အကောင်းမြင်သမား၏ အဆိုးမြင် ဝါဒ

ကမ္ဘာကြီးက လုံးနေတယ်…

သူ့ဘာသာ စောင်းချင်ရာစောင်းပြီး

သူ့ဝင်ရိုးမှာ သူလည်နေတာ

ဘယ်သူက စေခိုင်းခဲ့လို့လဲ…


ကောင်းကင်က အပေါ်ဘက်

မြေကြီးက အောက်မှာ ရပ်

နေ အဝင်အထွက်ကို 

အရှေ့အနောက် သတ်မှတ်ကြ

ဘယ်သူက လမ်းညွှန်ပြသလဲ…


အလင်းနဲ့ အမှောင်ကြောင့်

အရောင်တွေက ကွက်တိကွက်ကြား

အာရုံခြောက်ပါးနဲ့

ခံစားလို့ ရသမျှ သဘာဝ

လောကရဲ့ အလှတဲ့

ဘယ်သူတွေ ဆေးခြယ်ကြသလဲ…


နေပူလို့ မိုးရွာ

လမိုက်တဲ့အခါ ကြယ်မထွက်

လေတိုက်လို့ သစ်ရွက်ကြွေ

စမ်းရေတွေ စီးပြီး ပန်းတွေ ပွင့်

ဘယ်သူက စီရင်ခွင့် ရနေသလဲ…


မြစ်ပင်လယ် သမုဒ္ဒရာ

စကြဝဠာ အာကာသ

အနန္တတဲ့… အ ကာလမှာ

လူလာဖြစ်တဲ့ ငါတွေ ငါတွေ

ပဋိပက္ခတွေနဲ့ အမုန်း

ရန်ငြှိုးတွေနဲ့ စစ်ပွဲ

အစွဲမကင်းတဲ့ ဝါဒီတွေနဲ့

နီတိတွေကို ချေဖျက်

အသက်တွေသာ တိုတိုသွား

ရိုးသားစွာ မွေးဖွားခဲ့ပြီး

စဉ်းလဲစွာ သေဆုံးခဲ့ကြ

ကမ္ဘာ့မျက်နှာပြင်မှာ ကျောက်ပေါက်မာတွေ ထသလိုမျိုး

ဘယ်သူက တန်ခိုးတွေ ပြနေသလဲ…


ဖြစ်တည် ပြောင်းလဲခြင်းအတွက်

အလျှင်မပြတ် အမျှင်ဆက်တဲ့ သံသရာ

ခန္ဓာကို ချေဖျက်

အဲဒီ တစ်မနက်ကို

ဘုရားသခင်က ငြင်းဆန်လိုက်တယ်…

 တောက ကိုရင်

 

 

 

 

 

 

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…