ဆြာတော် – အိမ်း..မောင်ကြောင်၊ မတွေ့တာကြာပေါ့ကွဲ့။ ကျောင်းကို မျက်စိလည်လမ်းမှာရောက်လာသလား။

ကြောင် – မှန်လှပါ၊ ဆရာတော်အား တရားမေးလျောက်စရာရှိ၍ တမင်လာခြင်းဖြစ်ပါတယ် ဘုန်းတော်ကြီးမြတ် အရှင်ဘုရား။

ဆြာတော် – သာဓု သာဓု သာဓု.. ဆိုစမ်းပါအုံးကွဲ့၊ နင့်ဟာဘာတုံး.။

ကြောင် – မိတ်အင်ယူအက်စ်အေ ပါဘုရား။

ဆြာတော် – သိုးဆောင်းစကားနဲ့ မပြောနဲ့ဒကာ၊ ဘုန်းကြီးက စာတတ်ပေမဲ့ ဝံသာနုဘုန်းကြီး။

ကြောင် – သီးခံတော်မူပါ ဆရာတော်၊ ပြောချင်တာ တပည့်တော်၏ ရုပ်နာမ်နှစ်ပါးသည် အမေရိကန်နိုင်ငံလုပ် ဖြစ်သွားပါပြီ။ တပည့်တော်ကို ဆရာတော့်ရွာထဲက ထန်းရည်ငမူး အောင်ဘုနဲ့ တစားထဲ မြင်သွားမှာစိုးလို့ပါ။ မူးတာခြင်းတူပေမဲ့ တပည့်တော်က ပြင်သစ်ဝိုင်အရက်၊ ဘီယာနှပ် ဂျပန်ကိုဘေးနွားကင်နဲ့ အဆင့်မြင့်ပါဘုရား။

ဆြာတော် – ဟုတ်ပေသည် ဒကာ၊ ဦပဉ္စင်းလည်း ထိုင်းဆန်ပဲစားတော့တယ်၊ မြန်မာဆန်က တယ်ညံ့သကိုး။

ကြောင် – ဆရာတော် ကျန်းမာ၊ချမ်းသာပါ၏လား၊ ဆွမ်းကွမ်းဝေယျာဝစ္စများ အဆင်ပြေပါရဲ့လား။

ဆြာတော် – တချို့တလေ အသံကောင်းဟစ် လာမေးတာကလွဲရင် ပစ္စည်းလေးပါး ဖူလုံပါ၏တကာ။

ကြောင် – ကျောင်းလာပြီး ဘုန်းကြီးအရိပ်ခိုရတာ တယ်အေးချမ်းပါတယ် ဘုရား။

ဆြာတော် – အခုမပြောနဲ့၊ ဘုရားပွင့်တော်မူစ ပဉ္စဝဂ္ဂီငါးပါးထဲက ရှင်အဿဇိ ဆွမ်းခံကြွစဉ် ရှင်သာရိပုတ္တရာ လောင်းလျာက ကိလေသာကင်းစင်တဲ့ ရဟန်းအသွင်အပြင်ကိုမြင်ပြီး တပုဒ်တဂါထာ တရားတိုလေးနဲ့ သောတာပန်တည်သွားတယ်။

ကြောင် – လွန်စွာကြည်ညိုဖို့ကောင်းပါတယ်။ ရှင်သာရိပုတ္တရာမထေရ်ကြီးက တယ်ညဏ်ကြီးလှပါတယ်။

ဆြာတော် – အသက်ရှုခြင်းတူပေမဲ့ အသိညဏ်ခြင်းမတူဘူးလေကွယ်။

ကြောင် – လူချင်းတူပြီး ဘာပြုလို့ အသိညဏ်၊ ဘုန်းကံခြင်း ကွာရပါသလဲဘုရား၊ ရွာသဂျီးဆို ဘယ်လိုမှ ဆုံးမလို့ မရဘူး၊ သူ့အကုသိုလ်ကံပဲ ဘုရား။ မင်္ဂလာတရားတော်လာ အတိတ်ဘဝပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှု အထူးရှိခြင်းဆိုတာ အဲဒါလား ဘုရား။

