မော်တော်ကားထုတ်ရအောင်……

moegyothwarSeptember 1, 20111min21119

ကျွန်တော်သိတဲ့ မလောက်လေးမလောက်စား အတွေ့အကြုံလေးနဲ့ ဒီနေ့ ကားထုတ်လုပ်မှု အပေါ် နဲနဲလေး သုံးသပ်ကြည့်ချင်ပါတယ်။ အခုတလော ကားလောကမှာ ဖြစ်နေတာတွေ မြင်ရ၊ ကြားရ နားဝမှာ မချမ်းသာတာရယ်၊ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံပိစိလေးကို ကျွန်တော့်ထက်ပိုနားလည်တဲ့ ညီအစ်ကိုတွေ၊ ညီအမတွေ ပြန်လည်ဝေဖန်ဆွေးနွေးပေးကြနိုင်အောင်ပါ။ ကျွန်တော် သိရသလောက် MG ကို နိုင်ငံတော် က တာဝန်ရှိသူတွေ လာပြီးဖတ်တာတွေ့ဖူး၊ သိဖူးတာကြောင့် ဒီဆွေးနွေးမှု့လေးတွေကနေ တခုခု သိသွားမယ်ဆိုရင် နိုင်ငံအတွက် တစိတ်တဒေသ အထောက်အကူပြုနိုင်အောင်ရည်ရွယ်ပါတယ်…

 

မော်တော်ကားထုတ်တယ်ဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်တဲ့ လုပ်ငန်းပါ။ မတည်ရင်းနှီးငွေ များသလို၊ အသိပညာ အတတ်ပညာ တီထွင်ဖန်တီးနိုင်မှု အများကြီး လိုတဲ့လုပ်ငန်းပါ။ အဲဒီတော့ ငါတို့ ကားမထုတ်ရတော့ဘူးလား ဆိုရင်….. ထုတ်ပါ.. ထုတ်သင့်ပါတယ်.. ထုတ်လဲထုတ်ရပါမယ်.. ဒါပေမယ့် ဘယ်သူက ဦးဆောင်သင့်တယ်၊ ဘယ်လိုဆောင်ရွက်ရင်ကောင်းမယ်ဆိုတာလေးတွေကို ဝေမျှပေးချင်ပါတယ်။

 

ဒီနေ့ကမ္ဘာမှာ နာမည်ကြီး ဂျပန်ကားတွေ ဘယ်လိုထုတ်ခဲ့ ကြသလဲဆိုတာကို နဲနဲရှင်းပြပေးချင်ပါတယ်။ စစ်အပြီး ဂျပန်မှာ မော်တော်ကားထုတ်လုပ်ဖို့အတွက် ဂျပန်အစိုးရက အမေရိကန်ဆီမှာ နည်းပညာ ဝယ်ခဲ့ပါတယ်။ ဝယ်လာတဲ့နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အသုံးချနိုင်အောင် ပြည်တွင်းက မော်တော်ကားထုတ်တဲ့ လုပ်ငန်းရှင်တွေကို ဝေမျှပေးခဲ့ပါတယ်။ ထုတ်လုပ်တဲ့ကားတွေအတွက်ပေးရတဲ့ Loyalty fees ကို အစိုးရကအစမှာပေးခဲ့တယ်လို့သိရပါတယ်။ လိုအပ်တဲ့ငွေကြေးနဲ့ ထောက်ပံမှုတွေအတွက် ဘဏ်တွေက ချေးငွေတွေ အပြိုင်ချေးပေးကြပါတယ်။ အဲ တခြားလိုအပ်တဲ့ supporting industries တွေကို ဖွံ့ဖြိုးအောင်လဲ ငွေရေးကြေးရေး၊ နည်းပညာ ကူညီပေးခဲပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက်မော်တော်ယာဉ်နည်းပညာ တိုးတက်လာပြီး ကားတွေထုတ်လာနိုင်တာပါ။

အစမှာတော့ ဂျပန်ပြည်တွင်းထုတ်ကားတွေကို သူ့ဂျပန်တွေတောင် မစီးချင်ကြပါဘူး.. ပုံမလှ၊ စတိုင်မကျနဲ့ပေါ့ ပြသနာကလဲ သောင်းခြောက်ထောင်လေ…. ဒါပေမယ့် အမှန်တကယ်ကားထုတ်လုပ်သူတွေက်ု ငွေချေးပေးတယ် .. အစိုးရက ကူပြီး Marketing လုပ်ပေးခဲ့တယ်…. ကားထုတ်လုပ်ဖို့ခွင်ပြုခဲ့တဲ့ အစမှာ ကား ထုတ်လုပ်သူ ရာနဲ့ချီရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အမှန်တကယ်လုပ်နိုင်တဲ့သူတွေဖြစ်တဲ့ Toyota, Nissan, Masda တို့လိုတွေဘဲကျန်ခဲ့တော့တယ်။

