ဒို့ဘာသာ (၁၀) ညစာစားမှု

ashinindakaAugust 29, 20111min1579

သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈ရ အရောက်မှာ
ဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို
ကျင်းပရပြန်တယ်။ ဒုတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့
ဒုတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။

(ဒုတိယ – နှစ်ကြိမ်မြောက်၊ သံ – စုပေါင်း၍၊ ဂါယနာ – ရွတ်ဖတ်ခြင်း။)

ဒုတိယသံဂါယနာတင်ပွဲကျင်းပရခြင်းအကြောင်းက
အဲ့ဒီခေတ် အဲ့ဒီအခါက အိန္ဒိယနိုင်ငံ ဝေသာလီပြည် ဝဇ္ဇီတိုင်းမှာ
မှီတင်းနေထိုင်ကြတဲ့ဘုန်းကြီးတွေက
ဘုရားရှင်ပညတ်ခဲ့တဲ့ဝိနည်းစည်းကမ်းတွေကို
ကိုယ်လိုသလို ကိုယ်ထင်သလို ကမောက်ကမအဓိပ္ပါယ်ဖွင့်ဆိုပြီး
လိုက်နာကျင့်သုံးနေကြလို့ဘဲ။

ဥပမာ
နေမွန်းတဲ့ပြီးနောက် ဆွမ်းစတဲ့ဘောဇဉ်အာဟာရကို မစားရဘူးလို့
ဘုရားရှင်က သိက္ခာပုဒ်စည်းကမ်းသတ်မှတ်ထားပါတယ်။
နေမွန်းတည့်ဆိုတာက နေထွက်တဲ့အခါ အပြင်ထွက်ရပ်လိုက်ရင်
နေ ကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်ကို ပြောတာ။

နေကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်မှာ
ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ ရှိနေတယ်။

အဲ့လို ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ ရောက်နေတဲ့အချိန်အထိ
ဆွမ်းစတဲ့ဘောဇဉ်အာဟာရကို ဘုန်းကြီးတွေ စားခွင့်ရှိပါတယ်။

အရိပ်နည်းနည်းလေး ကျော်လွန်သွားတာနဲ့
(ဝါ) နေမွန်းလွဲသွားတာနဲ့ နေစောင်းသွားတာနဲ့ ဘာမှ စားခွင့်မရှိတော့ပါဘူး။
(အခုခေတ် စက်နာရီတွေသုံးတဲ့အချိန်ဆိုရင် နေ့ ၁၂ နာရီတိတိပေါ့။)

ဒါကို အဲ့ဒီခေတ်က ဝဇ္ဇီတိုင်းသားဘုန်းကြီးတွေက
“မွန်းတည့်ပြီးနောက် နေရိပ် လက်နှစ်သစ်လွန်သည်အထိ
ဆွမ်းစတဲ့ ဘောဇဉ် အဟာရကို
ရဟန်းတော်များ စားလို့ရတယ်၊ အပြစ်မရှိဘူး” လို့ ပြင်ဆင်ကြတယ်။
ဒီလို ဝိနည်းသိက္ခာပုဒ်ပညတ်ချက်တွေကို လိုသလို ပြင်ဆင်ဖြည့်စွက်လို့
ဒုတိယသံဂါယနာတင်ရတာ။

ဒါနဲ့စပ်လို့ သူငယ်ချင်းဘုန်းကြီးတစ်ပါးပြောပြတာလေးကို သတိရမိတယ်။
သူ ထိုင်းနိုင်ငံကို ကိစ္စတစ်ခုနဲ့ သွားတယ်တဲ့။
ထိုင်းနိုင်ငံက ဘုန်းကြီးတွေရဲ့ အယူအဆက
ဆွမ်းစားနေချိန် ၁၂ နာရီကျော်လွန်သွားလဲ အပြစ်မဖြစ်ဘူးတဲ့။
ဆိုလိုတာက ၁၁ နာရီ ၄၅ မိနစ်ကစပြီး ဘုန်းကြီးတစ်ပါး ဆွမ်းစ စားတယ်။
ဆွမ်းစားတာကြာလို့ မွန်းလွဲ ၁ နာရီအထိ တစ်ထိုင်တည်း ထိုင်စားနေလဲ
(ထိုင်းဘုန်းကြီးတွေ အယူအဆက) အပြစ်မရှိဘူးတဲ့။