ဆြာတော် – ဖူး ဖူး… ရွေနွေးကြမ်းကလည်း ပူလိုက်တာ၊ အာခေါင်တောင် စပ်သွားပြီ။

ကြောင် – သတိထားတော်မူပါ အရှင်ဘုရား။ ဒါနဲ့ ရှေးဘဝ နောက်ဘဝ ရှိပါသလား။

ဆြာတော် – အွန်.. တကာကြောင်က လက်နက်ပုန်းနဲ့ လာပန်းသကိုး၊ ငါကိုယ်တော်ကလည်း သဂျီးလှူ ထားတဲ့ ဗုဒ္ဓဘာသာမူကွဲ ရှောင်လင်ကျမ်းစာထဲက ယိမ်းနွဲ့ပါးပညာသုံးရမှာပေါ့။ နားဆင်လော့ ငကြောင်.. ဟတ်ချိုး ဟတ်ချိုး..

ကြောင် – ဖြေးဖြေးသက်သာလုပ်ပါ ဆရာတော်၊ တပည့်တော်တို့ အမေရိကားမှာဆို ကူးစက်ပိုးဖြန့်မှုနဲ့ တရားစွဲလို့ရတယ်။

ဆြာတော် – သီးခံလော့ဒကာ။ သည်းညီးခံက နိဗ္ဗာန်ရ၏။

ကြောင် – အရှင်ဘုရားကျောင်း ဝါကျွတ်ပွဲတုန်းက ဒေသစာရီ ကြွချီအပူဇော်ခံတော်မူသော ဘုရားဆင်းတုတော် လွန်စွာသပ္ပါယ်တယ်နော်။

ဆြာတော် – သုံးလူ့ထွဋ်ထား မြတ်ဘုရားကိုး ဒကာရဲ့၊ သာဓု သာဓု သာဓု။ ကဲ..ပဲကြီးလှော်စား၊ ရေနွေးသောက်။ အမေရိကားမှာ ဒါမျိုး သိပ်ရှိမယ်မထင်ဘူး။

ကြောင် – ငါးရံ့ခြောက်ဖုတ်လေးများ မရှိဘူးလားဘုရား။ မလုပ်ရသေးရင် တပည့်တော် ကြက်သရေခန်းထဲက ငါးခြောက်နှစ်ပြားသုံးပြားလောက် အိမ်ယူသွားပြီး စီမံလိုက်ပါ့မယ်။

ဆြာတော် – မလုပ်လေနဲ့တကာ၊ ကုန်သွားလို့ ကြက်သရေခန်း ကျက်သရေမရှိဘဲ ဖြစ်နေမယ်။

ကြောင် – ချန်ထား ရန်များ၊ ရှိပူသေး ကုန်မှအေးဆိုတာလည်း သိသားနဲ့။ သူခိုးသူဝှက်ကလဲ ပေါပါဘိနဲ့။

ဆြာတော် – အေးလကွယ်၊ ခေတ်ကာလကြီးကိုက သီလမလုံတဲ့ခေတ် ရောက်နေပြီကိုးကွဲ့။

ကြောင် – သီလလုံတော့ ဘာဖြစ်မလဲဘုရာ့။

ဆြာတော် – အသက်ရှည်မှာပေါ့ကွယ်။ သူ့အသက်မသတ်ရင် အသက်ရှည်မှာပေါ့။

ကြောင် – ဒါဆို ပါဏာတိပါဒကံကို အလွယ်ကျူးလွန်ခွင့်ရှိတဲ့ ဘာသာခြား ဖိုးသက်ရှည် ဖွားသက်ရှည်တွေ ကြတော့ရောဘုရား။ အရှင်ဘုရားမရှိရင် ရွာထဲက ဓမ္မာရုံမှာ သဂျီး တရားဟော ပလ္လင်ပေါ်တက်ထိုင်ပြီး နောင် အနှစ် လေးငါးဆယ်ဆိုရင် မသေဆေးပေါ်တော့မယ် ဆိုပဲဘုရား၊ သေရည်သေရက်ဆိုတာလည်း ကာမဂုံအာရုံ လိုပဲ ငယ်တုံးရွယ်တုံး သုံးသာသုံးလို့ ဟောပြောနေတယ် ဘုရာ့။

ဆြာတော် – ဒီတကာ ပြောရတာ တယ်ခက်သကိုးကွဲ့။ ဟိုကသဂျီး၊ နင့်မှာသူ့လို နှစ်လုံးပြူးရှိလို့လား။

