ဘ၀အသက်ရှင်ရေးအတွက် မိမိတို့ကျင်လည်သောအရပ်မှာ ကျွမ်းကျင်သောအတတ်နှင့် အတ္တဟိတ၊ပရဟိတ လုပ်ငန်းလေးတွေ လုပ်ကိုင်နေရင်းဖြင့် ဘ၀တစ်နေ့တာမှာ ရှင်သန်ရတဲ့ အကျိုးအမြတ်လေးများရပြီး ဘ၀အမောတွေပြေစေနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ရခဲလှတဲ့လူ့ဘ၀မှာ မွန်မြတ်လှတဲ့လုပ်ငန်းလေးတွေလုပ်ပြီး တန်ဘိုးရှိတဲ့ နေထိုင်မှုလေးတွေ ပိုင်ဆိုင်သွားနိုင်ပါစေ လို့လည်း ဆဒ္ဒပြုဦးညွှတ်လိုက်ပါတယ်။ တန်ဘိုးရှိတဲ့နေထိုင်မှု ဆိုတာ အဆင့်တန်းမြင့်တဲ့ အသုံးအဆောင် ပရိဘောဂနှင့် ဇိမ်ခံပစ္စည်းတွေနဲ့ နေထိုင်နေရခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ မွန်မြတ်သန့်စင် တဲ့၊ ကြီးကျယ်မြင့်မြတ်တဲ့စိတ် ထားလေးနဲ့နေထိုင်ခြင်းကိုဆိုလိုပါတယ်။ ဒီလိုမြင့်မြတ်တဲ့စိတ်ကလေးကို ထား တတ်ဖို့ အားလုံးသော ဘာသာတရားတိုင်းမှာလည်း လမ်းညွှန်ဆုံးမထားတာများရှိပါတယ်။ ကိုယ့်ဘာသာ၊ ကိုယ်လူမျိုးမှာ ကိုယ်ကိုယ်တိုင်က လိုက်နာနိုင်ဖို့ပါပဲ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှလည်းမြတ်ဗုဒ္ဓဘာသာမှာလည်း မြတ်ဗုဒ္ဓကလူသားရဲ့ စိတ်ကို အကောင်းဆုံး အသုံးချတတ်ဖို့ နည်းပေးလမ်းညွှန်ထားတာလေး တွေရှိပါတယ်။ လူမှာ အဆန်းကျယ်ဆုံးက စိတ်ပါပဲ။ကောင်းအောင် လုပ်တာလဲ ဒီစိတ်ပါပဲ ။မကောင်းအောင်လုပ်တာလဲ ဒီစိတ်ပါပဲ။ ခွင့်လွတ်ပေးနိုင် တာကလည်းဒီစိတ်ပါပဲ။ ဒေါသထွက်စေတာကလည်း ဒီစိတ်ပဲ။အရာရာကို လွှမ်းမိုးနိုင်တဲ့ဒီစိတ်ကလေးကို “အမြဲတမ်း အကောင်းမြင် တတ်အောင် အေးချမ်းစွာနေတတ်အောင် မြတ်ဗုဒ္ဓက လမ်းညွှန် ပြသပေးခဲ့ပါတယ်”

ဥပမာ-ရုံးပိတ်တဲ့အားလပ်ရက် ကလေးမှာ ပက်လက်ကုလားထိုင်လေးပေါ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေးထိုင်ပြီး အနားယူနေတယ်ဆိုပါစို့။ သူများကြည့်လျှင်တော့ တစ်ယောက်တည်းနေပြီး ဇိမ်ယူနေတယ်လို့ထင်ရပါမယ်။ တကယ်တော့ တစ်ယောက်တည်း နေနေတာ မဟုတ်ပါဘူး။

