သဘောထားမကြီးတာလား၊ မေးခွန်းဘောင်ကျော်သွားတာလား

black chawAugust 29, 20111min15314

ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်စဉ်က ဖြစ်ပါသည်။ ၎င်းကုမ္ပဏီမှာ ဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် နာမည်ကြီးပါသည်။ ဝန်ထမ်းများကို အင်္ဂလိပ်စာသင်တန်း များ ပေးခြင်း၊ စီမံခန့်ခွဲမှုပညာတွင် နာမည်ကြီးဆရာကြီး ဆရာမကြီးများနှင့် သင်တန်းများပေးခြင်း၊ စိတ်ပညာဆိုင်ရာ ဆရာကြီးများနှင့် အပြုသဘောတွေးတတ်ခေါ်တတ်လာအောင် လေ့ကျင့်ပေးခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေသောကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ ကျွန်တော့်အတွက်တော့ ထိုကုမ္ပဏီတွင်အလုပ်လုပ်ခဲ့ရသော အချိန်များမှာ ကျွန်တော်တို့အတွက် ကျောင်းတစ်ကျောင်းတွင်ပညာသင်ခဲ့ရသလိုဖြစ်ခဲ့ပါသဖြင့် ကျေးဇူးတင်ရပါသည်။ တစ်ခုသော နေ့တစ်နေ့တွင် ကုမ္ပဏီမှ လက်ထောက်မန်နေဂျာ နှင့်အထက် ဝန်ထမ်းများဧ။် management trip တစ်ခုကို အနားယူစရာနေရာတစ်ခုတွင် စီစဉ်ခဲ့ပါသည်။ ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များကိုယ်တိုင် ထိုခရီးစဉ်ကို လိုက်ပါကြပါသည်။ ထိုခရီးစဉ်တွင် နာမည်ကျော် စီမံခန့်ခွဲမှုပညာရှင်တစ်ဦးလိုက်ပါပြီး ဝန်ထမ်းများကို ပေါ့ပေါ့ပါးပါး management အကြောင်းလေးများပို့ချပေးပါသည်။ ၎င်းပို့ချချက်တွင်ပါဝင် သော အကြောင်းအရာတစ်ခုမှာ ကုမ္ပဏီတွင် ဝန်ထမ်းအဝင်အထွက် လိုတာထက်ပိုပြီးများနေလျှင် ကုမ္ပဏီဧ။် management ပိုင်းတွင် ချို့ယွင်းချက် အချို့ရှိနေကြောင်း သိနိုင်သည် ဟုပို့ချခဲ့ခြင်းဖြစ်ပါသည်။ ပို့ချချက်အပြီး ခဏနားချိန်တွင် ဝန်ထမ်းများမှ သိလိုသည်များကို ပွင့်လင်းစွာ မေးသားနိုင်သည်ဟု ကုမ္ပဏီ ဒါရိုက်တာအဖွဲ့မှကြေညာပါသည်။ ထိုအချိန်တွင် မန်နေဂျာတစ်ဦးမှ မေးခွန်းတစ်ခုကို အောက်ပါအတိုင်း ထမေးပါတော့သည်။

  “ကျွန်တော်တို့ ကုမ္ပဏီ မှာ လည်း ဝန်ထမ်းအဝင်အထွက်တွေ သိတ်များနေပါတယ်ခင်ဗျာ၊ အဲဒါ ကုမ္ပဏီရဲ့ management အပိုင်းကို ပြန်လည်ဆန်းစစ်ဖို့လိုနေပြီလို့ဆိုလိုရာ ရောက်ပါသလား”

မေးခွန်းမေးသူကို ဝန်ထမ်းအားလုံး အထိတ်တလန့်နှင့် ဝိုင်းကြည့်နေကြပါသည်။ ပို့ချသူ ဆရာကိုယ်တိုင်လည်း ဒါရိုက်တာအဖွဲ့ဝင်များရှေ့တွင် ထိုမေးခွန်းမျိုးမေးလိမ့်မည်ဟု ယူဆထားဟန်မတူသဖြင့် မေးခွန်းမေးသူအား ပြန်ကြည့်နေပါသည်။

ထိုအခြေအနေတွင် မန်နေးဂျင်းဒါရိုက်တာလုပ်သူမှ  ” ဆရာ ဒီမေးခွန်းကို ကျွန်တော် ဖြေခွင့်ပြုပါ “ ဟု ပြောပြီး မတ်တပ်ရပ်လိုက်ပါသည်။ ထို့နောက် ဒေါသသံအနည်းငယ်ဖြင့် အောက်ပါအတိုင်း ပြောချလိုက်ပါတော့သည်။