ဒါ သူငယ်ချင်းဘုန်းကြီး ထိုင်းနိုင်ငံသွားတုန်းက
သူတွေ့ခဲ့တဲ့ ဘုန်းကြီးတွေရဲ့ အယူအဆကို ပြောတာပါ။
ဘုန်းကြီးအကုန်လုံးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။

တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ်၊
ဝိနည်းစာပေလာအရပြောရရင် နေ့ ၁၂ နာရီကျော်ရင်  စားခွင့်မရှိပါဘူး။
ဒါကို ပုဂ္ဂိုလ်ရေးအရ ကိုယ်မလိုက်နာနိုင်လို့ ကိုယ်မကျင့်သုံးနိုင်လို့
စားလိုက စားပေါ့။ ဘုရားရှင်ပညတ်ခဲ့တဲ့ ဝိနည်းသိက္ခာပုဒ်ကိုတော့
ကိုယ်စားချင်တာနဲ့ ကိုယ်လိုချင်တဲ့အဓိပ္ပါယ်မျိုး ဖွင့်ဆိုခွင့်မရှိပါဘူး။

နိုင်ငံခြားရောက်နေတဲ့အချို့ဘုန်းကြီးတွေ အချို့ဒကာ၊ ဒကာမတွေက
ပြောသေးတယ်။
“အရှင်ဘုရား၊ အခုအချိန်မြန်မာပြည်မှာ မွန်းမတည့်သေးဘူး၊
၁၂ နာရီမထိုးသေးဘူးလေ၊
ဆွမ်းဘုဉ်းပေးလို့ရပါတယ်၊ ဘုဉ်းပေးပါ” တဲ့။

တကယ်တော့ မိမိရောက်ရှိနေတဲ့နိုင်ငံရဲ့ စံတော်ချိန်ကို ယူရမှာပါ။
မိမိရောက်ရှိနေတဲ့နိုင်ငံရဲ့စံတော်ချိန်က နေ့ ၁၂ နာရီရှိပြီ၊
မွန်းတည့်ပြီဆိုရင် စားခွင့် ဘုဉ်းပေးခွင့်မရှိတော့ပါဘူး။

၂၀၀၃ – ခုနစ် ဝန်းကျင်ကာလတွေတုန်းက
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ (ယခု ဘုံဘေမြို့) မှာ
ပညာရေးကိစ္စနဲ့ သုံးနှစ်ကျော်ကြာ နေဘူးတယ်။
အဲ့ဒီမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ထိဆက်ဆံခွင့်ရတယ်။
သူတို့တတွေက ဗုဒ္ဓဘာသာဝင်သာဆိုတယ်။ ဗုဒ္ဓဘာသာအကြောင်း ဘာမှ မသိဘူး။
အခြေအနေအရ ဗုဒ္ဓဘာသာဖြစ်နေကြတယ်ဆိုပါတော့။

ဗုဒ္ဓဘာသာဝင်မိသားစုအချို့ တခါတရံ ဆွမ်းစားပင့်တတ်တယ်။
မနက်ဖန် မနက် ၁ဝ နာရီခွဲလောက် လာပင့်နိုင်ကြောင်း၊
၁၁ နာရီမှာ နေ့ဆွမ်းစားမယ်ဖြစ်ကြောင်း ဒီကပြောတော့
သူက
နေ့ဆွမ်းမကပ်ချင်ကြောင်း၊
သူတို့က နေ့လည်စာ ကောင်းကောင်းချက် မစားကြောင်း။
ညစာသာ ကောင်းကောင်းချက်စားကြောင်း၊
သူတို့ကောင်းကောင်းချက်စားတဲ့
ညစာအချိန်မှာသာ အိမ်ကို ဘုန်းကြီးတွေကို ပင့်ကပ်လိုကြောင်းပြောပါတယ်။

