လွန်း

koyinAugust 29, 20115min1096

လွန်း

 

တမင်သတ်သတ် ရစ်ပတ်လို့ထား

အဲဒါ … အချစ်တဲ့လား ဟင်

မရုန်းချင် တွယ်ငင်တဲ့ နွယ်တစ်ခက်လို

မွန်းကြပ်တဲ့… ရင်။

 

သံယောဇဉ်…

တကယ်ပင် ချည်နှောင်တဲ့ သည်ကြိုး

ပြန်ပြောရင် သမရိုးမကျတဲ့အရာမို့

သမုဒယရဲ့ လောင်မြိုက်ခြင်းလို့ အမည်တပ်

ဒြပ်မဲ့တဲ့ ဖြစ်အင်…။

 

ပျက်အစဉ်…

နှာခေါင်းသွေးတွေပင် လျှံပါစေတော့

လူးကာ လွန့်ကာ တိမ်းကာ ယိမ်းကာနဲ့

အဝေးသို့ပျံပါလေသော ငှက်ငယ်သို့…

အရည်စို့တဲ့ မျက်ဝန်းတစ်စုံကို ပြန်ကာကြည့်ရင်ဖြင့်

အပြစ်တော်တင် ဘဝင်မရဲတဲ့သူပါလေ…

ဝဋ်ကိုပင် လည်စင်းကာ ဆပ်ပါရစေ။

 

မြွက်ဟလို့ခြွေ…

သံစဉ်မပီလေသည့် သည်စကား

ဘယ်တော့များမှ မကြားနိုင်သော်ငြားလည်း

ထားရဲလို့ ထားခဲ့။

 

အပြစ်ဖွဲ့တဲ့ လမ်းခွဲမှာ

လွမ်းရဲကာ လွမ်းရရင်ဖြင့်

နှုတ်ဆက်ခွင့်ကိုမှ မပိုင်သူ

 နိုင်တော်မူ အရှုံးပေးထားပါလျှက်

နွေသက်လို့ သေတဲ့ ဆောင်းပမာ

နှောင်းရက်တွေ လွန်.. လွန်ပါသော်လည်း

ငြိတွယ်ဆဲပါ…။

 

မခေါ်သာ…မပျော်ရှာ

တော်ရာ ဟိုအဝေးမှာဖြင့်

တစ်ပင်ချင်း တစ်ရစ်ခြင်း

မာန်တင်းကာ ဖြတ်ပါသော်လည်း

သံယောဇဉ်ကင်းသည့်ကိုယ်

တပည့်တော် ဖြစ်လိုပါလျှက်

အို…

ရုန်းထွက်ဖို့ ခက်ရန်ကော…။ ။

 

တောက ကိုရင်


6 comments

  • မီးမီး သော်

    August 29, 2011 at 8:06 pm

    သံယောဇဉ်ဆိုတာမမြင်ရပေလို ့သာပေါ့။အဲလောက်ခိုင်မြဲတာ။အကယ်၍များမြင်နိုင်ခဲ့ရင်

    • koyin

      August 29, 2011 at 9:07 pm

      မမြင်သာ ခိုင်ခိုင်မြဲတဲ့
      သံယောဇဉ်ဆိုတာရယ်
      ဖြတ်ဖို့ တယ်မလွယ်
      မီးမီးရယ် မြင်ချင်သလား
      နှလုံးသားမှာ နှောင်တွယ်ထားရင်
      တွယ်ငင်ရစ်ပတ် အမြစ်မပြတ်တဲ့နွယ်တစ်ခက်မို့…..
      မီးမီးပျော်ရွှင်ပါစေ…

  • MaMa

    August 29, 2011 at 10:09 pm

    စာလုံး ဒီအရောင်ကလေးကမှ ဖတ်လို့ ပိုအဆင်ပြေတယ်။
    ..ရုန်းထွက်ဖို့ ခက်ရန်ကော…။ ။..
    ရုန်းဖို့ခက်တယ်ဆိုတာထက် ရုန်းဖို့ကိုမကြိုးစားချင်နေတာထင်တာပဲ။

    • koyin

      August 30, 2011 at 5:51 pm

      မှန်လိုက်လေ မလေးရယ်
      ရုန်းဖို့ခက်တာထက်
      ရုန်းထွက်ဖို့ မကြိုးစားချင်
      ရုန်းကန်ဖို့လည်း အားအင်မရှိ
      ရုန်းမထွက်ချင်သည့် စိတ်ကြောင့်သာ…
      မမ ပျော်ရွှင်ပါစေ…

  • Pearl May

    August 30, 2011 at 9:33 am

    မခေါ်သာ…မပျော်ရှာ

    တော်ရာ ဟိုအဝေးမှာဖြင့်

    တစ်ပင်ချင်း တစ်ရစ်ခြင်း

    မာန်တင်းကာ ဖြတ်ပါသော်လည်း

    သံယောဇဉ်ကင်းသည့်ကိုယ်

    တပည့်တော် ဖြစ်လိုပါလျှက်

    အို…

    ရုန်းထွက်ဖို့ ခက်ရန်ကော…။ ။
    (အရမ်းကြိုက်ပါတယ် 🙂 )

    • koyin

      August 30, 2011 at 5:49 pm

      မေပုလဲရယ်
      အဲလိုကြီးပြောနဲ့ကွယ်
      ကိုရင်တွေ ခုန်တယ်
      ဘုန်းကြီးကျောင်းမှာ…တကယ်
      ကျေးဇူးနော်
      ထပ်ကြိုးစားပါအုံးမည်…
      ပျော်ရွှင်ပါစေ…

Leave a Reply