အခြားလုပ်ငန်းရှင်တွေကလဲ ကားထုတ်နေရာကနေ ကားနဲ့ပတ်သက်တဲ့ accessories တွေထုတ်လုပ်တဲ့ဘက်ကို ခြေဦးလှည့်ကြပါတယ်။ Industrial Cluster ဆိုတာ အဲတာပါ…. အဲဒီအစုဝေးလေးပေါ်လာပြီးတဲ့နောက်မှ ဂျပန်ရဲ့ ကားထုတ်တဲ့ လုပ်ငန်းမှာ အခြေခံ ခိုင်လာ ခဲ့တာပါ။

 

ကားထွက်လာတော့ရော….. မရောင်းရပါဘူး။ ဂျပန်တွေကမှမကြိုက်တာ။ အဲဒီတော့ Import ကို ပိတ်ပါတယ်.. တင်သွင်းခွန်ကို မဟားတရားမြှင့်တင်ထားပါတယ်။ တဘက်မှာလဲ ပြည်သူတွေ ဝယ်ချင်လာအောင် ကားချေးငွေထုတ်ချေးပေးခဲ့ပါတယ်။ ပြည်ပကိုတင်ပို့နိုင်အောင်ဆောင်ရွက်ရာမှာ အစိုးရက အရှုံးခံပြီး အမြတ်မရတာသိရက်နဲ့ ချေးငွေတွေ ပုံချေးပေးပြီးဈေးကွက်မြှင့်တင်ပေးခဲ့လို့ ဂျပန်ကားကို ပြည်ပကို တင်ပို့နိုင်ခဲ့တာပါ။ ကျွန်တော်သိရသလောက် ပြည်ပကို ကားစတင်တင်ပို့ တုန်းက ပို့လို့ရှုံးတဲ့ အရှုံးကို ဂျပန်အစိုးရက ကျခံပေးခဲ့တယ်။ ကားလုပ်ငန်းတွေကို ဘဏ်တွေကငွေချေးကြပေမယ့် လုပ်ငန်းမြတ်လားရှုံးလားစာရင်းစစ်လို့မရအောင် ၊ မစစ်အောင် ၊ ထပ်ချေးပေးချင်အောင် အစိုးရက ကူညီပေးခဲ့ တာပါ။

အဲဒီတော့ ဂျပန်က ကားပို့နိုင်တာ ရဲ့နောက်ကွယ်က မောင်းနှင်အားဟာ ဂျပန်အစိုးရပါ။ မလေးရှားလဲ ဒီလိုပါဘဲ… အစိုးရရဲ့ အကုအညီအများကြီးပါ ပါတယ်။  ဒီတော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကို ကားထုတ်ခိုင်းတယ်ဆိုတာ အများကြီးအဆင့်ကျော်နေပါပြီ။ ထုတ်လုပ်မှု့ပိုင်းမှာလဲ CKD- Complete Knock Down, SKD – Semi Knock Down , CBU – Complete Business Unit ဆိုပြီး ဆိုပြီးအဆင့်တွေရှိပါသေးတယ်။

မြန်မာပြည်အနေနဲ့ ကားထုတ်မယ်ဆိုရင် နိုင်ငံတော်ရဲ့အထောက်အကူ ၈၀% လိုပါတယ်… အစပိုင်းမှာCKD တင်သွင်းပြီး တပ်ဆင်တာ အမှန်ဆုံးပါ။ ပြီးတော့မှ အားနည်းချက် အားသာချက် ပြည်တွင်းကအစားထိုးထုတ်လုပ်နိုင်မယ့် ပစ္စည်းဆိုတာတွေ ပိုင်းခြားပြီးမှ Complete Business Unit ဘက်ကိုသွားရမှာပါ။ နောက်ပြီး supporting industries တွေတည်ဆောက်နိုင်မှု့ ဆိုတာပြသနာပါ။ တည်ဆောက်ရမယ့်စရိတ်နဲ့ ပြန်ရမယ့် return မကိုက်ရင် ပြည်ပကဘဲတင်သွင်းနေရအုန်းမှာပါ။ ကားတစီးအတွက်လိုအပ်ချက်တွေက သောင်းချီပြီးရှိပါတယ်… မီးခွက်၊ မီးလုံး၊ ဝါယာ၊ မှန်၊ အင်ဂျင်၊ ………  အဲဒီတော့ ခွန်အားတွေ၊ ငွေတွေ၊ အချိန်တွေစိုက်ထုတ်ပြီး ထွက်လာတဲ့ ပစ္စည်းဈေးကြီးကြီးကို သုံးမယ့်အစား ပြည်ပက တင်သွင်းတာ ပိုသက်သာမယ်.. အဓိကက သုံးစွဲသူတွေရဲ့ အသက် လုံခြုံမှု့ပေးနိုင်မှု့ပိုရှိပါလိမ့်မယ်။

