ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း

ဆူးAugust 29, 20111min17515

ပြည်ထောင်စု မြန်မာနိုင်ငံ (၁၄-၁၀-၁၉၉၈)

Palliative Care (နောက်ဆုံး အဆင့် ဝေဒနာရှင်များ အား အထူး ပြုစုစောင့်ရှောက်ခြင်း)

ဥက္ကဌကြီး ဆရာကြီး ဦးလှထွန်း မှ မိမိ၏ တစ်ဦးတည်းသော သမီး ဒေါ်မြစန္ဒာထွန်း အား အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် ကင်ဆာ ဝေဒနာ ခံစားနေရသော ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ရန် အတွက် အမြတ်မယူ (၁၀၀%) ကုသိုလ်ဖြစ် အဖွဲ့အစည်းကြီးကို (၁၉၉၈) ခုနစ်၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

ရည်ရွယ်ချက်။      ။ ဝေဒနာရှင်များ၏ ဝေဒနာခံစားနေရဆဲ အချိန်၊ ဘဝ ကူးတော့မည် အချိန်နှင့် သေဆုံးပြီးနောက်ပိုင်း အချိန်များတွင် လူနာနှင့် သူတို့၏ မိသားစုများကို ကူညီရင်း ဝေဒနာရှင်များ၏ ဘဝ တန်ဖိုးပိုမို မြင့်မာလာစေရန်။

 

 

လူနာကို ပြုစုမှု ပေးရာတွင် အခြေခံ လိုအပ်ချက် ၄ ချက်

၁။ ရုပ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်း

(ဥပမာ- ဆေးဝါးပေးခြင်း ဆေးထည့်ပေးခြင်း လေ့ကျင့်ခန်း လုပ်ပေးခြင်း)

 

၂။ စိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်း

(ဥပမာ- နားလည်အောင် ရှင်းပြခြင်း ဂရုတစိုက် သေချာစွာ နားထောင်ခြင်း အားပေးနှစ်သိမ့်ခြင်း)

 

၃။ လူမှုရေး အပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်း

(ဥပမာ- နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးခြင်း မိသားစု ပြသနာ ဝိုင်းဝန်း ဖြေရှင်းပေးခြင်း)

 

၄။ ဘာသာရေး အပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်း

(ဥပမာ- တရားထိုင်စေခြင်း ဘာသာရေး ဆိုင်ရာ တိတ်ခွေများ နားထောင်စေခြင်း)

 

 

နာကျင်မှုကို ထိန်းချုပ်ခြင်း

နာကျင်မှု သက်သာစေသော ဆေးဝါးများ သုံးရန်အတွက် အခြေခံ ၃ချက်

၁။ ပါးစပ်မှ သောက်ခြင်း အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည်။

၂။ အကယ်၍ နာကျင်မှု မထိန်းချုပ်နိုင်ခဲ့လျှင် နောက်ထပ် အာနိသင် ပြင်းသော နာကျင်မှု သက်သာစေသော ဆေးသို့ တဆင့်ပြီး တဆင့် ပြောင်းတိုက်နိုင်သည်။

၃။ လိုအပ်လာမှ တိုက်ခြင်းကို ရှောင်ကြဉ်ရမည်။ အနာသက်သာစေသော ဆေးကို ပုံမှန်တိုက်မှသာ နောက်ထပ် မနာကျင်သေးခင် အချိန်တွက် နောက်ထပ် ဆေးတုံးကို သောက်ခြင်းဖြင့် ဝေဒနာ ခံစားရခြင်းမှ ကင်းလွတ်နိုင်ပါမည်။ နောက်တကြိမ် နာကျင်ချိန် အထိ မစောင့်သင့်ပါ။

 

နောက်ဆုံး အဆင့် ဝေဒနာရှင်များတွင် အဖြစ်များသော ရောဂါ လက္ခဏာများ

ပျို့ခြင်း အန်ခြင်း ဝမ်းချုပ်ခြင်း ညည အိပ်မပျော်ခြင်း အိပ်ယာနာဖြစ်ခြင်း အစားအသောက်ပျက်ခြင်း

 

