၃၈ ဖြာ မင်္ဂလာတရားတော်တွေထဲမှ နံပါတ် ၂၃ မြောက် မင်္ဂလာတရားတစ်ခုဖြစ်ပါတယ်။ ကျွန်မလက်ရှိ ကျင်လည်နေရတဲ့ လူ့အသိုင်းအ၀ိုင်းမှာ မာန်မာနထောင်လွှားတက်ကြွသူတွေ၊ ရာထူးမာန်၊ ဥစာမာန်၊ ပညာမာန်၊ သားသမီးမာန် စသဖြင့် မာန်မာနအမျိုးမျိုးရှိသူတွေကို မြင်နေတွေ့နေရတာများနေပါတယ်။ ယုတ်စွအဆုံး ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အွန်လိုင်းလိုနေရာမှာတောင်မှ မာန်မာနတွေတလူလူတက်နေကြတာကို မြင်မိတော့ ဘေးကနေ သံဝေဂယူမိတဲ့အချိန်တိုလေးမှာပဲ ဒီပို့စ်ကို အမြန်ရေးလိုက်ပါတယ်။

ဘယ်လိုလူမျိုးတွေက မာန်မာနထောင်လွှားလေ့ရှိပြီး ဘယ်လိုလူမျိုးတွေက နှိမ့်ချစိတ်ရှိသလဲဆိုတာ လေ့လာကြည့်မိတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုတဲ့ စကားပုံလေးက သိပ်မှန်ပါလားလို့ တွေ့လိုက်ရပါတယ်။ ကျွန်မသူငယ်ချင်းရဲ့အစ်ကိုတစ်ယောက်က အလွန်ချမ်းသာသော သူဌေးတစ်ဦးဖြစ်ပါတယ်။ သူ့ကို အပြင်မှာ ဒီအတိုင်းတွေ့ရင် ချမ်းသာတယ်လို့ ထင်စရာအကြောင်းမရှိလောက်အောင် ရိုးရိုးသားသားနဲ့ နှိမ့်ချလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းရတဲ့ဘ၀ကနေ သူဌေးကြီးတစ်ယောက်ဖြစ်လာအောင် လုပ်နိုင်ခဲ့တဲ့ သူ့အရည်အချင်းတစ်ခုထဲမှာ ရိုးသားကြိုးစားမှုနှင့် နှိမ့်ချဆက်ဆံတတ်ခြင်းက အဓိကဖြစ်နေတာတွေ့ရပါတယ်။ တစ်ရပ်ကွက်ထဲနေသူတွေ တစ်မြို့ထဲနေသူတွေရဲ့ အခက်အခဲကို အချိန်မရွေးဖြေရှင်းပေးတတ်တဲ့ သူ့ရဲ့စိတ်ရင်းကောင်းမှုကြောင့် လူချစ်လူခင်ပေါများပါတယ်။
သူနဲ့ဆန့်ကျင်ဘက် မာန်မာန တလူလူနဲ့နေသူတွေလည်းရှိပါတယ်။ မာန်မာနရှိသူတွေကို သေချာကြည့်ရင် သူတို့တကယ်ကျိကျိတက် မချမ်းသာပါဘူး။ ဟန်ဆောင်မှုက ပိုများပါတယ်။ ကိုယ့်မှာ မရှိသေးတာကို ရှိလာတဲ့အခါ အောက်ခြေလွတ်တဲ့စိတ်နဲ့ ဘ၀င်မြင့် လာသူတွေဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးပါ။ ကိုယ်တိုင်သိမှာ မဟုတ်ပေမယ့် ဘေးလူက မြင်နေရပါတယ်။ ပြောပြန်ရင်လဲ မနာလိုဖြစ်တယ်ထင်မှာမို့ ကွယ်ရာမှာသာ အတင်းပြောခံရလေ့ရှိတဲ့ လူစားမျိုးဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ ရာထူးနဲ့ပါတ်သက်နဲ့မာနတစ်မျိုးဖြစ်ပါတယ်။ ဂုဏ်ပကာသနတွေပါပဲ။ ကျွန်မတို့အလုပ်မှာ MD က ရာထူးအကြီးဆုံးဖြစ်ပါတယ်။ သူမာန်တက်မယ်ဆိုရင် အများကြီးတက်လို့ရလောက်တဲ့ အရည်အချင်းတွေရှိပါတယ်။ ဒါပေမယ့် မာန်မာနလုံးဝမရှိတဲ့ နှိမ့်ချတတ်သူတစ်ဦးဖြစ်ပါတယ်။ လူ့သက်တမ်းတိုတိုလေးမှာ ခဏတာတာဝန်ယူရတဲ့ ရာထူးဂုဏ်ထူးတွေကို သူမမက်ဘူးလို့ပြောလေ့ရှိပါတယ်။ ဂိတ်စောင့်ကိုတောင် တလေးတစားဆက်ဆံနိုင်တဲ့သူတစ်ယောက်ဖြစ်လို့ အလုပ်လုပ်ရာမှာ အလွန်အဆင်ပြေချောမွေ့ပြီး လူချစ်လူခင်များပါတယ်။ ကျွန်မတို့လို ပညာနဲ့ ဥာဏလုပ်အားလုပ်ပေးနေရသူတွေကို လေးလေးစားစားဆက်ဆံပါတယ်။ သူမသိတာကို မသိဘူးလို့ ၀န်ခံပြောဆိုလေ့ရှိပါတယ်။ လူငယ်တွေဆီက အကြံဥာဏ်ကို တလေးတစားနဲ့တောင်းခံလေ့ရှိသူဖြစ်ပါတယ်။
ကျွန်မသိရသလောက် တခြားသော ရာထူး ဂုဏ်ထူးရှိသူတွေက ကျွန်မတို့ MD လိုလူမျိုးမဟုတ်ကြဘူး။ မာန်မာနတက်နေကြပြီး တစ်သွေး တစ်သံ တစ်မိန့် စနစ်ကို နှစ်သက်ကြသူများပါတယ်။ ပညာတတ်တွေကိုလဲ သူ့လက်အောက်မှာ လုပ်နေသူတွေလို့သဘောထားပြီး အခန့်မသင့်တိုင်း ဆူပူကြိမ်းမောင်းလေ့ရှိကြတယ်။ အကောင်းနဲ့ပေးလာတဲ့အကြံအစည်များကိုလဲ အထင်သေးစိတ်နဲ့ လက်ခံလေ့မရှိကြပါဘူး။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်ထမင်းကိုယ်စားပြီး သူများတွေရဲ့အမုန်းကို ခံရတာပေါ့။ ဘယ်သူမုန်းမုန်း ကိုယ့်ထမင်းကိုယ်စားတာဖြစ်ပေမယ့် ချစ်ခြင်းနဲ့ မုန်းခြင်းမှာ ချစ်ခြင်းက ပိုကောင်းတာသေချာပါတယ်။ ရာထူးဂုဏ်ရှိန်ဆိုတာ ရေပွက်ပမာခဏတာသာဖြစ်တာမို့ ရည်ရှည်ကိုမြင်တတ်ဖို့ အရေးကြီးပါတယ်။