 ” အခု ဒီခရီးစဉ်ကို လိုက်ပါလာတဲ့ ဝန်ထမ်းတွေအားလုံးကို ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှေ့ဆက်သွားမယ့်လမ်းစဉ်၊ ကိုင်စွဲမယ့် မူဝါဒ၊ ပံ့ပိုးပေးနိုင်တဲ့ အခွင့်အရေး စသည်ဖြင့် သိသင့်သိထိုက်တာတွေကို တရားဝင်တင်ပြထားပြီးဖြစ်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့နဲ့ အယူအဆတူတဲ့လူတွေ၊ ကျွန်တော်တို့ပေးနိုင်တဲ့ အခွင့်အရေးကို ကျေနပ်တဲ့လူတွေ ကုန်ကုန်ပြောပါမယ် ကျွန်တော်တို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်စိတ်ရှိတဲ့လူတွေ ကျွန်တော်တို့ နဲ့ ဆက်ပြီးလက်တွဲသွားနိုင်ပါတယ်။ ကျွန်တော်တို့ နဲ့ လက်တွဲချင်စိတ်မရှိတဲ့လူတွေ ဘယ်သူ့ကိုမှ ကြိုးနဲ့ချည်မထားပါဘူး၊ ကြိုက်တဲ့အချိန်မှာ လက်တွဲဖြုတ်သွားနိုင်ပါတယ်၊ ကျွန်တော်တို့က လက်တွဲလို့မဖြစ်နိုင်ဘူးထင်တဲ့လူကိုလည်း ဘယ်သူ့အပေါ်ကိုမှ အားနာနေမယ်မဟုတ်ပါဘူး၊ အချိန်မရွေးလက်တွဲဖြုတ်သွားမှာပါ၊ အားလုံးကိုကျေးဇူးတင်ပါတယ်”

မန်နေးဂျင်းဒါရိုက်တာ က သူ့ခုံတွင်သူပြန်ထိုင်ပါသည်။ မေးခွန်းမေးခဲ့သူ မန်နေဂျာမှ မတ်တပ်ရပ်လိုက်ပြီး  ”အခုလို ရှင်းပြတဲ့ အတွက် အမ်မ်ဒီ့ ကို ကျေးဇူးတင်ပါတယ် ” ဟု ပြောလိုက်ပါသည်။ အမ်မ်ဒီရော မန်နေဂျာပါ တုန့်ပြန်ပုံအနည်းငယ် ပျင်းထန်သည်ဟု ထင်ပါသည်။

တွေးစရာရှိသည်မှာ ပွင့်လင်းစွာ မေးခွန်းများမေးမြန်းခွင့်ပေးခဲ့သူ ဒါရိုက်တာအဖွဲ့မှာအပြစ်ရှိသလား၊ အားနာမှုကင်းမဲ့စွာ မေးမြန်းခဲ့သော မန်နေဂျာ မှာ အပြစ်ရှိလေသလား ဆိုတာဖြစ်ပါသည်။

ဆိုင်သည်မဆိုင်သည် မသိပါ ရန်ကုန်ပြန်ရောက်ပြီး နှစ်ရက်ခန့်တွင် ထိုမန်နေဂျာ အလုပ်မှ နှုတ်ထွက်သွားပါသည်။ ကျွန်တော်အခုအထိနားမလည်သည်မှာ အမ်မ်ဒီ သဘောထားမကြီးတာလား၊ မန်နေဂျာ့ မေးခွန်းက လိုအပ်သည်ထက်ပျင်းထန်သွားတာလား ဆိုတာဖြစ်ပါသည်။

(တစ်ကယ့်အဖြစ်အပျက် ဖြစ်ပါသည်။ နာမည်များထည့်မရေးခဲ့သည့် အတွက် တောင်းပန်ပါသည်။ ထိုမန်နေဂျာမှာယခုအခါကုမ္ပဏီကြီးတစ်ခုတွင် တာဝန်ထမ်းဆောင်နေပါသည်။)

 

 