ဝေဒနာရှင်များ ပြုစုစောင့်ရှောက်မှု ပြုလုပ်ရာတွင်

၁။ ပစ္စည်း ကိရိယာအစုံ အလင် ထားရှိခြင်း

ဥပမာ- လှုပ်ရှားရန် မလွယ်ကူသော လူနာများ အတွက် လမ်းလျှောက်လက်ရမ်းများ ပြုလုပ်ပေးခြင်း။ ဆီးအိုးများ အနီးအနားတွင် ထားပေးခြင်း။ လက်တွန်းလှည်းများ ထားပေးခြင်း။

အရေးပေါ်အတွက် အောက်ဆီဂျင်များ ချွဲစုပ်စက်များ အဆင်သင့်ထားရှိပေးခြင်း။

ဆီးဝမ်း မထိန်းနိုင်သည့် လူနာများ အတွက် ပလပ်စတစ် အဆင်းများ ခင်းပေးခြင်း။

 

၂။ တစ်ကိုယ်ရည် သန့်ရှင်းမှု ပြုလုပ်ပေးခြင်း

ဥပမာ- ဆရာမများမှ လူနာရေချိုးရာတွင် ကူညီပေးခြင်း ပုံမှန် လှုပ်ရှားနိုင်မှု ရှိမရှိနှင့် အိပ်ယာနာ ဖြစ်နိုင်သော နေရာများကို အစဉ်အမြဲ ကြည့်ရှု့ အကဲခတ်ပေးခြင်း လူနာစောင့်များအား တစ်ကိုယ်ရည် သန့်ရှင်းမှု အရေးကြီးပုံ နှင့် ပြုစု စောင့်ရှောက်နည်း စနစ်များ သရုပ်ပြ သင်ကြားပေးခြင်း။

 

၃။ လူနာ၏ ရောဂါ လက္ခဏာ ကို စဉ်ဆက်မပြတ် အကဲခတ်ခြင်း

ဥပမာ- ဝမ်းချုပ်ခြင်းရှိမရှိ မေးမြန်းခြင်း။ ဝမ်းမချုပ်စေရန် နည်းလမ်းများ ရှိကြောင်း အားပေး နှစ်သိမ့်ပေးခြင်း။ ဝမ်းချုဘောလုံး သို့မဟုတ် ဝမ်းချု ဆေးတောင့် ထည့်ပေးခြင်း။

ပျို့ခြင်း အန်ခြင်း ခံတွင်းပျက်ခြင်း ရှိခဲ့လျှင် အရည်ကို နည်းနည်း နှင့် ခဏခဏ တိုက်ခြင်း

ပါးစပ်နှင့် ပတ်သတ်၍ ပြသနာရှိခဲ့လျှင် လျှာတွင် အနာများ ခြောက်သွေ့ခြင်း အဖြူဖတ်များ ရှိမရှိ ကြည့်ပေးခြင်း။ မကြာခဏ ပလုပ်ကျင်းစေခြင်း မှဲ့ခရု ရှိမရှိ စစ်ဆေးပေးခြင်း။ မလှုပ်ရှားနိုင်သော လူနာ ဖြစ်ခဲ့လျှင် ပါးစပ်ကို ဝါဂွမ်း ဖြင့် သုတ်သင် ရှင်းလင်းပေးခြင်း နှင့် အိမ်သားများ အား သရုပ်ပြ သင်ကြားပေးခြင်း။

နာကျင်မှု ရှိခဲ့လျှင် နာကျင်မှု သက်သာစေသော ဆေးဝါးများ တိုက်ခြင်း သက်တောင့် သက်သာ အနေအထားသို့ ပြောင်းပေးခြင်း။

 

၄။ ဆေးဝါး နှင့် ပတ်သတ်၍

ဆရာမများမှ ဆေးတိုက်ပြီးသည့် အခါတွင် လူနာသက်သာမှု ရှိမရှိ ပြန်လည် စစ်ဆေးရန် လိုခြင်း

နောက်ဆုံး အဆင့် ဝေဒနာ ရှင်များ တွင် အသုံးများသော ဆေးဝါးများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းရင်းနှီးနှီး သိရှိထားရန်လိုအပ်ခြင်း။