ကြောင် – တပည့်တော်က လောကမှာ အဲသလောက် မရိုးစင်းတာကို ပြောခြင်းဖြစ်ပါတယ်ဘုရား။ ပစ္စုပ္ပန်ဘဝ တခုပဲ အရှိယူထားရင် ပြောသလို မဖြစ်တဲ့အခါ လူအများ အထင်မှားနိုင်လို့ပါ။

ဆြာတော် – ရွှီး ရှုး…နှာစေးတာ တခါတလေတော့လည်း လိုသကွဲ့။ ဒါမှ ဓာတ်လေးပါး ညီညွတ်တာ။

ကြောင် – သုံးလူ့ထွဋ်ထားဆိုလို့ မြတ်စွာဘုရား နတ်ပြည်မှာ အဘိဓမ္မာတရားဟောတော့ နတ်ဗြဟ္မာအများ မရေမတွက်နိုင်အောင် ကျွမ်းတမ်းဝင်တယ်ဆိုတာ ဟောတော်မူပါ အရှင်ဘုရား။

ဆြာတော် – အဟွတ် အဟွတ်၊ ရာသီဥတုကလည်း ခုတလော တယ်ဆိုး၊ မမြဲတဲ့ အနိစ္စပေကိုး တကာရဲ့။

ကြောင် – မှန်လှပါ။ နတ်ပြည်နတ်သားအကြောင်း ဟောတော်မူပါ။

ဆြာတော် – အဟွတ် အဟွတ်၊ ဆိုးပြန်ပြီ ဒီချောင်း၊ တခါထဲပျောက်သွားရင် အေးရော..။

ကြောင် – တပည့်တော်မှာ သိကြားမင်း ဝိရဇိန်မိုးကြိုးတံဆိပ် နှာစေးချောင်းဆိုးပျောက်ဆေး ရှိပါတယ်ဘုရား။ ဟိုဖက်ရွာက ဗိန္နောဆရာအောင်ကြူး ဖော်စပ်ထားတာပါ။

ဆြာတော် – နေနေ တကာ။ ဒုက္ခမရှာနဲ့။ ကိုယ်တော်က အမေရိကန် အက်ဖ်ဒီအေ ဓာတ်ခွဲခန်းထောက်ခံချက် ပါတဲ့ Now ဆိုတဲ့ အအေးမိနှာစေး ချောင်းဆိုးပျောက်ဆေးရည်မှ တည့်တာ။

ကြောင် – တပည့်တော်ကတော့ No ပဲသိတယ်ဘုရား၊ တော်တော်မိုက်တယ်။ မာတုကာမလေး သုံးယောက်နဲ့ ဖွဲ့ထားတဲ့ အဆိုတော်တေးဂီတအဖွဲ့ပါ။

ဆြာတော် – သူတို့အဖွဲ့က ပျက်သွားတာ ကြာပြီမဟုတ်လား ဒကာရဲ့။ ငါလည်း နားစွန်နားဖျားကြားမိတာပါ။

ကြောင် – ဟုတ်လား၊ ဝမ်းနည်းစရာပါပဲ။ ဒါထက် သဇင်လေးကတော့ ချောတယ်နော် အရှင်ဘုရား။

ဆြာတော် – အိမ်းအိမ်း………….။

ကြောင် – ဘာအိမ်းအိမ်းတုံး ဘုရာ့။

ဆြာတော် – အိမ်းအိမ်းဆိုတာ ပြသနာလာမရှာနဲ့လို့ ပြောတာကွဲ့။

ကြောင် – စိတ်ကူးဖြင့်တောင် မကြံစည်ဝံ့ပါ အရှင်ဘုရား။ ဒါနဲ့ တလောက ထိုင်းကပြန်လာတဲ့ ဂျော်လကီဘု တယောက် အေကိုက်လို့ မာလကီးယားပြီး ရွာထိပ်မှာ လကွယ်လမိုက်ည သန်းကောင်ကျော်ဆို ကိုယ်ထင်ပြ ခြောက်လှန့်နေကြောင်း အထောက်အထားနဲ့ ဆိုနေကြပါတယ်။ သရဲတစ္ဆေ တကယ်ရှိပါသလား ဘုရား။

ဆြာတော် – ရွှတ် ဖတ်၊ အဟမ်း အဟမ်း၊ ဒီချောင်းကလည်း အရေးဆို ဆိုးပြန်ပြီ။ ထွေးခံပေးစမ်းဒကာ။

