မော်ဒန် ခံစားမှုနှင့် မြန်မာ့ဂန္ထဝင် ဧရာဝတီ

Nan ShinAugust 30, 20111min1183


ချစ်ပြီးမှတော့

၁။

အနူးညံ့ဆုံး မိန်းမကြမ်း
တယောက်ရဲ ့ရင်ခွင်ဟာ
ငါ့အတွက်
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာအလား။
တနေ ့မှာ
ရော်ရွက်ဝါတို ့ရဲ ့
တမ်းချင်းကို
ဖရုသဂီတဆန်ဆန့်
ဝိုင်းဖွဲ ့သီဆိုကြလိမ့်မယ်။
ဒါပေမဲ့…..မင်းနဲ ့ငါ
ကန္တာရ ဆူးချုံတွေလို
ကျင့်သုံးခဲ့ကြ။
ဘာဘဲဖြစ်ဖြစ်လေ
နောက်ဆုံးရဲ ့အဆုံးသတ်မှာ
ဒို ့…………….
ဂူတလုံးထဲမှာ အတူပုန်းဖို ့
ဆုံးဖြတ်ခဲ့ပြီပဲ။ ။

အထက်ပါကဗျာလေးကို ကျနော်ရေးခဲ့တာကြာပါပြီ။သုံးနှစ်လောက်ရှိခဲ့ပြီ။ဟိုလှန်ဒီလှောနဲ့ချောင်ကျ
ကျကျတစ်နေရာကနေပြန်တွေ့လို့ ဖေ့စ်ဘွတ်မှာရော ကျနော့်ဘလော့မှာရော ကျနော်ဝင်ထားတဲ့
နင်းဆိုဒ်တွေမှာရော နေရာအတော်များများမှာ တင်ပြခဲ့ပါတယ်။နားလည်သဘောကျနှစ်ချိုက်သူအချို့
ရှိသလို နာမလည်သူများလည်းရှိပါတယ်။တချို့ကတော့နားမလည်တဲ့အပြင် ပဏ္ဍုကမ္ဗလာမြကျောက်
ဖျာဆိုတာ ဘုရားရှင်ထိုင်တော်မူတဲ့ပလ္လင်ဖြစ်လို့ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီလိုမရေးသင့်ပါဘူးလို့ပြောသူ
ကလည်း ပြောလာပါတယ်။အဲ့ဒိလိုပြောကတည်းက ကျနော့်စာကိုသူဖတ်တယ်ဆိုတာ သိတဲ့အတွက်
ဝမ်းသာရပါတယ်။ဒါပေမဲ့ လွဲမှားစွာနားလည်မှုနဲ့ ခံစားမှုမျိုးကိုမဖြစ်စေချင်တာကတစ်ကြောင်းနဲ့ကျ
နော့်ရဲ့ကဗျာပေါ်ခံစားပုံ နားလည်ပုံဖွဲ့ဆိုပုံလေးတွေကို အနည်းငယ်တင်ပြချင်တဲ့အတွက် အထက်ပါကဗျာလေးကိုခံစားပြချင်ပါတယ်။အမှန်ကတော့ဒီကဗျာလေးကိုဝတ္ထု
ရေးဖို့ဇာတ်လမ်းအတိုလေးအနေနဲ့ခဏအတိုကောက်ရေးမှတ်ထားတာပါ။အခွင့်မသာသေးလို့ကဗျာ
ကနေ ဝတ္ထုအဆင့်ထိမရောက်နိုင်ခဲ့သေးတာပါ။
၂။
အနူးညံ့ဆုံး မိန်းမကြမ်း
တယောက်ရဲ ့ရင်ခွင်ဟာ
ငါ့အတွက်
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာအလား။
အဲ့ဒိအပိုဒ်မှာ ကောင်လေးကသူ့ချစ်သူကို အနူးညံ့ဆုံးမိန်းမကြမ်းလို့သုံးနှုန်းထားပါတယ်။ကောင်မ
လေးက ကောင်လေးထက်အနည်းငယ်အသက်ကြီးပါတယ်။ကောင်မလေးကကောင်လေးကို သဝန်
တိုပြီး ဟိုမသွားရဒီမသွားရ၊ဟိုလူနဲ့မပေါင်းရ ဒီလူနဲ့မပေါင်းရစသည်ဖြင့်အမြဲတန်းချုပ်ချယ်လေ့ရှိပါ
တယ်။ကောင်လေးကလည်း ဂျစ်ကန်ကန်ပေကပ်ကပ်ဆိုတော့ ပြဿနာတွေမကြာမကြာဖြစ်ပါတယ်။
ဖြစ်တိုင်းလဲ ကောင်လေးပဲခံနေရပါတယ်။ဒါကြောင့်အနူးညံ့ဆုံးမိန်မကြမ်းလို့သတ်မှတ်လိုက်တာပါ။
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာဆိုတာ သိကြားမင်းထိုင်တဲ့ပလ္လင်ပါ။ဘုရားထိုင်တဲ့ပလ္လင်မဟုတ်ပါဘူး။
အဲ့ဒိပလ္လင်က ကျောက်ဖျာကြီးဆိုတော့ မာကျောပါတယ်။ဒါပေမဲ့ မြဆိုတော့ တန်ဖိုးကြီးမားတယ်၊
ထယ်ဝါတယ်၊ခံ့ညားတယ်၊အတိုင်းထက်အလွန်ခမ်းနားတယ်။ကောင်မလေးရဲ့ရင်ခွင်ကို အဲ့ဒိကျောက်
ဖျာဆိုတဲ့ပလ္လင်ကြီးနဲ့တင်စားလိုက်တာပါ။ပလ္လင်မှာထိုင်သူဟာ တန်ခိုးစွမ်းအားကြီးမားတဲ့သိကြားမင်း
ဖြစ်သလို ရင်ခွင်မှာခိုဝင်သူကောင်လေးဟာလဲ အလိုလိုနေရင်းစွမ်းအားတွေတိုးပွားလာသလိုခံစား
ရကြောင်းရေးဖွဲ့ထားတာပါ။