ဆေးထိုးရာတွင် ဆေးထိုးသည်း နေရာ ပြောင်း၍ ထိုးပေးခြင်းနှင့် မိမိ ဆေးထိုးသည့် နေရာ၌ မည်သည့် လက္ခဏာ ဖြစ်ပေါ်နေသည်ကို ဂရုတစိုက် ကြည့်ရန် လိုအပ်ခြင်း။

 

နောက်ဆုံး အဆင့် ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်သည့် ဆရာမများ၌ ရှိသင့်သည့် အရည်အချင်း

၁။ကျွမ်းကျင်ခြင်း

၂။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိခြင်း

၃။ ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာများအား ကြိုတင်သိရှိနိုင်ခြင်း

၄။ အားပေးတတ်ခြင်း

၅။ ပညာပေးတတ်ခြင်း။

 

 

အတွင်းလူနာ (ကင်ဆာ) ဗဟို

၁။ အမှတ် ၂ လမ်းမကြီး ဒဂုံ အရှေ့ ရန်ကုန်မြို့။ ဖုန်း ဝ၁ ၅၈၅၁၃၄

၂။ ရန်ကင်းတောင်သွားလမ်း နန်းရှေ့ဈေးအနီး ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့။ ဖုန်း ဝ၂ ၅၇၀၁၁

 

 

 

 

 

15 comments

  • ဆူး

    August 29, 2011 at 8:23 pm

    တနေ့က အလှူသွားလုပ်တဲ့ အတွက် ရတာလဲ့ စာရွက်ကလေးက စာလေးတွေကို ဖတ်ပြီး သဘောကျလို့ မျှဝေလိုက်တာပါ။
    စနစ်တကျ ဖွဲ့စည်းထားလို့ လူမမာတွေ အတွက် တကယ်အကျိုးရှိတဲ့ နေရာလေး တခုဖြစ်ပါတယ်။

  • windtalker

    August 29, 2011 at 8:49 pm

    ကောင်းဗျာ
    သာဓုသာဓုသာဓု ပါ ဘွားဆူး
    တစ်နေ ့က အလှူ ဆို တာ
    သူကြီး ဆီ က ပွိုင့်၁သိန်း နဲ ့မှတ်တယ်
    ဟုတ်စ

    • ဆူး

      August 29, 2011 at 8:53 pm

      ပွိုင့် ၁သိန်း ကို ဇီဝိတ ဒါန မှာ လှူခဲ့ပြီးကြောင်း ပိုစ်တခု တင်ပေးထားတယ်လေ။
      ဒါက အမေ က အဲဒီမှာ မလှူဖူးသေးဘူး ဆိုပြီး လှူချင်လို့ သွားလှူတာပါ။

    • မီးမီး သော်

      August 29, 2011 at 11:11 pm

      ဟုတ်ပ ကိုလေပွကြီးရယ်ရမ်းတုတ်တယ်။ဟွန် ့။မမဆူး ပို ့စ်တင်တာအိပ်ပျော်နေလားမှမသိ။

  • weiwei

    August 29, 2011 at 8:53 pm

    ရည်ရွယ်ချက် တော်တော်ကောင်းတယ်နော် …
    ကင်ဆာရောဂါဖြစ်နေသူ မည်သူမဆို တက်ရောက်ကုသနိုင်လားလို့ သိချင်ပါတယ် …

    • ဆူး

      August 29, 2011 at 8:59 pm

      ကင်ဆာ ဖြစ်နေတဲ့ လူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။
      စည်းကမ်းချက်မှာတော့
      ဆရာဝန် ထောက်ခံထားပြီး ကင်ဆာဖြစ်ကြောင်း လက်မှတ်
      ကင်ဆာ အပြင် တခြား ရောဂါ (ကူးစက်) ကင်းရှင်းရမယ်။
      သေဖို့ သိပ်မလိုတဲ့ လူမမာတွေ ဖြစ်ရမယ် အဲဒါတွေနဲ့ ပြည့်စုံရင် အခမဲ့ ကြည့်ရှုစောင့်ရှောက်ပေးပါတယ်။
      တကယ်ကို စေတနာ ထားပြိး ပြုစုပေးကြပါတယ်။