Competitive Advantage ဘက်ကပြန်စဉ်းစားရမယ်ဆိုရင် Make or Buy… ဘာလုပ်မလဲဆိုတာ စဉ်းစားဖို့ လိုပါပြီ။ Strategy is understanding what not to do လို့ ကျွန်တော်ရဲ့ ဆရာ Michael Porter ပြောခဲ့ ဘူးပါတယ်။ မှန်လဲမှန်ပါတယ်… ခေတ်သစ်.. စနစ်သစ်မှာ What Not to Do ကို သိမှ တိုးတက်မှာပါ။ မဟာ အမှားကြီးကို လုပ်ခဲ့ကြပြီးပါပြီ .. ဘယ်လိုပြန်ပြီးတည့်မတ်ရမလဲဆိုတာ ကို အရင်အဖြစ်အပျက်တွေကို နမူနာယူပြီး ပြောင်းလဲသင့်နေပါပြီ။ ကားထုတ်လုပ်သူတွေထဲမှာ မှန်မှန်ကန်ကန်လုပ်ဖို့ ရင်းနှီးမြှတ်နှံထားသူတွေ ရှိပါတယ်.. ဒီလူတွေကိုနိုင်ငံတော်က ဦးဆောင်ခေါ်ယူပြီး National car ဆိုတာမျိုးကို စနစ်တကျနဲ့ထုတ်သွားမယ်ဆိုရင် …… မြန်မာနိုင်ငံရဲ့ မော်တော်ကားထုတ်လုပ်မှု့ ရဲ့လမ်းစကောင်းဖြစ်လာမှာ သေချာပါတယ်။ IQ မြင့်တဲ့ ခိုးသွင်းတဲ့လူတွေကိုတော့ ဥပဒေလမ်းကြောင်းကဘဲ ဇတ်သိမ်းပေးမှ Clean ဖြစ်လာမှာသေချာပါတယ်။

ပြန်ပြီးသုံးသပ်ရရင်….

–       မြန်မာနိုင်ငံမှာကားထုတ်လုပ်မယ်ဆိုရင် နိုင်ငံတော်ကဦးဆောင်မှရပါမယ်

–       Supporting Industries, Industrial Clusters တွေပေါ်လာအောင်လုပ်ရပါအုန်းမယ်

–       နည်းပညာ ဘယ်ကယူမလဲဆိုတာ ဆုံးဖြတ်ရပါမယ်… စက်မှု့ ၂မှာ တော်တော်များများနည်းပညာ၊ ပညာရှင်တွေရှိပါတယ်.. အသုံးချတတ်ဖို့လိုပါတယ်

–       ထုတ်လုပ်မှုဖြစ်စဉ်အတွက် လိုအပ်တဲ့ ရင်းနှီးမှုတွေလိုနေပါသေးတယ်

–       ထွက်လာတဲ့ကားတွေရဲ့ အာမခံချက်၊ သုံးစွဲသူတွေအတွက် လုံခြုံမှု့နဲ့အသက်အာမခံချက် ဘယ်လောက်ရှိလဲဆိုတာတွေပြန်စဉ်းစားရပါမယ်

ဒါကြောင့် လူကြီးတွေ အနေနဲ့ Make or Buy ကို မျှတစွာဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်..

19 comments

  • မီးမီး သော်

    September 1, 2011 at 12:25 pm

    အမလေး နော် မြန်မာပြည်ကကားကို ပြည်ပပို ့မှာထက် ကိုယ့်ပြည်တွင်းမှာ ရောင်ရအောင်လုပ်ကြည့်ပါဦး။ဘယ်ကွေ ့ညာချိုးတဲ့ကားတွေကိုနော်။စုတ်ပြတ်သတ်နေတယ် ကားပုံတွေကိုက။သန်းရွှေပုံကြည့် ဒီဇိုင်းဆွဲထားသလိုနေတယ်။

  • ပေစုတ်စုတ်

    September 1, 2011 at 12:52 pm

    ဪ အချိန်တန်တော့လဲကောင်းလာမှာပေါ့ဗျာ အခုမှအစရှိသေးတာကိုး… နိပွန်တွေတုန်းကလဲအဲလိုပါပဲတဲ့ ..ပြောတယ်လေ… စိတ်လျှော့စိတ်လျှော့ ကျွန်တော်တော့ ကောင်းကောင်းထုပ်နိုင်မှပဲ ဝယ်စီးတော့မယ်..

  • windtalker

    September 1, 2011 at 1:09 pm

    ဖြစ်လာတော့မှာပါ
    ဖုန်းတွေ တောင် ကြည့်လေ
    ၃ သိန်းဖုန်း လာတော့မယ်
    နောက်ပိုင်း စက္ကူဖုန်း ဆိုလား ပဲ

  • pan pan

    September 1, 2011 at 1:12 pm

    ပြည်တွင်းမှာ ကားပေါပေါများများထုတ်ပေးဖို့ကောင်းတယ်
    မှောင်ခိုဈေးနဲ့မဝယ်ရဘဲ အစိုးရထုတ်ဈေးအတိုင်းပေ့ါ
    ဒါပေမယ့် ဖုန်းတွေပေါလာတာ တော်သေးတယ်
    ကားတွေပေါလာရင် မြန်မာနိုင်ငံကလမ်းတွေနဲ့ကတော့ ယာဉ်ကြောပိတ်ဆို့ရင် နှစ်ပေါက်သွားမယ်
    သိတယ်မလား စည်းကမ်းကလည်း ခပ်ရှိရှိဆိုတော့……။။။

  • minthakhin

    September 1, 2011 at 1:17 pm

    ဟင်း ပြောတော့ ပြည်တွင်း စက်မှုလုပ်ငန်း (ကားထုတ်လုပ်ရေး) ဖွံ ့ဖြိုးတိုးတက်အောင်၊ ကားတင်သွင်းခွင့်များကို မချပေးတာလို ့ပြောခဲ့ကြတယ်။ ပြောနေတုန်း တန်းလန်းဘဲ (တရုတ်) နည်းပညာအစုတ်တွေနဲ ့ကားတွေက မြန်မာနိုင်ငံထဲ လှိမ့်ဝင်လာခဲ့ကြတယ်။ ဟိုနား ဒီနားမောင်းရင်တောင်
    heat တက်နေပြီ ။ ဟိုင်းဝေးသွားမယ်ဆို ဘယ့်နှယ့်လုပ်ကြမလဲ။

    • moegyothwar

      September 1, 2011 at 1:23 pm

      အဲလိုအလုပ်ကောင်းလို့ ကျပ် ဘီလီယံထောင်ချီပြီး နိုင်ငံတော်နစ်နာခဲ့ရပြီလေ။ လွတ်လွတ်လပ်လပ် လွှတ်ပေး သွင်းခွင့်ပေးလိုက် ထိုက်သင့်တဲ့ဈေးနဲ့ ကားကောင်းကောင်း စီးနိုင်မယ်… နိုင်ငံတော်အခွန်မှန်မှန်ရမယ်။ သွားလာရေးအဆင်ပြေမယ်။ ပြည်သူစိတ်ချမ်းသာမယ်။ အဲဒါပေမယ့် အခွင့်ထူးခံတွေတော့ လိမ်ကောက်ကွေးနေမှာသေချာတယ်…. အခုထဲက ကားတွေထုတ်ရောင်းဘို့ကြံနေကြပြီလေ

  • moegyothwar

    September 1, 2011 at 1:18 pm

    ပန်ပန်ရေ.. စိတ်မပူနဲ့ အခုကားအစုတ်တွေရှင်းလင်းရေး အတွက် လုပ်နေပြီ။ ကားတွေပိတ်တယ်ဆိုတာကလဲ အစုတ်တွေကိုး…. ဖွတ်ချက် ဖွတ်ချက်နဲ့ သွားနေကြတာ။ လမ်းကလဲနောက်နှစ်လောက်ဆို တော်တော်ကောင်းတော့မှာပါ.. ရန်ကုန်စည်ပင်က တော်တော်ပြောင်းလဲနေပါပြီ.. အရင်ဆရာကြီး သုံးသွားတာတွေအရမ်းများလို့ ဘက်ဂျက်နဲနေလို့ ဒီနှစ်သိပ်မလုပ်နိုင်တာ… နောက်နှစ်ကျရင် တော်တော်ပြောင်းလဲသွားပါလိမ့်မယ်။ လမ်းဘေးဈေးသယ်တွေရှင်းလိုက်တော့လဲ မောင်းရတာပိုအဆင်ပြေလာပါပြီ။ စိတ်မပူနဲ့ ကားဝယ်ဖို့သာ ပိုက်ဆံစုထားတော့

    • pan pan

      September 1, 2011 at 1:25 pm

      ဒီလိုဆိုတော့လည်း မျှော်လင့်ရသေးတာပေ့ါ
      ၅၅သိန်းတန်ကားလေး သဘောကျနေတာ
      မှောင်ခိုဈေးက ၁၇ဝလောက်ရှိတယ်ဆိုတော့ မဝယ်နိုင်ဘူး
      ဈေးကလည်း တော်တော်ဟတာပဲ

      • moegyothwar

        September 1, 2011 at 1:29 pm

        အခုက အဟလေးစားနေကြတာဗျ။ ဟစိဟစိဖြစ်လေ ကြားလူကောင်းလေဘဲ။ စက်မှု ၂ ဝန်ကြီးလဲ မသိတာမဟုတ်ဘူး သိတယ်။ မရောင်းပါနဲ့ပြောလေ ပိုရောင်းလေဘဲ။ အဲလိုမဖြစ်အောင် လိုသလောက်ချပေးလိုက် စက်ရုံကထုတ်ရတာအဆင်မပြေရင် နိုင်ငံတော်ကသွင်းပြီးရောင်းပေးဗျာ။ နိုင်ငံတော်ဆိုလို့ကတော့ ကျသလောက်ကိုပေးမယ်… အပြင်ကောင်တွေကို တော့ ၅ ပြားတောင်ပေးမစားချင်တော့ဘူး

        • pan pan

          September 1, 2011 at 1:41 pm

          ဝန်ကြီးက မရောင်းပါနဲ့ပြောပေမယ့် မရဘူးဆိုတော့
          ဝန်ကြီးအောက်က လုပ်ပိုင်ခွင့်ရှိသူတွေက ဆက်လုပ်နေလို့လား
          နိုင်ငံခြားကကား မှောင်ခိုသွင်းတာ တစ်ပိုင်း
          ခုဟာက ပြည်တွင်းက အစိုးရထုတ်ဆိုတော့
          တိဝူး…..တိဝူး…….. 🙄

      • nayminn

        September 1, 2011 at 3:10 pm

        သေခါနီးလူတစ်ယောက်က သူ့သားကိုနောက်ဆုံးစကားတစ်ခွန်းပြောသွားတယ်။
        ´´´သားရယ်…..မင်းအဖိုးလက်ထက်………ကတည်းက…လျှောက်ထားတဲ့….ချယ်ရီဝက်ဂွန်ကားဝယ်ခွင့်…ပါမစ်ကို….သားလက်ထက်မှာလည်း….စိတ်ရှည်…လက်…ရှည်..နဲ့စောင်.~~..~~´´´

  • killer

    September 1, 2011 at 9:50 pm

    တင်သွင်းခွင့်တွေ ပေးကြ၊ အခွန်အကောက်တွေကို သက်သက်သာသာကောက်ကြ၊ ဒီလိုလေးလုပ်ပေးနိုင်
    မယ်ဆိုရင် လူလတ်တန်းစားတွေ ကားဝယ်စီးနိုင်တော့မယ်။

  • myanpyithar

    September 2, 2011 at 9:21 am

    လက်ရှိရူးကြောင်ကြောင်ဇုံထုတ်ကားလုပ်ငန်းတွေအရင်ဖျက်သိမ်းပြစ်ရမယ်..
    ကားအသစ်ခိုးသွင်းပြီး..စက်မှု့ဇုံထုပ်ကား..ဆိုပြီးရောင်းနေတာ..ရှက်ဖို့ကောင်းပါတယ်..
    နိုင်ငံတော်လဲအခွန်အခမရ..လူကြီးပိုင်းနဲ့ ကားထုပ်သူတွေဘဲအကြီးအကှယ်ထောနေတာ.
    တော်ဘီဗျာ..ဒေါသထွက်လာဘီ..

  • myanpyithar

    September 2, 2011 at 2:17 pm

    ဇုံကားအကြောင်းနဲ့ပါတ်သက်လို့…FWD.မေးတစိ်စောင်ကရတာဖတ်ကြည့်ကြပါအုံး.အရပ်ကတို့…
    တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ ****

    တရားမဝင် လိုင်စင်မဲ့ ကားများတင်သွင်းပြီး တရားဝင်ကားအဖြစ် လိုင်စင်ချထားပေးသော
    လုပ်ငန်းအဆင့်ဆင့်တွင် စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများ၊
    အစိုးရဝန်ကြီးများနှင့် ဌာနဆိုင်ရာ ညွှန်ချုပ်များ အထိ ပါဝင်ပတ်သက်နေကြောင်း
    သတင်း ရရှိသည်။****

    ****

    မြန်မာပြည်ဘက်သို့ တင်သွင်းမည့် လိုင်စင်မဲ့ကားများအား ထိုင်း – မြန်မာနယ်စပ်
    မဲဆောက်မြို့တွင် ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ဧရာဝတီ)****

    ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ဝန်ကြီး ဦးလှထွန်း၊ စက်မှု ၂ ဝန်ကြီး
    ဦးစိုးသိန်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
    အပါအဝင် အစိုးရအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်များ၏ မိသားစုဝင်များ၊
    ဆွေမျိုးများသည် လိုင်စင်မဲ့ကား တင်သွင်းရောင်းချ လိုင်စင်ဝင်သည့်
    လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြောင်း အစိုးရဝန်ထမ်း အသိုင်းအဝန်းနှင့်
    ကားထုတ်လုပ်ရေးကုမ္ပဏီများမှ သိရသည်။

    “ပြည်တွင်းကို ကားတွေ တရားမဝင် သွင်းလာတာ ဝန်ကြီးတွေ၊ ညွှန်ချုပ်တွေ အားလုံး
    သိပါတယ်။ သူတို့က လာဘ်ပေး လာဘ်ယူကိစ္စကို တိုက်ရိုက် မပတ်သက်သလို နေတယ်။
    ညွှန်ကြားရေးမှူးတွေက တာဝန်ယူ ပိုက်ဆံရှာ၊ အချိန်တန်ရင် ဝန်ကြီးတွေ၊
    ညွှန်ချုပ်တွေကို ရလာတဲ့ ဝေစုထဲကနေ သွားကန်တော့တဲ့ ပုံစံမျိုးနဲ့ လာဘ်ပေးလာဘ်ယူ
    လုပ်နေတာ။ လိုင်စင်မဲ့ကားတွေ လိုင်စင်ရဖို့ဆိုတာ ကလည်း နောက်ဆုံး ဝန်ကြီးနဲ့
    ညွှန်ချုပ်တွေလက်မှတ်ထိုးပြီးမှ တရားဝင်တာ” ဟု နေပြည်တော်အခြေစိုက်
    အမည်မဖော်လိုသော အစိုးရအရာရှိကြီးတဦးက ပြောသည်။

    ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးဦးလှထွန်းသည် အကောက်ခွန်ဦးစီးဌာန၏
    ညွှန်ကြားရေးမှူးချုပ် အဖြစ် ၎င်း၏ လူယုံဖြစ်သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
    ရုံးအဖွဲ့မှူး ဦးထွန်းသိန်းကို ညွှန်ကြားရေးမှူးချုပ် အဖြစ် ယခုနှစ် မေလ ကုန်တွင်
    အစားထိုးခန့်အပ်ခဲ့သည်။ ယခင် ညွှန်ကြားရေးမှူးချုပ် ဦးစံသောင်းကိုမူ
    မြန်မာ့စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ပြီး
    ဦးစံသောင်းလက်ထက်က အကောက်ခွန်ဦးစီးဌာနအတွင်း ဖြစ်ပေါ်ခဲ့သော အကျင့်ပျက်
    ခြစားမှုများကို တစုံတရာအရေးယူ ဆောင်ရွက်ခြင်းမရှိခဲ့ဟု သိရှိရသည်။

    “ရုံးအဖွဲ့မှူးကို ညွှန်ချုပ်ရာထူးပေးတဲ့ အစဉ်အလာ မရှိသလောက် နည်းတယ်။
    ဦးလှထွန်းကတော့ သူရဲ့လက်ရင်းတပည့်ကို ချက်ချင်း ညွှန်ချုပ်အဆင့် တိုးပေးခဲ့တယ်။
    ဦးထွန်းသိန်းလက်ထက် မှာလည်း ဌာနတွင်း အကျင့်ပျက်ခြစားမှုတွေ ထိုးတက် လာတယ်။
    ဦးစံသောင်း လက်ထက်မှာလည်း ခြစားမှုတွေ တောက်လျှောက် ဖြစ်ခဲ့တာပဲ” ဟု နေပြည်တော်
    ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

    အမှတ် ၂ စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးသိန်းသည် ကားထုတ်လုပ်ရေး ကုမ္ပဏီ
    မှတ်ပုံတင်ခွင့်နှင့် ထုတ်လုပ်ခွင့်ပြုသည့် ကားအရေအတွက် စသည့် အရေးပါသော
    လုပ်ပိုင်ခွင့်များ ချထားပေးနိုင်သည့် အခွင့်အာဏာ ရှိပြီး နိုင်ငံခြားဖြစ်
    ကားများကို စက်မှုဇုန်ထုတ် ကားအဖြစ် လာဘ်ငွေယူကာ အများအပြားခွင့်ပြုခဲ့ကြောင်း
    သိရှိရသည်။

    “သာမန်ဝပ်ရှော့အဆင့်လောက်ပဲ ရှိတဲ့ အလုပ်ရုံတွေကိုလည်း ကားထုတ်လုပ်ရေး
    ကုမ္ပဏီပိုင် စက်ရုံဆိုပြီး နာမည်တပ်ခွင့် ပြုတယ်။ တရားမဝင်ကားတွေကို
    ဇုန်ထုတ်ကားတွေအဖြစ် ခွင့်ပြုခဲ့တာလည်း စက်မှု ၂ ဝန်ကြီး ဌာနပဲ။ နိုင်ငံခြားဖြစ်
    ကားတွေမှန်း သိရက်နဲ့ စက်မှုဇုန်ကားပါဆိုပြီး အသိအမှတ်ပြု ပေးခဲ့တယ်။ အားလုံးက
    နောက်ကြောင်း ပြန်လိုက်လို့ ရပါတယ်။ တကယ်ခုံရုံးဖွဲ့ စစ်မယ်ဆိုရင် တမှုချင်း
    ဖော်လို့ရတယ်။ အကောက်ခွန်၊ စက်မှု ၂ ၊ ကညန၊ ကားထုတ်လုပ်ရေး ကုမ္ပဏီ အားလုံးပဲ” ဟု
    ရန်ကုန်စီးပွားရေးသမား တဦးက ပြောသည်။

    ယခုအခါ စက်မှု ၂ ဝန်ကြီးဌာနသည် စက်မှုဇုန်ကားအဖြစ် အမည်ခံထားသော Hi-Ace ကားများ
    လိုင်စင်ဝင်ပါက တစီးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃၀၀ဝ မှ ၂၀၀၀ဝ အထိ
    ဒဏ်ရိုက်နေပြီး ထိုသို့ ဒဏ်ရိုက်ခြင်းမှာလည်း ဝန်ကြီးဌာနများ အားလုံး ပတ်သက်
    ဆက်နွှယ်နေသော အကျင့်ပျက်ခြစားမှုများ မပေါ်ပေါက်စေရန် အချိန်မီ ဆောင်ရွက်သည့်
    လုပ်ဆောင်ချက် တခုဖြစ်သည်ဟု ယင်းဌာနများနှင့် နီးစပ်သူများက ဆိုသည်။

    ကားလိုင်စင်နှင့် နံပါတ် ထုတ်ပေးရသည့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ
    ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် အကျင့်ပျက်ခြစားမှုများနှင့်
    ဆက်နွှယ်လျက်ရှိကြောင်း၊ ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် စစ်ဗိုလ်ချုပ်များ၏
    မိသားစုဆွေမျိုးများနှင့် ပတ်သက်ဆက်နွှယ်မှုရှိပြီး ကုမ္ပဏီ များကလည်း
    အစိုးရထိပ်တန်း အကြီးအကဲများ၏ အမည်ကို အသုံးချကာ ကားများတင်သွင်းခဲ့ကြကြောင်း
    သိရှိရသည်။

    “ကားထုတ်တဲ့ ကုမ္ပဏီတွေက စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း သားတွေနဲ့
    ပိုင်တယ်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ဒုတိယ သမ္မတ)
    သားနဲ့ပိုင်တယ်ဆိုပြီး နာမည်တွေသုံး ကားတွေသွင်းတယ်။ နာမည်လည်းသုံးတယ်၊
    လာဘ်ငွေလည်း ပေးတယ်။ ကားထုတ်တဲ့ ကုမ္ပဏီတွေအားလုံးက ဒီနည်းလမ်း နှစ်ခုကို
    သုံးပြီး ကားတွေသွင်းခဲ့ကြတာ။ တကယ်တော့ ပြည်တွင်းမှာ အဆင့်တန်းမီတဲ့
    ကားထုတ်နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ သူများနိုင်ငံက ခိုးသွင်းတာတွေ ဆင်ပြီး
    ပြန်ရောင်းတဲ့ အဆင့်မှာပဲရှိပါတယ်” ဟု ရန်ကုန် အခြေစိုက် စီးပွားရေးသမားက
    ဆိုသည်။

    စက်မှု ၂ ဝန်ကြီးဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော မြန်မာ့စက်မှုလက်မှု
    ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ၂၀၀ဝ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ကားထုတ်လုပ်ရေး
    ကုမ္ပဏီများကို စက်မှုဇုန်ထုတ်ကား ၉၈၈၈၄ စီးထုတ်လုပ်ခွင့် ပြုခဲ့ပြီး ယခုနှစ်
    တွင် ၉၅၇ရ စီး ထုတ်လုပ်ခွင့်ပြုထားသည်ဟု သိရသည်။****

  • myanpyithar

    September 2, 2011 at 2:50 pm

    ဒီမှာလဲကြည့်ပါအုံး…

    ALIBABA
    written by W car, August 31, 2011 ****

    SUPER SEVEN STAR CAR PRODUCTION CO LTD., (sss) +စက်မှု ၁ ဝန်ကြီးဟောင်း
    ဦးအောင်သောင်း သား
    Dragon Royal car priduction co., Ltd, + BO CHUT KO KO… PATHEIN car
    production co., + Bo MAUNG AYE SON …………………….. Taw win car
    production + တင်အောင်မြင့်ဦး (ဒုတိယ သမ္မတ) သား……..Win myanmar car
    production……Ko WIN MIN NAING…………….. Nay min Car
    production……….AUNG MYAT…………………. Shwe htay Car production
    co.,…………………….. North Dagon Ka KO KYAW WAI>>> KO
    AWE………………… 222 motor ………….U tamadi +စက်မှု ၂
    ဝန်ကြီးဦးစိုးသိန်း Yangon myanmar car
    production…………………………………etc………..they are all
    car ALIBABA car ALIBABAcar ALIBABAcar ALIBABAcar ALIBABAcar ALIBABAcar
    ALIBABAcar ALIBABAcar ALIBABA ****

    ** **

    • nayminn

      September 3, 2011 at 9:30 am

      အော်…ဘယ်နှစ်ဘဝစာအတွက် ဝါးနေကြတာပါလိမ့်။
      ဒီမှာတင်ရပ်ရင်….ကိုမောင်မောင်အေးရေ…ဘယ်လောက်ပေးမလဲ ပြောလိုက်ပါဦး။

