နှင်းသည်းနွေ

လူမသိ သူမသိနဲ့ 
အပူမိသည့် ရင်
သံယောဇဉ်ကို ပိုက်
ငါ့ညတွေ နှစ်ခြိုက်မတဲ့လား
လစ်လပ်နေတဲ့ ကွက်လပ်က
သစ်ပင်ကို အမြစ်က ဖြတ်ထားသလို
ရွက်သစ်တွေလည်း ထွက်မလာ
ရွက်ဝါတွေသာ ကြွေကြွေကျ
အိပ်မက်တွေ မြေခပျက်သုဉ်း
နှလုံးသားက လုံးပါးပါးလာလိုက်တာ
အာရုံတွေ ထိုင်းမှိုင်း
ဦးနှောက်က နှေးကွေး
အသိဥာဏ်က ဝေးသထက်ဝေးလို့
ခံစားမှုက ပုပ်အက်ဆွေးမြေ့
ကြာတော့ 
စက်ရုပ်တစ်ရုပ်ရဲ့ သေနေ့ကိုရှာ
ငါ့ကိုယ်ငါတောင် ဘာသာမပြန်တတ်တော့ဘူး
မငို မမဲ့ မပြုံးတတ်တဲ့
သက်မဲ့ မျက်နှာ
ငါ့ခန္ဓာက ဘာသားနဲ့ ထုထားသလဲ
အို… အိုအေစစ်
ကန္တာအလယ်မှာ နွေသင့်တဲ့သူ
ရင်အပူကို လာဝင်ကူလို့
ညတွေဆို
အိပ်မက်ချိုတွေနဲ့ နှစ်ခြိုက်စေခဲ့တာ
မနက်ဖန်တွေလည်း သာယာလို့
ငါ့အရုဏ်တွေ ရောင်နီပျို့ခဲ့ပြီ
နှင်းကို မေ့နေခဲ့သလို
နှင်းကိုလည်း မတွေ့ရတဲ့
နှင်းမရှိတဲ့ ကမ္ဘာ
ဆောင်းမလာတဲ့ အရပ်
အခုဆို နှင်းကိုယ်ငွေ့နဲ့
ချမ်းတတ်လာခဲ့…
နှင်းဦးဝေလို့
နှင်းခဲတွေ ကြွေကျ
နှင်းစက်တွေနဲ့ နွေဘဝ
လှပလာလိုက်တာ
နှင်းပွင့်ကို ပန်
နှင်းသက်တဲ့ ဆံနွယ်တွေနဲ့
နှင်းကိုယ်တိုင် လူယောင်ဖန်ဆင်း
နှင်းပျိုးတဲ့ ပန်းတစ်ခင်း
ရင်တွင်းမှာ ဝေ
နှင်းမှုန်တွေ ကြဲဖြန့်
ငါ့မနက်တွေ အရုဏ်တက်ပါတော့….။ ။

(အခုမှ ငါ့နှလုံးသားက ပြန်ပြီးအသက်ဝင်လာခဲ့တာ
မင်းက ဆက်လက်ရှင်သန်ခွင့် ပေးမှာလား နှင်းရယ်
ငါ့အတွက် အနွေးထည် မလိုအပ်ပါဘူး…)

တောက ကိုရင်

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…