14 comments

  • Yan Shin

    August 29, 2011 at 2:15 pm

    မေးခွန်းမှာ ဘောင်ကျော်သည်ဟု မမြင်ပါ။
    ဘောင်ကျော်ခဲ့ပါကလည်း ဒါရိုက်တာအဖွဲ့၏ကြေညာချက်အရမေးမြန်းခြင်းဖြစ်ပါသည်။
    အမ်ဒီကြီး သဘောထားမကြီးတာလည်းမဟုတ်ပါ သဘောထားသေးခြင်းသာဖြစ်ပါသည်။
    မည်သို့ပင်ဆိုစေ
    မေးမြန်းသူတွင် စေတနာပါသည် အပြုသဘောပါသည်ဟု မြင်ကြည့်ပါက အဖြေမည်သို့ရှိမည်နည်း……

  • မီးမီး သော်

    August 29, 2011 at 2:26 pm

    မေးသင့်မေးထိုက်ပါတယ်။မေးတဲ့လူကလဲမေးတာလေ ဖြေမယ့်သူကဖြေရဲတာကိုချီးကျူးပါတယ်

  • pan pan

    August 29, 2011 at 2:39 pm

    မေးခွင့်ပေးထားလို့ မေးသူကမေးပါတယ်
    အမ်ဒီကြီးအနေနဲ့ကတော့ ဒေါသမထွက်ဘဲ အေးအေးဆေးဆေးဖြေသွားနိုင်ရင်
    ပိုကောင်းမယ်ထင်ပါတယ်

  • လင်းဝေကျော်

    August 29, 2011 at 4:44 pm

    ဒီလို ခရီးစဉ်မျိုးကို Management Retreat လို့ခေါ်ပါတယ်။
    မြန်မာလုပ်ငန်းရှင်တွေကြားမှာ ဒီအလေ့က သိပ်မထွန်းကားပါဘူး။
    ဟို စီမံခန့်ခွဲသူက လုပ်ပါလား အကြံပေးလို့ သူလည်း စိတ်ပါပြီး လုပ်ပုံရပါတယ်။
    Retreat တွေရဲ့သဘောက ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးကြ၊ မတူတဲ့အမြင်နဲ့ လက်ရှိသွားနေတဲ့လမ်းကြောင်းကို လုပ်ငန်းခွင်အပြင်ကနေ ချဉ်းကပ်ကြည့်တာပါ။
    ဒီတော့ မေးခွန်းမေးတဲ့သူက မေးတာကို ဟိုပိုင်ရှင်က သဘောထားသေးပြီးတုန့်ပြန်တာဖြစ်သွားတာပါပဲ။
    တကယ် အဝင်အထွက်များနေလား မများဘူးလားဆိုတာကို ဆန်းစစ်ကြည့်သင့်တာပေါ့။
    ပြီးတော့ ဒီလို retreat မှာပြောတာကို ဘယ်လိုမှ အပြစ်မယူသင့်ဘူး။ အစိုးရဌာနတွေ ဒါဘာ လုပ်တယ်ဆိုတာမျိုးဖြစ်နေတာပေါ့။ ပြောချင်တာ တင်ပြချင်တာရှိ တင်ပြပါဆိုပြီး တင်ပြမိရင် သေမယ်သာမှတ် ဆိုသလို။ စီပွားရေးလုပ်ငန်းမှာ အနှစ်အသားမပါပဲလုပ်တော့ လိုချင်တာမရပဲ ငွေကုန်တာပေါ့။

  • လင်းဝေကျော်

    August 29, 2011 at 4:48 pm

    တစ်ခုရှိတာကတော့ မေးခွန်းကလည်း နည်းနည်း တဲ့တိုးကြီးနဲ့ ဆော်သလိုဖြစ်တာလည်းပါတာပေါ့လေ။
    မြန်မာအလုပ်ရှင်တွေကလည်း လူပါးဝပြီး အကဲဆတ်တော့ ငြိတာပေါ့။
    တကယ်တော့ အဝင်အထွက်များတယ်ဆိုတာ ဘယ်လောက်အရေအတွက်လည်း၊အခုဒီလုပ်ငန်းမှာကော အဝင်အထွက်များနေပါသလားလို့၊ များနေတယ်ဆို ဘာလိုနေပါသလဲလို့ အတိုင်ပင်ခံကြီးကို ပြန်ပတ်မေးရမှာပါ။

  • king

    August 29, 2011 at 5:33 pm

    ရွာထဲမှာတော့ အဝင်အထွက်များရင်
    ဖုန်မွှန်တယ် … 😛
    ရွှေအိမ်စည်ရဲ့ ထမင်းဆိုင်က ရောင်းကောင်းမယ် ..