  • လင်းဝေကျော်

    September 2, 2011 at 4:19 pm

    ပြည်တွင်းမှာကားထုတ်ပြီး ဈေးကျတော့ ဂျပန်က နောက်ဆုံးမော်ဒယ်ထက် ဈေးကဘာဖြစ်လို့များနေတုန်း။
    ဂျပန်ကားကိုပဲ အထုတ်ပြပြီး ဈေးတွေတင်ထားလိုက်တယ်။ ဘာကြောင့်ဘယ်လို ဆိုတာ အခုမှ သိတာတုန်း။
    ဂျပန်ဝန်ကြီးချုပ်က နှုတ်ထွက်သွားတယ်။ သူ့မှာတာဝန်ရှိပါတယ်၊ သူကောင်းစွာမစွမ်းဆောင်နိုင်ပါဘူးဆိုပြီး။ သူလုပ်ရည်ကိုင်ရည်ညံ့တာကြောင့် တိုင်းပြည်ကို နစ်နာမှု မဖြစ်စေရေး ဆိုတဲ့ စိတ်နဲ့ နှုတ်ထွက်ကြတာပါ။ အဲဒါ ဂျပန်စိတ်ဓါတ်။

  • moegyothwar

    September 2, 2011 at 11:19 pm

    ကိုလင်းဝေကျော်ရေ…. အစောထဲကသိပါတယ်ဗျာ။ မသိချင်ယောင်ဆောင်နေကြတာပါ။ အောက်ခြေကနေ ဟိုးထိပ်ဆုံးထိသိတယ်။ အခုမှ စော်ကားလာတာလွန်လာလို့ ထဗျင်းတာထင်ပါတယ်။ ကွန်တိန်နာနဲ့ ခိုးသွင်းရတယ်လို့ဗျာ။ ကျွန်တော့်ကွန်တိန်နာမှာ ပစ္စည်းလေး ၂ ထုပ် ( နမူနာပစ္စည်း ) လောက်ပါလာတာ ဖမ်းမယ်..ဆီးမယ်နဲ့။ လိုင်စင်အတိုင်းအမှန်သွင်းလာတော့လဲ … သောက်သုံးမကျဘူးတဲ့ ဘာမှမလွဲတော့ ငါတို့ဘာသွားစားမလဲတဲ…။ ကားတွေသွင်းလာတာကြတော့.. အကောက်ခွန်၊ ဆိပ်ကမ်း၊ ရေထောက်၊ စစရ၊ စရဖ၊ မြန်ဆန်ရေး၊ ကုန်သွယ်ရေး .. အောင်မလေးများလိုက်တဲ့အဖွဲ့တွေ မမြင်လိုက်ကြဘူးတဲ့

    ပြည်တွင်းမှာထုတ်ပေမယ့် ထုတ်လုပ်မှု့ စား…ရိတ် … ကြီးတယ်လေ။ တော်သေးတယ် အာကသယာဉ်ဈေးလောက်မရောက်တာ။ သမ္မတကြီးပြောသလိုပြောရ ရင် Transaction Cost တွေများနေလို့ပါဗျာ။ ထုတ်တဲ့ ပင်ရင်းနိုင်ငံက လူတောင် ကျွန်တော်တို့ရဲ့ ချမ်းသာကြွယ်ဝမှု့ ကို အံဩတယ်…. ငါတို့ထုတ်သမျှ မင်းတို့ကိုသာရောင်းရရင် ဂျပန်ပြည် ဒီထက်အဆ ၁၀၀ဝ လောက် ပိုချမ်းသာမယ်တဲ့

    သမ္မတကြီးလဲ ဖြုတ်ထုတ်ရှင်းရမှာတွေကို စာရင်းလုပ်နေလို့ထင်ပါတယ်။ မှန်မှန်ကန်ကန်လုပ်တဲ့ သူတွေ ကာလရှည်တည်မြဲနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ခက်တာက လက်ရှိအဖွဲ့ထဲမှာ အစွယ်ပေါက်နေတဲ့ နှစ်ချို့ကြီးတွေရှိနေလို့ သမ္မတကြီးရဲ့ ရည်မှန်းချက်အောင်မြင်ပါ့မလားလို့ သံသယဖြစ်မိပါတယ်

  • pyinlepyaw

    September 2, 2011 at 11:38 pm

    အင်း… အစွယ်ကြီးတွေက တုံးလဲတုံး ဝါကျင်ကျင်ကြီးတွေ .. ပဲ့တဲ့သူလဲပဲ့နေပီ..ဒါလဲ ဝါးနိုင်တုန်း..ဝါးကောင်း
    တုန်း လေ.. မလွယ်ဘူးနဲ့တူပါရဲ့ ။

Leave a Reply