကျများနေမှတော့ ဒီကနေ တိုက်ရိုက် သွားလို့ မဖြစ်ဘူးလားကွ”လို့ဝင်မေးပါတယ်။ ဒီကနေသွားရင် အမေရိကန်ကို ဝင်ခွင့် ဗီဇာရဖို့မလွယ်ကြောင်း၊ရခဲ့ရင်လဲ ဟိုရောက်ရင် နိုင်ငံသားတစ်ယောက်ရဲ့အခွင့်ရေးရမှာမဟုတ်ကြောင်း ဘာရယ်မဟုတ် ရမ်းတုတ်လိုက်တယ်။      ဟုတ်တယ်။              ကိုယ်လဲအသေချာသိတာမဟုတ်ဘူးလေ။
လိုရင်း ကကိုယ့်ဆန္ဒအတိုင်းရှေ့ဆက်နိုင်ဖို့ပဲ။

သားနဲ့မယားကိုမလေးရှားထိပြန်ခေါ်လာပြီး တိုက်ခန်းငှားနေတယ်။ပိုက်ဆံကလည်း လိုတာထက် နှစ်ဆပိုတောင်းခဲ့တာမို့  ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့နှစ်နှစ်လောက်မှိန်းပြီးစားနေလိုက်တယ်။ လိုရင်လဲ အိမ်ကနေပြန်မှာလိုက်သေးပေါ့။တိုတိုပြောရရင် အမေရိက ကို ရောက်ခဲ့တယ်ဆိုပါတော့ဗျာ။

အမေရိကကိုရောက်တော့ ကိုယ်ထင်ထားတာနဲ့တက်တက်စင်လွဲနေလို့ သေချင် ဆော်ပါနံသွားတယ်။ကျနော်ကအလုပ်တွေလဲ အရမ်းပေါမှာပဲ၊ပိုက်ဆံတွေလဲ အရမ်းရမှာပဲ၊ပျော်စရာ ရွှင်စရာ လည်စရာပတ်စရာတွေလဲ အရမ်းပေါမှာပဲလို့ ထင်ခဲ့တာလေ။           ရောက်ပြီးတဲ့အခါမှာတော့ ထင်သလို
မဟုတ်ဘူး။ တက်တက်စင်အောင်လွဲနေတယ်။ပြီးတော့ ကျနော်က ဆောက်လုပ်ရေးကို ကျွမ်းကျင်တယ်ဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးမယ်လို့စိတ်ကူးထားတာ။ဒါပေမဲ့ အဲ့ဒိဆောက်လုပ်ရေးအလုပ်က အလုပ်ကြမ်းသမားတောင် အောင်လက်မှတ်ရှိမှ လုပ်ခွင့်ရှိတယ် တဲ့။ အလုပ်လုပ်တဲ့အခါမှာလဲရတဲ့ဝင်ငွေကတော့များပါရဲ့၊ ဒါပေမဲ့အခွန်က နှစ်ခါပြန်တောင်ဖြတ်တာတဲ့။ ပြည်နယ်အစိုးရကတစ်ခါ၊ဗဟိုအစိုးရကတစ်ခါတဲ့။ ကံကောင်းတာက မိသားစုနဲ့ဆိုရင် အခွန်ကို သိပ်ပြီးမဖြတ်ဘူးဆိုပဲ။ပြီးတော့ အလုပ်ရှာရတာကလဲ တော်တော်ခက်တယ်ဗျ။ဘာသာစကား ကျွမ်းကျင်မှုမရှိတော့ ပိုဆိုးတာပေါ့ဗျာ။

ကျနော်ရောက်တဲ့မြို့(ရမ်ဆယ်လီယာမြို့၊နယူးပြည်နယ်)မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်။အဲ့ဒိမှာ မြန်မာတွေအားလုံးနီးပါးဝင်ထွက်သွားလာကြတယ်။ကျနော်လည်း အလုပ်ကိစ္စ အတွက်စုံစမ်းရင်းဝင်ထွက်သွားလာဖြစ်ခဲ့တယ်။    မြန်မာတစ်ယောက်ရဲ့အဆက်နဲ့ပဲအလုပ်တစ်ခုရခဲ့တယ်။
မြန်မာ အသိုင်းအဝိုင်းမှာတော့ ကျနော်ရတဲ့အလုပ်က ဝင်ငွေအကောင်းဆုံးအလုပ်လို့လူပြောများကြတယ်။
အလုပ်မရမချင်းတော့ တွေ့သမျှလူကို ဒူးဖက်ပြီးပေါင်းခဲ့ရတယ်ဗျာ။အလုပ်ရပြီးတဲ့နောက်တော့ အားလုံးကို ခပ်တန်းတန်း ခပ်မှန်မှန်ပဲ ပြန်ဆက်ဆံလိုက်တယ်။ဘုရားပြီးရင် ဉာဏ်းကိုဖျက်လို့ မြန်မာဆိုရိုးစကားကရှိပေသကိုးဗျ။အမေရိကမှာ အလုပ်ရတာဟာ ထီပေါက်သလို တန်ဖိုး ရှိလေတော့  လွယ်လွယ်နဲ့အပြုတ်ခံလို့မဖြစ်ဘူး။တစ်နာရီမှာ သူများက ရှစ်ခုလောက်ပြီးတဲ့အလုပ်ကို ကျနော်ကဆယ်ခု လောက်ပြီးအောင်လုပ်တယ်။မြန်မာပြည်မှာ တုန်းကလိုပဲ ဖြုတ်ထုတ်ရှင်း နည်းကိုသုံးပြီး နေရာကောင်းရဖို့ကြိုးစားကြည့်တယ်။ဒါပေမဲ့ဘာသာစကားသိပ်မပေါက်တာတစ်ကြောင်း၊သူတို့ရဲ့လုပ်ငန်း
ပိုင်းဆိုင်ရာခံယူချက်တွေက ကျနော်တို့မြန်မာတွေနဲ့မတူတာက တစ်ကြောင်းမို့ထင်သလိုမဖြစ်တဲ့အပြင်
အလုပ်သမားအားလုံးကိုကျနော့်စံချိန်ကိုမှီအောင်လုပ်ဖို့ သတ်မှတ်လိုက်တယ်။ အလုပ်သမား အားလုံးက ကျနော့်ကိုမကျေနပ်ကြဘူး။မတတ်နိုင်ဘူး။ ကိုယ်လဲကိုယ့်အခွင့်အရေးကိုယ်ဖန်တီးကြည့်တာပဲ။သူတို့လဲ ကျနော့်ကိုတော့ တိုက်ရိုက်လာမပြောရဲကြဘူး။ကျနော် အဲ့ဒိစက်ရုံကို မရောက်ခင်မှာ အလုပ်သမားအားလုံးက အေးအေးဆေးဆေးနဲ့ပုံမှန်လုပ်ပြီး ပိုက်ဆံကိုပုံမှန်ရနေကြတယ်။ ကျနော်ရောက်လာမှ အလုပ်ထဲမှာ မြန်မြန်လုပ်ဖို့များများလုပ်ဖို့ဖိအားပေးခံကြရတယ် ဆိုပြီး လမ်းမှာတွေ့ရင်တောင်နှုတ်မဆက်ချင်ကြတော့ဘူး။ကြာတော့ အလုပ်တွေက တဖြည်းဖြည်းပါးလာတယ်။ အလုပ်သမားတွေက ရှိသမျှအော်ဒါတွေကို အကုန်ပြီးအောင်မလုပ်ကြဘဲ ဖြည်းဖြည်းချင်း လုပ်ပြီးအလုပ်ပုံမှန်ရှိအောင် ချန်ထားကြတာ။အခုကျနော်က များများနဲ့မြန်မြန်လုပ်လိုက်တာဆိုတော့ အလုပ်ရှင် စိတ်ကြိုက်ပေါ့။ ကျနော့်ကိုတော့ အလုပ်ရှင်ရော မန်နေဂျာတွေရော အားလုံးက ဂွတ်ဂျော့ဘ် လို့အမြဲတန်းပြောတယ်။ဒီလိုနဲ့လုပ်လာလိုက်တာ အလုပ်ထဲမှာ အလုပ်သမားတွေရဲ့လုပ်အားက အရမ်းကောင်းလာတော့ အလုပ်သမားလျှော့ဖို့ခြေလှမ်းပြင်လာတယ်။ကျနော်က နောက်ဆုံး ဝင်တဲ့သူဆိုတော့ ကျနော်ကိုယ်တိုင် အရင်ဆုံး အနားပေးခံရတဲ့အထဲမှာပါသွားတယ်။ လုပ်သက်ငါးနှစ်ဆယ်နှစ်သမားတွေကိုတော့ချက်ချင်းအနားပေးလို့ မရသေးလို့ကျန်ခဲ့တယ်။ကျနော့်အပြင် တစ်နှစ်၊နှစ်နှစ်၊သုံးနှစ်သမားတွေအတော်များများလဲ အနားပေးခံလိုက်ရတယ်။ကျနော်အဲ့ဒိလိုဖြစ်သွားတော့ အားလုံးက ဝမ်းသာနေကြတယ်။ကျနော်နဲ့ပတ်သက်ပြီးတော့လဲ စကားပုံတစ်ခုကျန်ခဲ့တယ်။ဂွတ်ဂျော့ဘ် မလိုဘူး၊အလုပ်ပုံမှန်ရှိဖို့ပဲလိုတယ် တဲ့။

