တန်ပြန်တိုက်စစ်

Nan ShinSeptember 1, 20111min1244

၁။
“ဟာ…မိုက်လိုက်တာဗျာ….ဒီလိုမျိုးလေး တွေနဲ့
အပန်းမဖြေရတာကြာပြီ…လွှတ်မိုက်တယ်ဗျာ….အဲ့ဒါဘယ်ဝက်ဆိုက်ကလဲ”….ဟုပြောပြောဆိုဆိုနှင့်
ပြေး၍ ဝက်ဆိုက်နာမည်ကို ကူးယူဟန်ပြလိုက်သည်။
၂။
“ဘာကွ မင်းကများ မလောက်လေး မလောက်စားနဲ့ ငါလိုကောင်မျိုးကို အာခံချင်တယ် ပေါ့ဟုတ်လား”
“ကျနော်က အာခံတာမဟုတ်ပါဘူးဗျာ….ဘယ်လိုပြောမလဲ………..”
“ဟေ့ကောင် မင်းဘယ်လိုမှ ပြောစရာမလိုဘူးကွ…………ဟုတ်တယ် ……………အချစ်ဆိုတာဘဝရဲ့ ပန်းတိုင်မဟုတ်ဘူးကွ……ပန်းတိုင်မဟုတ်ဘူး……”
“ပန်းတိုင်မဟုတ်သလို ခရီးသွားဟန်လွဲလဲ လုပ်လို့မရပါဘူး အဖေရယ်….”
“အဲ့ဒါကိုပြောတာပေါ့ကွ…….နွားရှေ့ထွန်ကျူး….အဲ…အဲ…………မိကျောင်းမင်းရေးခင်း ပြဆိုတာ…မင်း
တို့လိုကောင်တွေ ကြီးပွားဖို့တိုးတက်ဖို့လုံးဝမလွယ်ဘူး….”
“ဟာ.. အဖေတို့လူကြီးတွေကလည်း နှစ်ဆယ့်တစ်ရာစုရဲ့အထူးဆန်းဆုံးလူသားတွေလို့ပဲပြောရတော့
မယ်…”

“မင်းဘာပြောတယ်ကွ…”
“ဟုတ်တယ်လေ အဖေတို့လူကြီးတွေက ကိုယ့်ရဲ့အယူအဆတွေ အမြင်နဲ့မတိုက်ဆိုင်ဘူး…မတူညီဘူးဆို
ရင် နွားရှေ့ထွန်ကျူးရတာနဲ့…မိကျောင်းခင်းရေခင်းပြရတာနဲ့ ဘာမှန်းကို မသိဘူး…..နှစ်ဆယ့်တစ်ရာစု
မှာ လူငယ်တွေကို အပြစ်ပြောပြီး ဆုံးမတဲ့ခေတ်က ကုန်သွားပြီ အဖေရဲ့ ….ဒီဇိုင်းအသစ်ရှာပြီး ဆုံးမတော့ဗျာ….”
“ဟေ့ကောင် တော်ကွာ ………..”
“တော်ပါတယ် အဖေ ရယ် အစောကတည်းက မပြောချင်သေးပါဘူး အချိန်မရသေးပါဘူးဆိုတာကို အဖေပဲ
ပြောချင်လွန်းတယ်ဆိုလို့သားလာခဲ့တာ….တော်တယ်ဗျာ..တော်တယ် …သွားပြီအဖေ..ကျေးဇူးပဲ….”
ကျယ်လောင်စွာ စပီကာဖွင့်၍ ကြည့်နေသော ဗွီဒိယိုဇာတ်ကားထဲမှသားအဖနှစ်ယောက်၏အပြန်အလှန် ငြင်းခုံပြောဆိုနေသော ဒိုင်ယာလော့များဖြစ်သည်။

၃။
ရာသီဥတုနှင့် အရပ်ဒေသ ပြီးတော့ ခံစားတတ်တဲ့နှလုံးသား။အဲ့ဒိသုံးခုပေါင်းလိုက်တော့လဲ လောကကြီးက
လှချင်တိုင်းလှနေသည်။မိုးက ဝုန်းကနဲရွာချလာသည်။နွေခေါင်ခေါင်ကြီးမှာ။အညာသားပီပီ အပူကို မမှု
၍ နေကိုအံတုနေကြမို့ ထီးကိုပင်မဆောင်းပဲ ထွက်လာခဲ့သည်။အညာနွေ သည် ပူသည်ထက်ပူသည်။
နှောင်းပိုင်းနွေမို့ ပြောမပြနိုင်အောင်ပင်ပူသည်။ထိုသို့ပူလောင်ပြင်းပြလှသည့် အညာနွေကိုပင် မခံစား
ရသည်မှာ ကြာခဲ့သည်မို့ တမင်ခံစားနိုင်ရန် ချစ်ဇနီးအသစ်လှလှလေးထည့်ပေးလိုက်သည့် ထီးကိုပင်
မယူငင်ခဲ့။မမျှော်လင့်သော မိုးကြောင့် နားခိုစရာကို မရှိမှန်းသိသိနှင့် ဝှေ့ရမ်းရှာဖွေရင်း လွတ်လိုလွတ်
ညား ခဏကလေးပြေးလွှားမိသည်။ကွင်းပြင်ကြီးထဲမှာပါလား..နောက်ရွာတရွာကိုရောက်ဖို့ အနည်း
ဆုံးတမိုင်ခန့်ကျန်သေးပါလား ပြေးလျှင်လည်း လွတ်မည်မဟုတ်ဟူသောအသိကြောင့် ဘာရယ်မဟုတ်
မိမိကိုယ်ကို ပြန်လည်ရယ်သွေးရင်း ခတ်မှန်မှန်ပင် ပြန်လျှောက်မိသည်။မိမိ၏ခြေလှမ်းများနှင့်အတူ မိုး
သားများသည်လည်းတုန့်ဆိုင်းသွားသည်။အပြေးကလေးကလဲ အရပ်၊မိုးကလေးကလဲ အတိတ်။သက်
တန့်ကြီးနှင့် ပုကွကွ သစ်ပင်ငယ်ကလေးများ ကိုပင် ရှက်မိသည်။မိမိ၏ ပြေးလိုက်ရပ်တန့်လိုက်ဖြင့်
ဂဏာမငြိမ်မှုများကို ၎င်းတို့ပင်လျှင် မြင်လိုက်ရသည်မဟုတ်ပါလော။ရေးလို့ကောင်းနေတုန်း အပြင်မှ
အသံဗလံများကြောင့် ဆက်ရေး၍မရတော့ဘဲ ရပ်တန့်ထားလိုက်ရသည့် ရာသီဥတုနှင့် အညာမြေ၏
သဘာဝတို့ကိုဖွဲ့ဆိုရေးသားနေသော  ဝတ္ထုတပုဒ်မှ စာသားလေးများဖြစ်သည်။
၄။
သီဟက တစ်ယောက်တည်းသမား။သို့သော် အခြေနေ အရပ်ရပ်ကြောင့် အခြားမိသားစု တစုနှင့် တွဲ၍နေ
ဖြစ်ခဲ့သည်။မီးဖိုချောင် အတူသုံးရသည်။ဧည့်ခန်းအတူသုံးရသည်။ရေခဲသေတ္တာအတူသုံးရသည်။
အိမ်သာရေချိုးခန်း အတူသုံးရသည်။မိမိ၏အသုံးဆောင်များနှင့်အိပ်ခန်းမှလွဲ၍ အားလုံးအတူသုံးရ
သည်။တအိမ်လုံးတွင် အိပ်ခန်းနှစ်ခန်းရှိသည်။သီဟက တခန်းအိပ်သည်။ကိုလှစိုးတို့မိသားစုက
တခန်းအိပ်သည်။သီဟသည် ကိုလှစိုးတို့မိသားစုနှင့်အတူဆက်၍ မနေလိုတော့။
အခြားနေရာကိုပြောင်းချင်သည်။သို့သော် နေရာအသစ်ကို ရှာဖွေ၍မရသဖြင့် အောင့်အီး၍နေခဲ့သည်။
ပြောင်းချင်သည့် အကြောင်းများကလည်းရှိသည်။ကိုလှစိုးဇနီးသည်၏အလုပ်ချိန်မှာ နံက်ခြောက်နာရီမှ
ညနေသုံးနာရီ အထိဖြစ်သည်။ကိုလှစိုး၏ အလုပ်ချိန်မှာ ညနေ လေးနာရီမှ ညနှစ်နာရီအထိဖြစ်သည်။
သီဟ၏အလုပ်ချိန်မှာ ညဆယ်နာရီမှ နံက်ခြောက်နာရီအထိဖြစ်သည်။အလုပ်ချိန်ချင်းမတူညီကြ၍
တစ်ယောက်နှင့်တစ်ယောက်တွေ့စုံရန် မလွယ်ကူကြသော်လည်း တစ်ယောက်နားနေချိန်တွင် တစ်
ယောက်၏ ချက်ပြုတ်စားသောက်ရန် အချိန်ဖြစ်နေသည်။တစ်ယောက်အိပ်စက်ချိန်တွင် တစ်ယောက်၏
ဗွီဒီယိုကြည့်ချိန်နှင့် အပန်းဖြေချိန်ဖြစ်နေသည်။အနားယူအိပ်စက်ချိန်များ အလုပ်သွားချိန်များမတူညီကြ
သလို ဝါသနာချင်းကလည်း မတူညီကြကိုလှစိုးတို့မိသားစုမှာ ဗွီဒီယိုကြည့်ခြင်း သီချင်းနားထောင်ခြင်း
များကို ဝါသနာထုံကြသော်လည်းသီဟကတော့ စာရေးခြင်းနှင့်စာဖတ်ခြင်းမျှကိုသာဝါသနာထုံသည်။
၅။
“သီတာ မင်းသမီးလေးကို ယှဉ်ပြိုင် အချစ်ပြိုင်ပွဲမှာ… ဘာတဲ့…..မယ်သီတာကိုစွဲလမ်းမိလို့
နှလုံးသားများလောင်ကျွမ်း…ဘာတဲ့…………..ဘာတဲ့”
နာရီကိုလှမ်းကြည့်လိုက်တော့ နံက်ကိုးနာရီသာရှိသေးသည်။”ဟာ..ငါအိပ်တာ တစ်နာရီကျော်ကျော်
လေးပဲရှိသေးပါလား”…ပြန်အိပ်မှရမည်။သီဟသည် အခုချိန်အိပ်ထားမှ ညတွင်
အလုပ်ပြန်လုပ်နိုင်မည်ဖြစ်၍ကြိုးစားပန်းစားအိပ်နေခြင်းဖြစ်သည်။ထိုကြောင့် “ကိုလှစိုး သီချင်းသံလေးနည်း
နည်းတိုးပေးပါလားဗျာ….ကျနော်အခုချိန်မှာ မအိပ်ထားရင် ညမှာအလုပ်လုပ်နိုင်မှာ မဟုတ်လို့ပါဗျာ
တောင်းပန်ပါတယ်…”တမိသားစုလုံးက စွာစွာ စွာစွာဖြင့်ပြောတတ်လှသောကြောင့် သီဟက
မိမိ၏အသံကိုအတတ်နိုင်ဆုံးနူးညံ့အောင်ထား၍တောင်းပန်လိုက်သည်။
“ဟာ..ဒါငါ့ရဲ့အနားယူချိန်ကွ…မင်းတောင်းပန်တိုင်း ငါက လိုက်ရောရမှာလား”….ကိုလှစိုးက ဒေါသဟန်
ဖြင့် ပြန်ပြောလိုက်၍ ဒေါပွမိသည်။သို့သော် ပြဿနာမဖြစ်အောင်ထိမ်းသည့် အနေဖြင့် အခန်းထဲသို့
သာပြန်လာ၍ လူပြန်တော် ပတ္တမြားသွေးဆေးနှင့် စကော့ဝီစကီ သုံးပတ်ကိုရောမွှေ၍ကစ်လိုက်သည်။
ထိုသို့ကစ်ခဲ့ရသည် နေ့များမှာ မနည်းတော့ပြီမို့ သီဟမှာ ထိုသို့မသောက်ရရင်ပင် မအိပ်တတ်တော့
သလိုလိုဖြစ်လာသည်။ဒီပြဿနာကို ဘယ်လိုရှင်းရင်ကောင်းမလဲ ဟု အထပ်ထပ်စဉ်းစားသည်။
ကိုလှစိုးတို့မိသားစုမှာ ဘာရယ်မဟုတ် မိမိနှင့်မတိုက်ဆိုင်သည့် အိပ်ချိန်များ စားရေးတတ်သည့်
အချိန်များတွင် ထိုသို့လုပ်ရသည်ကို ပို၍ကျေနပ်သည် ဟု ခံစားရသည်။
၆။
၎င်းခံစားချက်ကို အခြေခံပြီး အဖြေထုတ်ရန်းလည်းဆုံးဖြတ်လိုက်သည်။သီဟ၏အကြံအစီများအောင်

မြင်ခဲ့၍အေးအေးဆေးဆေးအိပ်ချိန်များ စာရေးချိန်လေးများ ပိုထွက်လာသည်။
၇။
အဲ့ဒိနေ့က စနေနေ့ဖြစ်သည်။သီဟက ရာသီဥတုနှင့် အညာဒေသကို အခြေခံပြီး ရေးလက်စဝတ္ထုကို
ရေးနေသည်။ကိုလှစိုးတို့မိသားစုက သားအဖနှစ်ယောက်၏ အတုန့်အလှယ်ပြောဆိုခန်းများကိုကြည့်ရှု
နားစဉ်နေသည်။သီဟကလည်း အားရပါးရဝင်ကြည့် နေဟန် သို့မဟုတ် စိတ်ဝင်စားဟန်ဖြင့် ဝက်ဆိုက်
နာမည်ကို သွားယူသည်။နောက်လည်းကြည့်တော့မည့်ဟန်မျိုး။ကိုလှစိုးတို့အနေဖြင့် ဤသို့ဖွင့်ပေးသည့်
အတွက်ကျေးဇူးတင်သည့် ဟန်မျိုး။
၈။
ကိုလှစိုး၏မိန်းမက ဗွီဒိယိုကိုချက်ချင်းပိတ်ပစ်လိုက်သည်။သီဟကလည်း ပိတ်ပိတ်ချင်းစာဆက်ရေးသည်။
နောက် ဗွီဒီယိုအသံကြားတိုင်း သီဟက ဤနည်းအတိုင်းဆက်လုပ်သည်။နှစ်ပတ်လျှင်တစ်ပုဒ်နှုန်းဖြင့် အချိန်
လု၍ရေးခဲ့ရသော သီဟ၏ဝတ္ထုတိုလေးများသည် တစ်ပတ်တစ်ပုဒ်နှင့် ရှောရှော ရှူရှူအဆုံးသပ်နိုင်ခဲ့သည်
မှာ သုံးလပင်စွန်းခဲ့လေပြီ။

နန်းရှင်
6/25/11

4 comments

  • ကြောင်ကြီး

    September 2, 2011 at 9:58 am

    အိမ်ပြောင်းဗျာ၊ upstate မှာ ဒီလောက် နေဖို့ရှာရခက်တယ် မကြားမိပါဘူး။

  • မီးမီး သော်

    September 2, 2011 at 12:35 pm

    တန်ပြန် တိုက်စစ်ကိုဝင်ရောက် ၍ခံစစ်ဖွင့်သွားပါကြောင်း။နန်းရှင်ရေ. ဟိ ဟိ

  • hmee

    September 2, 2011 at 2:35 pm

    တမိသားစုတည်းတောင် တခါတခါ စိတ်က အခန့်သင့်တာ မဟုတ်ဘူး။ တခြားမိသားစုနဲ့ တွဲနေရတဲ့သူတွေကို ဘယ်လိုများ နေပါလိမ့်လို့ တွေးပြီး ကိုယ်ခြင်းစာတယ်။

  • myanpyithar

    September 2, 2011 at 3:28 pm

    ဘာပြောပြော..အရေးအသားကိုတော့ လေးစားပါတယ်.
    တကယ့်အရေးကောင်းဘဲဗျု့ိ..အဖွင့်နဲ့အပိတ်လဲချိတ်မိတယ်..
    ဆက်ရေးပါ..အားပေးပါတယ်

Leave a Reply