တနေ ့မှာ
ရော်ရွက်ဝါတို ့ရဲ ့
တမ်းချင်းကို
ဖရုသဂီတဆန်ဆန်
ဝိုင်းဖွဲ ့သီဆိုကြလိမ့်မယ်။
ကောင်လေးနဲ့ကောင်မလေးက ရုပ်ရည်အားဖြင့်လဲ အသင့်တင့်သာရှိကြသူတွေပါ။ချစ်ခြင်းအားဖြင့်လဲ
ထူးထူးခြားခြားမဟုတ်ပါဘူး။သူလိုကိုယ်လို သာမညချစ်ကြသူတွေပါ။သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်
လမ်းဟာ ဘာခမ်းနားထည်ဝါမှုမှမရှိပါဘူး။ကောင်လေးကဆင်းရဲတယ်။ကောင်မလေးကချမ်းသာ
တယ်။ကောင်လေးကအသက်ငယ်တယ်။ကောင်မလေးက နည်းနည်းအသက်ပိုကြီးတယ်။ကောင်လေး
ကတော့ကြီးမားတဲ့ရည်မှန်းချက်တစ်ခုကိုလျောက်လှမ်းနေတယ်၊ရောက်လုရောက်ခင်လည်းဖြစ်နေပြီ။
ကောင်မလေးကတော့ဘာရည်မှန်းချက်ဘာရည်ရွယ်ချက်မှမရှိပါဘူး။သူ့မှာက ပစ္စည်းဥစ္စာပြည့်စုံပြီး
သားပဲလေ။သူူတို့ဟာ မထင်မှတ်ပဲတဒင်္ဂအတွင်းမှာ တွေ့ပြီးချစ်ကြိုက်သွားတယ်။ချစ်တယ်ဆိုတဲ့နေ့
မှာပဲ လက်ထပ်ပေါင်းသင်းအတူနေထိုင်လိုက်ကြတယ်။
အဲ့ဒါကိုပဲကောင်မလေးဘက်ကသူတွေက ကောင်လေးကိုပိုင်းလုံးလို့သတ်မှတ်
တယ်။ကောင်လေးဘက်က သူတွေကလည်းကောင်မလေးကိုစီးပွားရေးသမားဆိုတော့တွက်ကိန်းနဲ့
လုပ်ချသွားလိုက်တာလို့ပြောဆိုကြတယ်။အဲ့ဒါကိုပဲ ရော်ရွက်ဝါလို့တင်စားလိုက်တယ်။
ခုမြင်ခုကြိုက်ခုုလိုက်ဆိုတော့လဲ ကြောင်ခံတွင်းပျက်နဲ့ဇရက်တောင်ပံကျိုးစသည်ပြောဆိုကြမယ်။
အတင်းတုတ်ကြမယ်ပေါ့။အဲ့ဒါကိုပဲ ဖရုသဂီတဆန်ဆန်ဝိုင်းဖွဲ့သီဆိုကြလိမ့်မယ်လို့ရေးထားတာပါ။

ဒါပေမဲ့…..မင်းနဲ ့ငါ
ကန္တာရ ဆူးချုံတွေလို
ကျင့်သုံးခဲ့ကြ။
ကန္တာရဆူးပင်တွေဟာ နေရာတိုင်းမှာမပေါက်ပါဘူး။နေရာရွေးပါတယ်။နောက်ပြီးအဲ့ဒိအပင်တွေထဲကို
တိုးဝင်သွားတဲ့လူဟာ အဆူးစူးခံရပါလိမ့်မယ်။ကောင်လေးနဲ့ကောင်မလေးဟာ ဘယ်သူ့ဘယ်သူ
ကိုမှအလွယ်တကူချစ်ကြိက်ခဲ့ခြင်းမရှိပဲ သူတို့အချင်းချင်းတွေ့မှချစ်ကြိုက်သွားကြတယ်။အခုလဲသူ
တို့နှစ်ဦးကြားကိုဝင်တဲ့သူဟာ နာကြင်မှုတစ်ခုခုကိုသာရသွားလိမ့်မယ်လို့ဆိုတာပါ။

