သူတို့မသိတာလေးတွေ အမေးအဖြေ

ဒီမေးခွန်းလေးကတော့ မေးထားတာကြာပါပြီ။ ဦးဇင်း အားလပ်ချိန်မရသေးသဖြင့် ခုမှပဲ အချိန်ရသမျှကို လျင်မြန်စွာအသုံးချပြီး ဖြေပေးလိုက်ပါတယ်။ မေးခွန်းနှင့်အဖြေကတော့

(၁) ရှစ်ပါးသီလထဲမှာပါတဲ့ ဥစ္စာသယန မဟာသယနာ ဝေရာမဏိသိက္ခာပဒံသမာဓိယာမိဆိုတာ မြေပြင်ရဲ့ နှစ်တောင်ထက်မြင့်သောနေရာ မြတ်သောနေရာမှာ မနေရလို့ သိထားပါတယ်ဘုရား။ ဒါဆိုရင် ရှစ်ပါးသီလ ယူထားတဲ့သူက နှစ်ထပ်အိမ်လိုနေရာမှာ အပေါ်ထပ်မှာနေရင်ရော သီလကျိုးလားဘုရား။ တပည့်တော် သေချာနားမလည်လို့ အရှင်ဘုရား။ နာလည်ထားသလောက် တပည့်တော်ကိုဖြေကြားပေးပါ ဘုရား။

(၂) နောက်ပြီးမြန်မာလူမျိုးတော်တော်များများ မြင်တွေ့နေရပါတယ်ဘုရား။ ဆွမ်းလောင်းတဲ့အခါ ဆွမ်းခံကြွတဲ့ကိုယ်တော်ကတောင် ဖိနပ်မပါဘဲကြွတာကို သူတို့က ခြေထောက်ပေမှာစိုးလို့ မချွတ်ဘူးလည်း မဖြစ်အောင် နည်းနည်းလေး ချွတ်သလိုပုံစံလေးလုပ်ပြီး ဖိနပ်ပေါ်ပဲတက်ရပ်ကာ လောင်းကြတယ်။ အဲ့ဒါနဲ့ပါတ်သက်လို့ ဖြစ်နိုင်ရင် အရှင်ဘုရားဘလော့မှာ တင်ပြီး ဖြေကြားပေးစေချင်ပါတယ်။

(၃) နောက်တစ်ခုက ဥပုသ်စောင့်ထားတဲ့သူ တကယ်မနေနိုင်လို့ စားချင်တဲ့အခါ စားသုံးလို့ရတဲ့ တပည့်တော်သိထားတာက ချို၊ ချဉ်၊ ဖန်၊ ခါး အပြင် စပ်၊ ငံဆိုတာရော ပါပါသလားဘုရား။ စားလို့ရတဲ့ဟာနဲ့ ပတ်သက်ပြီး ဘယ်လိုဟာမျိုးတွေက စာလို့ရတယ်ဆိုတာကို အဆင်ပြေရင် အကျယ်ရေးပြီး ဘလော့မှာ တင်စေချင်ပါတယ်ဘုရား။ မသိတဲ့သူတွေလည်း သိရတာပေါ့ဘုရား။

(၄) နောက်တစ်ခုက တပည့်တော်တို့ ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစင်္ကြာရွတ်ဆိုတဲ့အခါ နတ်ပင့်ပါတယ် ဘုရား။ အဲ့ဒီမှာ သမန္တာစက္ကဝါဠေသု………..သုဏန္တုသဂ္ဂမောက္ခဒံ။ အဲ့အထိပဲရွတ်ဆိုရတယ်ဆိုတာ ဟုတ်ပါသလားဘုရား။ အဲ့နောက်ပိုင်း ကိုယ့်ကိုယ်စောင့်ရှောက်ဖို့ နတ်တွေကိုပြောတာဆိုတော့ မရွတ်ဆိုရဘူးဆိုတာ ဟုတ်ပါသလား ဘုရား။ ဖြေကြားပေးပါ။ အရှင်ဘုရား အားလပ်ချိန်ရမှ ဖြေကြားပေးပါ။ တပည့်တော်မေးတာ များသလိုဖြစ်နေ တယ် မေးချင်တာကြာပါပြီ မမေးဖြစ်လို့ပါ အရှင်ဘုရား။ အရှင်ဘုရားကို ရိုသေလေးစားလျှက်။

နံပါတ်(၁)မေးခွန်း ဥစ္စာသယနမဟာသယနာကံနှင့်ပတ်သတ်၍ နှစ်တောင်ထွာထက်မြင့်သော အိပ်ရာ နေရာ၊ အလွန်ကောင်းမွန် ခမ်းနားသော အိပ်ရာနေရာတို့၌ အိပ်ခြင်း၊ ထိုင်းခြင်းတို့သည် ထိုနေရာတို့၌ သာယာသော အတွေ့အထိ တဏှာလောဘ ကာမစိတ်များဖြစ်ခြင်းကြောင့် ရှောင်ကြဉ်ရပါမယ်။ တကယ်တော့ တိုက်တာ အဆောက်အဦး အထပ်တွေက ကိစ္စမရှိပါ။ အဓိကက မိမိသန္တာန်မှာ ကိလေသာအသေးစားလေးကအစ မဖြစ်အောင် နှစ်တောင်ထွာအထက်မြင့်သော နေရာများကို မအိပ်မထိုင်ခိုင်းတာပါ။ ကြမ်းပြင်ပေါ်မှာ အိပ်တာ ထိုင်တာနှင့် ကုတင်းကုလားထိုင်ပေါ်မှာ အိပ်တာထိုင်တာသည် ဘယ်အရာပေါ်မှာ နေခြင်းက မာန်မာနစိတ်၊ သာယာမှုစိတ်ဖြစ်နိုင်မလဲဆိုတာ စဉ်းစားကြည့် စမ်းသပ်ကြည့်ရင် သိနိုင်ပါတယ်။ မြေကြီးပေါ်မှာ အိပ်လာတဲ့လူဟာ မွေ့ယာပေါ်မှာအိပ်ရလျှင် သာယာမှု၊ မာန်မာနဖြစ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ဥပုသ်စောင့်ထားတဲ့ သူတော်စင်သည် ထိုနေ့၌ မည်သို့သော ကိလေသာအညစ်အကြေးမျှ မဖြစ်အောင် ရှောင်ကြဉ်ခိုင်းခြင်း ဖြစ်ပါတယ်။

သီလဆောက်တည်ထားတဲ့သူသည် မိမိထက်အသက်ကြီးသောသူရှိမှသာလျှင် မြင့်မြတ်သော နေရာတို့၌ မထိုင်ရ မအိပ်ရခြင်း မဟုတ်ပါ။ နှစ်တောင်ထွာထက်မြင့်သော ထိုင်ခုံအိပ်ရာတို့၌ ထိုင်ခြင်း အိပ်ခြင်းများပြုလုပ် လျှင် ထိုနေရာတို့၌ သာယာမိသောလောဘစိတ် ဤကဲ့သို့သောနေရာကို ငါမှနေနိုင်သည်ဟူသော မာနစိတ်များ ဖြစ်တတ်ပါတယ်။ တကယ်လို့ မိမိက ထိုနေရာမျိုးမှာ အိပ်နေကျ ထိုင်နေကျမို့ ဘာမာနစိတ်၊ ဘာကိလေသာစိတ်မှ မဖြစ်ဘူးဆိုရင်တော့ မိမိထက် အသက်သိက္ခာ သီလသမာဓိရှိသူများ မရှိလျှင် မိမိစိတ်ကို ယုံကြည်ပါက ထိုင်ခြင်း အိပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

မိမိဥပုသ်စောင့်သောနေ့မှာ သီလစင်ကြယ်နေ၍ ကုသိုလ်တရားများ တိုးပွားအောင်ပြုလုပ်နေမှသာလျှင် ဥပုသ်စောင့်ရကျိုးနပ်သော ဥပုသ်သည်ဖြစ်ပါလိမ့်မယ်။ ထိုသို့မဟုတ်ဘဲ သီလယူထားပြီး သီလမယူသောသူ၊ သီလမရှိသောသူတို့နဲ့ တန်တူနေထိုင်ပါက ဥပုသ်စောင့်ရကျိုး မနပ်၍ ဥပုသ်သည်လည်း မပီသဘဲ ဖြစ်နေပါမယ်။

နံပါတ်(၂) မေးခွန်းနှင့်ပတ်သတ်၍ မိမိက အလှူဒါနပြုလုပ်တဲ့အခါမှာ ရိုသေဂါရဝလေးနဲ့ ပြုလုပ်ပေးလျှင် အကျိုးပေးပိုများပါတယ်။ ပစ္စည်းဥစ္စာကို သူတစ်ပါးအား ကောင်းကောင်းမွန်မွန်ပေးလျှင် ယူတဲ့သူကလည်း ရိုသေဂါရဝဖြင့် ပေးခြင်းကြောင့် ရိုသေလေးစားစွာဖြင့် ပြန်လည်လက်ခံမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပေးသူကလည်း လွင့်ပစ်ပေးရင် ယူသူကလည်း ဖြစ်သလိုဖမ်းယူလိုက်မှာ သေချာပါတယ်။ အဲဒီလိုပဲ မိမိကောင်းမှုလုပ်တဲ့အခါမှာ ရိုသေဂါရဝလေးစားစွာဖြင့် လုပ်မှသာလျှင် ကောင်းမှုလုပ်ခြင်း အကျိုးအပြင် ရိုသေခြင်း လေးစားခြင်းတို့ရဲ့ အကျိုးတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ မိမိက ပေးလှူလိုက် ၍ ပေးလှူရခြင်းအကျိုးကို ရရှိသည်မှာ သေချာပေမဲ့ ရိုသေလေးစားမှုရဲ့အကျိုးကို မိမိက မရိုမသေလုပ်ခဲ့လျှင် ရရှိမှာမဟုတ်ပါဘူး။

အထက်ကပြောခဲ့တဲ့ဥပမာအတိုင်း မိမိက သူတစ်ပါးကို ပစ္စည်းပေးတဲ့အခါမှာ သူတစ်ပါးလက်သို့ ပစ္စည်းရောက်သွားသော်လည်း သူက မိမိရိုရိုသေသေပေးရင် ရိုရိုသေသေ ပြန်လက်ခံသလို မိမိရိုသေမှု မရှိဘဲပေးလျှင် ရိုသေမှုမရှိဘဲ ယူသလိုပါပဲ မိမိလှူတဲ့အလှူဒါနရဲ့ အကျိုးဟာလည်း ကောင်းကောင်း မွန်မွန် ပြည့်ပြည့်ဝဝ ရရှိမည်မဟုတ်ပါ။ မိမိဆွမ်းလောင်းနေတဲ့အချိန်လေး၌ သံဃာရဲ့သီလသမာဓိပညာ၊ ဘုရားရှင်ခွင့်ပြုတော်မူခဲ့တဲ့ ရဟန္တာတို့တံခွန်ဖြစ်တဲ့ သင်္ကန်းတို့ကို ရိုသေလေးစားရပါမယ်။ ကျန်တဲ့အချိန်မှာ မိမိက ကောင်းမှုလုပ်နေချိန်မဟုတ်၍ ရိုသေလေးစားခြင်း မပြုနိုင်လျှင်တောင်မှ မိမိကောင်းမှု လုပ်နေချိန်လေးတော့ ရိုသေလေးစားစွာဖြင့် ပြုလုပ်သင့်ပါတယ်။

ဖိနပ်ချွတ်တယ်ဆိုတာ မိမိရဲ့အညစ်အကြေးများနင်းရာဖိနပ်ဖြင့် ရဟန္တာတို့ရဲ့တံခွန်ဖြစ်တဲ့ သင်္ကန်းကိုသော်လည်းကောင်း၊ သင်္ကန်းရဲ့အရိပ်၊ သံဃာရဲ့အရိပ်တို့ကိုလည်းကောင်း နင်းမိလျှင် အပြစ်ကြီးသောကြောင့် မိမိ၏ယုတ်နိမ့်သောဖိနပ်ကို ချွတ်ထားရခြင်း ဖြစ်ပါတယ်။ ဖိနပ်ချွတ်လျှင်လည်း သံဃာနှင့်နှစ်တောင်ထွာအကွာကနေ ချွတ်ထားရပါမယ်။ သံဃာရဲ့အရိပ်၊ သင်္ကန်းရဲ့အရိပ်တို့ သည် နှစ်တောင်ထွာအတွင်း၌ ရှိနိုင်သောကြောင့် တက်မနင်းမိအောင်လို့ပါ။

နံပါတ်(၃) နေ့လွဲညစာမစားခိုင်းခြင်းသည် ညစာစားရန် ချက်ပြုတ်မှုစသည်တို့ကို မလုပ်ရသောကြောင့် တရားနှလုံးသွင်းချိန် ပိုမိုရရှိအောင်လို့ပါ။ ထို့ပြင် လူများသည် နံနက်စာနှင့်ညစာတွင် ညစာကို အထူးချက်ပြုတ် စားသောက်လေ့ရှိကြပါတယ်။ စားသောက်ဆိုင်များ၌ ညစာသည် မနက်စာထက်ပိုမို၍ ရောင်းရလေ့ရှိပါတယ်။ လူသားတွေဟာ များသောအားဖြင့် မနက်စာနှင့်ညစာတွင် ညစာကိုပိုမိုကောင်းမွန်အောင် အိမ်၌ချက်ပြုတ် စားသောက်ကြသလို တစ်ချို့ကလည်း ကောင်းမွန်သောအစားများကိုစားပြီး ကာမအာရုံကို ကောင်း မွန်စွာပျော်ပါးလိုသောကြောင့် ညစာကို စားသောက်ဆိုင်များတွင် သွားရောက်စားသောက်လေ့ရှိကြပါတယ်။ ညစာစားခြင်းသည် ကာမအာရုံကို အဓိကအားပေးပါတယ်။ ညစာကောင်းကောင်းစားပြီး ဗိုက်ထဲမှာ အစာပြည့်နေပါက စိတ်သည် ကာမအာရုံဘက်သို့ ပိုပြီးစိတ်ရောက်ပါတယ်။

ညစာမစားလျှင် အလုပ်မရှုပ်၍ တရားအားထုတ်ရန် အချိန်ပိုရခြင်း၊ လောကီအာရုံကာမဂုဏ်ဘက်သို့ စိတ်မညွတ်နိုင်ခြင်းစသော အကျိုးတရားများရရှိခြင်းကြောင့် မြတ်ဗုဒ္ဓက သံဃာတော်များနှင့် ဥပုသ်စောင့်သော သူများအား ညစာရှောင်ကြဉ်ခိုင်းခြင်း ဖြစ်ပါတယ်။ တချို့က ညစာမစားခိုင်းခြင်းသည် အစာငတ်ခံခိုင်းတာပဲဟု ယူဆတတ်ကြပါတယ်။ အငတ်ခံခိုင်းခြင်း မဟုတ်ပါ။ တကယ်လို့ မိမိဝမ်းမီးသည် မနေနိုင်အောင် ဆာလောင်နေပါက အစာပြေအနေဖြင့် ဖျော်ရည်၊ စတုမဓု၊ ဂျင်းသုတ်တို့နှင့် အစားအိမ်ကို ထိန်းထားနိုင်ပါတယ်။

ညစာမစားခြင်းသည် ကျန်းမာရေးအတွက်လည်း ပိုမိုကောင်းမွန်စေပါတယ်။ ဥပုသ်စောင့်သောနေ့မှလွဲ၍ ကျန်တစ်ပါတ်လုံးတွင် မိမိတို့သည် မနက်ညစာများကိုစားကြသဖြင့် အစာအိမ်ထဲမှာရှိတဲ့ အစာချက်စက်လေး ဟာ နေ့စဉ်အမြဲချက်နေရပါတယ်။ အစာအိမ်ထဲမှာလည်း အစာဟောင်းအစာသစ်တို့၏ အညစ်အကြေး များဖြင့် ပြည့်နေပါတယ်။ ညစာတစ်ရက်လောက် မစားခြင်းဘဲနေလိုက်မယ်ဆိုရင် မိမိတို့သည် အစာချက်စက်ကို အနားပေးရာရောက်သလို မိမိဝမ်းစာအညစ်အကြေးများကိုလည်း သန့်စင်ပေးရာရောက်သောကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ပိုမိုကောင်းမွန်စေပါတယ်။ အဲဒီတော့ မိမိတို့ဥပုသ်စောင့်လျှင် ကုသိုလ်လည်းရ ကျန်းမာရေးလဲကောင်းသဖြင့် တစ်ပါတ်တစ်ခါတော့ ဥပုသ်စောင့်ပြီး ညစာစားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

