ညနေရဲ့အမုန်းကို နှုတ်ယူသွားတဲ့လမင်း

သူရႆဝါAugust 30, 20117min1163

“ညနေရဲ့အမုန်းကို နှုတ်ယူသွားတဲ့လမင်း”
(၁)
အချိန်က ညနေ ငါးနာရီခန့် ရှိပြီ။ တစ်နေကုန် ပေးထားသော အပူငွေ့နှင့် အလင်းအားကို နေမင်းက တဖြည်းဖြည်း နှုတ်သိမ်းစ ပြုနေ၏။ တစ်နေ့တာလုံး၏ အလှဆုံးအချိန် ဟုပင် ပြော၍ ရလောက်အောင် အားပျော့ နေပြီ ဖြစ်သော နေရောင်ခြည်က ဖျော့ဖျော့လျော့လျော့ လေးသာ ကမ္ဘာမြေပေါ် ကျရောက်နေသည်။ လမ်းထဲ မှာတော့ အရောင် အသွေးစုံ၊ အသက်အရွယ်စုံ ကလေးများ ဆော့ကစား နေကြသလို တစ်နေ့တာ အလုပ်ခွင်မှ ပြန်လာသူများ၊ မိမိ အိမ်ရှေ့တွင် အသီးသီး ထွက်ထိုင်ရင်း ညနေဆည်းဆာကို ခံစားကြသူ များနှင့် ခါတိုင်း လိုပင် စည်ကား နေ၏။
ထိုအချိန်မှာပင် ကလေးများ ထံမှ “ဟေး”ခနဲ အော်လိုက်သံကို ကြားရသည်။ ရှိသမျှ ကလေးများ အကုန်လုံး ဆော့ကစား နေရာမှ ရပ်တန့်ပြီး လမ်းအဝင်ဝ ဘက်ကို ပြေးသွား ကြသည်။ လမ်းထဲရှိ လူများ ကတော့ မြင်နေကျ မြင်ကွင်းမို့ မအံ့ဩကြ။ ရောင်စုံမီးလုံးများ သွယ်တန်း ထားပြီး ပတ်ပတ်လည်မှာ “လမင်းဝေဖာ ရေခဲမုန့်” ဟု ဆေးရောင်စုံ ရေးထားသော ကားတစ်စင်း လမ်းထဲကို ဝင်လာခြင်း ဖြစ်၏။ ထိုကားက လမ်းထဲသို့ လေးရက် တစ်ခါလောက် လာနေကျ။ ထိုကား လာတိုင်းလည်း လမ်းထဲ ရှိရှိသမျှ ကလေးများ အကုန် ပြေးလိုက်နေကျ ဖြစ်သည်။
“ကလေးတွေ လာကြ .. စားကြနော် .. ခဏချင်းမှာ လမင်းဝေဖာက ကုန်တော့မှာ …. ဝေဖာ ရေခဲမုန့်တွေ .. တစ်ခုမှ ငါးဆယ်တည်း … အလှစားရင်တန်အောင်ကောင်း … အဝစားရင်တော့ မကျန်အောင် ရောင်းပေးမယ့် လမင်းဝေဖာ တွေပါ”
ကားပေါ်မှ ရောင်းသူက ထိုသို့ ဝေဝေဆာဆာ အော်လိုက် သည်နှင့် ကလေးများ ကလည်း ထိုကားနား တွင်သာ ဝိုင်းအုံနေ ကြတော့သည်။ ကလေးများ ဖြစ်နေကြ တော့လည်း ဝယ်စား နိုင်သည် ဖြစ်စေ၊ ဝယ်မစား နိုင်သည်ဖြစ်စေ ထိုကား ပြန်မထွက်မချင်း တဝဲလည်လည် ဖြစ်နေကြ၏။ ခဏနေတော့ ဖိုးအောင်၏ စူးစူးဝါးဝါး ငိုသံနှင့်အတူ ရုန့်ရင်း ကြမ်းတမ်းသော ကြိမ်းမောင်းသံများ ထွက်ပေါ် လာသည်။ ထုံးစံအတိုင်း ဖိုးအောင် အရိုက်ခံရ ပြန်ပြီပေါ့။ ကျွန်တော် နေထိုင်သော လမ်းကလေး၏ စရိုက် သဘာဝကို သေချာ စဉ်းစားနေ မိပြန်သည်။

