သေခါနီးမှာ ဘာအရေးကြီးသလဲ အပိုင်း(၂)

ဆန်နီနေမင်းSeptember 1, 20111min1209

ဒီဘဝသေရင် နောင်ဘဝဆိုတာ မရှိဘူးလို့ အယူရှိကြတဲ့လူတွေအား (၂)နှစ်သားအရွယ်လောက်ထိ မိမိဖြစ်ခဲ့တဲ့ ဘဝဟောင်းကို ပြန်လည်မှတ်မိနေသော ကလေးများနဲ့သက်သေပြရပါမယ်။။ အဲဒီကလေးများသည် အရင်ဘဝက မိမိခံစားခဲ့ရတဲ့ ဒုက္ခကိုစွဲခဲ့၍ လည်းကောင်း၊ မိမိပစ္စည်းဥစ္စာများကို အမှတ်သင်္ကေတကြီးစွာဖြင့် ထားခဲ့၍လည်းကောင်း၊ သမာဓိအားကောင်းအောင် ကြိုးစား အားထုတ်ခဲ့၍လည်းကောင်း အသိဉာဏ်အားကောင်းချိန် ကလေးဘဝ၌ ပြောပြကြသည်ကို တွေ့ရပါတယ်။ သို့သော်လည်း အသိဉာဏ်အားနည်းလာသော အသက်ကြီးသောအရွယ်တွင် ပြန်လည်မပြောပြနိုင်တော့ပါ။ တကယ်ကို မွေးကတည်းက သေသည်အထိ မိမိဖြစ်ခဲ့တဲ့ဘဝကို ပြန်လည်ပြောပြနိုင်သူသည် အရင်ဘဝကိုအောက်မေ့နိုင်သော ဇာတိဿရဉာဏ်ရရှိသူများသာ ပြောပြပေးနိုင်ပါတယ်။

တစ်ဘဝမှတစ်ဘဝသို့ပြောင်းတဲ့ခါ စိတ်သည်ချက်ခြင်းဆက်တိုက်ဖြစ်နေ၍ ဘဝတွေ ပုံသဏ္ဍာန်တွေ သာပြောင်းသွားပါတယ်။ စိတ်တရားရုပ်တရားတွေကတော့ ယခုဘဝက ချုပ်ပျက်ပြီး နောက်ဘဝမှာလည်း ဆက်တိုက်စိတ်သစ်ရုပ်သစ်တွေ ဖြစ်သွားပါတယ်။ ကြားကာလရယ်လို့ သီးသန့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်တရား ရုပ်တရားတို့ရဲ့ ပြောင်းလဲမှု ဖြစ်ပျက်မှုတွေဟာ လျင်မြန်လွန်လို့ ဖြစ်ပါတယ်။ ရုပ်တရားရဲ့ ဖြစ်ပျက်မြန်မှုကို ဝိပဿနာမရှု့၍ မသိလျှင်တောင်မှ စိတ်တရားရဲ့ လျင်မြန်မှုကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ အဲဒီလို မြန်ဆန်လှတဲ့ စိတ်တရားရုပ်တရားတွေဟာ ဘယ်မှာကြားကာလရဲ့လို့ ရှိနိုင်ပါမလား။

တကယ်တော့ သတ္တဝါတစ်ဦး ဘဝပြောင်းတယ်ဆိုတာ မိမိတို့ ခုနှစ်သက္ကရာဇ်တွေပြောင်းသလို ချက်ခြင်းပြောင်းလဲနေတာပါ။ (၂၀၁၀)ဒီဇင်ဘာ(၃၁)ရက်နေ့ ည(၁၂)နာရီကျော်လွန်သွားလို့ (၂၀၁၁)ဖြစ်သွား သလို တစ်ဘဝက ရုပ်နာမ်တရားတွေကုန်လို့ နောက်ဘဝသစ်ရုပ်နာမ်တရားတွေ ဆက်ဖြစ်သွားတာပါ။ (၂၀၁၀)ကနေ (၂၀၁၁)လို့ ပြောင်းလဲသွားသလို လူ့ဘဝကနေ နတ်ဘဝ သို့မဟုတ် အပါယ်ဘဝတစ်ခုခုသို့ ပြောင်းလဲသွားခြင်းပါ။ (၂၀၁၀)မှာလည်ပတ်နေသော အချိန်ကာလသည် ခြားကာလရပ်နားမှုမရှိဘဲ ပြောင်းလဲ သွားသလို ရုပ်တရားနာမ်တရားတွေဟာလည်း အရင်ဘဝကပျက်ပြီးတာနဲ့ အသစ်တစ်ဖန် ဆက်တိုက် ဖြစ်နေပါတယ်။