ကျနော့်အလုပ်ထဲက အနားပေး မခံရခင်မှာပဲ ကျနော့်မိန်းမ အလုပ်ရတယ်။ပထမတော့ မိန်းမကို အလုပ်မလုပ်ဖို့ ဟန်လုပ်ပြီးတာကြည့်လိုက်ပါသေးတယ်။သူကကျနော့် စကားကို အတည်လက္ခံတော့မဲ့ အနေအထားမှာရှိနေလို့ သားလေးရှေ့ရေးကရှိသေးတယ်ဆိုတော့လုပ်ချင်လဲလုပ်ပေါ့လို့ ကိုယ့်စကားကို
ပြန်လျှော့လိုက်တယ်။ဟုတ်တယ်။သူတို့ကိုလုပ်ကြွေးချင်လို့ခေါ်လာတာမှမဟုတ်တာ၊ ကိုယ်ကိုယ်တိုင် အစဉ်ပြေချင်လို့ အခြေအနေအရခေါ်လာတာပဲလေ။

ကျနော့်မှာ အလုပ်လက်မဲ့ဖြစ်နေပေမဲ့ အစိုးရဆီမှာ အလုပ်လက်မဲ့လစာလျှောက်စားတာဆိုတော့ တစ်ပါတ်သုံးရာ့ငါးဆယ်လောက်တော့ရတယ်။ဒါပေမဲ့ အိမ်လခကဈေးကြီးတော့ သိပ်မကိုက်ဘူး။ ကြားပေါက်ဝင်ငွေ ဘယ်လိုရအောင်ရှာမလဲ၊ပုံမှန်ဝင်ငွေကို ဘယ်လိုလျှော့မလဲလို့ စဉ်းစားလိုက်တယ်။ ကျနော်နေတဲ့ အိမ်က တထပ်လုံး ငှားထားတာဆိုတော့ အခန်းတစ်ခန်းပိုနေတယ်။အိမ်ရှင်ကိုယ်တိုင် က လူတင်မယ်ဆိုရင်တော့ ကျနော့်အတွက် ဈေးအနည်းငယ် သက်သာတာပေါ့ဗျာ။ဒါပေမဲ့ ကျနော်ကိုယ်တိုင်က နောက်လူလက်မခံချင်တော့ကြောင်းပြောပြီးတော့ လစာနည်းနည်းပိုပေးလိုက်တယ်။အိမ်ရှင်မသိအောင် တခြားလူကိုခေါ်တင်ပြီး အဲ့ဒိလူရဲ့အိမ်လခကို ကျနော်က ယူမလို့စီစဉ်တာပေါ့။အိမ်ရှင်ကို ပုံမှန်ဈေးထက် တစ်ရာပိုပေးလိုက်တယ်။တခြားလူတစ်ယောက်ကို နှစ်ရာခုနစ်ဆယ့်ငါးဒေါ်လာနဲ့လက္ခံထားလိုက်မယ်ဆိုရင်
ကျနော် က တစ်ရာခုနစ်ဆယ့်ငါးဒေါ်လာ အသားလွတ်အမြတ်ထွက်မယ်။ဒီအမေရိက မှာက တစ်ယောက်တည်းသမားတွေအတွက် အိမ်ငှားရတာ အရမ်းဒုက္ခရောက်တယ်။သူတို့တိုကအတွက် အိပ်ခန်းတစ်ခန်းတည်းအိမ်က ရှားလဲရှားသလို ရှိခဲ့ရင် လဲ ဈေးကြီးတယ်။အဲ့ဒိတော့ တစ်ယောက်တည်းသမားတွေက ကျနော်တို့လိုမိသားစုရှိတဲ့လူတွေနဲ့ရှယ်ပြီးနေမှ ဈေးသက်သာတယ်။ ဒါပေမဲ့ မိသားစုရှိတဲ့သူတွေအနေနဲ့ကလည်း သူစိမ်းနဲ့အတူနေဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပဲလေ။ အဲ့ဒိတော့မိသားစုရှိသူတွေနဲ့ အကျွမ်းတဝင်မရှိတဲ့သူဆိုရင် အိမ်ရှာဖို့ကလုံးဝကို ခက်ခဲတဲ့ ကိစ္စတစ်ခုပဲ။အဲ့ဒိအခြေအနေကိုက   ကျနော့်ကိုကံကောင်းစေတာပဲ။   အမှိုက်ကိုရွှေဖြစ်အောင်လုပ်တတ်တဲ့
ကျနော့်ကိုကျနော်တောင် “မင်းဘာကြောင့် ဒီလောက်တော်နေရတာလဲ” လို့ပြန်ပြန်မေးမိတယ်။ အိမ်ရှင်မသိအောင်ထားရမှာဆိုတော့ ဆိုင်းဘုတ်ကပ်ပြီး ကြော်ငြာလို့မရဘူး။ဒါကြောင်လူစုံတက်စုံရှိတဲ့ ဘုန်းကြီးကျောင်းတို့ ချက်ချ်ကျောင်းတို့လို့နေရာတွေကိုသွားပြီးတော့သတင်းလွှင့်တယ်။ ကျနော့် အတွက် ်တော့  မသာဆယ်ခေါက်ကျောင်းတစ်ခေါက်ပဲ။    အသုဘသွားရင်ငွေထည့်ရမယ်။ဘုန်းကြီးကျောင်းသွားရင်
ဝါးတီးလဲငြိမ်းတယ်၊သတင်းစုံလဲ လေ့လာလို့ရတယ်၊ကိုယ်လုပ်ချင်တာကိုလဲ ကြေငြာမောင်းထုလို့ ရတယ်။ဒါကြောင့် မသာကိုရှောင်တယ်၊ကျောင်းကိုဆောင်တယ်။