(၂)
ကျွန်တော် နေထိုင်သော လမ်းကလေးက လူတန်းစား စုံသည်။ လူနေမှု အဆင့်အတန်း မညီမျှ ဟုလည်း ပြော၍ ရသည်။ ကျွန်တော့် အိမ်၏ မျက်နှာချင်းဆိုင်က ဆရာဝန်ကြီးအိမ်။ ဒေါက်တာ မြင့်မောင်နှင့် ဒေါ်ထားထားဟု ဆိုလျှင် တစ်လမ်းလုံး သိကြသည်။ လင်မယား နှစ်ယောက်လုံး ရုပ်ရည် သန့်ပြန့်ပြီး စိတ်သဘောထားလည်း ကောင်းကြသည်။ သူတို့၏ သားလေး မျိုးဇော် ကလည်း တစ်လမ်းလုံး၏ အချစ်တော်။
သူတို့ ဘေးက အိမ်မှာတော့ ပွဲစား ကိုခင်တင့် နေသည်။ လူပျိုကြီး ဖြစ်ပြီး သူ့အလုပ် သဘာဝနှင့် မညီမျှစွာ ခပ်အေးအေးပင် နေတတ်သူ ဖြစ်၏။ ကျွန်တော့် ဘေးအိမ် ကတော့ ဖိုးအောင်တို့ မိသားစု နေသော အိမ်ဖြစ်သည်။ တစ်လမ်းလုံးမှာ အနွမ်းပါးဆုံး မိသားစုဟု ပြော၍ရသလို တစ်လမ်းလုံးတွင် ပူညံပူညံ အဖြစ်ဆုံး အိမ်ဟုလဲ ပြော၍ ရသည်။ ဖိုးအောင်၏ အဖေ လွင်မောင်က ဆိုက်ကား နင်းသည်။ ညနေစောင်း လောက်ဆိုလျှင် ဆက်မနင်းတော့။ ညဘက် ရောက်မှ မူးမူးရူးရူးနှင့် သိုင်းကွက်နင်းပြီး ပြန်လာသည်။ လမ်းထဲ မှာတော့ အော်ဟစ် ရမ်းကားခြင်း မပြု။ လွင်မောင် အိမ်ထဲရောက်ပြီ ဆိုလျှင် သူ့မိန်းမ မခင်အေးက သောင်းကျန်းပြီ။ သူကလည်း မူးမူးနှင့် ပြန်အော်သည်။ သူတို့ လင်မယား နှစ်ယောက် ရန်ဖြစ်ပြီ ဆိုလျှင်တော့ တော်ရုံလူပင် နားမခံနိုင် တော့ပေ။ ရုန့်ရင်းသော အဆဲအဆို မှန်သမျှကို အိမ်နီးနားချင်းများ နားဆင်ကြ ရတော့၏။ အဲဒီအဖြစ်က နေ့တိုင်းလိုလို ဆိုတော့ လမ်းထဲမှာ အဆူပူဆုံး အိမ်အဖြစ် တစ်လမ်းလုံးက တပြိုင်နက် သတ်မှတ် ထားကြ၏။
ထိုသို့ လူတန်းစား မညီမျှလှသော လမ်းကလေး အတွင်းမှာ နေသည့် ကျွန်တော်က စာရေးဆရာ ပီပီ အမြဲတမ်း အကဲခတ် နေမိ၏။ ထိုအထဲမှာ ကျွန်တော် စိတ်ဝင်စား တာက ဖိုးအောင်။ ဖိုးအောင်လေးက ခြောက်နှစ်သားလောက် ရှိပြီ။ သွက်လက် ချက်ခြာသော ကလေး ဖြစ်၍ ကျွန်တော်က ချစ်သည်။ စကားလည်း တတ်၏။ တစ်ခါက ကျွန်တော့်ကို မေးဖူးသည်။
“ဦးဦးက ဘာအလုပ် လုပ်တာလဲဟင်” တဲ့။
“ဦးဦးက စာရေးဆရာ ပေါ့ကွ” ဆိုတော့ သူက ထပ်မေးပြန်သည်။
