သဂျီးမရလိုက်တဲ့ တဘီလျံတပြားလျော့ ငွေသေတ္တာ

ကယ်ကြပါအုံးဗျာ၊ အမေရိကန်ဒေါ်လာ သန်းတထောင်ပြည့်ဖို့ တပြားပဲလိုတော့တယ်၊ ပြည့်သွားရင် ဦးကြောင် ဘီလျံနာဖြစ်ပြီ။ သန်းထောင်ကြွယ် သူဌေးဖြစ်ဖို့ကို ငယ်စဉ်တောင်ကျေး ခလေးဘဝထဲက အိမ်မက် မက်ခဲ့တာပါ။ စားလည်းဒီစိတ် သွားလည်းဒီစိတ် အီးပါသေးပေါက်လည်း ဒီစိတ်တခုထဲနဲ့ အသက်ရှင်ခဲ့တယ်။  ကိုယ့်အတွက် နာမည်ကောင်းရဖို့ တခုထဲမဟုတ်ဘဲ ကမာ္ဘမှာမြန်မာဟေ့လို့ ကြွေးကြော်စေချင်တဲ့ အများ အကျိုးဆောင်ချင်တဲ့ စိတ်လည်းပါတယ်။ စဉ်းစားကြည့်လေဗျာ၊ ကျုပ်သာ ဘီလျံနာဖြစ်သွားရင် ကမာ္ဘကျော် ဖိုဘီမဂ္ဂဇင်းမှာ နှစ်စဉ်ဖော်ပြတဲ့ ကမာ္ဘတလွှား ဘီလျံသူဌေးစာရင်းမှာ ပထမဆုံး မြန်မာနိုင်ငံသား တဦးအနေနဲ့ ခင်ဗျားတို့လည်း ဂုဏ်ယူဝံ့ကြွားနိုင်မှာပေါ့။

သန်းတထောင်ပြည့်ဖို့ ငွေရမဲ့အလုပ်မှန်သမျှ ကုန်းရုန်းလုပ်ခဲ့၊ အန္တရာယ်အသွယ်သွယ် ဖြတ်ကျော် စီးပွားရှာခဲ့တယ်။ ကမာ္ဘပေါ်မှာ ကျုပ်မရောက်ဘူးခဲ့တဲ့ နိုင်ငံဆိုတာ မရှိဘူး၊ အီရတ်စစ်ပွဲ ဖြစ်တုန်းကလည်း ကျည်ဆံအခွံ သွားကောက်ခဲ့တယ်၊ အာဖဂန်နစ္စတန်မှာလည်း တာလီဘန်တွေ ခေတ်ကောင်းစဉ်က ခေါင်းမှီးခြုံ ဝတ်စုံတွေ စွန့်စွန့်စားစား မှောင်ခိုသွားရောင်းခဲ့သေးတယ်။ အို..လုပ်ခဲ့တာ အစုံပါဘဲ။ ငွေရှာတာတင်မက အသုံးအဖြုန်းမကြီးဘဲ တတ်နိုင်သလောက် ခြွေတာစုဆောင်း ခဲ့ပါသေးတယ်။ ယုတ်စွအဆုံး အိမ်ထောင်မပြု ခဲ့ဘူးဗျာ။ ကျုပ်အချစ်ဆုံး ရည်းစားကိုတောင် သူငယ်ချင်းနဲ့ ချိတ်ပေးပြီး အောင်သွယ်ပွဲခ ယူခဲ့သေးတယ်။ ရည်မှန်းချက်အတွက် အရာရာကို စွန့်ခဲ့တာကို သိအောင်ပြောတာပါ။

ကုန်ကုန်ပြောမယ်ဗျာ၊ အခုမှတော့ ဖွက်ထားစရာ မလိုတော့ပါဘူး။ အသက်အရွယ်ထောက်လာလို့ စီးပွားမရှာနိုင်ချိန်မှာတောင် ဝင်ငွေရဖို့ မန်းလေးဂေဇက်မှာ မြန်မာပြည်က လူနာမည်နဲ့ အကောင့်အမျိုးမျိုးဖွင့်၊ ကျုပ်က မြန်မာပြည်ပြင်ပကနေ စာရေး၊ ပြီးရင် ဂျီမေးလ်းကနေ မြန်မာပြည်ကလူတွေဆီပို့၊ သူတို့ကမှတဆင့် ရွာထဲမှာ နာမည်အသီးသီးနဲ့ စာပြန်တင်ခဲ့ပါတယ်။ ကိုပေါက် (မန်း)၊ အီးတုံး၊ ဆူး တို့ကတော့ ကော်မရှင် ၃၀%တော့ ဖြတ်ယူတာပေါ့လေ။ ဒါလည်း တရားပါတယ်၊ လောကမှာ ဘယ်အရာမှ အလကားဆိုတာ မရှိတာ။ ကျုပ်ဘဝ နေဝင်ချိန်လေးမှာ ဘဝကူးကောင်းဖို့ သူတို့ခွင့်ပြုချက်မယူဘဲ ဖွင့်ပြောမိတာကို ခွင့်လွှတ်ကြပါ။

လွန်ခဲ့တဲ့ တလကမှ အမေရိကန်နိုင်ငံက အကောင်းဆုံး ဓာတ်ခွဲခန်းက ထုတ်ပေးတဲ့ ကွက်တိမှန် ဆေးစာအရ အသက်၁၀ဝ ပြည့်တဲ့ ကျုပ်မွေးနေ့မွေးရက် မွေးချိန်မှာ ဘဝတပါးကို ကူးပြောင်းရပါတော့မယ်။ ဗေဒင်ဆရာ ဟူးရားဖြူ၊ ဟူးရားညို၊ အွန်လိုင်းဝေဒ ဆရာအပေါင်းကလည်း မြေကြီးလက်ခတ်ရင်သာ လွဲမယ် ဒီနေ့ဒီရက်မှာ ကံကုန်ဖို့တော့ မလွဲနိုင်လို့ အတိအကျ ဆိုထားတယ်။ ကျုပ်အသက်ဆုံးရတော့မှာ သေချာ နေပါပြီ။ အရင်ကတော့ ဒီလိုစိတ်ကူးယဉ်ခဲ့ပါတယ်။

ဒေါ်လာသန်းတထောင် ပြည့်သွားရင် လော့စ်အိန်ဂျလိစ်မြို့က သဂျီးအိမ်ကိုသွား၊ ဂေဇက်အယ်ဒီတာ မောင်ခိုင်ရှိလားလို့ ခပ်မာမာမေး၊ သူက အံမာ ဒီအဘိုးကြီး ငါလိုသဂျီးကို ရာရာစစနဲ့လို့ အံကြိတ်ဖြေ၊ သူ့ကို ကားနဲ့ဘဏ်ကိုခေါ်သွား၊ ဟိုရောက်ရင် ဘဏ်မန်နေဂျာရှေ့မှာ ဒေါ်လာ သန်းတထောင်တန် ချက်လက်မှတ်ကို ဟန်အမူအယာအပြည့်နဲ့ လက်မှတ်ထိုးပေး၊ သဂျီး ကိုယ့်ကိုယ်ကို မယုံကြည်နိုင်လောက်အောင်ဖြစ်၊ အသက်ရှု ကျပ်လာ၊ အဲဒီအချိန်မှာ ကျုပ်က ကျောသပ်ရင်သပ် လုပ်ပေးပြီး အိမ်မက်မဟုတ်ကြောင်း၊ ကိုယ့်လက်ကိုယ်ပြန် ဆိတ်ကြည့်လျင် အသားနာမယ်ဖြစ်ကြောင်း၊ ငွေဆိုတာ ရှာပြီးသုံးဖို့ဖြစ်ကြောင်း၊ ရတဲ့ဘဝတိုလေးမှာ အများ အကျိုးအတွက် တန်ဖိုးရှိရှိ အသုံးချတတ်ဖို့သာလိုကြောင်း တရားချ၊ သဂျီးခင်မျာ ခြေမကိုင် လက်မကိုင်မိဖြစ်၊ ပြန်ခါနီး လက်ဆွဲနှုတ်ဆက်တော့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ဖို့ခွင့်ပန်၊ ကျုပ်က နာမည်ကောင်းရဖို့ လုပ်တာ မဟုတ်လို့ မရိုက်ရန်ပြောပြီး ထွက်လာခဲ့၊ နာရီပိုင်းအကြာမှာပဲ ဂေဇက်အွန်လိုင်းမှာ အညတရအလှူရှင်တဦးမှ မယုံကြည်နိုင်လောက်အောင် ရပ်ရွာကောင်းကျိုးအတွက် စွန့်လွှတ်လှူဒါန်းသွားခြင်း ခေါင်းစဉ်နဲ့ ပို့စ်တက်လာ၊ တကမာ္ဘလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြ။