သိပ်မကြာပါဘူး။စာရေးဆရာရောင်ရောင် နိုင်ငံရေးသမားရောင်ရောင်နဲ့ ဘာမှ မဟုတ်တဲ့ကောင်တစ်ကောင်ရောက်လာပြီး အိမ်ခန်းငှားချင်ကြောင်းလာပြောတယ်။သူ့ပုံစံကြည့်ရတာတော့ ခပ်ထုံထုံခပ်အအ ထဲကပါပဲ။ပြီးတော့ အရေးပေါ်လို့အပ်နေတာတဲ့။ဝယ်လိုအားကောင်းရင် ဈေးတင်ရမယ် ဆိုတဲ့ စီးပွားရေးမဟာဗျူဟာကိုအသုံးချပြီး ကြိုက်ဈေးပြောကြည့်လိုက်တယ်။လက္ခံတယ်။ ဒါကြောင့်ခေါ်တင်ထားလိုက်တယ်။မီးဖိုးပါ တပါတည်းရောတောင်းလိုက်တယ်။အိမ်ရှင်နဲ့တွေ့ရင် လာလည်တယ်လို့ပြောဖို့လဲမှာထားလိုက်တယ်။ဒီမှာကအိမ်ရှင်တွေဟာ အိမ်ကိုငှားပြီးရင် ငှားရမ်းသူရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရဘူး။အသိပေး ခွင့်တောင်းပြီးမှဝင်ခွင့်ရှိတယ်။တော်တော် “အ” တဲ့ငနဲပါ။အခန်းကို
ဘယ်တော့မှသော့မခတ်ဘူး။ စားစရာသောက်စရာတွေကိုလဲရေခဲသေတ္တာထဲမှာပဲ ကျနော်တို့နဲ့ အတူရောထားတယ်။ ဟင်းလဲချက်တတ်ပုံမရဘူး။အသားငါးတွေ ဟင်းသီးဟင်းရွက်တွေဝယ်ထားပြီး ချက်လဲမချက်ဘူး။အပြင်မှာပဲဝယ်စားနေပုံရတယ်။နောက်တော့ကျနော်ကပဲသူဟာတွေကိုသွေးထိုးစမ်းတဲ့
သဘောနဲ့ယူချက်ပြစ်လိုက်တယ်။သူတစ်ခုခုပြောလာရင် လဲ”ဈေးမသွားဖြစ်လို့ကိုယ့်လူ ပစ္စည်းတွေကို ခဏယူသုံးထားတယ်ဈေးသွားတဲ့နေ့မှပြန်ဝယ်ပေးမယ်” လို့ပြောမယ်စိတ်ကူးထားပြီးသား။ ဒါပေမဲ့ သူဘာမှမပြောဘူး။ရေခဲသေတ္တာကို      ဖွင့်ကြည့်ပြီးခေါင်းကုတ်လိုက်တာကို သတိထားမိလိုက်တယ်။ ဘယ်
လိုလူမှန်း မသိပါဘူးဗျာ။အမဲသား ဝက်သား ကြက်သားတွေဝယ်ထားပြီး တခါတလေ ဆီနဲ့ဆားနဲ့စားတယ်၊တခါတလေ ငပိရေကြိုပြီး ကြက်သွန်နီနဲ့တို့စားတယ်။တနေ့ကျနော့် မိန်းမက သူ့အသားငါးတွေကို ယူပြီးချက်ပြစ်လိုက်တယ်။ကိုယ့်မိန်းမ ဘာလုပ်လိုက်တယ် ဆိုတာသိပေမဲ့ ကျနော်ကတော့နည်းနည်းလန့်သွားတယ်။ဟိုကောင်ဘာပြောလာမလဲပေါ့။  အဲ့ဒိကောင်ကလဲဘာဆိုဘာမှမ
ပြောပဲ အသားတွေထပ်ဝယ်လာပြီး ထပ်ထည့်ထားတယ်။ဘာပဲပြောပြော ကျနော်အဲ့ဒိ ညကစပြီး ကျနော့်မိန်းမကိုလုံးဝချစ်သွားတယ်။အသွင်တူတော့ အိမ်သူဖြစ်နိုင်ပါပြီလို့လဲသိလိုက်တယ်။ဒါလဲ အမေရိကန် အိမ်တွင်းစီးပွားရေးတစ်ခုပဲမဟုတ်လား။

တနေ့သူအလုပ်သွားနေတုန်း သူ့အခန်းထဲ ဝင်မွှေကြည့်တယ်။ကုတင်အောက်မှာ ဘီယာဗူးခြောက်ဗူးတွေ့တယ်။ဘယ်ရလိမ့်မလဲသုံးဗူးကိုဖောက်သောက်ပြီး   အခွန်ပါလွှင့်ပြစ်လိုက်တယ်။ငနဲ
ကမသောက်တတ်ဘူးလိုလိုနဲ့ ခွက်ပုန်းခုတ်နေတာ။သေချာပါတယ်။ဒီကိစ္စမျိုးကို သူက ပိုတောင် မပြောဘဲနေဦးမယ်။ငအလေ။ရှက်သလိုလို ရွံ့သလိုလိုနဲ့လုပ်နေတဲ့အကောင်။ သူပြောခဲ့ရင်လဲ” ညကအရမ်းချမ်းလို့အပြင်မထွက်နိုင်တာနဲ့ယူသောက်လိုက်တာပါ”လို့ပြောလိုက်ရုံပဲ။ဒါပေပမဲ့ ငနဲကဘာမှ
မပြောဘူး။ဒီလိုပဲ အခြေနေပေးရင်ပေးသလို အလစ်မှာ ဘီယာကိုယူသောက်တယ်။ဟင်းလျာတွေကို ယူချက်တယ်။အဆင်ကိုပြေနေတာပဲ။ရေချိုးခန်းက သူ့သွားတိုက် ဆေးဗူးနဲ့ဆပ်ပြာဗူး ခေါင်းလျှော်ရည်ဗူး တွေကိုပါယူသုံးပေးလိုက်တယ်။ တစ်ရှူးလောက်ကတော့ပြောမနေနဲ့။ကိုယ့်ကို လာလုပ်ကြွေးမဲ့သူ တစ်ယောက်ရထားသလိုကိုဖြစ်နေတော့ “မောင်မင်းကြီးသားများများအစဉ်ပြေပြီး များများဝယ်ထားပါစေ” လို့တောင် ကြိတ်ပြီးဆုတောင်းမိသေးတယ်။

နောက်တစ်နေ့ဘီယာသောက်မယ်ဆိုပြီး သူ့အခန်းထဲဝင်သွားတော့ ဘီယာ ဗူးသုံးဗူး တွေ့တယ်။သုံးဗူးစလုံး ဖောက်ထားပြီးသားတွေချည်းပဲ။ဘေးနားမှာလဲ စာရွက်လေးတစ်ရွက် ချထားသေးတယ်။”သောက်လိုသူများသောက်စေသတည်း” ဆိုပဲ။ကိုယ့်လူက သဘောတော့ အကောင်းသားပဲလို့တောင်တွေးမိလိုက်သေးတယ်။ခွင့်ပြုချက်မရှိပဲနဲ့တောင်သောက်သေးတာပဲ၊ ဒီလိုခွင့်ပြု
ချက်ရှိလို့ကတော့ သောက်သေးသပဆိုပြီးကောက်သောက်ချလိုက်တယ်။အားရပါးရကိုမော့ချလိုက်တာ။ ပြီးတော့မှအလုပ်ထဲထိကိုလိုက်သတ်ချင်စိတ်ပေါက်သွားတယ်။လူယုတ်မာက ဘီယာဗူးခွန်တွေထဲကို ဆီးတွေ ပေါက်ထည့်ပြီး စာရေးထားခဲ့တာပဲ။ချက်ချင်းအန်ထုတ်လိုက်မယ်ဆိုပြီး ဘေးက ထွေးခံကိုကောက်ကိုင်လိုက်တော့ ထွေးခံထဲမှာ စာရွက်တစ်ရွက်နဲ့ “ဟား …ဟား…ဟား” လို့ရေးထားတယ်။သူစင်တဲ့အကွက်ထဲဝင်သွားလို့ အတော်လေး ရှက်သွားတယ်။ စိတ်လဲတိုမိတယ်။စိတ်တိုလွန်းလို့ဆိုပြီး မင်းဘာဖြစ်လို့ဒီလိုလုပ်ရတာလဲလို့ မေးရအောင် ကလဲအခက်ဆိုတော့ အောင့်သီးအောင့်သက်နဲ့ခံလိုက်ရတယ်။နောက်ဒီကောင်ပစ္စည်းဆို သွားက ိုမကိုင်ချင်တော့ဘူး။

ဒီကြားထဲ ကိုယ်ကလည်းအလုပ်ပြုတ်နေချိန်၊မိန်းမကလဲအလုပ်ကောင်းနေချိန် ဆိုတော့ မိန်းမကနည်းနည်းထောင်ထောင် ထောင်ထောင် လုပ်လာတယ်။အရင်ကဆိုရင် ကျနော်ဘာပြောပြော “ဟုတ်….ကို”ဆိုပြီးဖြစ်နေတဲ့မိန်းမက အခုတော့ အလုပ်မာန်နဲ့ လူကို နဲနဲကျောချင်သလိုလို လုပ်လာတယ်။ဟိုကောင် ကို သတ်ချင်တာကတစ်ကြောင်း၊ကိုယ့်မိန်းမက ကိုယ့်ကိုအာခံချင်တာက တစ်ကြောင်းနဲ့အကြောင်းမရှိ အကြောင်းရှာပြီးဒေါသထွက်ချင်နေတဲ့အချိန်မှာ ကျနော့်သားဆိုတ ဲ့အကောင်က “အဖေကြီး ဘာဖြစ်တယ် ညာဖြစ်တယ်”နဲ့လာအီနေတယ်။နောက်ဆုံးကြံရာမရဖြစ်ပြီး အဲ့ဒိကောင်ကို ခပ်ပြင်းပြင်း အားထည့်ပြီးတော့ကို ကန်ထုတ်ပြစ်လိုက်တယ်။ “သွားငါမင်းအဖေမဟုတ်ဘူး”လို့ ပါးစပ်ကပြောပြီးတော့ပါကန်ထုတ်လိုက်တာ။ဒီကောင်က ကျနော်နဲ့ ရတာမှန်ပေမဲ့ ကျနော်လိုချင်လို့ရခဲ့တဲ့သားမှ မဟုတ်တာ။ကျနော်က သူ့အမေကိုပဲ လိုချင်ခဲ့တာ။သူ့အမေ ဆိုတာတောင် မမှန်သေးဘူး။သူ့အမေရဲ့မိဘတွေပိုင်တဲ့ပိုက်ဆံကို ပဲလိုချင်ခဲ့တာ။သူ့အမေက သူ့သားကို ကန်လို့ဆိုပြီးပုလိပ်တိုင်မယ်တကဲကဲလုပ်ပါလေရော။ကျနော်ကလဲဘယ်ရလိမ့်မလဲ။ကမ္ဘာပတ်ပြီးလူတကာရဲ့
မျက်ခုံးမွှေးပေါ်မှာ စင်္ကြန် လျှောက်လာတဲ့သူပဲ။သူ့လောက်ကတော့ သနားတာပေါ့။ကြောက်ပြနေရင် ပိုပြီးဖြဲခြောက်နေဦးမယ်။ဒီတော့ “သွား…တိုင်ချင်တဲ့ ပုလိပ်သွားတိုင် ငါမကြောက်ဘူး” လို့ပြောပြီး ဖုန်းပါ သူ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်။သူမတိုင်ရဲတော့ဘူး။ဟုတ်တယ်။လူဆိုတာ ဒီအတိုင်းပဲ။ ကြောက်ပြနေလို့ရတဲ့အမျိုးမဟုတ်ဘူး။   သတ်မယ်ဆိုရင် လည်စင်းပေးလိုက်၊ ရိုက်မယ်ဆိုရင် ခေါင်းထိုးပေး
လိုက်၊လက်ရွယ်ရင်    ပါးမော့ပေးလိုက် ဒါမျိုးမှနောက်ပြန်တွန့်သွားတတ်တဲ့အမျိုး။အဲ့ဒိလို လုပ်လိုက်တော့မှ
“ငါဘုန်းကြီးနဲ့တိုင်မှာ”တဲ့။တဆင့်လျှော့သွားတယ်။ရန်ဖြစ်တာက ညဘက်ကြီးဆိုတော့ ဘုန်းကြီးကိုခေါ်ပေမဲ့ မလာဘူး။မနက်မိုးလင်းတဲ့အထိရန်ဖြစ်ကြတယ်။ အခြေအတင်ပဲ။ နောက်ဆုံးသူမနိုင်မှန်းသိတော့ စကားတစ်
လုံးထုတ်သုံးလာတယ်။”နင်ငါ့ကို လိမ်ယူလာတာ ငါမသိဘူးထင်မနေနဲ့၊နင့်ရဲ့သားကြီး မယားကြီး ရှိတာကိုလဲ ငါသိတယ်၊နင်ရန်ကုန်မှာ ဘယ်လိုလိမ်လာတယ်ဆိုတာလဲငါသိတယ်၊ငါတို့မိဘတွေဆီက ငွေဘယ်လိုချူနေတယ်ဆိုတာကိုလဲငါသိတယ်၊ဒါပေမဲ့ နင်လိုလူလယ်နဲ့ဆက်ပေါင်းရင် ငါတော့ တခုခု ပြောင်းလဲလာမှာ ပဲလိုတွေးပြီး အံကြိတ်ပေါင်းလာ တာ၊အခုတော့ နင်မရှိလဲ ဖြစ်ပြီ ကြိုက်တဲ့အချိန်ဆင်းသွား”ဆိုပဲ။အဲ့ဒိအချက် ကကျနော့်ရဲ့အရှိုက်ကိုထိုးလိုက်တာပဲ။