  • MaMa

    August 29, 2011 at 9:16 pm

    အဲဒီကို သူငယ်ချင်းတွေနဲ့ တခါသွားဖူးတယ်။ ဘာသာမျိုးစုံအတွက် ဝတ်ပြုစရာနေရာတွေ ရှိတယ်။ ဆရာတော်ကြီးတွေလည်း အဲဒီမှာ တရားသွားဟောပေးတာတွေရှိတယ်။ ညနေဖက်ရောက်သွားတော့ ညစာအတွက် စနစ်တကျ သန့်သန့်ပြန့်ပြန့် စီစဉ်ချက်ပြုတ်ထားတာတွေ တွေ့ခဲ့ရတယ်။ နေရာထိုင်ခင်းကအစ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူနာတစ်ယောက်ကို လူနာစောင့်တစ်ယောက်ပါ ထားလို့ရတယ်။ အဲဒီလူနာစောင့်အတွက်ပါ စားစရာ တာဝန်ယူပေးတယ်။
    ဒါပေမယ့် ဝေဒနာသည်တွေကိုကြည့်ပြီး ပြန်လာတော့ စိတ်ထဲမှာ မောနေတာပဲ။

    သွားခဲ့ဖူးတဲ့အထဲမှာတော့ – ခဝဲခြံက မျက်မမြင်ကျောင်း (မခမမ) ကို ရောက်ခဲ့တုန်းက မျက်မမြင်တွေရဲ့ Differently Able ခြားနားစွမ်းသူတွေအနေနဲ့ တက်ကြွဖျတ်လတ်နေတာကို မြင်လိုက်ရတော့ စိတ်ထဲမှာ ပါ့ပါးပြီး၊ စိတ်ချမ်းသာသွားတယ်။

    • ဆူး

      August 29, 2011 at 9:18 pm

      ဟုတ်ပါတယ် အဲဒီမှာ ဘာသာစုံ အတွက် ဘုရား ရှိခိုးကျောင်း ရှိပါတယ်။ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး။
      ကိုးကွယ်ရာ ဘာသာနဲ့ စိတ်ဖြေသိမ့်မှု ရအောင် လုပ်ခိုင်းတဲ့ သဘောမျိုးပါပဲ။
      တချို့ဆို ၄နှစ်လောက် ရှိနေပြီ လို့ ပြောတယ်။ သေခါနီး လူမမာ ဆိုပေမဲ့ အပြု အစု ကောင်းလို့ပဲလား ကံမကုန်သေးလို့ပဲလားတော့ မသိဘူး။ အချိန်အကြာကြီး နေနိုင်သလို နေခွင့်ပြုတယ် ဆိုတာ တကယ်ချီးကျူးစရာပါပဲ

  • unclegyi1974

    August 29, 2011 at 10:56 pm

    ဦးလှထွန်းလိုမျိုးနောက်ထပ်ဘယ်လောပန်းကစိတ်စေတနာပြတ်သားလာမလဲ

  • တညင်သား

    August 30, 2011 at 12:30 am

    ပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်းတွေက ကုမရတဲ့ ရောဂါ အခြေအနေဆို လက်မခံဘူးလို့ ကြားနေရတဲ့ အချိန်တွေမှာ ဆရာကြီး လိုလူမျိုးတွေက နောက်ဆုံးအဆင့် ဝေဒနာရှင် တွေကို လက်ခံ ကုသပေးနေတယ်ဆိုတော့ သာဓု အကြိမ်ကြိမ်ခေါ်ဆိုမိပါတယ်….