ဘာဘဲဖြစ်ဖြစ်လေ
နောက်ဆုံးရဲ ့အဆုံးသတ်မှာ
ဒို ့…………….
ဂူတလုံးထဲမှာ အတူပုန်းဖို့
ဆုံးဖြတ်ခဲ့ပြီပဲ။ ။
ဒါလေးကတော့ရှင်းပါတယ်။သူတို့ကြားကိုဝင်တဲ့သူဟာ ဒဏ်ရာအနာတရခံစားသွားရတာဟာ အခြား
ကြောင့်မဟုတ်ပါဘူးတဲ့။သူတို့ဟာ တသက်တာလက်တွဲဖို့ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့အတွက်
ကြားလူတွေရဲ့ပြောစကားတွေနားယောင်နေမှာမဟုတ်ဘူးလို့ ခံစားတင်ပြထားတာပါ။
၃။
အနူးညံ့ဆုံး မိန်းမကြမ်း
တယောက်ရဲ ့ရင်ခွင်ဟာ
လူငယ်တစ်ယောက်က သူရပ်သူရွာ သူဇာတိမြေကို တိုင်တည်ပြီး စကားပြောနေတယ်။လူငယ်လေး
နေတဲ့ သူ့ရဲ့ဇာတိမြေမှာ ငြိမ်းချမ်းရေးရဲ့ နိမိတ်ပုံဖြစ်တဲ့ ဗုဒ္ဓသာသနာတော်လည်းထွန်းကားတယ်။
ကောင်းမွန်တဲ့ရေခံမြေခံနဲ့လှပတဲ့ရှုခင်းတွေလည်းရှိတယ်။ရွှေငွေနဲ့ကျောက်သံပတ္တမြားလည်းပေါများ
တယ်။သင့်တင့်လျှောက်ပတ်တဲ့ ရာသီဥတုလည်းရှိတယ်။ဆန်စပါးနဲ့ကောက်ပဲသီးနှံလည်းအ
ထွက်ကောင်းသလို ကျွန်းသစ်၊ရွှေဖြူရွှေမဲစသည်တွေဟာလည်း နောင်လာနောက်သား စားမကုန်
အောင်ပေါများတယ်။သူ့ရဲ့ဇာတိမြေမှာထွက်သမျှပစ္စည်းတွေဟာ သူတို့ဇာတိမြေဖွားညီအကိုများအ
တွက် စားမကုန်သောက်မကုန်အောင်ရှိပြီးသားလို့ခံစားရတယ်။ဒါပေမဲ့ ဒီအရာတွေအားလုံးကို
ဘယ်သူမှကောင်းကောင်းမွန်မွန်စားသုံးလို့မရတော့အောင်ဖျက်ဆီးနေတဲ့ စနစ်ကြီးတစ်ခုကလည်းရှိ
နေတယ်။အဲ့ဒါကိုပဲ အနူးညံ့ဆုံးမိန်းမကြမ်းတစ်ယောက်ရဲ့ရင်ခွင်လို့ဖွဲဆိုလိုက်တယ်။

ငါ့အတွက်
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာအလား။
ဘယ်လောက်ပဲ ဆင်းရဲမှုတွေနဲ့ပြည့်နှက်နေပါစေ၊ဘယ်လိုစနစ်ဆိုးကပဲ တိုက်ခိုက်ဖျက်စီးနေပါစေ
ဘယ်ရပ်ဘယ်ရွာဘယ်ဒေသဘယ်တိုင်းနိုင်ငံကိုမှသူ့ရပ်သူ့ရွာသူ့ဇာတိမြေလောက်တန်ဖိုးထားနှစ်သ
က်ခြင်းမရှိပါဘူးတဲ့။သူ့ရဲ့ဇာတိမြေမှာ လူဖြစ်ရတဲ့အတွက် သူအမြဲတန်းဂုဏ်ယူနေပါတယ်တဲ့။

တနေ ့မှာ
ရော်ရွက်ဝါတို ့ရဲ ့
တမ်းချင်းကို
ဖရုသဂီတဆန်ဆန်
ဝိုင်းဖွဲ ့သီဆိုကြလိမ့်မယ်။
ကောင်လေးဟာ စနစ်ဆိုးကြီးတစ်ခုရဲ့ဖျက်ဆီးနှိပ်စက်ခံနေရတဲ့သူ့ကိုယ်သူနဲ့သူ့ရဲ့ဇာတိမြေကမ္ဘာ့အလည်မှာ
မဝင့်ထည်နိုင်တဲ့အတွက် ရော်ရွက်ဝါလို့တင်စားလိုက်ပြန်တယ်။တနည်းအားဖြင့် စနစ်ဆိုးကြီးကိုတိုက်ဖျက်နေ
တဲ့သူကိုယ်တိုင်နဲ့သူ့ရဲ့ရဲဘော်ရဲဘက်တွေဟာ အမြဲတန်းအညတြအဖြစ်နဲ့အသက်သွေးချွေးတွေကိုပေးဆပ်
နေကြတယ်။အဲ့ဒိလိုပေးဆပ်ရင်းနဲ့ပဲ သူတို့ရဲ့ရင်ထဲကစကားတွေကို စနစ်ဆိုးကြီးရဲ့ပိုင်ရှင်တွေက
ခပ်ကြမ်းကြမ်းတုံ့ပြန်ဆက်ဆံပြောဆိုနေလိမ့်မယ်။ကဲ့ရဲ့ရှုံချပစ်တင်နေလိမ့်မယ်။သူတို့ကိုလူဆိုးစာရင်းထဲ
အရောက်ပို့ကြလိမ့်မယ်တဲ့။