“ဘာအကြောင်းတွေ ရေးတာလဲ” တဲ့။ ကျွန်တော် ကလည်း ကလေး မေးတာပဲ ဆိုပြီး “သူများတွေ ပြောပြ တာကို မှတ်ထားပြီး ဦးဦးက ပြန်ရေးတာ ပေါ့ကွ” ဟု ပြီးစလွယ်ပင် ဖြေလိုက် မိသည်။ အဲဒါကို သူက မှတ်ထားပုံရ၏။ နောက်နေ့က စပြီး ကျောင်းက ပြန်ရောက် သည်နှင့် ကျွန်တော့်အိမ်ဘက် ကူးလာကာ သူသိ ထားသော ပုံပြင်တွေ အကြောင်း ပြောကာ စာရေးခိုင်း တော့သည်။ တစ်နေ့တည်း မဟုတ်။ သူစိတ်ကူး ပေါက်တိုင်း ကျွန်တော့်ကို ပုံပြင်တွေ လာပြော ပြသည်။ ပုရွက်ဆိတ်နှင့် နှံကောင် အကြောင်းလည်း ပါ၏။ စင်ဒရဲလားနှင့် လူပုလေး များလည်း ပါ၏။ ဖိုးအောင်ကို ကြည့်ရတာ ကျွန်တော့်ကို အတော်ခင်တွယ်ပုံ ရသည်။ ကျွန်တော် ကလည်း ထိုကလေးကို သံယောဇဉ် ဖြစ်နေမိ၏။
အစ ပိုင်းက ကျွန်တော် ပြောခဲ့သလို “လမင်းဝေဖာ ရေခဲမုန့်” ရောင်းသည့်ကား လာတိုင်း ဖိုးအောင် အရိုက် ခံရသည်။ ဖြစ်ပုံက ထိုကား ရေခဲမုန့် လာရောင်းတိုင်း ကလေးတွေက ထိုကားနားမှာ အုံဖွဲ့ပြီး ရေခဲမုန့် ဝယ်စား ကြသည်။ ဖိုးအောင် ကလည်း ကလေးပီပီ စားချင်ရှာတော့ သူ့အမေကို ရေခဲမုန့် ဝယ်ကျွေးဖို့ ပူဆာသည်။ မိဘဆိုသည် ကလည်း ကိုယ့်သားသမီး ဆန္ဒကို ဖြည့်ဆည်း ပေးချင်ကြ သူတွေချည်းပဲ ဖြစ်၏။ သို့သော် တစ်နေ့စားဖို့ တစ်နေ့ အနိုင်နိုင် ရှာဖွေ နေရသော ဘဝပေး အခြေအနေ အရ ဝယ်မကျွေးနိုင်။
ဖိုးအောင် ကလည်း မုန့်မစား ရတော့ ကလေးပီပီ ဂျီကျသည်။ ထိုအခါ သူ့အမေက ပြော၍ မရကောင်းလား ဆိုကာ ဖိုးအောင်ကို တုတ်တစ်ချောင်း ဆွဲပြီး ရိုက်တော့သည်။ ပညာတတ် လူတန်းစားဖြစ်သော မိဘ ဆိုလျှင်တော့ ကလေးကို ရိုက်ချင်မှ ရိုက်ပေလိမ့်မည်။ “အမေတို့မှာ တစ်နေ့ စားဖို့တောင် တစ်နေ့ မနည်း ရှာရတာ … သားကို ဘယ်ဝယ်ကျွေး နိုင်ပါ့မလဲ သားရယ် .. အမေတို့လည်း ဝယ်ကျွေးချင် တာပေါ့” စသည်ဖြင့် ကလေး နားဝင်အောင် ပြောဆို ဆုံးမမည် ဖြစ်သည်။
ဖိုးအောင်၏ မိဘတွေ ကတော့ ဘဝပေး အခြေအနေ အရပင် ပညာမသင် ခဲ့ရတော့ သူတို့၏ ဘဝပေး အသိကလည်း ဆုံးမခြင်း ဆိုသည်မှာ ရိုက်နှက်သော နည်းလမ်းပင် ဖြစ်မည်ဟုသာ ထင်ကြသည်။ သို့သော် ဖိုးအောင်ကို ရိုက်နှက် ပြီးတိုင်း မခင်အေး မှာလည်း ဖိုးအောင် ထက်ပင် နာကျင် ခံစားရမည် ကတော့ သေချာ ပါသည်။