ရာဇ၀င်ထဲမှာ သာဓကအနေနဲ့ သောမလုလင်ရဲ့ နှိမ့်ချခြင်းအကြောင်းကို လေ့လာနိုင်ပါတယ်။ ဇာတ်လမ်းပြန်ရေးနေရင် ရှည်နေမှာမို့ ဒီပို့စ်ထဲမှာ မရေးတော့ပါဘူး။

ထင်ရှားတဲ့ဥပမာနဲ့ရှင်းပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ လူတိုင်းလူတိုင်း သူ့အထွာနဲ့သူ မာန်မာနရှိနေကြတာ တွေ့ရပါတယ်။ ကျွန်မတို့ ငယ်ငယ်ကသင်ဖူးတဲ့ သင်ခန်းစာတစ်ခုကို သတိရမိတယ်။ ၀င်းမှည့်နေတဲ့ စပါးနှံက ကိုင်းညွှတ်နေတတ်တဲ့ ဥပမာလေးတစ်ခုပါ။ မူလတန်းဖတ်စာထဲမှာ သင်ခဲ့ဖူးတဲ့ စပါးနှံသင်ခန်းစာလေးကလဲ နှိမ့်ချတတ်အောင် ပညာပေးခဲ့ဖူးပါတယ်။ ကိုယ့်ကိုကိုယ်ဆင်ခြင်ပြီး မာန်ရှိနေသေးတယ်ဆိုရင်တော့ မပြည့်သေးလို့ဟုသာ မှတ်လိုက်ပါ။ မညွှတ်နိုင်ဘူးဆိုရင်လည်း မမှည့်သေးလို့သာမှတ်လိုက်ပါ။
လူတွေထဲမှာ အခက်ဆုံးလူကတော့ ကိုယ့်ဟာကိုယ် ဘယ်လောက်သိတယ် တတ်တယ်ဆိုတာကို တကယ်မသိတဲ့သူဖြစ်ပါတယ်။ အတတ်ပညာ နဲနဲလေးပဲ သိထားတာကို လောကမှာ ငါသိတာအကုန်ပဲလို့ ထင်နေရင်တော့ သွားပြီ။ အဲဒီလိုမာန်မာနရှိသူတွေကို ဘယ်သူမှ ကယ်လို့မရနိုင်ဘူး။ နောက်တစ်မျိုးက ပညာအရည်အချင်းဘွဲ့လက်မှတ် အကြီးကြီးတွေရပြီး ငါ့လောက်တော်တဲ့သူ မရှိဘူးလို့ထင်နေတတ်တဲ့သူတွေ။ သူတို့ယူလိုက်တဲ့ဘွဲ့က အမြင့်ဆုံးဆိုတော့ ငါ့လောက်တတ်တဲ့သူ မရှိဘူးလို့ စိတ်ကြီးဝင်သွားတဲ့သူတွေ။ ဘယ်သူ့အဆုံးအမမှ နားမ၀င်နိုင်လောက်အောင် မာန်တက်နေတော့ ဘယ်လိုမှ မနှိမ့်ချနိုင်ကြဘူး။
ကျွန်မကိုယ်တိုင်က ပြည့်နေလို့ အခုလိုရေးနေတာမဟုတ်ပါဘူး။ သူလိုကိုယ်လို မပြည့်သေးသူတစ်ယောက်သာဖြစ်ပါတယ်။ သတိထားဆင်ခြင်စိတ်ဝင်တုန်းလေး ရေးလိုက်မိခြင်းဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် သတိပေးရင်းနဲ့ ရွာထဲကလူတွေကိုလည်း မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ခြင်းဖြင့် မင်္ဂလာရှိသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း ……..

နိဝါတောစ ဧတံမင်္ဂလ မုတ္တမံ
မိမိကိုယ်ကို နှိမ့်ချခြင်းသည် မြတ်သောမင်္ဂလာမည်၏ …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....