  • MaMa

    August 29, 2011 at 9:33 pm

    အဝင်အထွက်များနေတယ်ဆိုတော့ လူသစ်တွေဝင်ပြီးထွက်တာလား။ ကျွမ်းကျင်ဝန်ထမ်းတွေထွက်တာလား။ လုပ်ငန်းလည်ပတ်မှုကို အနှောက်အယှက်ဖြစ်နေသလားဆိုတာတွေနဲ့ စဉ်းစားရမယ်ထင်ပါတယ်။

  • unclegyi1974

    August 29, 2011 at 10:30 pm

    အမ်ဒီကြီးလည်းမမှား
    မန်နေဂျာကြီးလည်းမမှား
    ပြောလိုက်တဲ့စီမံခန့်ခွဲပညာရှင်သာမှားကြောင်း
    သူဒိလိုမပြောရင်ဒီလိုဖြစ်စရာအကြောင်းမရှိ

  • Pearl May

    August 30, 2011 at 11:42 am

    မန်နေဂျာဆိုတာလည်း management level ပဲမို့ မေးသင့်တာကိုမေးတယ်လို့ထင်ပါတယ်။ အမ်ဒီက ဝန်ထမ်းတွေကို training တွေပေးထားပြီး သူကိုယ်တိုင်တော့ management ကိုကောင်းကောင်းနားမလည်တဲ့ပုံပါပဲ။

  • cobra

    August 30, 2011 at 1:24 pm

    အမေးရှိလို့အဖြေရှိတာပဲလေ။
    ဘယ်သူမှမမှားဘူး။

  • etone

    August 30, 2011 at 2:40 pm

    ပွင့်လင်းစွာ မေးခွင့်ပေးလိုက်ပြီဆိုကတည်းက ဘယ်လိုမေးခွန်းမျိုး မေးမယ်မသိတဲ့အခါ … အဆိုးဆုံးကိုလည်း အလိမ္မာသုံးပြီး ဖြေတတ်ရမယ်လေ … ။ မေးချင်တာ မေးခွင့်ပေးထားပြီးမှ တဖက်လူက မေးတဲ့အခါ ဒေါသထွက်တာ … သူဘယ်လောက်ထိ စိတ်ဓါတ်သေးသိမ်လဲ ဖော်ပြရာရောက်ပါတယ် … ။ ပြောရလျှင် မပိုင်လျှင် ခြင်မရိုက်နဲ့ပေါ့လေ … 😛

  • zawmaung

    August 30, 2011 at 2:49 pm

    Manager is wrong . He should not ask this question in-front of every one.
    For M.D , he should say , we should look into this matter why is it and continue with his remark.
    As far as from this story , the company is not bad as they think for the staff and giving training etc. which is very rare in Myanmar .

  • myanpyithar

    August 30, 2011 at 2:52 pm

    ဒီကိစ်စမှာMDမှားတယ်
    ငါလူကြီးဘဲဆိုပြီး ဘလိုင်းရင့်တာ ဟိုမန်နေဂျာထွက်သွားတာမှန်တယ်
    သူလိုMD ဆီမှာမနေအပ်ဘူး
    ဒီMD စစ်တပ်ကလာတာနဲ့တူပါတယ်
    ဒီကောင်တွေဒီအချိုးမျိုးချည်းဘ
    unclegyi1974ကိုကန့်ကွက်ပါတယ်
    Pearl May ပြောတာထောက်ခံတယ်ဲ

  • myanpyithar

    August 30, 2011 at 4:09 pm

    အဲဒီလိုငွေရှိလု့ိလုပ်ငန်းရှင်ဖြစ်…ဘာစီမံခန့်ခွဲမှု့အကြောင်းမှမသိတဲ့ လူမျိုးတွေပေါမှပေါ
    သူတို့လိုလူမျိုးအောက်မှာအလုပ်လုပ်ရရင် ပညာတတ်ဆို ကြာကြာကိုမခံပါဘူး
    သဟဇာတမဖြစ်လို့လေ..ဒါပေမဲ့ ချမ်းသာသထက်ချမ်းသာလာတာတွေ့ရလိမ့်မယ်ဗျ..
    သူတို့လိုလူကငွေရဘို့ဆိုဘာမဆိုလုပ်တယ်လေ..စည်းမထားဘူး

Leave a Reply