(၃)
ဘတ်စ်ကား ပေါ်က ဆင်းပြီး ကျွန်တော် နေသော လမ်းလေးထဲ လမ်းလျှောက်ပြီး ဝင်လာ ခဲ့သည်။ ညနေ (၄) နာရီ ကျော်ကျော် ဆိုတော့ နေစောင်းစ ပြုနေပြီ။ လမ်းထဲ ရောက်တော့ လမ်းလေး၏ ထုံးစံ ယဉ်ကျေးမှု အတိုင်း စကားဝိုင်းဖွဲ့ နေကြသော လူကြီး တွေရော၊ မြူးထူး ဆော့ကစား နေကြသော ကလေးတွေ ရောဖြင့် စည်ကား နေသည်ကို တွေ့ရ၏။ ဖိုးအောင် လေးလည်း ကလေးအုပ် ထဲမှာ ဝင်ရောက် ရောနှောပြီး ဆော့ကစား နေသည်။
ကျွန်တော့်ကို မြင်တော့ ဖိုးအောင်က ဆော့ကစား နေရာမှရပ်ပြီး ကျွန်တော့်ဆီ ပြေးလာသည်။ ကျွန်တော် ကလည်း အလိုက်သင့်ပင် သူ့လက်ကို ဆွဲပြီး လမ်းလျှောက် လာခဲ့၏။
“ဦးဦး ဘယ်က ပြန်လာ တာလဲ”
“မဂ္ဂဇင်းတိုက်က ပြန်လာတာပေါ့ သားရဲ့”
“သားပြောပြတဲ့ ပုံပြင်အကြောင်း ရေးပြီး သွားပို့တာလား”
“အေးပေါ့ကွ”
“ဒီနေ့လေ … လမင်းဝေဖာ လာမှာဦးရဲ့ သားက စောင့်နေတာ”
မြူးမြူးကြွကြွ ပြောလိုက်သော ဖိုးအောင် စကားကြောင့် ကျွန်တော် ရင်ထဲ မောသွားရ၏။ အို … မင်း ဒီနေ့တော့ အရိုက်ခံရဦးမှာပေါ့ ကလေးရယ်။ ဘာမှမသိသော ဖိုးအောင်လေး ကတော့ လမင်း ဝေဖာကား လာမှာကို ပျော်နေ၊ မျှော်နေ လေသည်။
အိမ်ထဲဝင်၊ ခဏနားပြီး ရေမိုးချိုးဖို့ ပြင်ဆင် နေတုန်းမှာပင် ဖိုးအောင်တို့ အိမ်က “စီ”ကနဲ အသံ ကြားလိုက် ရသည်။ ဒါက ပထမပွဲ ဖြစ်လိမ့်မည်။ လွင်မောင်နှင့် မခင်အေး ထုံးစံအတိုင်း ရန်ဖြစ်နေ ကြပြန်ပြီ။ ခါတိုင်းထက် ပိုမို ရုန့်ရင်း ကြမ်းတမ်းသော ဆဲဆိုသံ များကို ကြားလိုက်ရ ကတည်းက အရင်နေ့ တွေထက် ပိုဆိုးသော ရန်ပွဲမှန်း ကျွန်တော် သိလိုက်သလို ဖိုးအောင်လေး အတွက်လည်း စိုးရိမ်နေမိ ပြန်သည်။ ယနေ့ လမင်း ဝေဖာကား မလာပါစေနဲ့ ဒါမှမဟုတ် ဖိုးအောင် မုန့်ဝယ်ကျွေးဖို့ မခင်အေးကို မပူဆာပါစေနဲ့ဟု ကျွန်တော် ဆုတောင်း နေမိ၏။
ကျွန်တော် အဝတ်အစား လဲပြီး အိမ်ရှေ့ ထွက်လာ ခဲ့သည်။ ရန်ပွဲက မပြီးသေး။ အမြဲ ဖြစ်နေကျ ကိစ္စတွေမို့ ကျွန်တော်လည်း အထူး ဂရုစိုက် မနေတော့ဘဲ ဆည်းဆာ အလှကိုသာ ခံစားနေ လိုက်တော့သည်။ ဝင်လုဆဲဆဲ နေ၏ ဖျော့တော့တော့ အရောင်က လမ်းကလေးပေါ် ညွှတ်ကျ နေပုံမှာ အလွန်ပင် ကြည့်ကောင်း၏။ ဆည်းဆာရောင် ထဲတွင် ဘယ်လောက် အထိ နစ်မြော နေမိသည် မသိ။ သံစုံတီးလုံး များဖြင့် ခန့်ခန့်ညားညား ဝင်လာသော “လမင်းဝေဖာ ရေခဲမုန့်” ကားကို မြင်မှ စိတ်က ခန္ဓာကိုယ်ထဲ ပြန်ရောက်သည်။
“ကလေးတွေ လာကြ .. စားကြနော် .. ခဏချင်းမှာ လမင်းဝေဖာက ကုန်တော့မှာ …. ဝေဖာ ရေခဲမုန့်တွေ .. တစ်ခုမှ ငါးဆယ်တည်း … အလှစားရင် တန်အောင်ကောင်း … အဝစားရင်တော့ မကျန်အောင် ရောင်းပေးမယ့် လမင်းဝေဖာ တွေပါ”
ကားပေါ်မှ လူက မိုက်တစ်လုံးဖြင့် ဝေဝေဆာဆာ မြူးမြူးသွက်သွက် အော်လိုက် သည်နှင့် ကလေးတွေ အကုန်လုံး ထိုကား နားမှာ စုပြုံတိုးဝှေ့ ကုန်ကြ တော့သည်။ ဖိုးအောင်လည်း ထိပ်ဆုံးမှ ပါ၏။ ခဏ နေတော့ ဖိုးအောင်က ရေခဲမုန့် ဝယ်ကျွေးဖို့ ပူဆာရန် သူ့အိမ် ရှိရာသို့ ပြေးလာ လေသည်။ သူ အရိုက်ခံ ရတော့ မည်မှန်း ကျွန်တော် သိသည်။ မခင်အေး ခုနက ရန်ဖြစ်ထားသော အရှိန်ဖြင့် ဒေါသပြေဦးမည် မဟုတ်။ ဖိုးအောင် အရိုက်မခံရ စေရန် သူ့ကို ကျွန်တော် မုန့်ဝယ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။
“ဖိုးအောင် ….. ဖိုးအောင်”
ကျွန်တော် ဖိုးအောင်ကို ခပ်သွက်သွက် လှမ်းခေါ် လိုက်သည်။ သို့သော် သူ့ဇောနှင့်သူ၊ ကျွန်တော် အတန်တန် ခေါ်သည်ကို မကြားဘဲ ဆက်ပြေး သွားသည်။ ကျွန်တော်လည်း မတတ်နိုင်သည့် အဆုံး သက်ပြင်း တစ်ချက်ကိုသာ ခပ်တွဲ့တွဲ့ ချမိသည်။

