နိဗ္ဗာန်အကြောင်း သိချင်လျှင်

စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သကဲ့သို့ အခြားဘာသာများ၏ ပန်းတိုင်များသည်လည်း နိဗ္ဗာန်နည်းတူ ကောင်းကင်ဘုံရှိကြပါသည်။ ထို့ကြောင့် မိမိတို့ဆိုင်ရာ ပန်းတိုင်များ၏အကြောင်းကို ပြောပြဖို့ဆိုလျှင် မည်သူကမျှ ပြည့်စုံလုံလောက်အောင် မပြောပြနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော်မည်သူမျှမရောက်ဖူးကြသေးလို့ပါ။ ရောက်ဖူးသူကလည်း ပြန်လည်၍ပြောပြရိုးထုံစံမရှိသောကြောင့်ပင် ဖြစ်ပေသည်။ ပြောပြမည့်လူရော နားထောင်ဖတ်ရှု့မည့်လူရော ပန်းတိုင်ကို မရောက်ဖူးလို့သာ ယခုလို ဘဝဇာတ်ခုံပေါ်မှာ ကျင်လည်နေကြရတာပါ။ တကယ်လို့များ ပန်းတိုင်ကိုရောက်မယ်ဆိုလျှင် မည်သူမျှလည်း မေးမည်မဟုတ်၍ မည်သူမျှလည်း နားထောင်ဖတ်ရှု့ရန် မလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ကိုယ်တိုင် ပန်းတိုင်ကိုရောက်နေသောကြောင့်ပါတည်း။

အဲဒီလို မိမိတို့တစ်ခါမှမရောက်ဖူးသည့်နေရာအကြောင်းကို ပြောပြရမယ်ဆိုလျှင် ပြောပြသူရော နားထောင်ဖတ်ရှု့သူရော ပြည့်စုံလုံလောက်စွာ သိရှိနားလည်ရန် ခက်ခဲပါသည်။ ဥပမာ-အမေရိကန်နိုင်ငံကို မရောက်ဖူးသူအချင်းချင်း အမေရိကန်နိုင်ငံအကြောင်းကို ဘယ်လိုရှိတယ်၊ ဘယ်လိုမြင်ရတယ်။ အဲဒီမှာဘယ်လိုနေရတယ်။ ဘယ်လိုစိတ်ချမ်းမှုတွေခံစားရတယ်ဆိုတာ နှစ်ယောက်လုံး ကိုယ်တိုင်မခံစားဖူးသောကြောင့် တိကျခိုင်မာသည့် အဖြေကိုရဖို့ ခဲယဉ်းပေလိမ့်မည်။

သို့သော် စာရေးသူအား မိမိတို့ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်အကြောင်းကို မေးလာသဖြင့် နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားခဲ့သူများ၏ကိုယ်တိုင်အတွေ့အကြုံခံစားချက်များ၊ ရောက်အောင်မည်သို့မည်ပုံ
ပြုလုပ်ရမည့်ဆိုသည့် အချက်အလက်များကို တင်ပြပေးလိုက်ရပေသည်။ ကိုယ်တိုင်မရောက်ဖူးသူများဖြစ်၍ နားမလည်မှုများ မရှင်းလင်းမှုများရှိလျှင် ကိုယ်တိုင်ပဲရောက်အောင် ပြုလုပ်ကျင့်ကြံကြပါလို့ တိုက်တွန်းပါရစေ။ ဦးဇင်းကိုယ်တိုင်လည်း ရောက်အောင်တော့ ပါရမီဖြည့်နေလျက်ပါ။

စာရေးသူအား မေးထားတဲ့ မေးခွန်းလေးကတော့

ကျနော်တစ်ခုလောက်မေးချင်ပါတယ်။ နိဗ္ဗာန်ဝင်တော့မဲ့ အရိယာပုဂိ္ဂုလ်တစ်ယောက်သည် သှုပရိနိဗ္ဗာန်ပြုခါနီးမှာ နိဗ္ဗာန်ကိုကြိုပြီး မြင်ရပါသလား။ ဘယ်လိုမြင်ရပါသလဲ။ ဘာကြောင့်နိဗ္ဗာန်လို့ပြောနိင်တာလဲ။ ဒီမေးခွန်းလေးများကို ကျေးဇူးပြုပြီး ဖြေကြားပေးတော်မူပါဘုရား။

ခုမေးထားတဲ့ မေးခွန်းများကို အစအဆုံးနားလည်အောင် ဘယ်လိုပြုလုပ်လျှင် ဘယ်လိုရမယ်၊ ဘယ်လိုမြင်မယ်၊ဘယ်လိုခံစားရတယ်ဆိုတာတွေ ပေါ်လွင်အောင်တရားသဘောလေးပါ ရေးသားတင်ပြပေးလိုက်ပါတယ်။ သေချာဖတ်ပြီး နားလည်အောင် အဖန်ဖန်သုံးသပ်ကြည့်လျှင်တော့ သိမြင်ရှင်းလင်းလာပါလိမ့်မယ်။

ပထမဦးဆုံး နိဗ္ဗာန်ကို သိမြင်ခံစားရောက်ရှိဖို့ရန်အတွက် ဝိပဿနာအရင် မှတ်ရပါမယ်။ ဝိပဿနာစရှု့တဲ့အခါ မိမိခန္ဓာကိုယ်မှာ ဝေဒနာထူးထူးခြားခြားပေါ်တဲ့သူဆိုရင် ဝေဒနာကိုရှု့ပါ။ စိတ်ထူးထူးခြားခြားပေါ်တဲ့သူဆိုရင် စိတ်ကိုရှု့ပါ။ မိမိခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်မှုကို သိမြင်တယ်ဆိုရင် ခန္ဓာကိုယ်ကို အာရုံပြုရှု့ပါ။ မိမိဉာဏ်မှာ တရားသဘောများကို နားလည်သဘောပေါက်တယ်ဆိုရင် တရားများကို ဆင်ခြင်စဉ်းစားရှု့မှတ်ပေးပါ။ အဲဒီလိုရှု့မှတ်ပွားများမှုများလာရင် သံသရာစက်ကို လည်စေတတ်တဲ့ ကိလေသာတွေ ပါးပါးသွားပါလိမ့်မယ်။ ကိုယ်ကြိုက်ရာကိုယ်ရှုလို့ ဝေဒနာဖြစ်ပျက်တွေဆုံး၊ စိတ်ဖြစ်ပျက်တွေဆုံး၊ ရုပ်ဖြစ်ပျက်တွေဆုံးသွားရင် မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာအစစ်ပေါ်လာပါမယ်။ တစ်မဂ်ပေါ်ရင် သောတာပန်၊ နောက်တစ်မဂ်ပေါ်ရင် သကဒါဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်တော့ အနာဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်လာပါက ရဟန္တာဖြစ်သွားပါတယ်။ အဲဒီလို နောက်ဆုံးမဂ်သိမြင်ဆိုက်ရောက်ပြီးဆိုလျှင် နောက်ခန္ဓာကြီး မလာနိုင်မဖြစ်နိုင်တော့ပါဘူး။

အဲဒီလိုခန္ဒာကိုယ်ဆက်မဖြစ်တော့တဲ့ ရဟန္တာပုဂ္ဂိုလ်တွေစုတိစိတ်ကျတော့ ဒုက္ခတွေ အကုန်သိမ်းသွားပါတယ်။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ဥပါယာသတွေ မဖြစ်တော့ပါဘူး။ အဲဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာသည် ဒုက္ခသိမ်းသွားတာပဲလို့ မှတ်ရပါမယ်။ ပုထုဇဉ်တွေ သေကြတဲ့အခါကျတော့ ဒုက္ခဆက်ဖြစ်နေပါတယ်။ ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ပုဂ္ဂိုလ် ခြားနားသွားအောင် မဂ်က လုပ်ပေးလိုက်တာပါ။

ရဟန္တာပုဂ္ဂိုလ်သည် စုတိစိတ်ကျပြီးတဲ့နောက် နောင်ခန္ဓာ နောင်ဇာတိတွေမရတော့ဘဲ ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းသွားပါတယ်။ ပုထုဇဉ်များစုတိစိတ်ကျပြီးရင်တော့ ဒုက္ခဝန်ထုပ်တစ်ခုကိုချပြီး ခန္ဓာဒုက္ခဝန်ထုပ် တစ်ခါပြောင်းထမ်းရပါတယ်။ ဒုက္ခဝန်ပြောင်းထမ်းတဲ့ သဘောလေးပဲ တစ်ဘဝနှင့်တစ်ဘဝ ကွာခြားသွားတာကိုပဲ ဘဝပြောင်းတဲ့လို့ ခေါ်ပါတယ်။ အသေဒုက္ခပြီး အနေဒုက္ခအသစ်ပြန်ယူလိုက်တဲ့ သဘောပါ။ ရဟန္တာများမှာ အသေဒုက္ခပြီးတာနဲ့ အနေဒုက္ခမရှိတော့ပါဘူး။ သူ့ဒုက္ခတွေ ဒီမှာတင် ထားပစ်ခဲ့ပြီး နောက်ဒုက္ခတွေ အကုန်သိမ်းသွားပါတယ်။ ကိလေသာတွေ ကင်းစင်အောင်လုပ်ထားတဲ့ ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတာကို နိဗ္ဗာန်လို့ခေါ်ပါတယ်။ အသေဒုက္ခတွေသိမ်းပြီး အနေဒုက္ခတွေ မလာတာမဖြစ်တော့တာဟာ နိဗ္ဗာန်ပါပဲ။

ရဟန္တာပုဂ္ဂိုလ်စုတိပြီးနောက် ဘယ်ကြွသွားလဲဆိုရင် သူ့ဒုက္ခတွေ သူ့မဂ်ဉာဏ်နဲ့ သူသိမ်းသွားပြီး ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားပါတယ်။ ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက်သွားတာ၊ ဒုက္ခချုပ်၍ သုခပေါ်လာတာကို နိဗ္ဗာန်လို့ ခေါ်ဆိုရပါတယ်။ ပုထုဇဉ်ကတော့ ဒီဘဝ အသေဒုက္ခပြီး အနေဒုက္ခနဲ့ ပြန်ဆက်ရတယ်။ ရဟန္တာပုဂ္ဂိုလ်က ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်၊ ပုထုဇဉ်က ဒုက္ခဆက်တဲ့ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ဦးဇင်းတို့သတ္တဝါများသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင်လုပ်နေကြခြင်းသည် ဒုက္ခသိမ်းချင်လို့၊ ဒုက္ခသိမ်းရာနိဗ္ဗာန်ကို ရချင် လိုချင်လို့ လုပ်နေကြတာ ဖြစ်ပါတယ်။

နိဗ္ဗာန်ဘယ်မှာရှိသလဲဆိုတာကို ရှင်းလင်းထင်မြင်အောင် ဥပမာလေးနဲ့ ပြောပြပါမယ်။ မီးလောင်းနေတဲ့အခါ လောင်းနေတဲ့မီးတွေငြိမ်းသွားလျှင် အဲဒီလောင်းနေတဲ့မီးတွေ ဘယ်ရောက်သွားလဲဆိုတာ တိကျမှန်ကန်စွာ မည်သူမျှမပြောနိုင်ပေ။ ထို့အတူ နိဗ္ဗာန်ဆိုတာ ဒုက္ခတွေငြိမ်းသွားတာကို ခေါ်ခြင်းကြောင့် မိမိသန္တာန်မှာ ဒုက္ခမရှိတော့တာကို နိဗ္ဗာန်ရောက်သွားတယ်လို့ ပြောရပါမယ်။ တကယ်တော့ နိဗ္ဗာန်ဆိုတာ နေရာဌာနနဲ့တည်ရှိနေတာ မဟုတ်ပါဘူး။ အဲဒါကြောင့် နိဗ္ဗာန်ရဲ့တည်ရာဌာနကို ပြောပါညွှန်ပြပါဆိုရင်တော့ မိမိခန္ဓာကိုယ်သန္တာန်မှာရှိတဲ့ ဒုက္ခတွေဟာ မီးပုံကြီးကဲ့သို့ဖြစ်နေပြီး အဲဒီမီးတွေငြိမ်းသွားသောအခါ ဘယ်မှာရောက်သွားသလဲလို့ သေချာမပြောနိုင်ပဲ မီးငြိမ်းရာကိုသာ ပြောပြနိုင်သလို မိမိခန္ဓာကိုယ်ထဲမှာရှိသော ဒုက္ခဆင်းရဲတွေ ဘယ်မှာပျောက်သွားလဲဟု မပြောပြနိုင်သော်လည်း မိမိခန္ဓာကိုယ်ထဲမှာရှိတဲ့ ချမ်းသာမှုကိုပဲ နိဗ္ဗာန်ရဲ့နေရာဌာနဟု ညွှန်ပြပြောဆိုရပါမယ်။

တဖန် နိဗ္ဗာန်ချမ်းသာနဲ့ပတ်သတ်ပြီး ဘယ်လိုဒုက္ခငြိမ်းခြင်းတွေ ခံစားရသလဲဆိုတာကိုလည်း ဦးဇင်း ဥပမာလေးနဲ့ ပြောပြပေးပါမယ်။ ကင်ဆာရောဂါကဲ့သို့ ဆင်းရဲခြင်းဒုက္ခများစွာ ခံစားနေရသော လူနာတစ်ယောက်သည် သူ့ဒုက္ခများကို မခံစားနိုင်တဲ့အခါ ဆရာဝန်ဖြစ်သူက သူ့အား ချမ်းသာမှုလေးအနည်းငယ်တော့ ရပါစေဆိုပြီး အိပ်ဆေးထိုးပေးလိုက်ပါတယ်။ အဲဒီလူနာဟာ အိပ်ဆေးထိုးပေးလိုက်တဲ့အချိန်ကစပြီး တစ်ညလုံးသူ့မှာ နာကျင်မှုစတဲ့ဆင်းရဲတွေ ငြိမ်းချမ်းနေပါတယ်။ သို့သော်လည်း အိပ်ဆေးအရှိန်ကုန်လာတဲ့အခါ လူနာနိုးလာပါတယ်။ သူအိပ်ဆေးကြောင့် အိပ်ပျော်နေတဲ့အချိန်မှာ ဆင်းရဲတော့ ငြိမ်းနေပါတယ်။ သို့သော် သူဘာခံစားရလဲဆိုတော့ ဘာမှလည်း မခံစားရပါဘူး။ ကောင်းတာမခံစားရသော်လည်း ဆင်းရဲဒုက္ခတွေကတော့ ငြိမ်းချမ်းနေပါတယ်။

ဒါပေမဲ့ သူနိုးလာတဲ့အချိန်မှာတော့ အနာရောဂါရဲ့ နာကျင်မှုဒုက္ခတွေ ခံစားရပြန်ပါတယ်။ ဒါ့ကြောင့် ကိလေသာများကုန်အောင် လုပ်ထားတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဘယ်လိုငြိမ်းချမ်းမှုချမ်းသာကို ခံစားရသလဲဆိုရင် လူနာအိပ်ဆေးထိုးထားတဲ့အချိန်၌ ခံစားမှုမရှိဘဲ ဆင်းရဲဒုက္ခတွေငြိမ်းနေတဲ့ ချမ်းသာမှုမျိုးကို နိဗ္ဗာန်ချမ်းသာလို့ ဥပမာတင်စားပြောရပါမယ်။ ဒါက အားလုံးနားလည်အောင် ဥပမာနှိုင်းယှဉ်ပြီး ရေးလိုက်ရတာပါ။ နိဗ္ဗာန်ချမ်းသာဟာ ဒီထက်မက သာလွန်မှာတော့ အမှန်ပါပဲ။ ဒီလောက်ဆို မေးထားတဲ့ မေးခွန်းများထဲက နိဗ္ဗာန်ကို ကြိုတင်မြင်နိုင်သလား၊ ဘယ်လိုမြင်ရတာလဲဆိုတာ နားလည်လောက်မည် ထင်ပါတယ်။

ယခုရေးသားရသော အကြောင်းအရာများသည် စာရေးသူကိုယ်တိုင် မတွေ့မမြင်မရောက်မခံစားဖူးသေးသော အကြောင်းအရာကို ရေးသားတင်ပြရခြင်းကြောင့် မှန်ကန်တိကျသော အဖြေဟုမဆိုနိုင်သလို စာဖတ်သူများလည်း ကိုယ်တိုင်မတွေ့၊ မမြင်၊ မရောက်ဖူးသေးသောအကြောင်းအရာကို ဖတ်ရခြင်းကြောင့် မှန်ကန်တိကျသော အဖြေကို ရချင်မှရပါလိမ့်မည်။ သို့သော် စာရေးသူသည် ဤခက်ခဲသော အကြောင်းအရာကိုစာဖတ်သူများအပေါ် မေတ္တာစေတနာအားကြီးလွန်၍သာ ရောက်အောင်ကြိုးစားခဲ့သူများ
ဟောပြောရေးသားခဲ့သော အကြောင်းအရာများကိုအခြေခံပြီး အနီးစပ်ဆုံးမှန်ကန်အောင် ရေးသားတင်ပြပေးလိုက်ခြင် ဖြစ်ပါသည်။

သတ္တဝါတိုင်းဟာ ဆင်းရဲဒုက္ခအမျိုးမျိုးမှ ချုပ်ငြိမ်းရာကိုတော့ လိုချင်ကြပါလိမ့်မည်။ အဲဒီလို လိုချင်လျှင်တော့ ဆင်းရဲဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင်တော့ ဆင်းရဲဒုက္ခတွေ ဆက်တိုက်ဖြစ်ပျက်နေတဲ့ သံသရာစက်ဝိုင်းကြီးထဲမှာ ကျင်လည်ကျရဦးမှာပါ။ ဒါ့ကြောင့် အားလုံး ဒုက္ခတွေထပ်မဖြစ်အောင် ကိုယ့်ဒုက္ခသူများဒုက္ခရောက်မည့်အရာများမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုုပ်လိုက်ရပါပေသည်။

 

http://www.sanninaymin.com/

2 comments

  • ပေစုတ်စုတ်

    September 1, 2011 at 9:41 am

    ကြုံလို ့ဝင်ဆွေးနွေးကြည့်ပါမယ်… သာမန်အရပ်သား လူဗြိန်းနားလည်တဲ့ပုံစံနဲ့ပါပဲ.. ကျမ်းကြီးကျမ်းငယ်တစ်ခုမှမတို ့ထိဖူးတော့… ကျမ်းကိုးကျမ်းကားနဲ့တော့မဆွေးနွေးနိုင်ပါ… အဆင့်မမှီဘူးသတ်မှတ်လိုကသတ်မှတ်နိုင်ပါတယ်… ဒါပေမဲ့ ကျွန်တော့်အမြင်က အခုကျွန်တော့်ပတ်ဝန်းကျင်ကလူအများစုရဲ့အမြင်နဲ ့နဲနဲတော့ထင်ဟပ်နေလိမ့်မယ်လို ့ထင်ပါတယ်…
    နိဗ္ဗာန် နိဗ္ဗာန် ဆိုပြီး ကျွန်တော်တို ့ငယ်စဉ်တောင်ကျေးကနေသိခဲ့ရပြီး ဘာမှန်းမသိတာကြီအဖြစ်အခုထိရှိတုန်းပါပဲ… အဲဒိအတွက်စိတ်ဝင်တစားရှိလှပါတယ်… လွတ်မြောက်မှုတစ်ခု အဖြစ်သတ်မှတ်ထားတယ်လို့တော့ဝေဝေဝါးဝါး မှတ်ယူထားပါတယ်… ဒီနေရာမှာကျွန်တော်ဆိုလိုချင်တာကာ.. လူရယ်လို ့ဖြစ်လာတာဟာ အဓိပ္ပာယ်အပြည့်အဝရှိပြီးသားလို ့မှတ်ယူပါတယ်… “လူရယ်လို ့ဖြစ်လာလို ့ကြုံတွေ ့ရတဲ့ ရသတွေအားလုံးကို ဒုက္ခအဖြစ် သတ်မှတ်တာဟာ လူအားလုံးလက်ခံနိုင်တဲ့ အဆိုတစ်ခု” ဖြစ်နိုင်ပါ့မလား လို ့ကျွန်တော်သံသယဝင်ပါတယ်… ကျွန်တော့်ထင်မြင်ချက်သက်သက်ပါ… ဆရာတော်ကြီးတွေ… ကိုယ်တိုင်တောင် နိဗ္ဗာန် ကိုအဓိပ္ပာယ်ဖွင့်ဆိုပုံခြင်းမတူကြဘူးလို ့ဆိုပါတယ်… အဲဒါကိုတော့ညာဏ်လုံးဝမမှီတဲ့အတွက်မဆွေးနွေးလိုပါ.. မှီတဲ့အပိုင်းကပဲပြောကြည့်ချင်ပါတယ်.. ကျွန်တော်အနီးဝန်းကျင်ကလူတွေကိုမေးကြည့်ဖူးပါတယ်.. မင်း နိဗ္ဗာန်ချမ်းသာ ကိုအခုရမယ်ဆိုရင် ယူမလားဆိုရင် ယူချင်တဲ့လူရယ်လို ့မတွေ ့ဖူးသေးလို ့ပါ… ဒီနေရာမှာပြောကောင်းပြောပါတယ် ကျွန်တော်တို ့တတွေက နိဗ္ဗာန်ရဲ့အေးချမ်းမှုကိုမခံစားနိုင်လောက်အောင်ကို နလဗိန်းတုံးဆန်တဲ့ဦးနှောက်တွေနဲ ့လူတွေဖြစ်နေတယ်လို့… ဟုတ်ကောင်းဟုတ်ပါတယ်.. ဒါပေမယ့် ကျွန်တော်ကတော့ လူရယ်လို ့ဖြစ်လာမှတော့ ဖြစ်လာတဲ့အခုဘဝကိုပဲ တွယ်တာတယ်ဗျာ .. နွားခြေရာခွက်တဲ့က ဖားရဲ့အတွေးမျိုးဖြစ်ကောင်းဖြစ်မယ်… ဒါပေမဲ့ ကိုယ်အဓိပ္ပာယ်နဲ့ကိုယ် ဆင်းရဲရဲ ချမ်းသာသာ အဓိပ္ပာအပြည့်ရှိတယ် လိုပဲမြင်ပါတယ်…

  • ဆန်နီနေမင်း

    September 1, 2011 at 12:38 pm

    ဒကာ ပြောတာလည်း သဘာဝကျပါတယ်။ သတ္တဝါမှန်သမျှဟာ ဘဝကိုတပ်မက်မှု တဏှာရှိနေသမျှ ရလာတဲ့ချမ်းသာလေးကို တွယ်တာနေကြဦးမှာပါ။ တဏှာရှိနေသမျှတော့ နိဗ္ဗာန်ချမ်းသာဟာ တကယ်ချမ်းသာစစ်ဆိုတာ သိကြဦးမှာ မဟုတ်ပါဘူးလေ။

Leave a Reply