အမြွာပူးနေ နေတာပါ။ ဘယ်သူနဲ့နေနေသလဲ။ တဏှာနဲ့နေနေတာပါ။ လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ အခြံအရံအသင်းအပင်းများတဲ့တဏှာလက်သမား နဲ့နေ နေတာပါ။ ထိုင်နေရင်းနဲ့ စိတ်ကူးတွေကြံစည်မိ နေမယ်။ စိတ်နဲ့ တွေးနေတာကိုက တဏှာပါပဲ။ လိုချင်တာတွေးတော့ လောဘတက်မယ်။ သည်းမခံနိုင်စရာ စဉ်းစားတော့ ဒေါသထွက်မယ်။တစ်ခုမဟုတ်တစ်ခုတော့ မိမိရဲ့စိတ်မှာကိလေသာတွေက ၀င်ပူးနေမှာပါပဲ။ လူအနားယူပေမဲ့ စိတ်အနားမယူတော့ ဘယ်မှာသက်သာရာရမှာလည်း။ လူအားပေးမဲ့ စိတ်မအားတော့ ဘယ်မှာအေးချမ်းမှု တွေ့မှာလည်း။

ဒီလိုတဏှာကြီးစိုးနေတဲ့ လူ့စိတ်၊ လူ့မနောလေးကို ဗုဒ္ဓလမ်းညွှန်တဲ့အတိုင်း လိုက်နာပြီး နေကြည့်ရအောင်။ တဏှာနေရာ မှာ ဘာဝနာအစားထိုးကြည့်မယ်လေ။ တဏှာပါးပြီး ဘာဝနာများအောင် နေကြည့်ကြမယ်။ ဗုဒ္ဓဘုရားရှင်က ဘာဝနာများများပွားနိုင်ဖို့ ကမ္မဌာန်း (၄၀)တောင် ညွှန်ပြခဲ့တယ်။ ဒီ(၄၀)ထဲက မိမိတို့ရဲ့ တစ်နေ့တာမှာ အစဉ်ပြေသလို ၊ ကြုံသလိုပွားပြီးနေကြမယ်ဆိုရင် စိတ်ရဲ့တည်ကြည်မှု ဖြစ်တဲ့သမာဓိ အားတွေကောင်းလာပြီး ၊သံသရာလွတ်လမ်းဖြစ်တဲ့ ၀ိပသာနာကျင့်ကြံရာမှာလည်း လွယ်ကူ ချောမွေ့ မှုဖြစ်စေတာပေါ့။

ဘာဝနာဆိုတာ ဘာတွေလဲ? ၊မေတ္တာဘာဝနာ ၊ဗုဒ္ဓါနုသာတိ၊ မရဏနုသာတိ၊အသုဘကမ္မဌာန်း၊ အာနာပါနသာတိ… စတာ စတာတွေပေါ့၊ လူဟာ တစ်ယောက်တည်း နေနေတဲ့ အချိန်မှာ ငါဘေးရန်ကင်း ရပါလို၏ ၊ကျန်းမာချမ်းသာရပါလို၏။ငါဘေးရန်ကင်းပြီး ကျန်းမာချမ်းသာလိုသကဲ့သို့သတ္တ၀ါအားလုံးလည်း ကျန်းမာကြပါစေ။ ချမ်းသာကြပါစေလို့စိတ်ကလေး ကအောင့်မေ့နေရင် မေတ္တာဘာဝနာ ပွားနေတာပါပဲ။ လမ်းလျောက်နေရင်း ပဲဖြစ်ဖြစ်၊အလုပ်ခွင်မှာအလုပ်လုပ်နေရင်းပဲဖြစ်ဖြစ် မေတ္တာဘာဝနာပွားပြီးအားထုတ်နေပါ။ အလုပ်ခွင်မှာရောက်တော့ အလုပ်ထဲမှာတွေ့ရမယ့်သတ္တ၀ါတွေကိုမေတ္တာပွားပြီး ကိုယ်ချင်းစာစိတ်နှင့်နေပါ။ လမ်းမှာ၊ ကားမှတ်တိုင်မှာ ကားစောင့်ရင်းပဲဖြစ်ဖြစ် ၊ကားစီးရင်းပဲဖြစ်ဖြစ် ၊ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံး ကိုသော်လည်းကောင်း ၊စကြာစဠာ တစ်ခုလုံးကိုသော်လည်းကောင်း၊ ကားပေါ်ရထားပေါ် မှာမြင်နေရတဲ့ ခရီးသည်တွေကိုသော်လည်းကောင်း၊ မေတ္တာပို့ပြီး ကရုဏာစိတ်ပွားနေပါ၊ ပထမဆုံးမိမိမှာ အေးချမ်းတဲ့စိတ်ကလေး ရဲ့ အရသာ ကိုအရင်ခံစားရပါလိမ့်မယ်၊အနားယူနေတဲ့အချိန်မှာ သော် လည်းကောင်း၊ အပမ်းဖြေနေတဲအချိန်မှာသော်လည်းကောင်း၊ ဘုရားကျောင်းကန်သွားတဲ့အချိန် တွေမှာသော်လည်းကောင်း ဗုဒ္ဓမြတ်စွာရဲ့ဂုဏ်တော် တွေကိုသော်လည်းကောင်း၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် တွေကိုလည်းကောင်း၊ တစ်ခုခု ကို အောင်းမေ့ပြီး ပွားများနေပါ။

စိတ်ဆင်းရဲခြင်းကင်းတော်မူတယ်၊ စိတ်နှလုံး အေးချမ်းတော်မူတယ်၊ မကောင်းမှုမှန်သမျှကို စိတ်ကွယ်ရာအရပ်မှာ ဘယ်သောအခါမှ မပြုဘူး၊ဒါ့ကြောင့် လူ နတ် ဗြဟ္မာရဲ့  ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားရှင်၏ သန့်ရှင်းကြည်လင်တဲ့ မျက်နှာတော်လေးကို စိတ်ကရည်မှန်းပြီးပွားများ အောင့်မေ့နေပါ။ မိတ်ဆွေရဲ့ နှလုံးသားမှာ ဗုဒ္ဓရဲ့ ဂုဏ်ဒြပ်လှိုင်းတွေဟာ မိတ္တူကူးသလို ခံစားရပါလိမ့်မယ်။

နံနက်ခင်း အိပ်ယာထတော့လဲ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကြီး ကိုဆင်ခြင်ကြည့်ပါဦး၊ ချွေး၊ သလိပ်၊ ဂျေး တွေနဲ့ ရွံစရာကြီးနော်။ မစင်သွားရတာလည်းတစ်ဒုက္ခ။ ဒီခန္ဓာကြီးက အသုဘခန္ဓာကြီးလေ။ သေရင်ဘာမှ တန်ဖိုးမရှိဖူး။ ပုပ်ပွသွားမှာပဲ။ ဒီလောက်ရွံစရာကောင်းတဲ့ အသုဘ ခန္ဓာကြီးကို မိတ်ဆွေနှစ်သက်နေဦးမှာလား? အဖန်ဖန် ဆင်ခြင်ကြည့်နော်။

မျက်နှာ၊ ကိုယ်လက်သန့်စင်ဖို့ ရေနှင့်ထိတွေ့ရ၊ ရေကိုသုံးရတဲ့ အချိန်ကြတော့ ရေရဲ့ အေးချမ်းခြင်း သဘောလေးကိုခံစားရလိမ့်မယ်။ဒီရေအေးသလို မိမိဘ၀လေးလည်းအေးချမ်းပါစေ။ မိမိအေးချမ်းသလို သတ္တ၀ါအားလုံးလည်းရေလိုအေးချမ်းပါစေလို့မေတ္တာပို့နော်။ မိတ်ဆွေရဲ့စိတ်ကလေးအေးချမ်းလာတာ ကို ခံစားရပါလိမ့်မယ်။ ဘုရား ကို ရေတော်ကပ်တော့လည်း ရေရဲ့ကြည်လင်ခြင်း၊အေးမြခြင်းသဘောကို ကြည့်ပြီး ရေလိုပဲ ကြည်လင်အေးချမ်းကြပါစေကြောင်းမေတ္တာပို့ပြီးပွားနေပါ။ ဗုဒ္ဓဘုရားရဲ့ ရှေ့တော်မှောက်မှာ ငါးပါးသီလခံ၊ဆွမ်း၊ရေချမ်း ပန်းများ ကပ်ပြီး ဗုဒ္ဓနုသာတိပွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။

ရုံးချိန်ရောက်လို့ ရုံးသွားရ ၊အလုပ်သွားရချိန်မှာ လူအမျိုးမျိုး စရိုက် အထွေထွေ တွေ့နိုင်ပါတယ်။ ဘယ်လိုလူနဲ့ပဲရင်ဆိုင်နေရပါစေ ဘာဝနာ လေးနဲ့ ချိတ်ဆက်မိဖို့သတိရှိပါ။မိမိနဲ့ အစဉ်ပြေစွာလုပ်ကိုင်နိုင်သူကိုတွေ့ရတော့ “ သြော်.. သဘောထားကြီးပါပေတယ်၊သူလုပ်ငန်းလေး တွေ အရာရာ အစဉ်ပြေပြီး သူ့ဘ၀လေး ရေလိုအေးချမ်းပါစေ၊အောင်မြင်ပါစေ လို့မေတ္တာပို့လွှတ်ပါ။”အစဉ် မပြေတဲ့သူနဲ့ ရင်ဆိုင်ရတော့လည်း “သြော်.. သူလည်း အသက်ရှင်နေရမှာ အသက်(၁၀၀) အတွင်း ၊ငါလည်း အသက်ရှင်ရမှာ အသက် (၁၀၀) အတွင်း ဒီ အချိန်မှာ တွေ့ရတာ လမ်းတွေ့ဧည့်သည်တွေလိုပါပဲ၊သူလဲ တစ်နေ့သေရမှာ၊ငါလဲတစ်နေ့သေရမှာ မသေခင်အချိန်လေးမှာ နှလုံးသားမှ အမုန်းမပွားဘဲ အပြုံးများဖြင့် လုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။

သူ့အလုပ်ကလေး တွေအစဉ်ပြေပြီး သူ့နှလုံးသားလေးဟာရေလိုပဲ အေးချမ်းပျော်ရွင်နိုင်ပါစေလို့ မေတ္တာဘာဝနာနှင်မရဏသာတိ ကိုပွားနေပါ။

အကြောင်းတစ်ခုခုကြောင့်နာရေးသတင်း နာရေးမြင်ကွင်းများတွေ့ခဲ့ရင် “သြော်… ငါလဲ ဘယ်တော့သေရမယ်မသိဖူးနော်… သေရချည်သေး …သေရချည်သေး” လို့စိတ်ကလေးက ပွားနေပါ။

ရံဖန်ရံခါ စိတ်တွေပျံ့ လွင့်နေရင်တော့ “၀င်လေ ထွက်လေ ကလေးကို စိတ်ကလေးက သိပြီးမှတ်နေပါ။ စိတ်တွေငြိမ်ပြီး စိတ်စွမ်းအားတွေတက်လာပါလိမ့်မယ်။

ဘယ်အရာ ဘယ်အခြေအနေ ဘယ်လိုအနေအထားမျိုးကို ပဲရောက်ရောက် ဘာဝနာ ကို ပဲပွားဖို့ မမေ့ပါနှင့်၊ အကောင်းဆုံးအနေနဲ့ ကတော့ ရုံးက အပြန် အလုပ်က အပြန် ညပိုင်းမှာ တစ်နာရီလောက် အချိန်ပေးဘုရားစင်ရှေ့မှာထိုင်ပြီး မေတ္တာပို့ ၊ဘုရားရှစ်ခိုး၊ ၀င်လေထွက်လေ မှတ်ပြီး ၀ိပသာနာ ရှု့နိုင်အောင် ကြိုးစားအားထုတ်ကြည့်ပါ။

ဝိပသာနာ တရားပွားများနည်းကတော့ မိတ်ဆွေတို့စရိုက်သဘာဝနှင့် ကိုက်ညီမည့်နည်းပေါ့။ မြန်မာပြည်မှာ ၀ိပသာနာ ပွားနည်းပေါင်းများစွာရှိပါတယ်။ ဓမ္မဒေါင်းလုတ်၊ဓမ္မရံသီအစရှိတဲ့အင်တာနက် ၀က်ဆိုဒ်ထဲမှလည်း ဆရာတော်ကြီးများ၏၀ိပသာနာ ရှုနည်းများ ကိုလေ့လာပြီး ကျင့်ကြံပွားများ အားထုတ် ဖို့လိုအပ်ပါတယ်။ မိတ်ဆွေတို့ဘက်ကသာ အားထုတ်ဖြစ်ဖို့ပါ။

ထိုင်နေရင်း ၊ထနေရင်း ၊လမ်းလျှောက်ရင်း၊ လဲလျောင်းရင်း အချိန်တိုင်းမှာ ဘာဝနာ တစ်ခုခု ပါနိုင်အောင် လေ့ကျင့်ကြည့်ပါလို့ အထူးတိုက်တွန်း ပါတယ်။ မနက်စာပဲစားစား ၊နေ့လည်စာပဲစားစား ၊ ညနေစာပဲစားစား စားချိန်တိုင်းမှာ ဘာဝနာပွားဖို့ အေ၇းကြီးပါတယ်။ ရေသောက်လျှင် သောလည်းကောင်း၊ အပေါ့သွားလျှင်သော် လည်းကောင်း ဘာဝနာကလေးနဲ့နေဖြစ်အောင်လေ့ကျင့်ပါ။

တစ်နေ့တာကုန်ဆုံးလို့ ညအိပ်ယာဝင်ချိန်မှာလည်းမိမိတစ်နေ့တာလုပ်ခဲ့တဲ့ ကုသိုလ်ဘာဝနာလေး တွေကိုလည်းကောင်း ၊မိမိစောင့်ထိန်းခဲ့တဲ့သီလလေးတွေသော်လည်းကောင်း၊ ဗုဒ္ဓနုသာတိ ကိုသော် လည်းကောင်း၊ မေတ္တာဘာဝနာ သော်လည်းကောင်း ၊၀င်လေထွက်လေလေးသော်လည်းကောင်း၊ပွားများပြီး ဆင်ခြင်နေပါ။ အနိစ္စသဘောလေး တွေသိနိုင်ရင် အကောင်းဆုံးပေါ့။

ဘာမှမတွေးပဲ ဘာဝနာလေးတစ်တစ်ခုနဲ့တွေးပြီး နေတတ်အောင် လေ့ကျင့်လိုက်ရင် အကောင်းဆုံးငြိမ်းချမ်းမှု တော့တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရလာပါလိမ့်မယ်။

ဘ၀တစ်နေ့တာမှာ ဘာဝနာများနှင့်နေပြီး အကောင်းဆုံးတွေ့ရနိုင်ပါစေလို့လည်း ဆုတောင်းလိုက် ပါတယ်။

မှတ်ချက်။        ။ တရားအားမထုတ်ဖူးသေးဘဲ အားထုတ်ချင်စိတ်ပြင်းပြနေသော လူငယ်များအတွက် ရည်ညွှန်းပါသည်။

မှတ်ချက်။ ။ သူငယ်ချင်းရေးသားပေးပို့သော မေးလ်ကို ပြန်လည်ဝေငှပါသည်။

About banban

ban ban has written 5 post in this Website..

I'm from Mandalay.