သေခါနီးမှာ ဘာအရေးကြီးသလဲ အပိုင်း(၁)

တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။ နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူး ဘုရား။ လူတစ်ယောက်က သေခါနီးမှာ သူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး သေသွားရင် ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။ ဒါဆို သူလုပ်ခဲ့တဲ့မကောင်းမှုတွေကရော ဘယ်တော့မှ ခံရမှာလည်းဘုရား။

ဒီမေးခွန်းလေးကလည်း သိသလိုလိုနဲ့ ယောင်းဝါးဝါးဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာများဟာ အလွန်အင်မတန် သေချာကျနစွာ သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ ဘဝဖြတ်သန်းမှုနဲ့ဆိုင်လို့ပါ။ ဦးဇင်းကိုယ်တိုင်တောင် ငယ်ငယ်က ဒီအကြောင်းအရာများကို ဝါးတားတား ဖြစ်ခဲ့ပါတယ်။ ခု နောက်ပိုင်းကျမှ စာအုပ်တွေဖတ်၊ ဉာဏ်မှီသလောက် စဉ်းစားတွေးခေါ်ကြည့်မှ အတော်အတန် နားလည်လာပါတယ်။ အဲဒါကြောင့် လူသားအားလုံး သိရှိနားလည်ထားကြရန်အတွက် ဦးဇင်းဉာဏ်မှီသလောက် ရေးသားတင်ပြပေးလိုက်ပါတယ်။

သတ္တဝါမှန်သမျှ ဘဝကိုလိုချင်တပ်မက်တဲ့ လောဘတဏှာရှိနေသမျှ ဘဝကုန်ဆုံးရာ လမ်းကြောင်းမှန်ကိုသိပြီး ဘဝတစ်ဖန် မဖြစ်လာအောင် အားမထုတ်ထားသေးသမျှ တစ်ဘဝမှတစ်ဘဝသို့ ကူးပြောင်းဖြစ်နေကြရအုန်းမှာပါ။ တစ်ချို့က ဘဝဆိုတာ ဒီဘဝသေရင် နောက်ဘဝမဖြစ်တော့ဘူးလို့ အယူရှိကြပါတယ်။ အဲဒီလိုအယူရှိသူများသည် လူဝင်စားများကို မမြင်မကြားဘူး၍လည်းကောင်း၊ အကြောင်းတရား အကျိုးတရားတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ကိုလည်းကောင်း သေချာကျနစွာ နားမလည်ထားသေးခြင်းတို့ကြောင့် ဖြစ်ပေလိမ့်မယ်။

လူတစ်ယောက် သို့မဟုတ် သတ္တဝါတစ်ဦးဟာ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲတဲ့အခါမှာ သေခါနီးကာလတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးပေါ်ကာ နောက်ဘဝသစ်သို့ ပြောင်းလဲသွားပါတယ်။ စိတ်ရဲ့ဖြစ်စဉ်ဟာ အင်မတန်မြန်တာကြောင့် အဲဒီနိမိတ်တွေဖြစ်ဖို့ သီးသန့်စောင့်ဆိုင်းပေးနေချိန်ရယ်လို့တော့ မရှိပါဘူး။ ကားတိုက်၍သော်လည်းကောင်း၊ ဓါးထိုးခံရ၍ လည်းကောင်း၊ ဗုံးမှန်၍လည်းကောင်း ချက်ချင်းသေနိုင်တဲ့ပုဂ္ဂိုလ်များသော်မှလည်း ထိုနိမိတ်(၃)မျိုးတွင် တစ်ခုခုတော့ ဖြစ်ကြပါတယ်။

စိတ်ရဲ့လျင်မြန်မှုဟာ ဘယ်လောက်ဝေးတဲ့နေရာကိုဖြစ်စေ အာရုံပြု၍ ရနိုင်ပါတယ်။ နီးတဲ့နေရာလည်း ချက်ချင်းရောက်နိုင်သလို ဝေးတဲ့နေရာကိုလည်း ချက်ခြင်းရောက်နိုင်တာသည် စိတ်ရဲ့လျင်မြန်မှုပဲ ဖြစ်ပါတယ်။ တစ်ဘဝမှ တစ်ဘဝပြောင်းသို့ ပြောင်းလဲသွားတယ်ဆိုတာ မျက်မှောက်ဘဝမှာရှိတဲ့ ရုပ်တရားနာမ်တရားတွေ ပျက်ကာ ဘဝသစ်ကို ရုပ်သစ်စိတ်သစ် သွားဖြစ်တာပါ။ ရုပ်တရားနာမ်တရားတွေဟာ ဖြစ်လိုက်ပျက်လိုက် အမြဲလုပ်နေကြပါတယ်။ အဲဒါကြောင့် ယခုဘဝရုပ်နာမ်တွေ ပျက်ပြီးတာနဲ့တပြိုင်နက် ဘဝသစ်ကူးကာ ရုပ်နာမ်သစ်တွေ ချက်ခြင်းတန်းဖြစ်ကြပါတယ်။

အဲဒီလို ရုပ်နာမ်သစ်တွေ ဖြစ်တဲ့အခါမှာ သူသီးသန့်ချည်း ဖြစ်တာမဟုတ်ဘဲ အရင်ဘဝဟောင်းက ပျက်သွားခဲ့တဲ့ရုပ်နာမ်တွေရဲ့ အထောက်အပံ့နဲ့ ဖြစ်လာကြတာပါ။ ဒါ့ကြောင့် ဘဝသစ်ဖြစ်တယ်ဆိုတာ ရုပ်သစ်နာမ်သစ်ချည်း ဖြစ်တာမဟုတ်သလို ဘဝဟောင်းက ရုပ်နာမ်တွေ ပါလာတာလည်း မဟုတ်ပါ။

ဥပမာ-ကျောက်လှိုင်ဂူထဲမှာ အော်လိုက်တဲ့အခါ မိမိအော်သံသည် နံရံကိုရိုက်ခတ်ကာ အသံတစ်ခုပြန်လည်ပေါ်လာပါတယ်။ အဲဒီပေါ်လာတဲ့အသံသည် မိမိရဲ့အသံလားဆို မိမိအသံလဲမဟုတ်သလို မိမိရဲ့မူရင်းအသံနဲ့ကင်း၍လည်း အဲဒီအသံဖြစ်မလာပါဘူး။ အဲဒီလိုပဲ သတ္တဝါတစ်ဦးသည် ယခုဘဝသေလွန်ပြီး ရုပ်နာမ်တရားများ ချုပ်သွားသွားပြီးတဲ့နောက် ဘဝသစ်မှာ ဆက်တိုက်ရုပ်နာမ်သစ်တွေ ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်တရားများသည် ဘဝဟောင်းက ရုပ်နာမ်တရားလည်း မဟုတ်သလို ဘဝဟောင်းက ရုပ်နာမ်တရားနဲ့လည်း ကင်းပြီး ဖြစ်လာတာလည်း မဟုတ်ပါဘူး။ သူ့ဘဝဟောင်းက ရုပ်နာမ်တရားကြောင့် အခုဘဝသစ်မှာ ရုပ်နာမ်သစ်ဟာ ဖြစ်လာရခြင်းပါ။ တကယ်လို့မိမိက ရုပ်နာမ်တရားတွေ မဖြစ်နိုင်အောင် ဘဝတွေကို လိုချင်တဲ့အဝိဇ္ဇာ၊ တဏှာစတဲ့ ကိလေသာများအား ပယ်သတ်နိုင်မယ်ဆိုရင်တော့ ရုပ်နာမ်သစ်တွေ ဖြစ်လာမှာမဟုတ်တော့ပါဘူး။