ဒါပေမဲ့…..မင်းနဲ ့ငါ
ကန္တာရ ဆူးချုံတွေလို
ကျင့်သုံးခဲ့ကြ။
စနစ်ဆိုးကြီးရဲ့ပိုင်ရှင်တွေက သူတို့ကိုဘယ်လိုပဲ ဖျက်ဆီး နှောင့်ရှက်သတ်ဖြတ်ပြီးနိုင်ထက်ကလူပြု
နေပါစေ တောင့်ခံထားမယ်။လူသာသေရင်သေမယ် ယုံကြည်ချက်မသေဘူး…လို့သူကဆိုပါတယ်။

ဘာဘဲဖြစ်ဖြစ်လေ
နောက်ဆုံးရဲ ့အဆုံးသတ်မှာ
ဒို ့…………….
ဂူတလုံးထဲမှာ အတူပုန်းဖို ့
ဆုံးဖြတ်ခဲ့ပြီပဲ။ ။
ခေါင်းစဉ်က ချစ်ပြီးမှတော့ (ဒီတိုင်းဒီမြေဒီရေနဲ့ဒီလူတွေကိုချစ်ပြီးမှတော့)ဆိုတာကို ရောပေါင်းပြီးတော့ သူနဲ့သူ့ရဲ့မွေးရပ်ဇာတိမြေ(သို့)သူ့ရဲ့ရဲဘော်ရဲဘက်တိုက်ဖော်တိုက်ဖက်တွေဟာ ဒီစနစ်ကြီးကို ဒီမြေမှာပဲဒီလူတွေနဲ့အတူတိုက်ရင်း သေလဲအတူ နေလဲအတူ ညီညီညွတ်ညွတ် ဒီစနစ်ဆိုးကြီး မပျောက်မခြင်း မပျက်မစီးမခြင်း ရှေ့ဆက်ချီတက်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဖြစ်ချင်ရာဖြစ် နောက်မဆုတ်ကြေးလို့ပြောလိုက်ခြင်းဖြစ်ပါတယ်။
၄။
အနူးညံ့ဆုံး မိန်းမကြမ်း
တယောက်ရဲ ့ရင်ခွင်ဟာ….
ကမ္မဋ္ဌာန်းတရားကို စီးဖြန်းပွားများဆဲဖြစ်သော ယောဂီတစ်ဦး၏ တည်ငြိမ်မှုသမာဓိစိတ်အစဉ်ကို
ဖြတ်သမ်း၍ ဝိတက်သည် မင်းမူလာ၏။ထို့ကြောင့်ဝိတက်သည် သူ၏အလုပ်ဖြစ်သော ဟိုဟို ဒီဒီ
စဉ်းစားခြင်းတွေးခေါ်ခြင်းအလုပ်ကို ဆက်လုပ်၏။ငါသည်ရခဲလှသော လူ့ဘဝကိုကြီး ပိုင်ပိုင်နိုင်နိုင်
ရရှိခဲ့ပေပြီ။လူ့ဘဝသည် မြို့လယ်မှ ကားမှတ်တိုင်တစ်ခုနှင့်တူ၏။၎င်းမှတ်တိုင်သို့
လိုင်းပေါင်းစုံကားများရောက်သည်ဖြစ်၍ လိုရာသွားနိုင်သကဲ့သို့ရခဲလှစွာ ငါ့ဘဝလူ့
အဖြစ်သည်လည်း နတ်ပြည်ခြောက်ရွာသို့သော်လည်းကောင်း၊ဗြဟ္မာ့အိမ်ရာ ဆယ့်ခြောက်နေရာသို့
သော်လည်းကောင်း လိုရာတက်လှမ်း အခွင့်လမ်းလည်းရှိ၏။ထိုသို့လူ့ဘဝ လူ့ဌာနသို့ ရရှိ ရောက်ရှိ
ရသည်အပြင် ကံထူးလှစွာ မြတ်ဘဂဝါ၏ ပွင့်ရာကာလ တိုးခဲ့ရ၍ ထပ်လောင်းကံကြမ္မာ ထူးခဲ့ပါ၏။
ထို့ပြင်တဝ မြတ်ဗုဒ္ဓရဲ့ သာသနာရောင်ဝါ ထွန်းလင်းပါတဲ့ တိုင်းရပ်ဌာနီ မြန်မာပြည်ကြီးမှာလည်း
လူဖြစ်ခွင့်ရခဲ့ပါရဲ့။ဒါပေမဲ့လည်း ငါတန်ဖိုးထားမြတ်နိုးလှပါတယ်ဆိုတဲ့ ဒီခန္ဓာကိုယ် အစုဟာဖြင့်
ဆံပင်၊မွှေးညင်း၊ခြေသည်း၊လက်သည်း၊သွား၊အရည် စသည်ဖြင့်အနှစ်သာရမဲ့လှစွာသော သုံးဆယ့်
နှစ်ကောဋ္ဌာသ အစုမျှသာဖြစ်ပါတကား။ရေ၊မီး၊မင်း၊ခိုးသူ၊မချစ်မနှစ်သက်သောသူဟု ဆိုအပ်သော
ရန်သူမျိုးငါးပါးသည်လည်း အခွင့်သာတိုင်း ဒုက္ခပေးဖို့စောင့်ကြည့်ခံနေရသည့် ဘဝကြီးပါလား။
ဆယ့်တစ်ပါးသောမီးတို့သည်၏ စက္ကန့်မခြားလောင်ကျွမ်းသတ်ဖြတ်ခြင်းကိုလည်းခံနေရပါသလား။
စသည် စသည်ဖြင့်ယောဂီ၏ ဝိတက်အစဉ်ဖြစ်ပေါ်မှုကိုစောင့်ကြည့်သုံးသပ်ချက်ကိုပင် အနူးညံ့ဆုံး
မိန်းမကြမ်းဟု မှည့်ခေါ်လိုက်သည်။တစ်နည်းအားဖြင့် ယောဂီသည် သူ၏သုခ ဒုက္ခရောပြွန်းသော
ဘဝကို အနူးညံ့ဆုံးမိန်းမကြမ်းဟု ကဗျည်းထိုးလိုက်၏။

ငါ့အတွက်
ပဏ္ဍုကမ္ဗလာမြကျောက်ဖျာအလား။
၎င်းယောဂီသည် မိမိကိုယ်တိုင်တရားမရသေးသည်ဖြစ်သည့်အတွက် ဤခန္ဓာအစုသည် အပုတ်
ကောင်အား ရုပ်ဆောင်ထားခြင်းမျှဖြစ်သည်ဟု သုတမယဉာဏ်၊စိန္တာမယဉာဏ်တို့ဖြင့်
သိ၏။သို့သော် ဘာဝနာမယဉာဏ်ဖြင့်ကားမသိသေး။သူ၏အသိသည် စစ်မှန်သောအသိမဟုတ်
သေး။ထို့ကြောင့် သူ့ခန္ဓာကိုယ်အားသူမြတ်နိုး၏။နှစ်သက်၏။အဖိုးအနဂ္ဃထိုက်တန်လှသော ငါ၏
ခန္ဓာကိုယ်ပါလား ဟု ယောဂီ၏စိတ်အစဉ်သို့ ရှေ့ရှုထင်လာ၏။

တနေ ့မှာ
ရော်ရွက်ဝါတို ့ရဲ ့
တမ်းချင်းကို
ဖရုသဂီတဆန်ဆန်
ဝိုင်းဖွဲ ့သီဆိုကြလိမ့်မယ်။
ယောဂီသည် အရိယာမဖြစ်သေးသူ ပုထုဇဉ်အားလုံး၏ ဘဝသည် ပါရမီအထောက်အပံ့နည်းလွန်းလှ
သေး၏။အားနည်းလှသောအသိတရားလေးသာရှိသေးသည်ဖြစ်ရကား ရော်ရွက်ဝါလေးများနှင့်တူ
ဘိ၏ ဟု ထပ်မံသုံးသပ်၏။၎င်းပုထုဇဉ်များ၏ ဆန္ဒအမျိုးမျိုး၊တဏှာအမျိုးမျိုးနှင့်ရာဂအမျိုးမျိုးတို့
အား တမ်းချင်းအဖြစ်မြင်မိ၏။၎င်းအမျိုးမျိုးသောတမ်းချင်းများကို တမ်းတနေသူ ပုထုဇဉ်များအား လောကဓံတရားရှစ်ပါးသည်လည်းကောင်း၊ကံ စိတ် ဥတု အာဟာရ ဟုဆိုအပ်သောအကြောင်းများ
သည်လည်း နှောင့်ယှက်ဖျက်ဆီးနေကြပေလိမ်မည်။
ဒါပေမဲ့…..မင်းနဲ ့ငါ
ကန္တာရ ဆူးချုံတွေလို
ကျင့်သုံးခဲ့ကြ။
ယောဂီသည် သူ၏ရုပ်နှင့်နာမ်အား သူကိုယ်တိုင်လက်ညှိုးထိုး၍ပြန်ပြောလိုက်သည်။’’ဘုရားတွေဘယ်
လောက်ပွင့်ခဲ့ ပွင့်ခဲ့၊တရားဓမ္မတွေဘယ်လောက်ပင် ဟောဖော်ညွှန်ကြား ပြသမည် ဆရာသမား
ကောင်းများရခဲ့ရခဲ့ ငါ့တို့ကတော့ အရှောင်အတိ်မ်း ဂျက်စီဂျိမ်းလုပ်ခဲ့ကြတယ်။ဒါကြောင့်လဲ ဂင်္ဂါဝါဠု
သဲစုမက ပွင့်တော်မူခဲ့သည့် ဘုရားအဆူဆူ ချွတ်တော်မူခဲ့ပါသော်လည်း ကျွတ်တမ်းမဝင်ခဲ့တာ မဟုတ်
လား ‘’ဟု။