နောက်ဆုံးတော့ ကျုပ်ဘဏ်လိပ်စာနဲ့ နေထိုင်ရအိမ်ကို သူရောက်လာပြီး ကျေးဇူးတင်စကားဆိုမယ်၊ အဲဒီအချိန်မှာ ကျုပ်ဘဝနောက်ဆုံးအချိန် ရောက်နေပြီ။ သူ့ကိုကျုပ်က အတ္တမကြီးဖို့၊ တရားစစ်တရားမှန်ရှာဖို့ ကိုယ်သိမြင်ထားတာတွေကိုသာ အဟုတ်ထင်ငြိတွယ်မနေဖို့ ဆုံးမစကားဆိုမယ်။ သဂျီး နာယူခံခက်ဖြစ်နေတုံး ဗြုန်းဆိုကျုပ်က ဘုရားအလောင်း အရိမေတ္တေယျနတ်သား ဘယ်ဘုံမှာစံနေလည်းလို့မေးပြီး စာရွက်အလွတ်မှာ တုသိတာနတ်ပြည်လို့ ရေးခိုင်းမယ်၊ နောက်တော့ အဲဒီစာရွက်လေးကို အဓိဌာန်ပြီး သူ့ရှေ့မှာတင် အထက်ကို မြောက်တင်လိုက်မယ်၊ စာရွက်ဖြူလေးက တလူလူလွှင့် အထက်ကိုဆန်တက်ပြီး လေထဲအထက် တနေရာမှာ ဗလာချီရပ်တည်နေမယ်။ အဲဒီအချိန်ကြမှ သဂျီး အမိုက်နောင်တရပြီး အံ့ဩတုန်လှုပ်ကြီးစွာနဲ့ သိမှတ်ပြောမှား ခဲ့သမျှအားလုံးကို ဝန်ချတောင်းပန်နေစဉ် ကျုပ်က သာဓုသုံးကြိမ်ခေါ်ပြီး နတ်ရွာစံလိုက်မယ်။

အခုတော့ ငွေလေးတပြားအတွက်နဲ့ ကျုပ်ရည်မှန်းချက် ပျက်ပါပြီ။ နံရံမှာကပ်ထားတဲ့ ဒစ်ဂျစ်တယ် နာရီကလည်း ကျုပ်အသက်တရာပြည့်မဲ့မွေးချိန် အတိအကျရောက်ဖို့ ရေတွက်ပြနေတယ်၊ တဆယ် ကိုး ရှစ်…ကျုပ်အာတွေခြောက် မျက်လုံးတွေပြာလာပြီ၊ ကောင်းကင်မှာလည်း နတ်ပန်းရထား ခြောက်စင်းသာမက ဗြဟ္မာပြည်က တမန်တော် တွေလည်း သူ့ဆီလာလှည့်ပါ၊ ငါဆီလာလှည့်ပါနဲ့ အလုအယက် ခေါ်နေကြပြီ။ ဘဏ်ထဲမှာ အပ်ထားခဲ့မိတဲ့ အမေရိကန်ဒေါ်လာ ကိုးရာကိုးဆဲ့ကိုးသန်း ကိုးသိန်းကိုးသောင်း ကိုးထောင်ကိုးရာ ကိုးဆဲ့ကိုးဒေါ်လာ ကိုးဆဲ့ ကိုးပြားသော ပိုက်ဆံတွေ သေတမ်းစာမရှိ၊ သဂျီးမရဘဲ ဖြစ်တော့မယ်။ ေဩာ်… သဂျီး သဂျီး ကံ ကိုမယုံတဲ့ အတ္တ အဓမ္မဝါဒီ ဝါးတားကာလာ ဂိုဏ်းချုပ်ကြီး ကံကောင်းပါစေ…။

 

မဘီလျံနာကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး