မြန်မာ့ကြယ်ငါးပွင့်က သင်္ဘောသားလစာကို နိုင်ငံတကာနှုန်းအတိုင်းပေးတော့မည်ဟုဆို

klnMay 13, 20101min290

မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သင်္ဘောသားများအား ခန့်ထားမှုစနစ်ပြောင်းလဲသကဲ့သို့ လစာငွေနှုန်းထားများကိုလည်း နိုင်ငံတကာ သင်္ဘောလိုင်းများနှင့်အညီ နိုင်ငံခြားငွေဖြင့် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဦးစိုးမောင်က ပြောသည်။ သင်္ဘောဝန်ထမ်းများ ခန့်ထားရာတွင် ယခင်ကဲ့သို့နှစ်ရှည် ခန့်ထားခြင်းမျိုးမဟုတ်ဘဲ (၆)လ၊ (၁)နှစ်တာဝန်ထမ်းဆောင်ရန် စာချုပ်စနစ်ဖြင့် ခန့်ထားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သင်္ဘောသားများ၏ လစာနှုန်းထားမှာလည်း ယခင်က နိုင်ငံတော်ဝန်ထမ်း လစာနှုန်းထားများအတိုင်း ရရှိနေရာမှ ယခုအခါ သတ်မှတ်နေရာ ရာထူးအလိုက် နိုင်ငံတကာသင်္ဘောလိုင်းများကဲ့သို့ နိုင်ငံခြားငွေဖြင့် ပေးရန်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ ထို့ပြင် ကမ်းရိုတန်းသွားသင်္ဘောလိုင်းများပေါ်တွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသား ဝန်ထမ်းများကိုလည်း လက်ရှိကမ်းရိုးတန်းသွားကုမ္ပဏီများ၏ လစာထက်သာလွန်သော နှုန်းထားများဖြင့် တိုးမြှင့်ခံစားခွင့်ပြုမည်ဟု မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ရေကြောင်းနှင့် အင်ဂျင်နီယာဌာနမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်လိုသော အရာရှိများ၊ သင်္ဘောသားများအနေဖြင့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ရေကြောင်းနှင့် အင်ဂျင်နီယာဌာနတွင် မေလ ၁၅ရက်မှ စတင်၍ လျှောက်ထားနိုင်သည်။ အဆိုပါ သင်္ဘောလိုင်းမှ ပြေးဆွဲပေးနေသော သင်္ဘောအလိုက် သတ်မှတ်နေရာနှင့် လစာနှုန်းထားများကို အဆိုပါရုံးရှေ့တွင် ကြေညာချက်များ ထုတ်ပြန်ထားကြောင်းသိရှိရသည်။