  • parlayar46

    August 30, 2011 at 1:04 am

    အဲဒါ လိုတဲ့နေရာ ဝင်ဖြည့်တဲ့ နမူနာကောင်းပါပဲ။

    တချို့က ဒီလိုပဲ ဘာမှ ပြောမနေဘူး ။ ကိုယ်လုပ်စရာရှိတာ လုပ်သွားတာပဲ။

    ဒီလုပ်ရပ်နဲ့တင် ဦးလှထွန်းကို ကြည်ညိုအားကျမိပါတယ်။

    ဒါပေမယ့် ဦးလှထွန်းဆိုတာက ဒီကင်ဆာဖေါင်ဒေးရှင်း မထူထောင်မီ ဟိုးယခင်ကတည်းက စာရိတ္တနေရာမှာ သူမတူအောင် နာမည်ကြီးသူ ဖြစ်ပါတယ်။ တလောကလုံး မှားနေချိန်မှာ ကိုယ်တယောက်ထဲ ရဲရဲဝံ့ဝံ့ သတ္တိကောင်းကောင်းနဲ့ မှန်အောင်နေပြသွားတဲ့ နမူနာပြသွားတဲ့သူ ဖြစ်ပါတယ်။

    ခပ်မေ့မေ့ဖြစ်နေတာ ဒီပိုစ့်ဖတ်ပြီးမှ သတိပြန်ရလာလို့ ဆူး ကို ကျေးဇူးတင်ပါတယ်။

  • forever

    August 30, 2011 at 9:26 am

    ဆရာကြီးကမရှိတော.ဘူးမဟုတ်လား..
    သူ.ရဲ.မွန်မြတ်တဲ.လုပ်ငန်းကိုဘယ်သူတွေ
    ဆက်ပြီးကုသိုလ်ယူနေလဲမသိ….

    • ဆူး

      August 30, 2011 at 9:26 pm

      ဆရာကြီး မရှိတဲ့ပေမဲ့ အဖွဲ့အစည်းနဲ့ လုပ်ခဲ့တဲ့ အတွက် လည်ပတ်နေပါတယ်။
      ဆရာကြီး မရှိတော့တဲ့ အတွက် အလှူငွေ ထည့်ဝင်ဖို့ လူတွေ ဝန်လေးလာကြတာတော့ တော်တော် သတိထားမိတယ်။
      ပုံမှန် ကောင်းမွန်စွာ လည်ပတ်နေပါတယ်။

  • ကြောင်ကြီး

    August 30, 2011 at 11:49 am

    ဆရာကြီးရဲ့ ဦးလှထွန်းနှင့်အဖွဲ့ စာရင်းစစ်ကုမ္မဏီက ဆရာကြီးရှိစဉ်က ကုမ္မဏီများ စာရင်းစစ်လောကမှာ ထိပ်ဆုံးကပါ။ (အခုတော့မသိဘူး)။ ဆရာကြီးက အမေရိကားကပေးတဲ့ စီပီအေ ပြည်သူ့စာရင်းကိုင် အသိမှတ်ပြု လက်မှတ်ရလို့ ကြားဖူးပါတယ်။ ဆရာကြီးက ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သူတဦး ဖြစ်ပေမဲ့ သူ့သမီး သေဆုံးသွားတော့ အိမ်မက်ပေးလို့ ဘဝကူးကောင်းအောင် သူ့ဘာသာအပြင် ဗုဒ္ဓဘာသာထုံးတမ်းတွေနဲ့လည်း အလှူအတမ်းပြုကြောင်း ကြားဖူးပါတယ်။ (သိသူများ ဟုတ်မဟုတ် ပြောကြပါ၊ မှတ်တမ်းကျန်အောင်လို့) နောက်ပိုင်းမှာလည်း ဘာသာပေါင်းစုံအတွက် သူ့သမီး ဆုံးပါးသွားရတဲ့ ကင်ဆာရောဂါ ပြုစုစောင့်ရှောက်ရေး ဌာနများကို ဖွင့်လှစ်ချန်ရစ်သွားကြောင်းပါ။

    • kai

      August 30, 2011 at 1:11 pm

      သူ့အိမ်တော့ရောက်ဖူးတယ်..။ ခရစ်ယန်လို့ သိထားတာ.. အခုစာတွေဖတ်ပြိး..အူကြောင်ကြောင်ဖြစ်နေလို့.. အခုတော့.. ကွန်ဖန်း လိုက်နိုင်ပါတယ်..။
      ကျေးဇူး..။

Leave a Reply