ဒီတော့ ဘုရားရှင်ပညတ်ချမှတ်ထားခဲ့တဲ့
ဝိနည်းသိက္ခာပုဒ်အကြောင်းကို ပြောပြရပါတယ်။
ရှိစေတော့။

ဘီစီ ၃၈ရ အရောက်မှာ (သာသနာနှစ် ၁၀၀) ခန့်အချိန်မှာ
ဝိနည်းလေးစားတဲ့ဘုန်းကြီးတွေက
ဝိနည်းသိက္ခာပုဒ်တွေကို လိုသလို ပြုပြင်ကျင့်သုံးမှုကို ပယ်ရှားလိုလို့
ဒီဒုတိယသံဂါယနာတင်ပွဲမှာ ရဟန္တာမထေရ်ပေါင်း (၇၀၀) ကျော်ပါဝင်ပြီး
(၈) လကြာ ဘုရားဟောပိဋကတ်တွေကို ရွတ်ဖတ်ခဲ့ကြတယ်တဲ့။

အဲ့ဒီအချိန်က ဝေသာလီပြည်ကို အုပ်ချုပ်နေတဲ့ ကာလာသောကမင်းကြီးက
သံဂါယနာတင်ပွဲပြီးစီးအောင်မြင်ဘို့ အစစအရာရာ
တာဝန်ယူစောင့်ရှောက်တယ်လို့ ဆိုပါတယ်။

9 comments

  • Harumoto

    August 29, 2011 at 10:09 am

    “ဘုရားရှင်ပညတ်ခဲ့တဲ့ ဝိနည်းသိက္ခာပုဒ်ကိုတော့
    ကိုယ်စားချင်တာနဲ့ ကိုယ်လိုချင်တဲ့အဓိပ္ပါယ်မျိုး ဖွင့်ဆိုခွင့်မရှိပါဘူး။”
    ဘုရားရှင်ရဲ့ပညတ်ချက်တွေဟာ အကျိုးမဲ့ မဟုတ်ပါ ဘုရား။
    ကျိုးကြောင်း ရင်းမှန် နားလည်မှု မရှိလို့ အဓိပ္ပါယ်တလွဲ ဖွင့်ဆို ကြတာလားဘုရား။
    သိလျှက် နှင့် မိမိအာဘော်နဲ့ ပြုလုပ် ကြရင်တော့ သာသနာ ကို ကာကွယ်ဘို့ တာဝန်ကြီးလာပါပြီဘုရား။

  • zawmaung

    August 29, 2011 at 10:51 am

    When I was in Srilanka , the Myanmar monk also do not follow and we are very surprise.
    The Srilanka monks do keep the short hair too .

  • Foreign Resident

    August 29, 2011 at 11:11 am

    Sayar Taw,

    Most of the ” Htae Ya Warda ” famous Myanmar Sayar Taw also said like this
    ” ၁၁ နာရီ ၄၅ မိနစ်ကစပြီး ဘုန်းကြီးတစ်ပါး ဆွမ်းစ စားတယ်။
    ဆွမ်းစားတာကြာလို့ မွန်းလွဲ ၁ နာရီအထိ တစ်ထိုင်တည်း ထိုင်စားနေလဲ အပြစ်မရှိဘူး ”

    They said, if you don’t change your ” A Htine ” ( continuously eat the lunch ),
    You can eat even after noon.

    I would like to know more.
    Kindly explain.

