timeslahore.com
တနေ့က အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မလေးလူမျိုး တစ်ယောက်က ကွန်ပြူတာမောက်စ်ကို ညာဘက်လက်က ကိုင်ပြီး ဘယ်ဘက်လက်က စာရေးနေတာကို တွေ့ရတော့ တပြိုင်တည်း အလုပ်နှစ်ခု လုပ်နိုင်တာကို ချီးကျူးမိပါတယ်။ အဲဒီတော့ သူက အဆင်ပြေတာက နည်းနည်းပါကွာ၊ အဆင်မပြေတာတွေက များပါတယ် ဆိုပြီး သူ့ရဲ့ “ဘယ်သန်တို့ရဲ့ ဒုက္ခ” ဆိုတာကို ရှင်းပြပါတယ်။ သူ့စကားထဲမှာ “မင်းတို့ ကမ္ဘာကြီးက ငါတို့ ဘယ်သန်တွေအတွက် မဟုတ်ဘူးကွ” ဆိုတာလည်း ပါတယ်။ ဘယ်သန်တွေ အသုံးပြုရ ခက်တဲ့ ပစ္စည်းတွေထဲမှာ အထင်ရှားဆုံးအဖြစ် ကတ်ကြေးကို သူက နမူနာ ပေးပါတယ်။ ဟုတ်သားပဲ။ သူပြောမှပဲ ပစ္စည်း အတော်များများဟာ ညာသန်တွေ အတွက်သာ သီးသန့် ထုတ်လုပ်ထားသလို ဖြစ်နေတာကို သတိထားမိပါတယ်။

ကျနော်လည်း သူ့ကို အားပေးချင်တာနဲ့ ဘယ်သန်တွေရဲ့ အားသာချက်တွေကို လေ့လာရင်း စိတ်ဝင်စားစရာ အချက်တွေကို တွေ့ရပါတယ်။ အချက်အလက် အချို့ကတော့ အောက်ပါအတိုင်းပါ။

  •  အမေရိကန် သိပ္ပံဌာန၏ အဆိုအရ လူသားများ၏ ၁၅% သည် ဘယ်သန်သူများ ဖြစ်ကြပြီး အမျိုးသားများမှာ အမျိုးသမီးများထက် ဘယ်သန်သူ ဦးရေ နှစ်ဆ ပိုများသည်။
  • ဘယ်သန်သူများသည် ဥာဏ်ကြီးရှင်များ ဖြစ်နိုင်ခြေ ပိုများသည်။
  • ကမ္ဘာ့ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး ဖြစ်သည့် အိုင်ကျူမြင့်သူများ အဖွဲ့ (MENSA) မှ အဖွဲ့ဝင် စုစုပေါင်း၏ ၂၀% သည် ဘယ်သန်သူများ ဖြစ်ကြသည်။
  • ပျမ်းမျှအားဖြင့် ကောလိပ်ပညာ သင်ကြားဖူးသော ဘယ်သန်သူများသည် ညာသန်သူများထက် ၁၅% ပိုမို ကြွယ်ဝကြပြီး ဘွဲ့ရပြီးသူ ဘယ်သန်သူများမှာ ညာသန်သူများထက် ၂၆% ပိုမို ကြွယ်ဝ ကြသည်။
  • ဘယ်သန်သူများသည် ညာသန်သူများထက် အရက်သမား ဖြစ်နိုင်ခြေ သုံးဆ ပိုများသည်။
  • အကယ်၍ မိဘနှစ်ပါးစလုံးသည် ဘယ်သန်သူများဖြစ်ပါက သားသမီးများမှာ ဘယ်သန်သူ ဖြစ်နိုင်ခြေ ၅၀% ရှိပြီး ညာသန်သူ မိဘများတွင်မူ ဘယ်သန်သူ သားသမီး ရနိုင်ခြေ ၂% သာ ရှိသည်။
  • အချက်အလက်များ အရ အသက်အရွယ် ကြီးသော အမျိုးသမီးများသည် ဘယ်သန်သူ သားသမီးကို မွေးဖွားနိုင်ခြေ ပိုများသည်။
  • ဘယ်သန်သူများသည် အပျိုဖော်ဝင်ရာတွင် ညာသန်သူများထက် ၄ လမှ ၅ လခန့် အထိ နောက်ကျလေ့ရှိသည်။
  • ဘယ်သန်သူများ၏ ၅၀%သည် ကွန်ပြူတာ အသုံးပြုရာတွင် မောက်စ်ကို ဘယ်လက်ဖြင့် ကိုင်တွယ်လေ့ ရှိကြ ပြီး ဘယ်သန်သူများ၏ ၆၈% သည် ကတ်ကြေးကို ညာလက်ဖြင့် အသုံးပြုလေ့ ရှိကြသည်။
  • Mac ကွန်ပြူတာ၏ ပထမဆုံး ဒီဇိုင်းနာ ၅ ဦးတွင် ၄ ဦးတို့သည် ဘယ်သန်သူများ ဖြစ်ကြပြီး အမေရိကန် ပြည်ထောင်စု၏ နောက်ဆုံး သမ္မတ ၅ ဦးတွင် ၃ ဦး (Obama, Clinton, Bush Sr.) တို့မှာ ဘယ်သန်သူများ ဖြစ်ကြသည်။
  • လေ့လာမှု တစ်ခု အရ ဘယ်သန်သူများသည် ညာသန်သူများထက် ၉ နှစ် ပိုမို၍ သက်တမ်းတိုကြောင်း သိရသည်။
ကမ္ဘာတဝှမ်းက သက်ဆိုင်ရာ ပညာရပ်နယ်ပယ် အသီးသီးမှာ ထင်ရှားတဲ့ ဘယ်သန်သူ ပညာရှင်များကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

(စာကြွင်း။   ။ကျနော့်ရဲ့ ဘယ်သန် သူငယ်ချင်းတွေကတော့ အခက်အခဲတွေကို ဖြေရှင်းတဲ့ နေရာမှာ အများနဲ့ မတူတဲ့ ရှုထောင့်ကနေ စဉ်းစား လုပ်ကိုင်တတ်တာကို သတိထားမိကြောင်းပါ။)

Ref: Daily Infographic (Left handed facts and statistics)

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။