ဒါ့ကြောင့်လည်း ရဟန်းတစ်ပါးဟာ တရားအားထုတ်ရင်း ပျံလွန်တော်မူသွားတဲ့အခါ နတ်ပြည်ကိုရောက်ပြီး နတ်သားသွားဖြစ်သော်လည်း သူ့ကိုယ်သူဘဝပြောင်းသွားတာကို မသိရှာဘူးလေ။ သူကတော့ နတ်ပြည်မှာ နတ်သားဖြစ်နေသော်လည်း တရားကတော့ ထိုင်လျက်ပါပဲတဲ့။ လူ့ပြည်က ထိုင်းလျက်သေသွားခြင်းကြောင့် နတ်ပြည်မှာလည်း ထိုင်လျက်ပဲ နတ်သားဖြစ်နေပါတယ်။ သူတရားထိုင်နေတာကို နဘေးက နတ်သမီးတွေက ထူးဆန်းပြီး ဒီနတ်သားက ဘယ်လိုလဲ နတ်ပြည်လာပြီး မပျော်ပါးပဲနဲ့ တရားထိုင်နေပါလားဆိုပြီး သူနားမှာ ပူညံပူညံလုပ်နေကြပါတယ်။ အဲဒီလို နတ်သမီးတွေသူနားမှာ ပူညံလုပ်နေတာကို နတ်သားကတော့ တရားအားထုတ်ရင်း စိတ်ထဲမှာ ဘုန်းကြီးကျောင်းကိုလာတဲ့ ဒကာမတွေ စကားပြောနေတာလို့ ထင်နေပါတယ်။ နောက်ဆုံး နတ်သမီးတွေက သူ့ရှေ့မှာ မှတ်တစ်ချက်ထောင်ပြပြီး မျက်လုံးလေးဖွင့်ကြည့်လိုက်ပါအုန်းလို့ ပြောတဲ့အခါကျမှ သူ့ကိုယ်သူ ရဟန်းဘဝကနေ နတ်သားဘဝဖြစ်နေတာပါလားလို့ သိသွားပါတယ်။ အဲဒါကို ကြည့်မယ်ဆိုရင် သတ္တဝါတွေတစ်ဘဝမှတစ်ဘဝသို့ ပြောင်းတဲ့ခါမှာ စိတ်တရားရုပ်တရားတွေဟာ ဆက်တိုက်လိုက်ဖြစ်ပျက်လုပ်နေတယ်ဆိုတာ သိသာပါတယ်။ ဒီလောက်ဆို ဘဝပြောင်းတဲ့ခါ စိတ်တရားရုပ်တရားတွေရဲ့ လျင်မြန်စွာ ဆက်တိုက်ဖြစ်ပျက်နေမှုကို သိလောက်မယ်ထင်ပါတယ်။

ဦးဇင်းတို့ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်းဟာ အဲဒီဖြစ်ပျက်နေတဲ့စိတ်တရား ရုပ်တရားတွေ ရပ်တန့်သွားရာနိဗ္ဗာန်ကိုရောက်ဖို့ပါ။ ဒါကို လူတွေက ယခုရနေတဲ့ဘဝကနေ နောက်ဘဝကိုကူးပြောင်းရမှာ ကြောက်နေကြပါတယ်။ တကယ်တော့ မိမိတို့ဟာ ရုပ်တရားစိတ်တရားတွေကို ဖြစ်စေတတ်တဲ့ ဘဝကိုလိုချင်မှု၊ လောဘ၊ ဖြစ်လာတဲ့ဘဝကို နှစ်သက်တွယ်တာမှုဖြစ်အောင် အမှန်တရားကို မမြင်အောင် ဖုံးကွယ်ထားတဲ့ အဝိဇ္ဇာ၊ မိမိပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေကို ပယ်သတ်ပေးနိုင်တဲ့ သစ္စာတရားကို သိရှိအောင် အားမထုတ်ထားသေးသမျှ ဘဝတွေဟာ ဖြစ်နေအုန်းမှာပါ။ အဲဒီတော့ မိမိတို့က တကယ့်ကို ဘဝတွေဖြစ်ပြီးသေရမှာကိုကြောက်တယ်ဆိုရင် အဝိဇ္ဇာအစရှိတဲ့ကိလေသာတရားတွေကို သစ္စာတရားနဲ့ ပယ်သတ်နိုင်အောင် ကြိုးစားရမှာပါ။ ဒီဘဝတစ်ခုတည်းကိုပဲ သေရမှာမဟုတ်တဲ့အတွက် ဒီဘဝလေးပဲ သေရမှာကြောက်မနေကြပါနဲ့။ အမြဲမသေရအောင် ကြိုးစားအားထုတ်ဖို့သာ အဓိကလိုအပ်ပါပေတယ်။

သေခါနီးမှာထင်တဲ့ နိမိတ်(၃)မျိုးအကျယ်နှင့် သေခါနီးနာတာရှည်လူများကို ဘယ်လိုပြုလုပ်ပေး သင့်တယ်၊ မသေခင်ဘယ်လို ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာကို ဆက်လက်တင်ပြပေးပါမယ်။

http://www.sanninaymin.com/

9 comments

  • pan pan

    September 1, 2011 at 2:09 pm

    အရှင်ဘုရား
    တပြည့်တော်သိချင်တာလေး မေးလျှောက်ပါရစေဘုရား
    သတ္တဝါတွေ သေလွန်တဲ့အခါ နောင်ဘဝမှာ အမှီလေးရမှ လက်ရှိခန္ဓာကို စွန့်သွားကြတယ်ဆိုတာ ဟုတ်လားဘုရား
    သေငယ်ဇောနဲ့ မျောနေသူတွေက အမှီရှာနေတာလို့ပြောကြပါတယ်
    ဒါဆို ရုတ်တရက် ချက်ချင်းသေသွားသူတွေကရော ဘယ်လိုဖြစ်ပါသလဲ
    သေပြီးတော့ နောင်ဘဝပဋိသန္ဓေမယူဖြစ်သေးဘဲ ပြိတ္တာလိုမျိုး နာနာဘာဝရောက်တဲ့သတ္တဝါတွေဆိုရင် အဲဒါက နောင်ဘဝလို့ ခေါ်လို့ရတယ်လို့ ထင်ပါတယ်
    အရင်ဘဝတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ကလေးငယ်ငယ်လေးဘဝမှာ ပြန်မှတ်မိသေးတယ်ဆိုတာ အကယ်၍ ပြိတ္တာကနေ လူ့ဘဝပြန်ရရင်ရော ပြိတ္တာအနေနဲ့ ဖြစ်ခဲ့တာ ပြန်မှတ်မိနိုင်လားဘုရား
    သေချာရှင်းရှင်းလင်းလင်း သိချင်ပါတယ် အရှင်ဘုရား

  • ဆန်နီနေမင်း

    September 1, 2011 at 2:22 pm

    အမှီရမှဆိုတဲ့ အယူအဆက အတ္တကောင်ရှိတယ်လို့ အယူရှိတဲ့ အတ္တဝါဒဘာသာများရဲ့အယူဝါဒပါ။ သတ္တဝါဟာ စုတိစိတ်ကျလို့ သေတာနဲ့ နောက်ဖြစ်ရမဲ့ ဘဝတစ်ခုကို စက္ကန့်မခြား တန်းဖြစ်ပါတယ်။ ဘယ်ကိုမှ မှီမနေပါဘူ။ သေခါနီးမှာ မိမိဖြစ်ရမဲ့ ဘုံဌာနကိုတော့ မြင်ရပါတယ်။ အရင်ဖြစ်ခဲ့တဲ့ ဘဝကိုပြန်အောက်မေ့နိုင်တာဟာ ဇာတိဿရဉာဏ်ရရင် ပြန်မှတ်မိနိုင်သလို သေခါနီးအကြွေးဆပ်စရာရှိတာကို မဆပ်ရဘဲ သေလွန်တဲ့အခါ စွဲလမ်းမှုအားကြီးပြီး သေသွားလျှင် ထိုဆပ်စရာရှိသော အကြွေးနှင့်အကြွေးရှင်ကိုတော့ မှတ်မိနိုင်တာတွေ ရှိပါတယ်။ ဒါဟာလည်း အနည်းစုသာ ဖြစ်တတ်တဲ့အရာပါ။ ဖြစ်ခဲ့တဲ့ဘဝကုန်စင်ကို မှတ်မိနိုင်တာကတော့ ဇာတိဿရဉာဏ်ရရှိသောပုဂ္ဂိုလ်များမှသာ ဧကန်မုချ မှတ်မိကြပေသည်။

    • pan pan

      September 1, 2011 at 3:00 pm

      တင်ပ့ါဘုရား
      သေခါနီးမှာ မိမိဖြစ်ရမဲ့ ဘုံဌာနကိုမြင်ရတယ်ဆိုတော့ ရုတ်တရက်သေသွားတဲ့သတ္တဝါတွေမှာရော မြင်ရနိုင်ပါသလားဘုရား

  • lusoegyikoko

    September 1, 2011 at 3:46 pm

    သေခါနီးမှ တစ်ခြားလူတစ်ဦးဦးရဲ့ ပြုမူလုပ်ဆောက်ချက်ကြောင့် အကြင်သေခါနီးလူ တစ်ယောက်ရဲ့ကောင်းမုှ
    ဆိုးမှုက်ို ပြောင်းလဲနိုင် ခြင်းဟာ ကျွန်တော်ရဲ့ သိမှုဘောင်အတွင်းမှာ တစ်ခုခုလို အပ်နေတဲ့ ဖြေတစ်ခုဖြစ်နေပါတယ်။ဘာများလေ့လာဖတ်ရှု မည်ကို ညွှန်ပြပေးပါ ဘုရား။

  • yetazar

    September 1, 2011 at 4:00 pm

    တပည့်တော် လက်လှမ်းမမီ မသိရှိခဲ့တာလေးတွေ သိရှိ ၊ နားလည် သွားအောင် ဖတ်ရှုရတဲ့အတွက် ကျေးဇူးကြီးမြတ်လှပါတယ် အရှင်ဘုရား ။ သေလွန်ပြီး ဘဝဟောင်းကို မှတ်မိနေတဲ့ လူဝင်စားများကိုတော့ ဘယ်လိုသတ်မှတ်ပါလဲဘုရား ။ လူဝင်စားဆိုတဲ့အယူအဆက တပည့်တော်တို့ ထေရဝါဒဗုဒ္ဓသာသနာမှာ ရှိပါလားဘုရား ။ တပည့်တော်မေးတဲ့မေးခွန်းက လွယ်ချင်လဲလွယ်နေပါ့မယ်ဘုရား ။ ဘုရာတပည့်တော် တစ်ကယ်မသိတာဖြစ်တဲ့အတွက် ဂရုဏာတရားရှေ့ထားပြီး ကြီးမြတ်သောဂုဏ်ကျေးဇူးတော်တို့နဲ့ နုတ်ဖွင့် မိန့်ဟတော်မူပေးပါ အရှင်ဘုရား ။

  • မီးမီး သော်

    September 1, 2011 at 4:44 pm

    “””မိမိတို့က တကယ့်ကို ဘဝတွေဖြစ်ပြီးသေရမှာကိုကြောက်တယ်ဆိုရင် အဝိဇ္ဇာအစရှိတဲ့ကိလေသာတရားတွေကို သစ္စာတရားနဲ့ ပယ်သတ်နိုင်အောင် ကြိုးစားရမှာပါ။ ဒီဘဝတစ်ခုတည်းကိုပဲ သေရမှာမဟုတ်တဲ့အတွက် ဒီဘဝလေးပဲ သေရမှာကြောက်မနေကြပါနဲ့။ အမြဲမသေရအောင် ကြိုးစားအားထုတ်ဖို့သာ အဓိကလိုအပ်ပါပေတယ်။””

    ကျေးဇူးပါရှင်။ခုလိုမျိုးဝေမျှပေးတော့ တရားဓမ္မ အသိလေးတိုးပွားရပါတယ်။

  • manawphyulay

    September 1, 2011 at 4:56 pm

    သေခါနီးအချိန် အာရုံရှိတဲ့အရာကို ဖြစ်ပျက်တယ်ဆိုတာ အမှန်ပါလားဘုရား….

  • ဆန်နီနေမင်း

    September 1, 2011 at 9:32 pm

    ခု မေးထားတဲ့မေးခွန်းအားလုံးကို ဦးဇင်းဆက်လက်တင်ပြမဲ့ အပိုင်း(၃)(၄)တို့မှာ ရှင်းပြပေးပါမယ်။ အဲဒီကျမှ ဆက်လက်ဖတ်ရှု့ပြီး နားမလည်သည်များကို မေးမြန်းနိုင်ပါတယ်။ ခုတော့ ခဏသည်းခံစောင့်ပေးစေလိုပါတယ်။

  • ကြောင်ကြီး

    September 2, 2011 at 9:19 am

    ပိဋကတ်သုံးပုံကို အတိုချုပ်ရင် ဖြစ်ပျက်ပဲရှိတယ်လို့ ပညာရှိများ မှာခဲ့တယ်။ သေခါနီးအာရုံ၊ ပဋိသန္ဓေစိတ်၊ အမှီအစွဲ၊ အတ္တကောင်အယူ ဆိုတာတွေ နားလည်ဖို့ ဝိပဿနာ ကမ္မဌာန်းလေး နည်းနည်းမှတ်ကြည့်ကြပါ။ ကိုယ့်စိတ်ကိုယ်စစ်ကြည့်ပါ။ အရင်က ကျနော်လည် ဘုန်းကြီးတွေပြောတာ ဖတ်ရာ၊ နာရရင် ပြန်မပြောနိုင်လို့သာ နားထောင်ရတယ်၊ ကိုယ်ကျွမ်းကျင်တဲ့နယ် မဟုတ်လို့သာ လက်ခံရတယ်၊ စိတ်တိုင်းမကျဘူး။ ကိုယ့်စိတ်လေးရဲ့ ဖြစ်အင်တွေကို သိလာတဲ့အခါ လုံးစေ့ပတ်စေ့ နားမလည်တောင် သဘောဆိုလိုချက်ကို သိဖို့ဝန်မလေးဘူး…။

Leave a Reply