(၄)
“ရွှမ်း …… ရွှမ်း”
“ကဲဟာ ဒီလောက်တောင် အလိုက်ကန်းဆိုး မသိတဲ့ကောင် အမြဲတမ်း အရိုက်ခံရတာလည်း အမှတ် မရှိဘူး”
“အီး … အီး …. ကြောက်ပါပြီအမေရဲ့ ဟီး”
ဖိုးအောင်၏ ကြောက်လန့်တကြား ငိုယိုသံနှင့် မခင်အေး၏ ရိုက်နှက် အော်ဟစ်သံက ဆင့်ကဲဆင့်ကဲ။ ကျွန်တော် ဖိုးအောင်လေးကို သနားမိသည်။
“ဒီလောက် စားချင်တဲ့ ဝေဖာကို ငါဝယ်ကျွေးမယ် ဟုတ်လား စားရင်စားပေါ့ မစားရင် ငါနဲ့တွေ့မယ်”
ဖိုးအောင်ကို ကြိမ်းမောင်း ဆဲဆိုရင်းမှပင် မခင်အေး အိမ်ရှေ့ လမ်းမပေါ် ရောက်လာသည်။ ပြီးတော့ “လမင်းဝေဖာ” ကားရှိရာသို့ ဒေါသတကြီး လျှောက်သွား လေသည်။ မခင်အေး ပြန်လာတော့ သူ့လက်ထဲမှာ ဖိုးအောင် အလွန် စားချင်ရှာသော ဝေဖာရေခဲမုန့် သုံးလေးခု ပါလာလေသည်။ အိမ်ထဲသို့ မခင်အေး ဝင်သွားပြီး မကြာခင် မှာပင် အသံများ ပြန်ထွက်လာ ပြန်သည်။
“စားခိုင်းနေတာ စားလေ …. ကဲဟယ် စားစမ်း …. ရော့ စား”
ဖိုးအောင်က မစား။ ကြမ်းပေါ်မှ ဝေဖာမုန့် တွေကိုသာ စူးစူးစိုက်စိုက် ကြည့်ရင်း ရှိုက်ငင် နေ၏။ မခင်အေးက ထပ်၍ ရိုက်သော်လည်း မငိုတော့။ သူ၏ အကြည့် မှာလည်း ဝေဖာမုန့် တွေပေါ်မှ လွှဲဖယ် မသွား။ ကျွန်တော် ဖိုးအောင်၏ ထူးထူးဆန်းဆန်း ပုံစံကို ကြည့်ပြီး ကြောက်လာ မိ၏။ အခြေအနေ ပိုဆိုး မသွားခင် ကျွန်တော် ဝင်ရောက် တားဆီးရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် ထင်မှတ် မထားသော အဖြစ်အပျက်က ဖြစ်လာ၏။
ဝေဖာမုန့်များကို ဝေခွဲမရသော အကြည့်ဖြင့် ကြည့်နေရာမှ “ဝုန်း”ကနဲ ထကာ လမ်းပေါ်သို့ ဖိုးအောင် ဆင်းပြေး သွားခြင်း ဖြစ်သည်။ ကျွန်တော့် ကိုလည်း ဂရုမပြု၊ မခင်အေး၏ “ဟဲ့ …. ဘယ်ကို ထသွား တာလဲ သေချင် ပြန်ပြီလား” ဟူသော အသံ ကိုလည်း သူကြားတော့ပုံ မပေါ်ပေ။ ဖိုးအောင်ကို ပြန်လိုက်ခေါ်ဖို့ ကျွန်တော် လမ်းပေါ်သို့ လိုက်လာခဲ့၏။ မခင်အေးကလည်း ကျွန်တော့် နောက်မှာ ပါလာသည်။
“လမင်းဝေဖာ” ကားနောက်သို့ ဖိုးအောင် ပြေးလိုက် သွားပုံပေါ်၏။ ဘာရည်ရွယ်ချက် မှန်းတော့ မသိ။ တရွေ့ရွေ့ ထွက်သွားသော ကားက လမ်းမဘက်သို့ ကွေ့ရန် ဟန်ပြင်နေ၏။ ပြေးလိုက် သွားသော ဖိုးအောင် ကလည်း လမ်းထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ဖိုးအောင်၏ ရည်ရွယ်ချက်ကို မသိ၍ ကျွန်တော်လည်း ဇဝေဇဝါ နှင့်ပင် အပြေး လိုက်သွား မိ၏။
လမ်းမပေါ် ကွေ့သွားသော ကားနောက်သို့ ဆက်လိုက်ရန် ဖိုးအောင် လမ်းမပေါ်သို့ ပြေးတက် လိုက်၏။ ထိုစဉ်မှာပင်
“ဝုန်း”
“အား……..”
“အမလေး….. သေပါပြီ”
“သား ……………..”