  • windtalker

    August 29, 2011 at 1:50 pm

    အရှင်ဘုရား
    သိချင်တာလေး တစ်ခု မေးခွင့်ပြုပါ
    အာသောက မင်းကြီး သံဂါယနာတင်ပွဲ ကြီး ပြုလုပ်တော့
    မာနတ်ရန် က နေ ရှင်ဦးပဂုတ် မထေရ် က ကာကွယ်ပေးခဲ့တယ်လို ့
    ငယ်စဉ် က ဗုဒ္ဓဝင် စာပန်းချီ မှာ ဖတ်ခဲ့ဖူးပါတယ် ။
    ယုံကြည်ခဲ့ပါတယ် ။
    မြန်မာနိုင်ငံ အချို ့မြို ့ရွာတော်တော်များများ မှာလည်း
    ယနေ ့ထိတိုင် ရှင်ဦးပဂုတ် ပူဇော်ပွဲ ဆိုပြီး နှစ်စဉ် ကျင်းပ မြဲပါ
    နောက်ပြီး ဂျပန်ခေတ် တုန်းက ကောင်းကင်မှာ
    စက်ချို ့ယွင်းတဲ့ လေယာဉ် ကို
    ရှင်ဦးပဂုတ် ရဟန္တာ ရှင်မြတ် လာရောက်
    လမ်းညွှန်ခဲ့ဖူးကြောင်း
    ဖြစ်ရပ်မှန် တွေ ရှိခဲ့တယ်လို ့လဲ ကြားဖူးပါတယ်
    ပြီးခဲ့တဲ့ ၂ နှစ် ၊ ၃ နှစ်လောက် က ကြားရပြန်တာ က
    ရှင်ဦးပဂုတ် ဆိုတာ မရှိဘူး ၊ မှားတယ် လို ့ ကြားရပါတယ်
    ဘယ်ဟာ အမှန်ဆို တာ
    သိရှိလိုပါတယ်
    အဖြေ ကို ချီးမြှင့်တော်မူပါ ဘုရား

  • ashinindaka

    August 29, 2011 at 3:14 pm

    ဒီပြဿနာက အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ ဆောင်းပါးလေး တစ်ပုဒ် ကူးရေး ရေးဘူးတယ်။ ပြန်တင်ပေးမယ်။

  • windtalker

    August 29, 2011 at 3:38 pm

    တင်ပါ့ဘုရား
    ကျေးဇူးကြီးမားလှပါတယ် ဘုရား
    စောင့်မျှော် နေပါ့မယ် ဘုရား

  • R Ga

    August 29, 2011 at 3:59 pm

    ကျွန်တော်ကတော့ ရှင်ဦးပဂုတ် မထေရ် မရှိဘူးလို့ အရင်တုန်းက ဆရာတော်တစ်ပါးရေးထားတဲ့ စာအုပ်ကို ဖတ်ဖူးတယ်။ သူနာမည်က ရှင်ဥက္ကဌ ပါ။ သူကတော့ သူ့ခေတ်အခါကတော့ အတော်လေး ငြင်းခဲ့ပါတယ်။ သူကိုတိုင် အိနိ္ဒယ ပြည်သွားပြီး ရှင်ဦးပဂုတ် မထေရ် ရှိ မရှိကိုလေ့လာခဲ့ပါသတဲ့။ သက်သေအထောက်အထား ပြစရာဘာမှမတွေ့ဘူးလို့လည်းပြောပါတယ်။

  • windtalker

    August 29, 2011 at 7:45 pm

    လင့်ခ် ပေးတဲ့ အတွက်
    အထူး ကျေးဇူးတင်ရှိကြောင်းပါ ဘုရား
    နောင်လည်း
    ဒီလို ဘာသာရေးဆိုင်ရာ ပို ့စ်များ ကို
    အမြဲ ဖတ်ရှုပါမယ့် ဘုရား
    ကွန်မင့် ပေးဖို ့ရာကြ
    တပည့်တော် အနေ နဲ ့က
    နှံ ့နှံ ့စပ်စပ် မသိလို ့မပေးတာ ပါ ဘုရား

Leave a Reply