သူလွမ်းရင် ပန်းမှာစိုးလို့

 

မင်းနှုတ်ခမ်းက

မင်းရဲ့ အနမ်းတွေ 

မင်းပဲ လေ ခြွေချ…

ကြွေကျသွားခဲ့တာက အသည်းတစ်ခြမ်း

အကန်းလမ်းလျှောက်ထွက်ခဲ့တာ 
ကမ္ဘာတစ်ပတ်…


ကဗျာ စပ်လို့ 
နေနဲ့လကို ပေါင်းစပ်ဖို့ကြိုးစား
ရိုးရိုးသားသား တစ်ခါတရံ အမှားလို့
နှုတ်လုံစွာ မြိုသိပ် 
ကဗျာတွေ မအိပ်တဲ့ တိတ်ဆိတ်တဲ့ ညအလယ်
ကြယ်ရောင် တစ်လက်လက်
ပိုးစုန်းကြူး ခတ်တဲ့ လေပြေ
စာရွက်တွေ မွစာကြဲ
လက်တစ်ချောင်းလုံးလည်း ကိုက်ခဲနေပြီ…

ပျောက်ဆုံးသွားတဲ့ ဗီဇာ
ပြည်တော်ဝင်ခွင့်မပါဘဲနဲ့
ရွက်လွင့်ခွင့်မရှိတဲ့ တက်တစ်ချောင်းလို
မဲဇာမှာ မုန်တိုင်းကို လှိုင်းပုတ်ပြီး
တိတ်တဆိတ် စီးဆင်းလိုက်ရတဲ့ 
ပါးပြင်ပေါ်က ရေတစက်
အငွေ့တွေ ထွက်နေတာကတော့….

စစ်ပွဲလား
အနိုင် 
အရှုံး…
ဘယ်တုန်းကရော ပြိုင်ခဲ့ဖူးသလဲ
တံပိုးခရာ
လက်နက်တွေလည်း ပါမလာဘူး
ရင်ဝမှာ စူးချက်
အဲဒါ အဆိပ်တက်တဲ့ ဒြပ်မဲ့မြား
အဂတိတွေ မလိုက်စားဘဲနဲ့တောင်
ဘာလို့ တောင်နံရံတွေ ပေါက်ထွက်
စကားလုံးတွေနဲ့ တိုက်ခိုက်ပစ်လိုက်တာ

ငါရင်ဟာ နင်ခင်းတဲ့
မျက်ရည်တွေရဲ့ စီးချင်း
အဲဒီ စစ်တလင်းမှာ 
မာယာမပါဘူး
သုံ့ပန်းကို ထူးခတ်ပစ်လိုက်တယ်…

ပရိယာယ် ငါမကြွယ်ပေမယ့်
ဒီနေ့မနက် အရုဏ်တက်က
သန်းခေါင်ထက် နက်နေသလို
ဂစ်တာအိုကို ထိုင်ငေး
ငါရေးတဲ့ သံစဉ်
နရီတွေ ပျက်ယွင်းသွားတယ်ဆိုရင်လည်း…

တစ်ဖက်ကို မကမ်းခဲ့ပေမယ့်
လမ်းတစ်ဝက်က လှမ်းထွက်ခွာ
အဲဒီကာရန်တွေရဲ့ နောက်ကွယ်မှာ
ဝေဒနာ…
ခံစားမှု….
တစ်ကြိမ်တစ်ခါက မျှော်လင့်ခဲ့ဖူးတဲ့
အတုအယောင်မျိုးဆိုရင်လည်း…..

လေထဲကနေ စစ်မခင်းချင်ပါနဲ့

ရေထဲက လှေ ဝမ်းဗိုက်မှာ…

သိပ်မကြာပါဘူး
မကြာတော့ပါဘူးလေ……..


တောက ကိုရင်


About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…