ဟုတ်တယ်။အမေရိကဆိုတာမျိုးက ရန်ဖြစ်ရင် ယောက်ျားက ဆင်းရတဲ့နိုင်ငံမျိုး။ပြီးတော့ သူက Single-Mother ဆိုပြီး အစိုးရဆီက ထောက်ပန့်ကြေးရနိုင်သေးတယ်။ကျနော်ကတော့ အိမ်ပေါ်ကလဲ ဆင်းရဦးမယ်၊အဲ့ဒိ ကလေးစရိတ်ကို လဲ ထောက်ပန့်ရဦးမယ်။လူလွတ် တစ်ယောက်ရဲ့ ဒုက္ခကိုလဲ ခံရဦးမယ်။မဖြစ်ဘူး မြန်မြန်ပြန်ချော့မှ လို့တွေးပြီး ညက ကိုနည်းနည်းမူးသွားလို့ပါကွာ ဘာညာနဲ့ ဖောရွှေလုပ်ပြီး ကလေးကိုပါတောင်းပန်ပြလိုက်တယ်။သူကျေနပ်သွားတယ်။ဒီမိန်းမ ကျနော့်ရဲ့ နိုင်ကွက်က်ို ိုသိသွားတာတော့ သေချာသွားပြီ။ဒါကြောင့် ချော့ပေါင်းမှာရတော့မယ်လို့ သိလိုက်တယ်။အဲ့ဒိနေ့ကစပြီး သူ့ကိုကျနော် ချော့ပေါင်းနေရတော့တယ်။ကျနော်လည်း သူ့ကိုနိုင်တဲ့ နိုင်ကွက်က အချော့ကြိူက်တာပဲလို့ သိလိုက်တယ်လေ။သူက တနေ့မှာ သူ့ရဲ့အကြံဉာဏ်ကိုထုတ်ပြီးတော့ တိုင်ပင်လာတယ်။ကျနော်ကလည်း အလုပ်မရှိချိန်ဖြစ်နေတယ် ပြီးတော့ သူ့မိဘတွေဆီကိုလဲ    ငွေနည်းနည်းပို့ချင်တယ်တဲ့။       အဲ့ဒိအတွက်
“ပိုက်ဆံပိုထွက်လာအောင် လုပ်ဖို့နည်းလမ်းလေးဘာလေး စဉ်းစားပါဦး”တဲ့။”ကျနော့်မှာ အကြံမရှိဘူးဆိုရင်တော့ သူ့မှာရှိတယ်တဲ့။ဒါပေမဲ့ပြောပြရင် မရယ်ရဘူးနော်”တဲ့။ကျနော်ကလည်း ကျနော့်မှာ အကြံဉာဏ်မရှိတော့ကြောင်းနဲ့ သူပေးလာမဲ့အကြံကိုလဲ မရယ်ဘဲနဲ့ ဝိုင်းပြီးစဉ်းစား ပေးပါမယ်ဆိုတဲ့အကြောင်းကို ပြောလိုက်တယ်။သူက ရှက်ချင်ယောင်ဆောင်ပြီး ကျနော့်ရင်ခွင်ထဲ တိုးလာတယ်။ပြီးတော့မျက်နှာကို ဟိုဘက်လှည့်ပြီး ကျနော့်လက်ကို သူ့ကိုယ်လုံးပေါ် သိုင်းဖက် ခိုင်းတယ်။မျက်နှာချင်းမမြင်တော့လို့ အရှက်ပြေဖြစ်အောင်အရင်လုပ်လိုက်တာထင်ပါ့။ဟို ဆရာတော်ကြီး တစ်ပါးရဲ့စကားကို သံယောင်လိုက်ပြီး ပါးစပ်က ရှက်တာမဟုတ်ဘူး မျက်နှာက ရှက်တာလို့ပြောနေတဲ့ ဟန်မျိုး။

“တစ်အချက်—ဟိုအကောင်ဆီက အိမ်လစာတိုးတောင်းရမယ်တဲ့။နှစ်အချက်—စား စရိတ်သောက်စရိတ်တွေကို သုံးပုံနှစ်ပုံ ရှော့ချရမယ်”တဲ့။”ဒို့က ဒီအကောင်ဆီက အိမ်လခကို အသားလွတ်ကြီးရနေတာ ထပ်တိုးတောင်းလို့ကောင်းပါ့မလား”လို့ မေးလိုက်တော့ “ဟာ ဘာလို့မကောင်းရမှာလဲ ဒီအကောင် ဒီအိမ်ကလွဲပြီး တခြားနေစရာဘယ်မှာမှ အိမ်မရှိဘူး၊အခု တယောက်တည်းသမားတွေ အိမ်မရှိလို့ရှာနေကြတာ အသဲအသန်ပဲ၊အဲ့ဒိတော့ ဒီကောင့်ဆီက အိမ်လခတိုးတောင်းလို့ရနိုင်တယ်၊သူမပေးနိုင်ရင် တခြားတက်လာမဲ့သူတွေ အများကြီးရှိတယ်၊မပူနဲ့ တိုးသာတိုးလိုက်” လို့သူ ပြန်ပြောတယ်။”ဒီအတိုင်းကြီးတောင်းလို့ကောင်းပါ့မလား အကြောင်းပြချက် လေးဘာလေး ပေးနိုင်ဦးမှကောင်းမှာပေါ့”လို့ပြောလိုက်တော့”ဒို့ကို အိမ်ရှင်က လခတိုးတောင်းနေပြီ မင်းလဲတိုးပေးဦးမှ ရမယ်ဘာညာပြောပေါ့ ၊အိမ်ရှင်နဲ့သူနဲ့က တိုက်ရိုက်စကားပြောလို့ရတာမှ မဟုတ်တာ” ဆိုပဲ။ကျနော် ကိုယ့်ကိုယ်ကို တော်လှပြီထင်ထားတာ သူနဲ့အသေအချာပေါင်းကြည့်မှပဲ ဆရာတဆူ တိုးသွားမှန်းသိလိုက်ရတော့တယ်။ဆရာသမားလေးကို အားကိုးတကြီးနဲ့ “ဒါဆိုရင် စားစရိတ်သောက်စရိတ် သုံးပုံနှစ်ပုံရှောချ ဖို့ ကိစ္စကိုရော ဘယ်လိုလုပ်မယ်စိတ်ကူးလဲ လို့မေးလိုက်တော့ အခုကိစ္စကို အောင်မြင်အောင်လုပ်လိုက်ပါ၊ကျန်တာကို နောက်နေ့မှဆက်မယ်”လို့ နားရွက်ထောင်ထားတဲ့ ယုံကလေးတစ်ကောင်လိုပဲ ပြန်ပြောတယ်။အဲ့ဒိညက ရင်ခုန်သံများနဲ့အတူ ဒုတိယမ္ပိ သူ့ကိုနမ်းရှိုက်လိုက်တယ်။

နောက်တနေ့ကျတော့ သူပြောသလိုပဲ ဟိုအကောင်ကိုပြောကြည့်လိုက်တယ်။ဟိုအကောင် ဘာဆိုဘာမှ ပြန်မမေးတဲ့အပြင် ထင်ထားတာထက်လဲ ပိုပေးတယ်။ဘီယာလဲတိုက်တယ်။ဒီတစ်ခါတော့ ဘီယာစစ်မစစ် အသေအချာကို နမ်းပြီးမှ သောက်တယ်။ဟိုကောင်က တစ်ခုခုပြောချင်တဲ့ ပုံစံနဲ့ ဘာမှမပြောဘဲ ပြုံးရုံပဲပြုံးတယ်။     သူ့ရဲ့အကြံနဲ့ကျနော့်ရဲ့ဆောင်ရွက်မှုကိစ္စအောင်မြင်တဲ့ တဲ့အထိမ်းအမှတ် သူကိုယ်တိုင် ဘီယာငှဲ့တိုက်တယ်။အဲ့ဒိညမှပဲ နောက်ထပ်အကြံအစီတခုအတွက် သူကလမ်းကြောင်းစတယ်။”ဘုန်းကြီးကျောင်းကိုရောက်တိုင်း ဘာကို သတိထားမိလဲ”တဲ့။”လူစည်ရင် ဘုန်းကြီးပျော်တယ်။လူမစည်ရင် ဘုန်းကြီးက ဟိုဖုန်းဆက် ဒီဖုန်းဆက်လုပ်တယ်” လို့ကျနော်ကဖြေလိုက်တော့”ဒို့လူသားတွေတောင် အဲ့ဒိ ရမ်ဆယ်လာ ဘုန်းကြီး လောက် လောဘမကြီးဘူး၊သူများ ခရစ်ယာန်ဘာသာတွေကသူတို့သာသနာကိုပြုဖို့ရောက်လာသမျှ ဒုက္ခသည်တွေကို အသဲအသန် လိုက်ကူညီနေတဲ့အချိန်မှာ ဒို့ရမ်ဆယ်လီယာရွာက ဘုန်းကြီးက ဘယ်ဒုက္ခသည်ကို ဘယ်လိုညာခေါ်ပြီး     သူ့ရဲ့ငှားစားမဲ့အိမ်ကို အလုပ်သမားအခမဲ့ရဖို့ခိုင်းရင်ကောင်းမလဲ
လို့ချောင်းနေတာ၊ပြီးတော့ ခိုင်းဖို့နဲ့အလှူခံဖို့ပဲသိပြီး ဘယ်သူ့ကိုမှအားမနာတဲ့ဘုန်းကြီး ၊အဲ့ဒိဘုန်းကြီးအကြောင်းကိုထည့်မပြောနဲ့၊တရွာလုံးကလဲ တခြားကြွလာမဲ့ဘုန်းဘုန်းတွေကို မဖူးရမှာ ကြောက်လို့သူ့ကို ဘာမှ မပြောဘဲ လွှတ်ထားတာ၊ဒါကြောင့်မို့ ဒို့အိမ်က အကောင်က ဒီဘုန်းကြီးကိုနာမည်ပေးထားတာမတွေ့ဘူးလားအမေရိက က ဖို့စ် လေဘာ”လို့၊” အခုသိချင်တာ ကဘုန်းကြီးအကြောင်းမဟုတ်ဘူ’’တဲ့။သူကကိုယ်ထက်တတ်သိနားလည်နေတော့ကျနော်လဲသူဘာဆက်ပြော
မလဲလို့ပဲ နားထောင်နေလိုက်တော့တယ်။
သူသတိထားမိတာက “ဘုန်းကြီးကျောင်းမှာ တနင်္ဂနွေနေ့တိုင်း စတုဒိသာကြွေးတယ်၊အဲ့ဒါကလဲ ရှင်သိတဲ့အတိုင်းပဲ၊ဒီအပါတ်မှာ ဘယ်သူလှူရမယ် ဟိုအပါတ်မှာ ဘယ်သူလှူရမယ်နဲ့ ပေါ်တာဆွဲပြီး လုပ်ခိုင်းထားတဲ့အလှူ၊ဘာဘဲပြောပြော အဲ့ဒိအလှူမှာကျမတို့သွားစားပြီး ပိုတာရှံတာတွေပြန်ယူခဲ့လို့ ရတယ်၊ပြီးတော့ ချက်ချ်ကျောင်းတွေမှာလဲ သွားစားပြီးတော့ ပိုတာရှံတာ အိမ်ပြန်ယူခဲ့လို့ရတယ်” တဲ့။” တနေ့ထဲနဲ့နှစ်နေရာဘယ်လိုလုပ်ပြီး သွားမလဲ”လို့ကျနော်ကမေးတော့”ရှင်ကလဲ တုန်းစရာမရှိ ကြံဖန်တုန်းနေပြန်ပြီ၊ဘုန်းကြီးကျောင်းကို မနက်ပိုင်းသွားရင် ဧည့်သည်တွေကို ဧည့်ခံရမယ် ဝိုင်းပြီး ချက်ပြုတ်သိမ်းဆည်းရမယ်၊ကိုယ်သယ်တာပြုတာလူမြင်မယ်၊ပြီးတော့ လူမဆုံသေးဘူးဆိုရင် ကိုယ်က သယ်လို့မရသေးဘူး၊ပြီးတော့ ချပ်ကျောင်းမှာက နောက်ကျရင် အပေါက်ဝမှာ ထောက်ကြွ ထောက်ကြွနဲ့ပြန်လာရမှာ၊အဲ့ဒိတော့ တစ်ချက်ခုတ်        ဆယ်ငါးချက်လောက် ပြတ်အောင် ချပ်ကျောင်းကို
မနက်ပိုင်းသွားစားသောက်ပြီးပြန်သယ်ရမယ်၊ဘုန်းကြီးကျောင်းကို ညနေလူရှင်းချိန်မှ သွားစားပြီးပြန်သယ် ်ရမယ်၊ ဒါဆိုရင် တပါတ်မှာ ထမင်းနဲ့ကလေးမုန့်ဖိုးလောက်ပဲ ကုန်ကျစရိတ် ရှိတော့မယ်၊ ကဲကျမအကြံဘယ်လောက်ပိုင်ထားလဲ’’တဲ့။ ကျနော် လဲဒီလောက်တောင် တော်ချင်တဲ့မိန်းမ ကဲ တော်ဦးဟဆိုပြီး တတိယမ္ပိ အနမ်းမိုးတွေ ရွာချပေးလိုက်တယ်။

အဲ့ဒိ အချိန်ကစပြီး ကျနော်တို့လင်မယားကို တရွာလုံးက ဗုဒ်ခရစ် စီးပါွးရေး မောင်နှံလို့ အမည်ပေးလိုက်ပါတော့တယ်။ဘယ်သူတွေဘာပြောပြော ကျနော်တို့အကြံတူသူလင်မယားကတော့ မြွေမြွေချင်းခြေမြင်အောင်ကြည့်ပြီးတော့ တစ်သက်စာ တကယ့်ဇနီးမောင်နှံတွေ အဖြစ် ပေါင်းသင်း သွားဖြစ်ကြပါလိမ့်မည်။ကျနော် မချစ်တဲ့ ကျနော်သားလေးကိုလဲ ဟန်ဆောင်ပန်ဆောင် ဆောင့်ခါတလှည့် အောင့်လို့          တချီ နမ်းပြရှုံ့ပြရင်းနဲ့ပေါ့။     ဒီလိုနဲ့        ကျနော်တို့မိသားစု ပျော်ရွှင်စွာ ရှေ့ဘဝခရီး
ဆက်ကြ လေသတည်း လို့အဆုံးသတ်လိုက်ပါတယ်။ဒါပေမဲ့ ကျနော့်ရဲ့စာဖတ် ပရိတ်သတ် အားလုံးကိုတော့ကျနော့်လို မပြုကျင့်မလိုက်နာမိဖို့ဆုတောင်းပေးလိုက်ပါတယ်။စာဖတ်ပရိတ်သတ်တွေကို လိမ္မာစေချင်လို့တို့၊သံသရာ ခရီးမရှည်စေချင်လို့တို့၊အဲ့ဒိလို ဆန္ဒနဲ့တွေဆုတောင်းခြင်းမဟုတ်ပါ။အကြံတူ ရန်သူ ဆိုတဲ့အတိုင်း ကျနော်တို့ မိသားစုလေး စားခွက်ပျောက်သွားမှာ စိုးရိမ်လို့ ဆုတောင်း ရခြင်းဖြစ်ကြောင်းပါခင်ဗျာ။

မှတ်ချက်။       ။မည်သူ၏  ကျွန်ပြုခြင်း ကိုမှမခံလိုသောကြောင့်လည်းကောင်း၊          ကျွန်ဖြစ်လျှင်တောင်  ကျွန်အနုပ် ကျွန်အမွဲ၊ကျွန်အသေးအဖွဲ၊ဖြစ်ရမည်ကို မခံချင်သောကြောင့်လည်းကောင်း ကျွန်တော် ကျွန်ုပ်စသည်ဖြင့်သုံးနှုံးခြင်းကိုအထူးရှောင်ရှားရေးသားပါသည်။

နန်းရှင်

15 comments

  • mgmglusoe

    August 28, 2011 at 8:13 am

    အား … များလိုက်တာ…
    စိတ်ရှည်လက်ရှည်နဲ့ရေးထားတာမို့ .. ဖတ်ရတာစိတ်မရှည်စွာနဲ့ အားပေးပါတယ်… 😛
    အရေးအသား ကောင်းပါတယ်။
    အမြဲ အားပေးနေမှာပါ။

  • ကြောင်ကြီး

    August 28, 2011 at 8:33 am

    အိုလားလား..ကောင်းလိုက်တာစာ ရေးတတ်ရေးနိုင်လိုက်တဲ့စာ၊ လေးစားဦးညွှတ်ပါတယ်။ ဒီလိုစာမျိုး လေးဆယ်မက လေးထောင်တန်တယ်။ ဂေဇက်သတင်းစာမှာ အခန်းဆက်ထည့်ဖို့ကောင်းတယ်။ စိတ်ဆိုး ခံပြင် သဘောကျ ရသအစုံ ပေးနိုင်လို့ ကျုပ်တော့ ခင်များကို ချစ်မိသွားပီ နန်းရှင်ရေ…။

  • Foreign Resident

    August 28, 2011 at 10:35 am

    Dear နန်းရှင်,
    I think, you also wrote this in “Myanmar In Singapore”

  • မီးမီး သော်

    August 28, 2011 at 10:49 am

    ဟိုက် မလွယ်ဘူ။မနည်းဖတ်ယူရတယ်။ကောင်းပါတယ်။ဘဝကိုတိုးတက်အောင် ရုန်းကန်တဲ့နေရာမှာ လိုအပ်တာတွေရော၊မလိုအပ်တာတွေပါ အကုန်စုံအောင် ထောက်ပြဝေဖန်သလို ရေးပြထားတော့ ဖတ်လို ့ကောင်းပါတယ်။ကျေးဇူးပါ

  • monmon

    August 28, 2011 at 11:52 am

    ကောင်းလိုက်တာ…
    ကံတရားကတော့ ကောင်းတယ်နော်…
    ပျော်ရွှင်စွာဇာတ်သိမ်းသွားတယ်… ကောင်းလိုက်တာ…

  • MaMa

    August 28, 2011 at 1:16 pm

    တစ်သက်တာမှတ်တမ်းကို မချွင်းမချန် ဖော်ထုတ်ရေးသားသွားတာ မှတ်သားလောက်ပါပေတယ်။
    စာရေးအားကောင်းသလို ဆွဲဆောင်နိုင်စွမ်းလည်း ရှိတယ်။
    ဦးကြောင်ကြီး ပြောသလို လေးဆယ်မက လေးထောင်တန်တယ်လို့ ထပ်ဆင့်အားပေးလိုက်ပါတယ်။