(၅)
တစ်လောကလုံး ငြိမ် သက် မှောင် မဲ။ ငိုရှိုက်သံ သဲ့သဲ့များ ……။ အနားမှာ ရှိသော အနိဌာရုံ အတွက် စုတ်သပ်သံများ ……။ ပြန်မပြင် နိုင်တော့သော မကောင်းဆိုးဝါး စက္ကန့် အနည်းငယ် …….။ မြေပြင်က စုပ်ယူ မသွားနိုင် သေးသော ရဲရဲစွေးစွေး အနီရောင်များ …….။ ထိုအရာများ မှအပ ကျန်သည့် အရာအားလုံး အသက်မဲ့ သွားသလို ထင်ရ၏။ မခင်အေးကတော့ သွေးအိုင်ထဲ လဲနေသော ဖိုးအောင်ကို ပွေ့ဖက်ကာ ငိုကြွေး နေ၏။ နောက်ကျ ခဲ့သော ခြေလှမ်းအနည်းငယ် အတွက် ကျွန်တော် မျက်ရည်ဝဲ နေရုံသာ တတ်နိုင် ပါသည်။
ခံစားနာကျင်သော ဝေဒနာကို အံတု၍ ဖိုးအောင်၏ မျက်လုံး လေးတွေ ပွင့်လာ သော်လည်း မျှော်လင့်ချက် မရှိနိုင် တော့သော နောက်ဆုံး အချိန်မှန်း အားလုံး သိလိုက် ကြသည်။ ဖိုးအောင်၏ မျက်လုံးလေး တွေက နာကျည်း မုန်းတီးသည့် အရိပ်အယောင် ခပ်ဖျော့ဖျော့ ထင်နေ၏။
“သား …. သား …. လမင်းဝေဖာ …. ကို …. မုန်းတယ်”
အားယူ ပြောလိုက်သော စကား အဆုံးမှာ ဖော်မပြတတ်သော ခံစားမှု တစ်မျိုးနှင့် ကျွန်တော် နာကျင် သွားရ၏။ ဖိုးအောင် ကတော့ ငြိမ်သက်နေပြီ ဖြစ်လေသည်။ မင်းရဲ့ အမုန်းစိတ် ကပဲ မင်းရဲ့ အသက်ကို ယူသွား တာပါ ကလေးရယ်။ မခင်အေး၏ ယူကျုံးမရ ငိုသံက သူမ၏ မျက်ရည်စတွေ နှင့်အတူ လွင့်ကြွေ လာပြန်၏။
“သား …. သား …. အမေ နောက်ကို သေချင်လို့လားလို့ မပြောတော့ပါဘူး သားရယ် ….. သားကိုလေ … ရိုက်လည်း မရိုက်တော့ဘူးနော် ….. သိလား …. အိမ်ပြန်ကြရအောင် သားလေးရယ် …. ထ … ထ”
ဆို့နင့်နေသော မျက်ဝန်းတွေ၊ လှုပ်ရှားမှုတွေ ကြားမှာ ဖိုးအောင် တစ်ယောက်သာ ငြိမ်းချမ်း နေမည် ထင်၏။ ကျွန်တော့် ကြေကွဲမှုနှင့် မခင်အေး၏ ဆို့ဆို့နင့်နင့် အသံတို့က တစ်ထပ်တည်း ……
“သားလေးရေ ….. ထတော့လေ အိမ်ပြန် ကြရအောင် နေဝင်နေပြီ သားရဲ့”