တစ်ချို့က လူတစ်ယောက်သေရင် (၇)ရက်မကျွတ်ဘဲနဲ့ အိမ်ပတ်ဝန်းကျင်မှာ နေသေးတယ်လို့ ထင်နေကြပါတယ်။ အဲဒီလိုနေနိုင်တဲ့ပုဂ္ဂိုလ်ကလည်း တစ်ခုခုဆွဲသေသွားပြီး ပြိတ္တာဖြစ်တဲ့ပုဂ္ဂိုလ်များမှသာ ကောင်းမှုကုသိုလ်ကို သာဓုခေါ်ရန် စောင့်နေတတ်ပါတယ်။ အရင်ဘဝက သေခါနီးကာလမှာ တစ်ခုခုကိုစွဲပြီးသေသွားသူများသည် ပြိတ္တာဘုံသို့ ရောက်ကြတာများပါတယ်။ အဲဒီပုဂ္ဂိုလ်များသည် ကုသိုလ်ကောင်းမှုရှိသော်လည်း အစွဲလမ်းဖြင့် သေသွားရခြင်းကြောင့် ပြိတ္တာဘုံ၌ ဆင်းရဲဒုက္ခကို ခံစားနေရတာပါ။ ကောင်းမှုကုသိုလ်ရှိသူများသည် မိမိ၏ဆွေမျိုးသားချင်း သူငယ်ချင်းများက ကောင်းမှုလုပ်ပြီး အမျှဝေလျှင် သူတို့သည် သာဓုခေါ်ကာမျှဖြင့် အရင်ဘဝကလုပ်ခဲ့တဲ့ ကောင်းမှုကံကြောင့် နတ်ဘုံသို့ ရောက်သွားပါတယ်။ ကောင်းမှုလည်းမရှိဘဲနဲ့ သေသွားပြီး ပြိတ္တာဘုံဖြစ်ရင်တော့ သာဓုခေါ်ရုံဖြင့် ဘဝပြောင်းမသွားနိုင်ပါ။ အစားအစာ အဝတ်အစား နေစရာများ ပြည့်စုံရုံသာ ရရှိပါလိမ့်မယ်။

လူတစ်ယောက်သေပြီးလျှင် မိမိအိမ်ပတ်ဝန်းကျင်၌လည်းကောင်း၊ မိမိအိမ်ပေါ်နေရာများ၌ လည်းကောင်း သေသွားသူ၏ အတ္တဝိညာဉ်လေးသည် (၇)ရက်နေသည်ဟု ယူဆသူများသည် မိမိခန္ဓာကိုယ် ထဲမှာ အတ္တဆိုတဲ့ ဝိညာဉ်ကောင်ရှိတယ်လို့ ယူဆနေကြတဲ့သူတွေရဲ့ တခြားသောအတ္တဝါဒဘာသာများ၏ အယူသာဖြစ်ပါတယ်။ စာရေးသူတို့ မြတ်ဗုဒ္ဓသည် အနတ္တဝါဒဖြစ်ခြင်းကြောင့် မည်သည့်အရာမျှ မြဲမြံတည်ရှိနေတယ်ဆိုတာ မရှိပါဘူး။ ဒီလောက်လျင်မြန်စွာ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေသော ရုပ်တရားနာမ်တရားတွေသာရှိတဲ့ ခန္ဓာကိုယ်ကြီးထဲမှာ ဘယ်လိုလုပ်အတ္တကောင်က ရှိနေနိုင်ပါ့မလဲလေ။

http://www.sanninaymin.com/

2 comments

  • ရွှေအိမ်စည်

    September 1, 2011 at 9:31 pm

    မင်္ဂလာပါဆရာတော်….

    တပည့်တော်တို ့မောင်နှမတွေ တွေ ့ကြပြန်ပြီ…..
    ဦးဇင်းပို ့တာတွေ တပည့်တော်သိမ်းထားပါတယ်…
    ဆရာတော်ဘွဲ ့အမည်နဲ ့ကဗည်းတင်ပြီးနာကြားဖတ်ရှု ့လျှက်
    ဆည်းပူးလျှက်ပါ….

    တိုက်တိုက်ဆိုင်ဆိုင်ပါ..တပည့်တော်ဒီဂေဇတ်ထဲ မှာ….ဓမ္မာရုံ (ဂေဇတ်)
    ဖွဲ ့ထားတယ်..တပည့်တော်တစ်ယောက်တည်းပါဘဲ…
    စာတွေစုတင်ပေးနေပါတယ်..။ဪအရင်ကဦးဇင်းကရေး..
    .တပည့်တော်ကဝင်ဆွေးနွေးမေးတွေဘဲပေါ့..
    ဒီမှာ..ပင်ပန်းလိုက်တာလို ့ပေါ ့

    ဦးဇင်းကိုသတိယမိတယ်…..ဘာဘဲရေးရေး..မသိတိုင်းမေးတယ်လေ…
    နောက်ပိုင်းတပည့်တော်အားနာလို ့..တပည် ့တော်မေးတာတွေ က…
    ..နားထဲ ကန် ့လန် ့ဖြစ်နေမှာပါနော်..

    တပည့်တော်ဒီနေ ့ဒုတိယမြောက်မိတ်ကောင်းဆွေကောင်းစာရေးဘက်မောင်နှမတွေ ့ရလို ဝမ်းသာပီတိဖြစ်မိပါတယ်..။…

    ဦးဇင်းလည်းပင်ပန်းလျှော ့မယ်..တပည့်တော်ဒါကြောင့်လိုင်းပေါ်မှာနှုတ်မဆက်တာပါ…
    ဦးဇင်းမယ်တော်ကောကျန်းမာပါရဲ ့လား
    စိတ်၏ချမ်းသာကိုယ်၏်ကျန်းမာခြင်း..
    သာသနာဘာသာကိုထိမ်းသိမ်းစောင့်ရှောက်သူမလို ့ဂုဏ်ယူဝမ်းမြောက်လျှက်ပါ

    ရိုသေလးစားခင်မင်သော
    အမတော်ရွှေအိမ်စည်

    • ဆန်နီနေမင်း

      September 1, 2011 at 10:21 pm

      ဟုတ် ဒကာမ။ ဦးဇင်းလည်း တက်နိုင်သမျှ အားတဲ့ချိန်တိုင်းမှာ အများအကျိုးရှိမဲ့ ဆောင်းပါးများ အမေးအဖြေများကို ရေးသားနေပါတယ်။ ဒီဆိုဒ်ကိုလည်း ဦးဇင်း အရင်က အသင်းဝင်ထားတာ ကြာပါပြီ။ ဒါပေမဲ့ ပို့စ်တင်ခြင်းများ Comment ပေးခြင်း၊ ဖတ်ခြင်းများ မပြုလုပ်နိုင်လို့ ဒကာမနှင့်မတွေ့တာပါ။ 31.8.2011 နေ့ကမှ ဒကာတစ်ယောက် ဒီဆိုဒ်မှာ ဘာသာရေးပြဿနာ တော်တော်ဖြစ်တယ်ဆိုပြီး အကူညီတောင်းတာနဲ့ ဝင်ဖြေရှင်းဖို့ရန် ဘလော့တင်ခြင်းများကို စတင်ပြုလုပ်ပေးလိုက်တာပါ။ ဒကာမလည်း ဦးဇင်းကို မောင်နှမသားချင်းကဲ့သို့ သဘောထားပြီး သိချင်တာရှိရင် မေးလ်ပို့ထားလို့ ရပါတယ်။ ဦးဇင်းအားတဲ့ချိန် ပြန်ဖြေပို့ပေးပါမယ် ဒကာမ။ ဦးဇင်းမယ်တော်ကတော့ တစ်လတစ်ခါဖုန်းဆက်ကြည့်တော့ ကောင်းတယ်လို့ ပြောပါတယ်။ ဖုန်းခ ဈေးကြီးလို့ တစ်လတစ်ခါပဲ အမေကို ဖုန်းဆက်ဖြစ်တယ် ဒကာမရေ။ ဒကာမလည်း ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် အများအကျိုး သယ်ပိုးနိုင်ပါစေ။

Leave a Reply