နံပါတ်(၄) ပရိတ်ပဋ္ဌာန်းတွေမှာ သူ့နေရာသူအဓိကကျတာကိုပဲ ရွတ်ဆိုကြတာ တွေ့ရပါတယ်။ အဲဒါကလည်း အချိန်မပေးနိုင်တဲ့လူတွေ အဓိကလောက်ပါရင် ပြီးပြီလို့ ယူဆတဲ့လူတွေရဲ့ အယူအဆပါ။ တကယ်တော့ ဘုရားဟောသော တရားတော်များသည် မရွတ်ကောင်းတာမရှိသလို နေရာဒေသမရွေးလည်း ရွတ်ဆိုနိုင်ပါ တယ်။ ဘုရားဟောတရားကို ပိုရွတ်လို့အပြစ်မရှိဘဲ ရွတ်ဆိုလျှင် ရွတ်ဆိုသလောက် အကျိုးများပါ တယ်။ ဖြစ်နိုင်ရင် ဘုရားဟောကျမ်းစာများကို အကုန်ရွတ်နိုင်လေ အကျိုးကျေးဇူးပိုများလေပါပဲ။ ဘုရားဟော တရားများကို မပျောက်ပျက်အောင် ထိန်းသိမ်းရွတ်ဆိုခဲ့ရတဲ့ ရဟန္တာတွေဟာ နေရာဒေသမရွေး လှည့်လည် သွားလာခဲ့ရပြီး ရသမျှအချိန်တိုင်းမှာ မပျောက်ပျက် မမေ့လျှော့အောင် ထိန်းသိမ်းရွတ်ဆို စောင့်ရှောက်ခဲ့ရ ပါတယ်။ ဒါကိုကြည့်မယ်ဆိုလျှင် ရွတ်ခြင်းကြောင့် အပြစ်မရှိဘဲ မရွတ်မှသာ ဘုရားဟောစာပေ များ ပျောက်ပျက်ခြင်း၊ ကုသိုလ်မရခြင်းများ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ဘုရားဟောတရားများကို မည်သူမဆို မည့်သည့်နေရာမဆို ရွတ်ဆိုကောင်းပါတယ်။ ရွတ်ဆိုပေးဖို့သာ မမေးကြဘဲ များများရွတ်ဆိုပေးနိုင်အောင် အားထုတ်ကြပါလေ။

ဒီလောက်ဆို အပေါ်က မေးခွန်းများအားလုံး ရှင်းမည်ထင်သောကြောင့် ဤမျှနဲ့ပဲ နားပါရစေ။

4 comments

  • ကြောင်ကြီး

    September 1, 2011 at 10:29 am

    ဗဟုသုတ ဖြစ်ရပါသည် အရှင်ဘုရား။ ရွာထဲမှာလည်း မလေးရှားတွင် သီတင်းသုံးသော ဒေါက်တာဆရာတော် အရှင်eindakaရှိပါသည်။ ရန်တိုက်ပေးခြင်း မဟုတ်ပါ၊ မိတ်ဆွေဖွဲ့ပေးခြင်း ဖြစ်ပါသည်။ :mrgreen:
    နောင်ပို့စ်များတွင်လည်း အများဒွိဟဖြစ်နေသည့်၊ မရှင်းလင်းသည့် (ခေတ်စကားလိုတော့ ဟော့နေသည့် အကြောင်းအရာများကို ပိုမိုမှတ်သားခွင့်ရမည်ဟု မျှော်လင့်ပါသည်။ ရွာအကြီးအကဲ သဂျီးစကားဖြင့်ဆိုပါက မတူညီသော အတွေးဖြင့် သမားရိုးကျ တင်ဆက်ပုံမှ ကွဲလွဲသွန်သင်ညွှန်ပြမည်ဟု ယုံကြည်ပါသည် အရှင်ဘုရား…။

  • Shwe Ei

    September 1, 2011 at 10:43 am

    နောက်ထပ်အမေးအဖြေတွေရှိရင် တင်ပေးပါအုံးဘုရား။

  • မီးမီး သော်

    September 1, 2011 at 12:41 pm

    ခုလိုမျိုးရှင်းပြပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။

    “““ကျန်တဲ့အချိန်မှာ မိမိက ကောင်းမှုလုပ်နေချိန်မဟုတ်၍ ရိုသေလေးစားခြင်း မပြုနိုင်လျှင်တောင်မှ မိမိကောင်းမှု လုပ်နေချိန်လေးတော့ ရိုသေလေးစားစွာဖြင့် ပြုလုပ်သင့်ပါတယ်။”””

Leave a Reply