ဘာဘဲဖြစ်ဖြစ်လေ
နောက်ဆုံးရဲ ့အဆုံးသတ်မှာ
ဒို ့…………….
ဂူတလုံးထဲမှာ အတူပုန်းဖို ့
ဆုံးဖြတ်ခဲ့ပြီပဲ။ ။

ထိုသို့ ဟိုဟိုသည်သည် တောတွေး တောင်တွေး တွေးတောနေစဉ် မှာပင် ယောဂီ၏စိတ်ထဲတွင်ဖျတ်
ခနဲ သိလိုက်သည်က ‘’အော် ငါတရားထိုင်နေရင်း ဟုတ်သယောင်ယောင်လျှောက်တွေးနေတာဟာ
ဝိတက် အဖျက်ဝင်တာပါလား ‘’ဟူ၍။ထို့ကြောင့်တွေးလက်စ အတွေးစများကို မေ့ပျောက်ထားပြီး
ရှေ့ဆက်အားထုတ်မှဖြစ်တော့မယ် လို့ဆုံးဖြတ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ တရားကိုချစ်တဲ့
အတွက် တချိန်မှာ အသိတရားသည်သာအောင်မြင်ရာလို့ပန်းတိုင်ပြုခဲ့သည်ကတစ်ကြောင်း၊မသေခင်
စပ်ကြားတရားထူးများကို ခံစားပြီး ဂူသွင်းသင်္ဂြိုဟ်တဲ့အခါ တရားပါအပါဖြစ်ရမယ်ဆိုတဲ့
ဆန္ဒမွန်လေးရှိနေတာက တစ်ကြောင်းကြောင့်ပါ တဲ့။
၅။
ချစ်ပြီးမှတော့ ဆိုတဲ့ကဗျာလေးတစ်ပုဒ်ကို ကျနော်၏နှလုံးသားနှင့်အနီးစပ်ဆုံးဖြစ်သည့် နှလုံးသားရေး
ရာရှုထောင့်၊ဇာတိမာန်ရှုထောင့်၊ဓမ္မရေးရာ ရှုထောင့်တို့မှ ခံစားကြည့်မိခဲ့သည်။၎င်းကဗျာလေးအား ကျ
နော်၏ခံစားမှုသည် မလုံလောက်သေးဟု ဆို၍ရနိုင်သလိုချဲ့ကားလွန်းလှသည်ဟုလည်းပြောနိုင်သည်။
ကဗျာကို အစကနဦးတည်ထွင်ဖန်တီးခဲ့ကြသော ကဗျာဘိုးအေဆိုသူများသည်ပင်လျှင် ကဗျာ၏
အဓိပ္ပါယ်ကို တခမ်းတနားမဖွင့်ဆိုခဲ့ကြ။ကျနော်မလေ့လာမိခဲ့သည်လည်းဖြစ်နိုင်သည်။ကဗျာနှင့်ပတ်
သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟူ၍’’ ကဗျံ ဗန္ဓတီတိ ကဝိ၊ကဝိနော အဗ္ဗံ ကဗျံ ‘’ဟူသော အလွယ်စကားရပ်
လေးမျှသာ။ကဗျာကို ရေးဖွဲသူဖြစ်တဲ့အတွက် ပညာရှိ၊ပညာရှိကဖွဲ့ဆိုတဲ့အတွက် ကဗျာ ဟုအဓိပ္ပါယ်ရ၏။၎င်းနှင့်ပတ်သက်၍ယုတ္တိကျကျ ဝေဘန်ဆန်းစစ်ပါက လုံးဝမဖြစ်နိုင်တော့၍ အထူးတလည် ဆက်ပြောစ
ရာပင်မလိုတော့။ဟောင်းနွမ်းသွားသော အယူအဆလေးတခုမျှသာ။ကဗျာကို အကောင်အထည်ဖြင့် လက်ဆုပ်လက်ကိုင်ပြု၍မရနိုင်သော်လည် းအငွေ့အသက်ကိုဖမ်းဆုပ်၍ မှန်းဆရလျှင် စာပေအဖွဲ့အနွဲ့
များစွာထဲက တမျိုးဟုပင် ပြောနိုင်လိမ့်မည်။
ဒီထက် ထပ်ချဲ့ရလျှင် ကျနော့်အမြင်အရ ကဗျာသည် ရုပ်နာမ်မဲ့သော၊ပရမတ်မဆန်သော ပညတ်တစ်
မျိုးမျိုးအဖြစ်ဖြင့် တော်လှန်ရေးတာဝန်တစ်ရပ်ကို ထန်းဆောင်နေသည်။၎င်းတာဝန်တစ်ရပ်
နှင့်အတူ သမိုင်းကိုကဗျည်းထိုးနေသည်။၎င်းတာဝန်တစ်ရပ်နဲ့အတူ ဂင်္ဂါမှသည် ဧရာဝတီအထိ စုန်ဆန်ချီတက်ရုန်းကန်နေသည်။သူသည် အပြောင်းအလဲကိုချစ်သည်။သူစီးဆင်းခဲ့သော ဂင်္ဂါသည် ပျက်ဆီးသွားခဲ့ပေပြီ။ဧရာဝတီကတော့ ဆက်လက်ရုန်းကန်ဆဲ။ ဂင်္ဂါလိုအဖြစ်မခံဖို့လဲ သတိကိုကြီးစွာထားသည်။ဂင်္ဂါသည် ကဗျာမဆန်တော့ပေမဲ့ ဧရာဝတီသည် ကဗျာ၏မိခင်ကြီးပင်ဖြစ်၍နေပေပြီ။ထို့ကြောင့်တော်လှန်သောကဗျာကို ဖျက်ဆီးဖို့အတွက် ဧရာဝတီကိုခုတ်ထစ်နေကြပေပြီ။တုတ်နှောင်နေကြပြီ။ဥပဒေမဲ့တရားစီရင်နေကြပေပြီ။ထို့သို့ရတက်မအေးဖွယ်သမိုင်းဖြတ်သန်းမှုများနှင့်အတူ ကဗျာသည်ရင့်ကျက်လာ၏။သို့သော် သူ၏ရင့်ကျက်မှုသည် ဇရာထောင်းသွားခြင်းမဟုတ် ။ပျိုမြစ်လာခြင်းဖြစ်၏။မည်သို့ပင်ဆိုစေ ကဗျာနှင့်ဧရာဝတီ၊ဧရာဝတီနှင့်မြန်မာ၊မြန်မာနှင့်ကဗျာ မည်သို့မှခွဲခြား၍ရနိုင်မည်မဟုတ်ပေ။ဧရာဝတီမရှိလျှင် မြန်မာမရှိတော့သလိုခံစားမည်ဖြစ်သလို ကဗျာမရှိတော့သလိုလဲ ခံစားရမည်ဖြစ်သည်။ကဗျာသည် ဧရာဝတီ ဖြစ်၍ ဧရာဝတီသည် မော်ဒန်လည်းဖြစ် ဂန္ထဝင်လည်းဖြစ်၏ဟု ဆိုခဲ့၏။ထို့ကြောင့်ဧရာဝတီကိုချစ်လျှင် ဂန္ထဝင်ကဗျာကိုလည်းချစ်သင့်၏။မပြစ်ပယ်သင့်။မော်ဒန်နှင့်စုန်ခြင်သလောက်စုန်၊ဆန်ခြင်သလောက်ဆန်နိုင်သော်လည်း ရှေးမြန်မာ အမွေအနှစ်ဖြစ်သော ဂန္ထဝင်ကဗျာများကိုလည်း မဆုပ်ကိုင်ထားစေကာမူ မလွှတ်ချသင့်ပေ။
ရှေးယခင်က ကဗျာကို သက်ဦးဆံပိုင်ဘုရင်က အုပ်စိုး၏။ထို့ကြောင့်ကဗျာသည် လွတ်လပ်မှုကိုရှာ
သည်။သို့သော်မတွေ့ခဲ့။အဓိပ္ပါယ်နှစ်ခွမထွက်ရဲ။ဝိရုဒ္ဓတ္ထန္တရဒေါသ(အဓိပ္ပါယ်နှစ်ခွထွက်လျှင် သင့်သော
စာပေအပြစ်)ဆိုတာကြီးကို ကြောက်လန့်ခဲ့ရသည်။အဓိပ္ပါယ်လေးပိုပိုသာသာရေးဖွဲ့မိပြန်လျှင်လည်း
အဓျတ္ထဒေါသဆိုတာကြီးက မျက်စောင်းတခဲခဲနဲ့မို့မလွတ်လပ်နိုင်ခဲ့။ယခုတွင်ကား သို့မဟုတ်တော့ပြီ။ရေးသူကလည်း အဓိပ္ပါယ်ကိုလွယ်ကူစွာမသိနိုင်အောင် အလင်္ကာအသစ်အဆန်းကိုထွင်ရေးသလို ဖတ်သူကလည်း ရသကိုးမျိုးတွင်မပါဝင်သော ကြံရခတ်ခတ် ဆင်းစားကြပ်သည့်ရသတစ်မျိုးကိုတိုး၍ခံစားသည်။သို့အပြောင်းအလဲများကို မွေးထုတ်ခြင်းသည်ပင်လျှင် ကဗျာ၏လုပ်ငန်းအစိတ်အပိုင်းတစ်ခုဟု နားလည်မိသည်။ထို့ကြောင့်ကဗျာသည် သူ့
အလုပ်သူလုပ်ရင်း ဆက်လက်ရုန်းကန် ဖြတ်သန်းစီးဆင်းနေဆဲ။ ခေတ်တွေလဲပြောင်းလာ၏။ စနစ်တွေလဲပြောင်းလာ၏။လွှတ်ချခံလိုက်ရသော ခေတ်စနစ်များတွင် ကာရံနှင့်သက်ဦးဆံပိုင်၊ပြီးတော့ ဒေါသအဖုံဖုံ အားလုံးရေစုန်မျောသွားကြသည်။ထို့ကြောင့်ကဗျာကိုချစ်သူအားလုံးက အဓိပ္ပါယ်ကိုမဖော်မှ၊မပေါ်မှပိုမိုကြိုက်နှစ်သက်လာကြသည်။သက်ဦးဆံပိုင်စနစ်သည် ခေတ်၏တွန်းထုတ်မှုကြောင့်ဘေးသို့ရောက်ရင်းပျောက်ကွယ်ခဲ့ပြီထင်ရသော်လည်း အဝတ်လဲ၍တဖန်
ဟန်ပန်တမျိုးဖြင့်သက်ဝင်လှုပ်ရှားနေပြန်၏။၎င်းကိုပင်လျှင်ကဗျာက ကာရံအသစ်များပြန်လည်မွေးဖွား၍ဆက်လက်တော်လှန်နေလိမ့်ဦးမည်။ကဗျာ၏တော်လှန်မှုသည် ဧရာဝတီအတွက်၊မြန်မာအတွက်၊ပြီးတော်ကိုယ်ကိုယ်တိုင်ဖြစ်တဲ့ မော်ဒန်နဲ့ဂန္ထဝင်အတွက်ဖြစ်သည်။
ယခင်က ကဗျာကိုအဓိပ္ပါယ်ပြန်ဆိုခြင်း၊စကားပြေရေးသားခြင်းသည် ပညာရပ်တစ်ခုဖြစ်ခဲ့သော်
လည်း ယခုအချိန်တွင် ကဗျာအဓိပ္ပါယ်ကိုရေးသားခြင်း(သို့)ကဗျာခံစားချက်ကို ဖွင့်ဟလိုက်ခြင်းသည်
ပြာကျသွားသော အရာဝတ္ထုတစ်ခုနှင့်တူလှ၏။မည်သို့ပင်ဆိုစေ …ကျနော်ခံစားချက်လေးများကို
အားပေးဖတ်ရှုသူများအတွက်တစုံတရာကျန်ရှိပါကကျနော်၏နှလုံးသားကိုမီးပုံရှိုလိုက်ရကျိုးနပ်ပေ
သည်ဟု ခံစားရပါသည်။
ကဗျာကိုချစ်သူများ၊မြန်မာကိုချစ်သူများ ဧရာဝတီကို ဝိုင်းဝန်းကာကွယ်ဆောင့်ရှောက်နိုင်ကြပါစေ………