  • windtalker

    August 28, 2011 at 2:33 pm

    ကောင်းဗျာ
    အမေရိကား မှာ ရှိတဲ့
    လုပ်ကွက်လေး တွေ ကို
    ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ကို
    ရေးပြထားတာပါပဲ
    ချီးကျူးပါတယ် ဗျို ့

  • hmee

    August 28, 2011 at 11:02 pm

    စာရေးကောင်းပါတယ်။ စာအရှည်ကြီးကို သေသေချာချာ ဖတ်သွားပါတယ်။ မကောင်းတာလုပ်သူဟာ မကောင်းတာ ပြန်ခံရတယ်တဲ့ တသက်လုံး မကောင်းတာတွေပဲ လုပ်ခဲ့ပြီး ဘယ်တော့များ အကုသိုလ် အကျိုးပေးမလဲ မသိ။ ကိုယ့်ဒူး ကိုယ်မနိုင်တဲ့ အရွယ်မှဆို မတွေးဝံ့စရာပါ။

  • ဆူး

    August 29, 2011 at 12:11 am

    တော်တော် ဉာဏ်များတာပဲ။ ဒီလို လူတွေ လောကကြီးမှာ အများကြီး ရှိမှာပဲ

  • တညင်သား

    August 29, 2011 at 1:33 am

    ………..”.ဒါပေမဲ့ အသွားလမ်း မှာညရထားစီးပြီးသွားရတာမို့ကျနော်ဘာမှမမြင်ခဲ့ရပါဘူး။ကျနော်တို့အတူပြန်လာတဲ့လူတွေအတော်များ
    တယ်။ဘယ်နှစ်ယောက်လဲတော့အသေခြာမရေတွက်မိဘူး။ ရထားပေါ်မှာစကား မပြောဖို့လဲ မှာထား သေးတယ်။ဘယ်နေရာလို့ပြောရမှန်းမသိတဲ့ လမ်းခရီးဘူတာတစ်ခုမှာဆင်းပြီး လမ်းလျှောက်ရသေးတယ် ပြီးတော့ အိမ်စီးကားသေးလေးတွေရဲ့နောက်ဖုံးမှာ လူ၆ယောက်ကိုဇွတ်ထိုးတင်ပြီးခေါ်သွားတယ်။ နာရီဝက်လောက်ကြာတော့ကားကရုတ်တရက်ရပ်သွားတယ်။ ပြီးတော့ ကားနောက်ဖုံးကိုဖွင့်ပေးတယ်။ လူတွေမှမတ်မတ်မရပ်ရသေးဘူး ပုလိပ်အရောက်နှစ်ဆယ်လောက်ကိုတွေ့လိုက်တယ်။ဘေးလူကတော့ ပြောတယ်။ငါတို့အဖမ်းခံရပြီတဲ့။ဒီလိုနဲ့အားလုံးအချုပ်ကားလေးပေါ် ပြောင်းစီးလိုက်ကြတယ်။ “……………….
    ဒီလိုဆိုတော့ မလေးရှားမှာပဲရှိသေးတယ်………… ..”.ပြီးတော့ မဲဆောက်အချုပ်ဆိုတဲ့နေရာကိုရောက်တယ်။ “…. ဒါက မြန်မာပြည် နယ်စပ် ကိုရောက်နေပြီ ဘယ်နိုင်ငံက ရဲက ဖမ်းတာလဲ ဒါမှမဟုတ် ရထားက မလေးရှားကနေ မြန်မာပြည် နယ်စပ်အထိရောက်တာလား …ဝထ္ထု ဆိုပေမဲ့……ကျွန်တော်က ဗဟသုတအနေနဲ့ ဒီလမ်းကြောင်းကို သိထားတော့ စာက ဖတ်ရတာ အဆက်ပြက်သွားလို့ အရေးအသားတော်တော်ကောင်းတယ် ဝထ္ထုတို လဲကောင်းတယ် ဒါကဝထ္ထုလတ် နောက်ဝထ္ထုရှည်ကြရင် ခွဲရေးပေးပါလားနော်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 29, 2011 at 9:28 am

    စာရေးသူအနေနဲ့
    မလေးနယ်စပ်ကနေ အဖမ်းခံရတဲ့သူတွေ ငွေမပေးနိုင်လို့ ရောင်းစားခံရတဲ့
    အကြောင်း လေးတွေရေးကြည့်ရင် ဖတ်ရသေးတာပ

  • ပေါက်ဖော်

    August 29, 2011 at 9:45 am

    အလို..
    ခုတလော..မောင်နန်းရှင် ရောက်လာပြီးသကာလ…ရေးအားကောင်း…အရေးအသားကောင်း ပြီး
    စာတွေလဲ ဘောင်ဝင် လှပါပကောဆိုပြီး မှတ်နေတာ…
    ထင်တဲ့အတိုင်း..ပဲ
    အနှီ နန်းရှင် က ခေသူ မဟုတ်ပေပဲကိုး..ဗျ..
    အဲတာတော့….
    Google မှာ “မောင်ငွေမက် တစ်သက်တာမှတ်တမ်း” ဆိုပြီးရှာကြည့်ရင်
    မောင်နန်းရှင်ရဲ့ လက်ရာ တွေ များကြီး ဖတ်ရပါလိမ့်မယ်

  • bigchef

    August 29, 2011 at 9:52 am

    facebook မှာ ရေးတဲ့ သူနဲ. nan shin က တယောက်တည်းလား။friend of friend ထဲ က တယောက်ယောက်ရဲ ့ note မှာဖတ်ဘူး သလား လို ့။

  • pan pan

    August 29, 2011 at 1:02 pm

    ဒီပိုစ့်ဖတ်လိုက်တာ တော်တော်ပညာရသွားတယ်
    အဲလောက်လည်လွန်း ဖျံကျ ကြောက်ဖို့ကောင်းတဲ့လူတွေလည်း ရှိတာပဲ

  • etone

    August 29, 2011 at 2:29 pm

    ဖတ်လို့ အရမ်းကောင်းပါတယ် … အစကတော့ စာတွေများလွန်းလို့ မဖတ်ပဲ ကျော်သွားဦးမလို့ … သုံးလေးကြောင်းစဖတ်ပြီး သိချင်တာနဲ့ … ဆက်ဖက်ရင်း .. အဆုံးထိရောက်သွားတယ် …။
    တကယ့်အဖြစ်မှန်ဆိုရင် အတော်လည်း မျက်နှာပြောင်တိုက်တဲ့ လူ ၊ အတ္တကြီးတဲ့လူလို့ပဲ သတ်မှတ်ချင်ပါတယ် …။ ဒီလောက် အပျော်ပါးမက်နေတာ … အေကိုက်တဲ့ အခန်းလည်း မပါဘူးနော် … တကယ်ဆို အေကိုက်သေရမှာ 😛 😛 😛

Leave a Reply