(၆)
နေဝင်စ ပြုနေပြီ ဖြစ်ပါသည်။ နေမင်း ကတော့ ဘယ်သူ့ကိုမှ မငဲ့ကွက်ပဲ တစ်နေကုန် ပေးထားသော အပူငွေ့နှင့် အလင်းကို ရုပ်သိမ်း နေ၏။ ခဏနေ အမှောင် ထုတွေ အလုံးအရင်း ဝင်ရောက် လာတော့မည်။ နောက်ဆုံး ကျန်သော ဖျော့မှုန်မှုန် ဆည်းဆာရောင် အောက်တွင်တော့ ကျန်ရစ်ခဲ့သူတွေနှင့် ထွက်ခွာ သွားသူတို့ နှုတ်ဆိတ် ငြိမ်သက် နေဆဲ …….။ နေဝင်တော့မည် ဖြစ်ပါသည်။

(၂၀၀၈ ခုနှစ်က ရေးသားခဲ့ဖူးသော ဝတ္ထုတိုအဟောင်းလေး …)
သူရဿဝါ
ဒီဇင်ဘာ ၅ ရက် ၊ ၂၀၁၁ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.twitter.com/Thurathawah
www.facebook.com/LiteraryArtBlog
www.moba4all.org

3 comments

  • ရွှေအိမ်စည်

    August 30, 2011 at 9:46 pm

    ဝေဖာဖီလင်လေးပေါ့…..သူရဿဝါ..

    သရော်စာတွေ ပိုကြိုက်တယ်…အဲ ့ဒိ့လိုင်းပိုလိုက်တယ်….

  • မီးမီး သော်

    August 31, 2011 at 1:36 pm

    ဟုတ်တယ်နော် မမရွှေအိမ်စည်ပြောတာလေ ကိုသူရဿဝါရေ။အရမ်းမိုက်ပါတယ်။

  • Shwe Ei

    August 31, 2011 at 3:57 pm

    ဝေဖာဝယ်ကျွေးမယ့်လူကလဲ ဆုံးဖြတ်ချက်ချတာနှေးလွန်းတယ်ဗျာ။ ရေးထားတာတော့ ဖတ်လို့ကောင်းပါတယ်။

Leave a Reply