 

နန်းရှင်
၀၈။၁၆။၁၁။

 

3 comments

  • မီးမီး သော်

    August 31, 2011 at 11:29 am

    နန်းရှင်ရေ ဒီနေရာကလေးကိုပိုစိတ်ဝင်စားလို ့ပါနော့။

    ““တနေ ့မှာ
    ရော်ရွက်ဝါတို ့ရဲ ့
    တမ်းချင်းကို
    ဖရုသဂီတဆန်ဆန်
    ဝိုင်းဖွဲ ့သီဆိုကြလိမ့်မယ်။
    ကောင်လေးဟာ စနစ်ဆိုးကြီးတစ်ခုရဲ့ဖျက်ဆီးနှိပ်စက်ခံနေရတဲ့သူ့ကိုယ်သူနဲ့သူ့ရဲ့ဇာတိမြေကမ္ဘာ့အလည်မှာ
    မဝင့်ထည်နိုင်တဲ့အတွက် ရော်ရွက်ဝါလို့တင်စားလိုက်ပြန်တယ်။တနည်းအားဖြင့် စနစ်ဆိုးကြီးကိုတိုက်ဖျက်နေ
    တဲ့သူကိုယ်တိုင်နဲ့သူ့ရဲ့ရဲဘော်ရဲဘက်တွေဟာ အမြဲတန်းအညတြအဖြစ်နဲ့အသက်သွေးချွေးတွေကိုပေးဆပ်
    နေကြတယ်။အဲ့ဒိလိုပေးဆပ်ရင်းနဲ့ပဲ သူတို့ရဲ့ရင်ထဲကစကားတွေကို စနစ်ဆိုးကြီးရဲ့ပိုင်ရှင်တွေက
    ခပ်ကြမ်းကြမ်းတုံ့ပြန်ဆက်ဆံပြောဆိုနေလိမ့်မယ်။ကဲ့ရဲ့ရှုံချပစ်တင်နေလိမ့်မယ်။သူတို့ကိုလူဆိုးစာရင်းထဲ
    အရောက်ပို့ကြလိမ့်မယ်တဲ့။”””

  • Shwe Ei

    August 31, 2011 at 12:13 pm

    ကဗျာ တပုဒ်ထဲကို အများကြီးနဲ့ အကြီးကြီး ခံစားထားပါလား။ အေးဆေးမှဘဲ သေချာပြန်ဖတ်ပြီး မန့်တော့မယ်။

Leave a Reply