ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် ဒေသများ၌ သောက်သုံးရေ လုံလောက်စွာရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိ

klnMay 13, 20101min761

သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့်ဒေသများ၌ နိုင်ငံတော်အစိုး စီမံညွန်ကြားမှုဖြင့် အာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်း၍ သောက်သုံးရေ လုံလောက်စွာရရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ မွန်ပြည်နယ် ကျိုက်မရောမြိုု့နယ် ကျုံစိန်ကျေးရွာတွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသဖြင့် မေ ၁ဝရက်မှစ၍ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအစဉ်ဖြင့် မီးသတ်ယာဉ်များနှင့် ရေများသယ်ယူကာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ပေါင်မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာအုပ်စု ဝဲပတန်ကျေးရွာ၊ အဟောက်ကျေးရွာ၊ ကျားဘိုကျေးရွာ၊ ကော့ကရင်ကျေးရွာ၊ တဒိုင်ကျေးရွာ၊ ထန်းပင်ချောင်ကြီးကျေးရွာနှင့် သပြေကုန်းကျေးရွာအုပ်စု ဘောင်ကုန်းလေးကျေးရွာများသို့လည်း မေ ၁၁ရက်က ပေါင်မြို့ပေါ်(၄)ရပ်ကွက်၊ ကျွဲခြံကျေးရွာ၊ ဥတ္တံတားကျေးရွာနှင့် ဇင်းကျိုက်ကျေးရွာတို့မှ စေတနာရှင်ပြည်သူများက မော်တော်ယာဉ်မျိုးစုံ အစီး ၄ဝခန့် အသုံးပြု၍ သောက်သုံးရေဂါလန် ၃၅၀၀ဝခန့်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ အလားတူ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ် အုတ်တွင်းကျေးရွာ၊ ကုန်းသာယာကျေးရွာနှင့် သဲချောင်းကျေးရွာ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် ပြင်ခရိုင်ကျေးရွာ ခြောက်ကျောင်းဆရာတော် ဦးဆောင်သောအဖွဲ့က ဧပြီ ၂၉ရက်မှစ၍ တစ်နေ့လျှင် ရေဂါလန် ၇၅၀ဝကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ပုသိမ်မြို့ယုဇနအအေးခန်းမှ အထွေထွေမန်နေဂျာ ဦးဆောင်သောအဖွဲ့သည် မေ ၁ဝရက်တွင် ကုန်းသာယာကျေးရွာ သောက်သုံးရေရရှိစေရေးအတွက် ရေကား ၂၅စီးစာ စုစုပေါင်း ငွေကျပ် ငါးသိန်းကို သက်ဆိုင်ရာကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့အတူ ရန်ကုန်တိုင်း ကျောက်တန်းမြို့ပေါ် (၆)ရပ်ကွက်ရှိ ပြည်သူများသောက်သုံးရေအဆင်ပြေစေရေးအတွက် မေ ၂၂ ရက်က မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအစဉ်ဖြင့် မြိုင်သာယာရပ်ကွက်ရှိ ဘန့်ဘွေးကုန်း ရေလှောင်တမံမှ ရေများကို ဂါလန် ၁၈၀ဝဆံ့ ရေသယ်ယာဉ် ၆စီးဖြင့် သယ်ယူကာ ရပ်ကွက်များသို့ ပေးဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များအား ရေပေးဝေသည့် ဆင်ကန်ကိုလည်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက ကြီးကြပ်၍ မြေတူးယာဉ်နှစ်စီးဖြင့် အနက်ရှစ်ပေခန့်ရရှိအောင် တူးဖော်လျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေ ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။