ကြောင် – မှန်လှပါ။ တပည့်တော် သီးခံသလို ဝေဒနာကို သီးညည်းခံတော်မူပါ။ သေပြီးနောက်ဘဝ၊ နာနာဘာဝ ဝိနာဘာဝ၊ သုဂတိဘုံ၊ ဒုက္ခတိဘုံ အကြောင်း ပြောတော်မူပါ။

ဆြာတော် – ရှုးရှုး၊ နှာရည်တွေကျလာပြန်ပြီ။ အလုပ်တယ်များတော့ ကျန်းမာရေးလည်း ဂရုမစိုက်နိုင်ဘူးလေ။ အခုတောင် မအားတဲ့ကြားက သနားလို့ လက်ခံစကားပြောပေးတာ။

ကြောင် – ကျေးဇူးကြီးလှပါတယ် ဘုရား။

ဆြာတော် – ဒါကဒီလို ရှိတယ်ဒကာရဲ့….ပြောရရင်…ဘယ်လိုလည်းဆိုတော့…တကယ်တော့ကွယ်…

တီ တီ တီ.. တီ တီ တီ.. တီ တီ တီ (လက်ကိုင်ဖုန်းမြည်သံ)

ဆြာတော် – ဟဲလို၊ ဒကာဂိုဏ်းချုပ်၊ ဘာကိစ္စရှိလို့တုန်း။ အေးကွာ အလုပ်ရှုပ်တဲ့ကြားက နေသိပ်မကောင်း၊ ဒီကြားထဲ အရှုပ်တွေ လိုက်ရှင်းနေရတယ်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx…

ကြောင် – အရှင်ဘုရား၊ တပည့်တော် အဖြေသိချင်လို့ ဖုန်းပြောတာစောင့်နေတာ တနာရီရှိသွားပါပြီ၊ ဒီနေ့ရော ဖြေအုံးမှာလား အရှင်ဘုရား။

ဆြာတော် – အလို ဒကာငကြောင်၊ ပြန်သွားပြီးမှတ်တာ၊ ရှိသေးသကိုး။

ကြောင် – မှန်လှပါ ရွာထဲက ဖွားဆူး၊ ဂျီးတော်ဝေ၊ ဒေါ်လေးတုံး တို့ကလည်း သိချင်တယ် ပြောထားလို့ပါ။ သူတို့ခင်မျာ သိချင်လို့ နေ့စဉ်သန်းတုပ်သန်းဥရှာတောင် ဖြောင့်ဖြောင့် မလုပ်နိုင်ကြတော့ဘူး။

ဆြာတော် – တယ်ခက်သကိုး၊ ကိုယ့်အလုပ်တော့ မလုပ်ကြဘူး၊ ဟိုတွေးဒီတွေးနဲ့။ ဦပဉ္စင်းအခု ဝါးတားကာလာ ဂိုဏ်းချုပ်ကြီးနဲ့ ရေအရောင်အကြောင်း ဆွေးနွေးနေတယ်။ နောက်ကြုံတော့ ပြန်လာခဲ့ကွယ်။ အဲဒီကြမှ သေသေချာချာ ပြောပြမယ်။

ကြောင် – တပည့်တော်က ဒီညနေပဲ လေယာဉ်ပျံကြီးစီးပြီး အမေရိကားကို ပြန်တော့မှာဘုရား။ နောင်ပြန်လာဖို့ ဆိုတာလည်း ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် အနိစ္စတရားမမြဲလို မသေချာပါဘုရား။ အခုပဲ ရှင်းပေးတော်မူပါ။ အတိုကောက် ရှိမရှိ၊ ဟုတ်မဟုတ် လုံးကောက်သိရရင် ကျေနပ်ပါပြီ။

ဆြာတော် – ဩော်ဒုက္ခ ဒုက္ခ။ ကိလေသာတယ်များသကိုး။ တကာပြောတာတွေ ဘုန်းကြီးသဘောကျပါတယ်။ ကဲကဲပြန်တော့နော်၊ တော်ကြာနေ ဖလိုက်လွတ်သွားအုံးမယ်။ ဟဲလို ဟဲလို..ဂိုဏ်းချုပ်ကြီးပြောတဲ့ ရေအကျိုး ဆယ်ပါးမှာ ဘုရားဟော မဟုတ်တာတွေ ဖယ်လိုက်ရင် ရေငတ်ပြေတဲ့အကျိုးတခု xxxxxxxxxxxx……………

 

 

 

 

 

 

 

 

 

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 642 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး